အခန်း ၂၆ အနာဂတ်စစ်နတ်ဘုရား၏ ပျက်သုဉ်းခြင်း
ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားအဆီအနှစ်တို့ ကိန်းအောင်းအခြေကျသွားသည်ကို အာရုံခံမိပြီးနောက် စုချန်ရှောင်းသည် သူ၏ တောက်ပလွန်းသော မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်ဟလိုက်သည်။ ခန့်ညားထည်ဝါပြီး မြင့်မြတ်လှသော သူ၏ မျက်နှာထက်တွင် ကျေနပ်နှစ်သိမ့်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူသည် လောကနိယာမတရားကို ရည်ညွှန်းကာ တိုးတိုးသာသာ ရေရွတ်လိုက်သည်။
"ချီသွေးတွေက နဂါးတစ်ကောင်လို သောင်းကျန်းနေပြီး ခန္ဓာကိုယ်အင်အားက ဧကရာဇ်ပလ္လင်ကိုပင် တုန်ခါစေနိုင်တယ် ရှေးဟောင်းထိပ်တန်းအရိုးရဲ့ အစွမ်းက တကယ့်ကို အံ့မခန်းပါပဲ ထိုအရာကို ဒီသခင်လေးက ဝမ်းမြောက်ဝမ်းသာဘဲ လက်ခံလိုက်ပြီ"
အနီးအပါးရှိ လူအားလုံး၏ ထိတ်လန့်တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ရိုသေခန့်ညားခြင်းတို့ ပြည့်နှက်နေသည့် အကြည့်များအောက်တွင် စုချန်ရှောင်းသည် သေခွေးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်၌ ပျော့ခွေလဲလျောင်းနေသော ယဲ့ရှောင်ကို လွှတ်ပေးလိုက်သည်။
ယဲ့ရှောင်သည် မစွမ်းမသန်ဘဲ မြေပြင်ပေါ်တွင် ညည်းတွားနေရှာသည်။
"ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်... ငါ့ကို ပြန်ပေး ဒါက ငါ့ရဲ့ ရှေးဟောင်းထိပ်တန်းအရိုးကွ"
သူသည် ထိုင်ရန်ပင် ခွန်အားမရှိတော့ချေ။ အထူးခန္ဓာကိုယ်၏ အဆီအနှစ်များ ဆုံးရှုံးသွားရသဖြင့် အခုဆိုလျှင် သူသည် ဂိုဏ်းအတွင်းရှိ သာမန်တပည့်များလောက်ပင် ခွန်အားမရှိတော့သော လူမစွမ်းတစ်ယောက် ဘဝသို့ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။
စုချန်ရှောင်းသည် မြေပြင်ပေါ်က ယဲ့ရှောင်ကို အဖက်ပင်မလုပ်တော့ဘဲ နှုတ်ခမ်းထက်တွင် ပြုံးယောင်သန်းလျက် ရှိနေသည်။ ဤထူးကဲလှသော ခံစားချက်ကြောင့် သူ၏ စိတ်အခြေအနေက ချက်ချင်းဆိုသလို ကြည်လင် တက်ကြွသွားခဲ့သည်။
ကမ္ဘာဦးဖရိုဖရဲကျမ်းထဲမှ ရှေးဟောင်းနတ်ဘုရားစွမ်းရည်သည် အခြားသူ၏ အထူးခန္ဓာကိုယ်အဆီအနှစ်ကို အဓမ္မလုယူနိုင်ရုံသာမက သူ၏ ကျင့်ကြံမှုအဆင့်ကိုပါ တစ်ဟုန်ထိုး ကိုးဆင့်အထိ တက်လှမ်းစေနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။ ဤမျှအထိ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိသော နတ်ဘုရားစွမ်းရည်ကို မည်သူက ဖန်တီးခဲ့ပါလိမ့်။
သူသည် ယခုရရှိထားသော ခန္ဓာကိုယ်အင်အား မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ဒီဘက်ကို လာခဲ့စမ်း"
နတ်ဘုရားနက်နဲဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် ရင်ထိတ်သွားခဲ့ရသည်။ သူသည် ဝေးရာမှ တုန်တုန်ရင်ရင်ဖြင့် လျှောက်လှမ်းလာပြီး အစွမ်းကုန် ရိုသေစွာ လျှောက်တင်လိုက်သည်။
"သခင်လေးစု တစ်ကိုယ်လုံး ရွှေရောင်လွှမ်းပြီး ရှေးဟောင်းထိပ်တန်းအရိုးကို အောင်မြင်စွာ ပိုင်ဆိုင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်"
စုချန်ရှောင်းသည် ကြောက်ရွံ့တုန်လှုပ်နေသော ထိုမျက်နှာကို တစ်ချက်ကြည့်ကာ အေးချမ်းစွာ ပြုံးလျက် ဆိုလိုက်သည်။
"ဒီသခင်လေးက အခု စိတ်အခြေအနေ ကောင်းနေတာမို့ လို့ ယခု ဂိုဏ်းချုပ်ရဲ့ မဟာယနအဆင့် ခန္ဓာကိုယ်နဲ့ ဒီသခင်လေးရဲ့ တိုက်ကွက်တစ်ကွက်ကို ခံယူကြည့်စမ်းပါ အကယ်၍ ခံနိုင်ရည်ရှိရင် နတ်ဘုရားနက်နဲဂိုဏ်းက လူအားလုံးရဲ့ အသက်ကို ချမ်းသာပေးမယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် အံ့အားသင့်သွားပြီးနောက် မျက်ဝန်းများတွင် ဝမ်းသာအားရဖြစ်မှုများ ချက်ချင်း တောက်ပလာခဲ့သည်။ ၎င်းသည် မဟာယနအဆင့်သို့ တက်လှမ်းခါစ ဖြစ်သော်လည်း အမှန်တကယ် စွမ်းအားကြီးမားသော ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အောက်ခြေအဆင့်နှစ်ခုထက် များစွာ သာလွန်ပေသည်။ တစ်ချက်တည်းသော ရိုက်ချက်ကို အောင့်အည်းခံရုံဖြင့် ကျောင်းတော်တစ်ခုလုံးကို ကယ်တင်နိုင်မည်ဆိုလျှင် ဤမျှ တွက်ခြေကိုက်သည့် ကိစ္စ ဘယ်မှာ ရှိနိုင်ပါဦးမည်နည်း။
ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် အလွန်တရာ စိတ်လှုပ်ရှားသွားပြီး သူ၏ ကျင့်ကြံမှုစွမ်းအားများကို ချက်ချင်းပင် ထိန်းချုပ်ကာ ခန္ဓာကိုယ်အင်အားသက်သက်ဖြင့်သာ မတ်မတ်ရပ်ပြီး အကျယ်ကြီး ကြွေးကြော်လိုက်သည်။
"ကျွန်တော်မျိုး လိုလိုလားလား ခံယူပါ့မယ် သခင်လေးစုက စိတ်သဘောထား ကြီးမြတ်ပြီး အဆုံးမဲ့ ကံကြမ္မာတွေနဲ့ ပြည့်စုံပါပေတယ် နတ်ဘုရားနက်နဲဂိုဏ်းသား အားလုံးကိုယ်စား ကျွန်တော်မျိုး ယွမ်က သခင်လေးရဲ့ ကရုဏာတော်ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပါ"
စုချန်ရှောင်းက ပြုံးလျက် မျက်မှောင်ကုတ်ကာ "ကောင်းပြီ" ဟု ဆိုပြီးနောက် ညာဘက်လက်ဖဝါးဆီသို့ အကြည့်ကို ပို့လိုက်သည်။
သူမတူအောင် ဆန်းပြားပြီး ရိုင်းစိုင်းကြမ်းတုတ်လှသော ရှေးဟောင်းအငွေ့အသက်များနှင့်အတူ နတ်ဘုရားနှင့် မိစ္ဆာတို့၏ အရှိန်အဝါများ ဟင်းလင်းပြင်ထဲတွင် ပျံ့လွင့်လာခဲ့သည်။ လက်သီးကို ဓားကဲ့သို့ သတ်မှတ်ကာ တောက်လျှောက် ကျင့်ကြံလာခဲ့သော ထိုက်အာဓားသိုင်း၏ ပြင်းထန်လှသော ဓားဆန္ဒများက လက်သီးပေါ်တွင် ရစ်ဝိုင်းလာခဲ့ပြီးနောက် လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှစ်ခု ပေါင်းစပ်ထားသည့် ထိုလက်သီးချက်သည် တိမ်တိုက်လွှာများရှိရာ ဟင်းလင်းပြင်ကိုပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားစေခဲ့သည်။
လက်သီးချက်က အနားသို့ပင် မချဉ်းကပ်ရသေးသော်လည်း ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် မိမိ၏ သွေးချင်းများ အထိန်းအကွပ်မဲ့စွာ ဆူပွက်လာပြီး ခန္ဓာကိုယ်ကြီးတစ်ခုလုံး ဆွဲဖြဲခံနေရသလို ခံစားလိုက်ရသည်။ သူ၏ မျက်စိအိမ်များ ကျဉ်းမြောင်းသွားပြီး အသက်ရှူကျပ်ကာ မွန်းကြပ်မှုကြီးက လွှမ်းမိုးလာခဲ့သည်။
ဤမျှ ပြင်းထန်လှသော စွမ်းအားမျိုးက... ပေါင်းစည်းခြင်းအဆင့်က ထုတ်ဖော်လိုက်တာ ဟုတ်ပါရဲ့လား။
သေခြင်းတရား၏ အငွေ့အသက်များက ပြင်းထန်စွာ တိုးဝှေ့လာခဲ့သည်။ ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် အံကိုတင်းတင်းကြိတ်ကာ သူ၏ ကျင့်ကြံမှုစွမ်းအားကို ထုတ်သုံးရန်မဝံ့ဘဲ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုသက်သက်ဖြင့်သာ ထိုတိုက်ကွက်ကို အတင်းအဓမ္မ တောင့်ခံထားလိုက်သည်။
"ဖြုန်း..."
လက်သီးချက်သည် ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်း၏ ရင်ဘတ်တည့်တည့်သို့ အားပြင်းစွာ သက်ရောက်သွားခဲ့သည်။ မဟာယနအဆင့်ရှိသော သူ၏ ခန္ဓာကိုယ်ထက်တွင် အက်ကွဲကြောင်း အမြောက်အမြား ချက်ချင်း ထင်ကျန်သွားပြီး အမြောက်ကျည်ဆံတစ်ဦးကဲ့သို့ လွင့်ထွက်သွားခဲ့ရတော့သည်။
"ဒိုင်း..."
အဆောက်အအုံ အမြောက်အမြားသည် တစ်စစီ ကြေမွပျက်စီးသွားပြီး ဝေးလံသော နေရာတွင် ဖုန်မှုန့်များ တလိပ်လိပ် တက်လာခဲ့သည်။ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှသော တိုက်ကွက်မျိုးသည် သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ထုတ်ဖော်နိုင်သည့် အရာမျိုး လုံးဝမဟုတ်ပေ။
ဘေးတွင် ရပ်ကြည့်နေသော အဘွားချန်ပင်လျှင် တုန်လှုပ်ခြောက်ခြားသွားပြီး ဧကရာဇ်မျိုးနွယ်စုမှ သခင်လေးကို မင်သက်စွာ စိုက်ကြည့်နေမိသည်။ ဤသည်က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တစ်ဖက်လူက အနည်းဆုံးတော့ မဟာယနအဆင့်နှင့် ညီမျှနေပြီ ဖြစ်သည်။ ရှေးဟောင်းထိပ်တန်းအရိုးကို ရရှိထားရုံမျှဖြင့် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် စွမ်းအားကြီးမားမလာနိုင်ပေ။
သူတို့ မသိရှိထားသည်က စုချန်ရှောင်းသည် မွေးဖွားကတည်းက နတ်ဘုရားနှင့် မိစ္ဆာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ယခုအခါ ထိပ်သီးစာရင်းဝင် ရှေးဟောင်းထိပ်တန်းအရိုးနှင့်ပါ ထပ်မံပေါင်းစပ်လိုက်သဖြင့် သူ၏ စွမ်းအားက အဆမတန် မြင့်မားသွားခြင်းပင်။
ပျက်စီးနေသော အဆောက်အအုံများကြားတွင် ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် သွေးများ အန်ထုတ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြေမွကာ အတွင်းချီများ ကမောက်ကမ ဖြစ်နေခဲ့ရပြီ။ အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်းရှိသော ဓားဆန္ဒတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းနေဆဲပင်။ အတွင်းကလီစာများ အားလုံး ပျက်စီးသွားသကဲ့သို့ ခံစားရသဖြင့် မြေပြင်ပေါ်တွင် တုန်တုန်ရင်ရင်ဖြင့် အကြာကြီး ထိုင်နေမိပြီး ထရပ်နိုင်စွမ်း မရှိတော့ချေ။
ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် ဖြူလျော်ပြီး သွေးမရှိတော့သော မျက်နှာဖြင့် အက်ရှရှအသံဖြင့် လျှောက်တင်လိုက်သည်။
"ကျွန်တော်မျိုး ယွမ်က သခင်လေးရဲ့ လမ်းညွှန်မှုကို ကျေးဇူးတင်ရှိပါတယ်"
စုချန်ရှောင်းသည် သူ၏ လက်သီးကို အားမလိုအားမရ ဖြစ်နေသည့် အကြည့်ဖြင့် ကြည့်ကာ တိုးတိုးလေး ညည်းတွားလိုက်သည်။
"ခန္ဓာကိုယ်တစ်ခုလုံးကို မှုတ်ထုတ်ပစ်နိုင်လိမ့်မယ်လို့ ထင်ထားတာ... လိုအပ်ချက်တွေ ရှိနေသေးတာပဲ"
ရှေးဟောင်းထိပ်တန်းအရိုးကို ရရှိပြီးနောက် စုချန်ရှောင်းသည် အကယ်၍ သူတော်စင်ဘုရင်အဆင့် ကပ်ဘေးနှင့် ထပ်မံကြုံတွေ့ရပါက ထူးခြားဆန်းပြားလှသော ကောင်းကင်လျှပ်စီးများကိုပင် ကမ္ဘာဦးဖရိုဖရဲချီ၏ အကာအကွယ်မပါဘဲ ခန္ဓာကိုယ်အင်အားသက်သက်ဖြင့် တောင့်ခံနိုင်လိမ့်မည်ဟု ခံစားနေရသည်။ သူမတူအောင် မြင့်မြတ်လှသော နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်မည့် အစွမ်းထက်သော ကျင့်စဉ်မျိုး မရှိသေးပေ။ အကယ်၍ ထိုကျင့်စဉ်မျိုးကိုသာ အနည်းငယ် ကျင့်ကြံခွင့်ရပါက သူ၏ စွမ်းအားက အဆပေါင်းများစွာ တိုးတက်လာပေလိမ့်မည်။
စုချန်ရှောင်းသည် ပြုံးလျက် ခေါင်းခါလိုက်ပြီး ထိုအရာကို ဂရုမစိုက်တော့ချေ။ အဆုံးတွင်တော့ ကျင့်ကြံခြင်းကိစ္စဟူသည် တရွေ့ရွေ့နှင့် အဆင့်လိုက် သွားရမည် ဖြစ်ရာ နတ်ဘုရားခန္ဓာကိုယ်ကို ရခါစတွင် အလျင်စလို လုပ်၍ မဖြစ်နိုင်ပေ။ သူသည် လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းနတ်ဆေးလုံးတစ်လုံး ထွက်ပေါ်လာပြီး ပျံသန်းသွားခဲ့သည်။
"ကောင်းပြီ... ဂိုဏ်းချုပ်... ဒီသခင်လေးက ဘယ်တော့မှ ကတိမပျက်ဘူး နတ်ဘုရားနက်နဲဂိုဏ်းရဲ့ ကိစ္စတွေကို အတိတ်မှာပဲ ထားလိုက်တော့မယ် ဒါကို ယူထားလိုက်ပါ"
ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် နတ်ဘုရား၏ ဂရုဏာတော်ကို ခံရသကဲ့သို့ ခံစားလိုက်ရသဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မျက်ရည်များ စီးကျလျက် ကျေးဇူးတင်စကား ဆိုရှာသည်။
"သခင်လေးရဲ့ ဂရုဏာတော်ကို ကျေးဇူးအထူးတင်ရှိပါတယ်"
ထိုအချိန်တွင် မုန်းတီးစရာကောင်းသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဒါက ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်ကွ ဒါက ငါ့ရဲ့ စွမ်းအားတွေ ယဲ့ရှောင်ရဲ့ အစွမ်းတွေကွ"
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယဲ့ရှောင်သည် ထိုမြင်ကွင်းကို မြင်သောအခါ ပို၍ပင် မုန်းတီးစိတ်များ ထွက်ပေါ်လာခဲ့သည်။ သူ၏ မူရင်း ရှေးဟောင်းထိပ်တန်းအရိုးက တစ်ဖက်လူ၏ လက်ထဲတွင် အဆပေါင်းများစွာ ပို၍ စွမ်းအားကြီးမားနေသည် မဟုတ်ပါလား။
ယဲ့ရှောင်၏ မျက်လုံးများ သွေးဆုတ်နေပြီး မျက်နှာအမူအရာက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားသည်။ သူသည် ဘေးတွင် ရှိနေသော မင်စုယွမ်ကို လှည့်ကြည့်ကာ ရန်ငြိုးကြီးမားလှသော သရဲတစ္ဆေတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်တော့သည်။
"စုယွမ်... စုယွမ်... ငါ့ကို ကူညီပြီး သူ့ကို သတ်ပေးစမ်းပါ သူ့ကို သတ်ပစ်စမ်းပါ ငါ မင်းရဲ့ အသက်ကို တစ်ခါ ကယ်ဖူးတယ်မဟုတ်လား ငါ့ကို ကူညီပြီး သူ့ကို သတ်ပေးပါဦး"
ထိုစကားကို ကြားလိုက်ရသောအခါ မင်စုယွမ်၏ ချောမောလှပသော မျက်နှာလေးက ပို၍ပင် ဖြူလျော်သွားပြီး မျက်ဝန်းများထဲတွင် စိမ်းကားမှုများ ပြည့်နှက်သွားခဲ့သည်။ ဤသူက အမှန်တကယ်ပဲ ကိုကိုယဲ့ ဟုတ်ပါရဲ့လား။
အဘွားချန်၏ မျက်နှာထားက ချက်ချင်းဆိုသလို အေးစက်သွားပြီး ဒေါသတရားများနှင့်အတူ အော်ဟစ်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း ငါတို့ သခင်မလေးက မင်းအပေါ် ဘာအကြွေးမှ မရှိဘူး"
သူမသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး ယဲ့ရှောင်၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်အဆင့် စွမ်းအားများက ယဲ့ရှောင်၏ သက်စောင့်အားများကို ချက်ချင်းပင် ချေမှုန်းဖျက်ဆီးပစ်လိုက်တော့သည်။
"ဘုန်း..."
ထိုလက်ဝါးတစ်ချက်တည်းဖြင့်ပင် ယဲ့ရှောင်၏ ထွက်သက်ဝင်သက်တို့ ချက်ချင်း ရပ်တန့်သွားခဲ့ရပြီ ဖြစ်သည်။ အဘွားချန်သည် ယဲ့ရှောင်က စကားများ ဆက်ပြောနေပါက မိမိတို့အပေါ် ပြဿနာများ သက်ရောက်လာပြီး မင်မျိုးနွယ်စုတစ်ခုလုံးပါ ဘေးဒုက္ခကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
"ကိုကိုယဲ့..."
မင်စုယွမ်သည် မျက်စိရှေ့တွင် အမှောင်ကျသွားသလို ခံစားလိုက်ရသည်။ သူမသည် အဘွားချန်က မိမိသဘောအတိုင်း ဦးအောင် လှုပ်ရှားလိမ့်မည်ဟု မထင်ထားခဲ့မိဘဲ နေရာမှာတင် မေ့လဲသွားခဲ့ရတော့သည်။
🔔 [တင် ကံကြမ္မာအရှင်သခင် ယဲ့ရှောင် သေဆုံးသွားသဖြင့် သူ၏ ကံကြမ္မာတန်ဖိုးများ အားလုံး ပျက်သုဉ်းသွားပါသည်]
🔔 [ကောင်းကင်ဘုံကို ဆန့်ကျင်သော စစ်နတ်ဘုရား ဝတ္ထုမှ ကံကြမ္မာအရှင်သခင် ယဲ့ရှောင်ကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့သည့်အတွက် ဂူဏ်ယူပါတယ်]
🔔 [ဂုဏ်ယူပါတယ် အရှင် အရှင်သည် ကံကြမ္မာအရှင်သခင်ထံမှ ပစ္စည်းများအားလုံးဖြစ်သော ကောင်းကင်တာအိုကျင့်စဉ်၊ သွေးနတ်ဆိုးခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်၊ ထိုက်ရှန်တံဆိပ်တော်၊ ကောင်းကင်ပိတ်ကွန်ရက် စသည်တို့ကို ရရှိပါသည်]
🔔 [ဇာတ်ညွှန်းစနစ် ပွင့်သွားပါပြီ ယခုအခါ ကံကြမ္မာအရှင်သခင်များ၏ ဇာတ်ညွှန်းအကျဉ်းချုပ်ကို ကြိုတင်ကြည့်ရှုနိုင်ပါပြီ]
🔔 [ကံကြမ္မာအရှင်သခင်တစ်ဦး၏ ကံကြမ္မာတန်ဖိုး ၃၀ ရာခိုင်နှုန်းအောက် ရောက်ရှိသွားပါက ပျက်သုဉ်းသွားမည် ဖြစ်သည် ကျန်ရှိနေသော ကံကောင်းခြင်းအခွင့်အလမ်းများကို ကြည့်ရှုပြီး ကြီးမားလှသော ရတနာများကို လက်မလွှတ်ပါစေနှင့်]
🔔 [လတ်တလော အမဲလိုက်ပြီးသော ကံကြမ္မာအရှင်သခင် အရေအတွက် - ၁]
🔔 [လက်ရှိ ဗီလိန်အမှတ် - ၁၀၅,၀၀၀]
စုချန်ရှောင်းသည် အဘွားချန်ကို အံ့အားသင့်ရိပ်အချို့ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ထိုအိုမင်းလှသော အမျိုးသမီးက ပြတ်သားစွာဖြင့် ကံကြမ္မာအရှင်သခင်ကို တိုက်ရိုက် သတ်ဖြတ်ပစ်ခဲ့သည် မဟုတ်ပါလား။ သို့သော်လည်း စိတ်ထဲထားစရာ မလိုပေ။
စနစ်၏ လုပ်ဆောင်ချက်အသစ်ဖြစ်သော ဘဝဇာတ်ညွှန်းကတော့ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။
စုချန်ရှောင်း၏ မြင်ကွင်းထဲတွင် ကံကြမ္မာအရှင်သခင်များကို အမဲလိုက်ထားသည့် စာရင်းမျက်နှာပြင် ပေါ်လာပြီး ယဲ့ရှောင်၏ မှေးမှိန်သွားသော ပုံရိပ်ကို အထင်အရှား မြင်တွေ့လိုက်ရသည်။
[ကောင်းကင်ဘုံကို ဆန့်ကျင်သော စစ်နတ်ဘုရား - ကံကြမ္မာအရှင်သခင် ယဲ့ရှောင်]
[ကျဆုံးသွားခဲ့ပြီ]
[ကျန်ရှိနေသော ကံကောင်းခြင်းအခွင့်အလမ်း (၄) ခု] -
ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေ၊ နတ်ဘုရားကျမ်းစာ၊ ရှေးဟောင်းနတ်ဘုရားသန့်စင်ခြင်းကျင့်စဉ်။
မြောက်ပိုင်းနယ်မြေ၊ နဂါးပြာသားရဲ၊ ကောင်းကင်နှင့်မြေကမ္ဘာ၏ ရတနာများ။
ကောင်းကင်လျှို့ဝှက်ချက် ရှေးဟောင်းနယ်မြေ၊ သူတော်စင်အဆင့် အမွေအနှစ်၊ သူတော်စင်အဆင့် နတ်ဆေးလုံး...