အခန်း ၂၄ ကံကြမ္မာသတ်မှတ်ထားသော အမျိုးသမီး မင်စုယွမ်
တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံအာဏာ။
အဆုံးတွင်တော့ သူ အရှုံးပေးလိုက်ရသည်။
ယဲ့ရှောင်သည် နာကျင်စွာဖြင့် မျက်လုံးများကို ပိတ်လိုက်သည်။
တစ်ခါအရှုံးပေးခြင်းက ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်ပြီး ခြေတစ်လှမ်းဆုတ်ခြင်းက ကျယ်ပြောလှသော ဟင်းလင်းပြင်ကို မြင်တွေ့စေနိုင်သည်။
သို့သော် စုချန်ရှောင်း၏ ထက်မြက်လှသော စကားလုံးများသည် ဓားတစ်စင်းကဲ့သို့ ဖြစ်နေခဲ့သည်။
ရက်စက်လှသော လုပ်ရပ်သည် ယဲ့ရှောင်၏ နှလုံးသားထဲတွင် ဝှက်ဖုံးထားသော မလုံခြုံမှုများကို ဖျက်ဆီးပစ်ခဲ့ပြီး သူ၏ ကျင့်ကြံသူနှလုံးသားတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
"ဂျွတ်"
[တင် ကံကြမ္မာအရှင်သခင် ယဲ့ရှောင်သည် မိမိကိုယ်ကိုယ် သံသယဝင်သွားသဖြင့် တာအိုနှလုံးသား အက်ကွဲသွားကာ ကံကြမ္မာတန်ဖိုး ၅,၀၀၀ ကျဆင်းသွားပါသည်]
[ဂုဏ်ယူပါတယ် အရှင် အရှင်သည် ဗီလိန်အမှတ် ၅,၀၀၀ ရရှိပါသည်]
ထိုအချိန်တွင် အဝေး၌ရှိသော အကြီးအကဲချင်းသည် တစ်စုံတစ်ခုကို ရိပ်မိလိုက်သည့်အလား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
"သခင်လေး ပြင်ပလောကက လူတွေ ရောက်ရှိလာပါပြီ"
"လူနှစ်ယောက်ပါ တစ်ယောက်က ေပေါင်းစည်းခြင်းအဆင့်ဖြစ်ပြီး အခြားတစ်ယောက်က သူတော်စင်အဆင့်ပါ ဒီကလေးရဲ့ ကိုယ်ပေါ်မှာ ထားခဲ့တဲ့ စိတ်အာရုံက အဲဒီသူတော်စင်အဆင့်ရဲ့ အရာပဲ ဖြစ်ပါတယ်"
အို................
သူတို့ ရောက်လာတာ တော်တော်လေး မြန်တာပဲ။
စုချန်ရှောင်းက မျက်ခုံးပင့်လိုက်ရင်း မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယဲ့ရှောင်ကို လှောင်ပြောင်သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ယဲ့ရှောင် မင်း မသိသေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"
"မင်းက မင်းရဲ့ ကြိုးစားမှုတွေကြောင့် အခုလို အောင်မြင်မှုတွေ ရရှိခဲ့တာလို့ ယုံကြည်နေတာမလား"
"တကယ်တော့ မင်း အားကိုးနေရတာက မင်း အထင်အမြင်သေးလှပါတယ်ဆိုတဲ့ နောက်ခံအာဏာပဲ ဖြစ်တယ်"
ယဲ့ရှောင်သည် ထိုစကားကြောင့် အံ့အားသင့်သွားခဲ့ရပြီး စုချန်ရှောင်းကို နားမလည်နိုင်သော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ"
ရုတ်တရက်။
တိမ်တိုက်နယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးသွားစေနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် သူတော်စင်အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
"သူတော်စင်အဆင့်ရဲ့ အရှိန်အဝါ... ငါတို့ တိမ်တိုက်နယ်ပယ်ကို သူတော်စင်တစ်ပါး ကြွရောက်လာပြီ"
"ဂိုဏ်းချုပ် ဘာတွေဖြစ်နေတာလဲ"
ထိုစွမ်းအားများကို ခံစားလိုက်ရသောကြောင့် နတ်ဘုရားနက်နဲဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် မျက်ဝန်းများ ကျုံ့သွားခဲ့ပြီး တစ်စုံတစ်ခုကို တွေးမိသွားကာ ရေရွတ်လိုက်သည်။
"အဲဒီစီနီယာပဲ"
"ယဲ့ရှောင်ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူ"
"ဘာ... ယဲ့ရှောင်ရဲ့ နောက်ကွယ်မှာ သူတော်စင်တစ်ပါး ရှိနေတာလား" ဘေးပတ်ဝန်းကျင်ရှိ အကြီးအကဲများအားလုံး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြသည်။
ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းက ခေါင်းညိတ်လိုက်ရင်း လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ယဲ့ရှောင် ငါတို့ နတ်ဘုရားနက်နဲဂိုဏ်းကို စပြီး ဝင်ရောက်လာစဉ်ကတည်းက သူတော်စင်အဆင့်က ပညာရှင်ကြီးတစ်ဦး ရောက်ရှိလာခဲ့ဖူးတယ်"
"အဲဒီစီနီယာက ယဲ့ရှောင်ရဲ့ စိတ်မြန်လက်မြန်ရှိတဲ့ စရိုက်ကို သိလို့ ငါ့ကို ကျင့်စဉ်တက်လှမ်းနိုင်မယ့် နတ်ဆေးလုံးတစ်လုံး ပေးခဲ့ပြီး သူ့ကို သေချာစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခဲ့တာ ဖြစ်တယ်"
"ငါ ဒီကလေးကို အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးခဲ့တာကလည်း ဒီအကြောင်းရင်းကြောင့်ပဲ..."
ယဲ့ရှောင်၏ နောက်ကွယ်ရှိ သူတော်စင်သည် ကမ္ဘာပေါင်းစုံမှ အစွမ်းထက်လှသော အုပ်ချုပ်သူတစ်ဦး ဖြစ်နိုင်ပေသည်။
ဒါပေမဲ့။
အခုတော့ ပြဿနာတက်ပြီ။
အခု နတ်ဘုရားနက်နဲဂိုဏ်းထဲမှာ ရှိနေတာက ကောင်းကင်ဘုံတစ်ခုလုံးကို စိုးမိုးထားတဲ့ အတုမရှိ ဧကရာဇ်မျိုးနွယ်စု စုမိသားစု၏ သခင်လေး ဖြစ်သည်။
အဝေးက ကောင်းကင်ပြင်မှ ရွှေရောင်အလင်းတန်းတစ်ခု အလျင်အမြန် ပျံသန်းလာခဲ့သည်။
"ငါ့မောင်လေးကို ဘယ်သူ ထိခိုက်အောင် လုပ်ဝံ့လဲ ကြည့်ကြသေးတာပေါ့"
အံ့အားသင့်ဖွယ် စွမ်းရည်များနှင့်အတူ သူတော်စင်အဆင့်သို့ ရောက်ရှိထားသော သက်ကြီးအမျိုးသမီးတစ်ဦးသည် လှပသော မိန်းကလေးငယ်တစ်ဦးနှင့်အတူ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုမိန်းကလေးသည် နူးညံ့လှပသော ရုပ်ရည်ရှိပြီး အသားအရေက နှင်းကဲ့သို့ ဖြူစင်ကာ တောက်ပသော မျက်ဝန်းများနှင့် သွားဖြူဖြူလေးများ ရှိပြီး ပွင့်အာခါစ ပန်းလေးတစ်ပွင့်ကဲ့သို့ နုပျိုလှပလှသည်။ သူမ၏ အပြာနုရောင် ဂါဝန်လေးသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေခဲ့သည်။
သူမသည် နုပျိုသေးသော်လည်း သူမ၏ ဆွဲဆောင်မှုရှိသော အလှတရားများက စတင်ပေါ်လွင်နေခဲ့ပြီ ဖြစ်သည်။
အချိန်အနည်းငယ် ကုန်လွန်သွားပါက သူမသည် သေချာပေါက် တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမည့် မိန်းမလှလေးတစ်ဦး ဖြစ်လာပေလိမ့်မည်။
ဤနေရာသို့ ရောက်ရှိလာသောအခါ မင်စုယွမ်သည် သူမ၏ လှပသော မျက်ဝန်းများဖြင့် ယဲ့ရှောင်၏ ပုံရိပ်ကို အလျင်အမြန် ရှာဖွေလိုက်သည်။
"အဘွားချန် ကိုကိုယဲ့ ဒီမှာ ရှိနေတာလား"
စုချန်ရှောင်းက မော့ကြည့်လိုက်ရင်း မျက်ဝန်းများကို အနည်းငယ် ကျုံ့လိုက်သည်။
[အမည် - မင်စုယွမ်]
[ဘွဲ့အမည် - ကောင်းကင်ဆန့်ကျင်ဘက် စစ်နတ်ဘုရား၊ ဇာတ်ကောင်စရိုက်ရှိသော ကံကြမ္မာသတ်မှတ်ထားသည့် အမျိုးသမီး]
[အဆင့်အတန်း - လျှို့ဝှက်ရှေးဟောင်းမျိုးနွယ်စု၏ ဂိုဏ်းချုပ်သမီးတော်၊ မင်မျိုးနွယ်စု]
[အသက် - ၁၇ နှစ်]
[ကျင့်ကြံမှုအဆင့် - သူတော်စင်တစ်ပိုင်း ဆဋ္ဌမအဆင့်]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - ကိုးမြီးအစွမ်းရှိသော မိစ္ဆာခန္ဓာကိုယ် (ရှေးဟောင်းကြောက်မက်ဖွယ် ကိုးမြီးမြေခွေးသွေးချင်း)]
...
[အမည် - ချန်ဝူ]
[အဆင့်အတန်း - လျှို့ဝှက်ရှေးဟောင်းမျိုးနွယ်စု မင်မိသားစု၏ အစောင့်အရှောက်]
[ကျင့်ကြံမှုအဆင့် - သူတော်စင်အဆင့် သတ္တမအဆင့်]
စုချန်ရှောင်းသည် ထိုလူနှစ်ဦး၏ အချက်အလက်များကို ကြည့်ရင်း စိတ်ဝင်တစား ရေရွတ်လိုက်သည်။
"စိတ်ဝင်စားစရာပဲ ယဲ့ရှောင် မင်းရဲ့ ကံကြမ္မာသတ်မှတ်ထားတဲ့ အမျိုးသမီးပေါ့..."
အထက်မှ လှပသော အမျိုးသမီးငယ်လေးကို မြင်လိုက်ရသောအခါ ယဲ့ရှောင်သည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"ယွမ်... ယွမ်အာလား"
တစ်ချိန်တည်းမှာပင် မင်စုယွမ်သည်လည်း လူအုပ်ကြားထဲတွင် ယဲ့ရှောင်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
မြေပြင်ပေါ်တွင် ဖြူဖျော့သော မျက်နှာဖြင့် ဒူးထောက်နေသော ယဲ့ရှောင်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာသည် ချက်ချင်း အေးစက်သွားခဲ့ပြီး ကောင်းကင်ထက်မှ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။
"ကိုကိုယဲ့ကို လွှတ်ပေးလိုက်စမ်း"
"မလာနဲ့ ယွမ်အာ" ယဲ့ရှောင်၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။
အဆောက်အအုံထဲတွင် ရှိနေသော အကြီးအကဲချင်းသည် အလျင်အမြန် လှုပ်ရှားလိုက်ပြီး စုချန်ရှောင်း၏ ဘေးတွင် ချက်ချင်း ပေါ်လာခဲ့သည်။
"သာမန် လျှို့ဝှက်ရှေးဟောင်းမျိုးနွယ်စုက ငါတို့ သခင်လေးကို စော်ကားဝံ့တယ်ပေါ့"
"ထွက်သွားစမ်း"
တစ်ခဏအတွင်းမှာပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တစ်ပိုင်းဧကရာဇ်အဆင့်ရှိ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
မင်စုယွမ်သည် ပြင်းထန်သော ရိုက်ခတ်မှုဒဏ်ကြောင့် နောက်သို့ လွင့်စင်သွားခဲ့ရသည်။
"သခင်မလေး" အဘွားချန်သည် သူမ၏နောက်တွင် ချက်ချင်း ပေါ်လာခဲ့ပြီး မိမိ၏ သူတော်စင်စွမ်းအားများဖြင့် ကာကွယ်ပေးလိုက်သည်။
သို့သော် တစ်ပိုင်းဧကရာဇ်အဆင့်ရှိ စွမ်းအားများကို တောင့်ခံရန်မှာ အလွန်ခက်ခဲလှသဖြင့် မင်စုယွမ်သည် နောက်မှ ထောက်ပံ့ပေးထားသော်လည်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။
အဘွားချန် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
"တစ်ပိုင်းဧကရာဇ်အဆင့်လား"
"မင်းက... ဧကရာဇ်မျိုးနွယ်စု စုမိသားစုရဲ့ အရိပ်စောင့်တပ်ဖွဲ့မှူး ချင်းဟေမလား"
အဘွားချန်၏ မျက်ဝန်းအိမ်များ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ ထိုကဲ့သို့ ကြီးမြတ်လှသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အကြီးအကဲချင်းကို ဤသေးငယ်လှသော နတ်ဘုရားနက်နဲဂိုဏ်းထဲတွင် တွေ့လိုက်ရသဖြင့် သူမ လုံးဝ အံ့အားသင့်သွားခဲ့ရသည်။
"စုမိသားစုရဲ့ အရိပ်စောင့်တပ်ဖွဲ့က ဘာလို့ ဒီမှာ ရှိနေရတာလဲ"
အကြီးအကဲချင်းက မည်သည့်ခံစားချက်မျှမရှိဘဲ အေးစက်စွာ ပြောလိုက်သည်။
"ငါတို့မျိုးနွယ်စုရဲ့ သခင်လေး ပြုလုပ်တဲ့ ကိစ္စတွေကို မင်းတို့ကို ရှင်းပြနေဖို့ လိုလို့လား"
"အခုချက်ချင်း ဒူးထောက်ပြီး သခင်လေးကို ဦးညွှတ်စမ်း"
သူက လက်ကို အသာအယာ ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုသည် အဘွားချန်ဆီသို့ ဦးတည်သွားခဲ့သည်။
တစ်ပိုင်းဧကရာဇ်အဆင့်ရှိ စွမ်းအားများ၏ ရှေ့တွင် သူတော်စင်အဆင့်သည်ပင်လျှင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းလွန်းလှသည်။
ဧကရာဇ်မျိုးနွယ်စုရဲ့ သခင်လေးလား။
ဒါဆိုရင်တော့...
အဘွားချန်သည် ကွင်းပြင်ထဲမှ ထူးကဲသာလွန်လှသော လူငယ်လေးကို လှမ်းကြည့်လိုက်ရင်း မျက်နှာ ဖြူလျော်စွာဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။
"ကျွန်တော်မျိုးမတို့က လျှို့ဝှက်ရှေးဟောင်းမျိုးနွယ်စု မင်မိသားစုက ဖြစ်ပါတယ် သခင်မလေးက မရည်ရွယ်ဘဲ စော်ကားမိတာမို့ သခင်လေးစု ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"ရပြီ" ထိုအချိန်တွင် စုချန်ရှောင်းက လက်ကို မြှောက်ကာ တားဆီးလိုက်ပြီး သူတို့နှစ်ဦးကို ပြုံးလျက် ပြောလိုက်သည်။
"ဒါဆိုရင်လည်း ရှေးဟောင်းမင်မိသားစုကပေါ့ ဒါက နားလည်မှုလွဲတာပဲ အကြီးအကဲချင်း ရပ်လိုက်ပါတော့"
စုချန်ရှောင်း စကားပြောလိုက်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော တစ်ပိုင်းဧကရာဇ်အရှိန်အဝါများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
အဘွားချန်သည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ရသည်။
သူမသည် ဤသေးငယ်လှသော နယ်ပယ်ငယ်လေးထဲတွင် ဧကရာဇ်မျိုးနွယ်စုမှ ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ထို့ပြင် သူတို့၏ ဘေးတွင် ဧကရာဇ်မျိုးနွယ်စု စုမိသားစု၏ တစ်ပိုင်းဧကရာဇ်အဆင့်ရှိသော အစောင့်အရှောက်ကြီး ရှိနေသေးသည်။
ယခုလောက်အထိ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ထိုကဲ့သို့သော စောင့်ရှောက်မှုကို ခံရသည်ဆိုလျှင် သူ၏ အဆင့်အတန်းက ထင်ရှားလှပေသည်။...
စုမိသားစု ဂိုဏ်းချုပ်၏ သားတော်နှင့် ချန်မိသားစု၏ မင်းသမီးတို့မှ မွေးဖွားလာသော စုချန်ရှောင်းပဲ ဖြစ်ရမည်။
"ကျွန်တော်မျိုးမ ချန်ဝူ သခင်လေးချန်ရှောင်းကို ဦးညွှတ်ပါတယ်"
စုချန်ရှောင်းက အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးနောက် ခပ်ဖွဖွ ရယ်မောကာ မေးလိုက်သည်။
"မင်း ငါ့ကို သိတာလား"
အဘွားချန်က ရိုသေစွာဖြင့် လက်အုပ်ချီ ဦးညွှတ်လိုက်သည်။
"သခင်လေး... ကျွန်တော်မျိုးမတို့ လျှို့ဝှက်ရှေးဟောင်းမျိုးနွယ်စုတွေက သခင်လေးရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို ကြားဖူးပါတယ်"
စုချန်ရှောင်းက လက်ကို ဝှေ့ယမ်းလိုက်ရင်း ဘေးတွင် ဒူးထောက်နေသော ယဲ့ရှောင်ကို အေးစက်စွာ လှမ်းကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီ ဒါဆိုရင် မင်းတို့က ဒီကောင်ကြောင့် ဒီကို ရောက်လာကြတာပေါ့"
"ဒီကလေးရဲ့ ကိုယ်ပေါ်မှာ ထားခဲ့တဲ့ သူတော်စင်စိတ်အာရုံက မင်း ထားခဲ့တာမလား"
အဘွားချန်၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ခံစားလိုက်ရသည်။
သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော နတ်ဘုရားနက်နဲဂိုဏ်းသားများနှင့် ယဲ့ရှောင်ကို လှမ်းကြည့်လိုက်ပြီး ပါးနပ်စွာဖြင့် အခြေအနေကို ချက်ချင်း နားလည်လိုက်သည်။
တကယ့် ပြဿနာရှာတဲ့ကောင်ပဲ။
သူမက ယဲ့ရှောင်နှင့် အလျင်အမြန်ပင် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။
"သခင်လေးကို တင်ပြရရင်... ကျွန်တော်မျိုးမတို့ရဲ့ သခင်မလေးက အောက်ဘုံမှာ ရှိစဉ်က ဒီလူ့ဆီကနေ အကူအညီတစ်ခု ရရှိခဲ့ဖူးပါတယ်"
"ဒါပေမဲ့ ဒီကလေးက အမြဲတမ်း မဆင်မခြင် ပြုမူတတ်ပြီး ဘယ်နေရာသွားသွား ပြဿနာရှာတတ်တဲ့သူပါ သခင်မလေးက သူ့အတွက် ပြဿနာတွေကို အကြိမ်ကြိမ် ကူညီဖြေရှင်းပေးခဲ့ရပါတယ်"
"သူက သခင်လေးစုကိုအထိ စော်ကားဝံ့လိမ့်မယ်လို့ ကျွန်တော်မျိုးမ လုံးဝ မထင်ထားခဲ့ပါဘူး"
"ကျွန်တော်မျိုးမ သခင်မလေးကို အခုချက်ချင်း ခေါ်ဆောင်သွားပါ့မယ်"
စုချန်ရှောင်းက လက်ကို ဝှေ့ယမ်းလိုက်ရင်း ပြုံး၍ ပြောလိုက်သည်။
"မလောပါနဲ့ ရောက်လာမှတော့ ဒီမှာပဲနေပြီး ပွဲကောင်းတစ်ပွဲကို ကြည့်သွားလိုက်ပါဦး"
"ယဲ့ရှောင် မင်း မြင်တယ်မလား"
"မင်း ဘယ်အချိန်မှာပဲ အန္တရာယ်ကြုံရကြုံရ မင်းကို ကူညီဖို့ တစ်ယောက်ယောက် ပေါ်လာတာပဲ"
"သူတို့သာ ကွယ်ရာကနေ မကူညီခဲ့ရင် မင်း ဒီနေ့အထိ အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား"
ဒါတွေက ကံကြမ္မာအရှင်သခင်တွေရဲ့ ပုံမှန် နောက်ခံအာဏာတွေပဲ ဖြစ်သည်။
ယဲ့ရှောင်သည် မြေပြင်ပေါ်တွင် လက်သီးကို တင်းတင်းဆုပ်ထားရင်း အစွမ်းကုန် အရှက်ရခြင်းများကို ခံစားနေရသည်။
သူ၏ မာနတရားများကြောင့် သူ၏ အရှက်ရဖွယ် ပုံစံကို မင်စုယွမ်အား လုံးဝ မမြင်စေချင်ပေ။
သူက ခေါင်းကို ငုံ့ထားရင်း အေးစက်စွာ ပြောလိုက်သည်။
"ငါ သူမကို လုံးဝ မသိဘူး"
"ငါ ယဲ့ရှောင် အခုလို နေရာမျိုးအထိ ရောက်လာတာက ငါ့ရဲ့ ကိုယ်ပိုင်ကြိုးစားမှုကြောင့်ပဲ သူမရဲ့ အကူအညီတွေကို လုံးဝ မလိုချင်ဘူး"
[တင် ကံကြမ္မာအရှင်သခင် ယဲ့ရှောင်နှင့် ကံကြမ္မာသတ်မှတ်ထားသော အမျိုးသမီး မင်စုယွမ်တို့အကြား စိမ်းကားသွားသဖြင့် ကံကြမ္မာတန်ဖိုး ၁,၀၀၀ ဆုံးရှုံးသွားပါသည်]
[ဂုဏ်ယူပါတယ် အရှင် အရှင်သည် ဗီလိန်အမှတ် ၁,၀၀၀ ရရှိပါသည်]
[ကံကြမ္မာဗီလိန်ဘွဲ့အမည်၏ စွမ်းဆောင်ရည်ကြောင့် ထပ်ဆောင်းဆုလာဘ်အဖြစ် ထိပ်သီးနတ်ဘုရားလက်နက် - ဝရဇိန်ဖိုကြီးကို ရရှိပါသည်]