အခန်း ၈၄ : မင်းသားနှင့် ကဗျာပြိုင်ခြင်း (အပိုင်း ၂)
"ငါက ပထမဆုံး နန်းတော်သခင်ရဲ့ မျိုးရိုးကို ဆက်ခံထားတာမို့ ငါ့ရဲ့မျိုးရိုးအမည်က 'စုန့်' ပါ" ဟု ရေချီလင် က ပြုံး၍ ပြောလိုက်သည်၊ "ငါ့နာမည်က 'စုန့်ချိုးမော့' ပါ"
စုန့်ချိုးမော့... လီဟောင်က ခေါင်းအနည်းငယ် ငြိမ်းလိုက်ပြီး "စီနီယာ ချိုးမော့... နောက်တစ်ခါ အားတဲ့အခါ ကျွန်တော် ထပ်လာခဲ့ပါဦးမယ်။ စီနီယာ့ကို ဘယ်လိုမျိုး ခေါ်ရမလဲ"
"ရေကန်ထဲက ရေကို အသာလေး ထိလိုက်ရင် ငါ သိသွားလိမ့်မယ်" ဟု စုန့်ချိုးမော့က ပြုံး၍ ပြောသည်။
လီဟောင်က မှတ်သားထားလိုက်ပြီး ခေါင်းညိတ်လိုက်သည်၊ "နောက်မှ ပြန်ဆုံကြတာပေါ့ စီနီယာ"
စုန့်ချိုးမော့က လက်အသာပြကာ လှည့်ထွက်သွားပြီး ပန်းချီကား ၁၀ ချပ်ကျော်ကို သူမနှင့်အတူ စိမ်းမြကန် ထဲသို့ ယူဆောင်သွားတော့သည်။
ပန်းချီကားများကို သူမ၏ စွမ်းအားဖြင့် အမြှေးပါးသဖွယ် ဖုံးအုပ်ထားသဖြင့် ရေစိုမည့်အရေးကို စိုးရိမ်ရန် မလိုပေ။
'ဒီလို ရေထဲကို ငုပ်ဆင်းသွားပုံက... အမှတ်ပြည့် ၁၀ မှတ် ပေးသင့်တယ်' ဟု ရေလှိုင်းတစ်ချက်မျှ မထဘဲ အေးစက်သော ကန်ထဲသို့ တိုးဝင်သွားသော သူမကို ကြည့်ရင်း လီဟောင် စိတ်ထဲက တွေးနေမိသည်။
သူသည် ပန်းချီစင်ကို ချက်ချင်း မသိမ်းသေးဘဲ အေးစက်သော ရေကန်နှင့် ကျောက်ဆောင်များကို ဆက်လက် ရေးဆွဲနေသည်။
ရေကီလင် စုန့်ချိုးမော့ မပါဝင်သည့်တိုင် ဤနေရာ၏ သဘာဝအလှတရားကပင် အတွေ့အကြုံ အမြောက်အမြား ရရှိစေသည်။
လီဟောင်သည် သူ၏ စိတ်ကူးထဲမှ ခံ့ညားထည်ဝါသော မြင်ကွင်းများနှင့် ဆန်းပြားသော မိစ္ဆာသတ္တဝါများကို ဆွဲကြည့်ခဲ့ဖူးသော်လည်း ထိုသို့ဆွဲခြင်းမှ ရရှိသော အတွေ့အကြုံမှာ အလွန်နည်းပါးလှသည်။
ဘာကြောင့်လဲဆိုသည်ကို သူ မသိပေ၊ ဖြစ်နိုင်သည်မှာ ထိုပုံရိပ်များတွင် သိမ်မွေ့သော ရသ သို့မဟုတ် အသက်ဝင်မှု ကင်းမဲ့နေသောကြောင့် ဖြစ်ပေလိမ့်မည်။
ထို့နောက် သူသည် 'အထီးကျန်ကျောက်ဆောင်နှင့် အေးစက်သောကန်' ပန်းချီကား ၄-၅ ချပ်ခန့် ထပ်မံ ရေးဆွဲလိုက်သည်။
အတွေ့အကြုံ ၅၀၀-၆၀၀ ခန့် ထပ်မံရရှိပြီးနောက် လီဟောင်သည် ပြန်ရန် ပြင်လိုက်သော်လည်း ထိုစဉ် ကဗျာရွတ်သံ တစ်ခုကို ကြားလိုက်ရသည် -
"မတ်စောက်တဲ့ ကျောက်ဆောင်နဲ့ နွမ်းလျနေတဲ့ တောင်တန်းတွေ... ကောင်းကင်ယံက မျက်ရည်စက်တွေလို လွင့်မျောနေတဲ့ တိမ်တိုက်ဖြူတွေ..."
"ဒီလမ်းကျဉ်းလေးက ဘယ်ဆီကို ဦးတည်နေသလဲ... ငါ့ရဲ့ ရည်ရွယ်ချက်ကို ဘယ်သူကများ နားလည်နိုင်ပါ့မလဲ..."
ရွတ်ဆိုသံနှင့်အတူ လူရိပ်တစ်ခုက သူ့ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်၊ လီဟောင် လှည့်ကြည့်လိုက်ချိန်တွင် ထိုသူကလည်း လီဟောင်ကို လှမ်းကြည့်လိုက်သည်။
နှစ်ဦးသား အကြည့်ချင်းဆုံသွားကြပြီး တစ်ဦးနှင့်တစ်ဦး မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ကြသည်။
မင်းသားတစ်ပါးလား?
လီဟောင် အံ့သြသွားသည်၊ ဤသူမှာ အယ်လ်ဖာအကယ်ဒမီ မှ မင်းသားနှစ်ပါးအနက် တစ်ဦးဖြစ်သည့် 'ကျန်းဟန်ရှင်း'ဖြစ်သည်။
ကျန်းဟန်ရှင်းကလည်း လီဟောင်ကို မှတ်မိသည်။ ယနေ့ အယ်လ်ဖာအကယ်ဒမီတွင် လူပြောအများဆုံးသူမှာ ဤလီမိသားစုမှ သခင်လေးပင် ဖြစ်သည်။
သူ ကျောင်းစတက်ကတည်းက ဝမ်ဟန့်၊ လီဟောင်နှင့် အခြားသော နတ်ဘုရားစစ်သူကြီးစံအိမ်မှ မျိုးဆက်များကို သတိပြုမိခဲ့သော်လည်း ရင်းနှီးအောင်တော့ မလုပ်ခဲ့ပေ။
သူ လမ်းလျှောက်လာရင်း ကဗျာရွတ်ခဲ့သည်ကို ပြန်တွေးမိကာ ကျန်းဟန်ရှင်းမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး မျက်နှာတစ်ခုလုံး ပူထူးသွားသည်။ 'တောက်... ဘာလို့ ဒီမှာ လူရှိနေရတာလဲ'
ဒါပေမဲ့ ဒီကောင်က စစ်ဗိုလ်ချုပ်ရဲ့ သားပဲလေ၊ ကဗျာရဲ့ သိမ်မွေ့တဲ့ အရသာကို သူ သိမှာမဟုတ်ပါဘူး... ဟုတ်တယ်မလား?
ခဏမျှ အကြည့်ချင်းဆုံပြီးနောက် ကျန်းဟန်ရှင်းသည် စိတ်ကိုထိန်းကာ ပြုံး၍ နှုတ်ဆက်လိုက်သည် -
"သခင်လေး လီ?"
"နေကောင်းလား"
လီဟောင်က ပုံမှန်အတိုင်းပင် တုံ့ပြန်လိုက်သည်။ သူသည် တော်ဝင်မိသားစုဝင်များနှင့် ပတ်သက်ရန် တကယ်ကို စိတ်မဝင်စားပေ။
အခြားမင်းသားတစ်ပါးဖြစ်သော 'ကျန်းယဲ့' သည် ကျောင်းစတက်ကာစက သူနှင့် လီယွမ်ကျောက်ထံသို့ လာရောက်ကာ မိတ်ဆွေဖွဲ့ရန် ကမ်းလှမ်းခဲ့ဖူးသည်။
သို့သော် ထိုလူငယ်၏ ရည်မှန်းချက်မှာ သူ၏ မျက်လုံးထဲတွင် အထင်အရှား ပေါ်လွင်နေသဖြင့် လီဟောင်က တော်ဝင်မိသားစု၏ ရှုပ်ထွေးသော ကိစ္စရပ်များတွင် မပါဝင်ချင်ပေ။ ထို့အပြင် ဤရေပြင်က နက်လှသဖြင့် ယွမ်ကျောက်ကိုလည်း ဤလူများနှင့် ဝေးဝေးနေရန် သူ သတိပေးထားခဲ့သည်။
"ဒီမှာ ဘာလုပ်နေတာလဲ"
ကျန်းဟန်ရှင်းက လီဟောင်ရှေ့က ပန်းချီစင်ကို စပ်စုကြည့်လိုက်သည်။ လီဟောင်က ဤနေရာတွင် သိုင်းကျင့်နေသည်ဆိုလျှင် သူ အံ့သြမည်မဟုတ်ပေ။
ဒါပေမဲ့ စုတ်တံနဲ့ မှင်တွေနဲ့ ဘာလုပ်နေတာလဲ?
လီဟောင်အား 'အဖြူအမဲခန်းမ' သို့ တိုက်ရိုက်တက်ခွင့်ပေးလိုက်ခြင်းနှင့် သူသည် 'ဝိညာဉ်ဆက်ခံခြင်းအဆင့်' သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထည့်သွင်းစဉ်းစားကာ ကျန်းဟန်ရှင်း၏ အကြည့်မှာ အနည်းငယ် ပို၍ လေးနက်သွားသည်။
"ပုံဆွဲနေတာပါ" ဟု လီဟောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး မှင်များကို ပြန်ပြင်ကာ ပန်းချီဆွဲရန် ပြန်လည် အာရုံစိုက်လိုက်သည်။
ကျန်းဟန်ရှင်းမှာ အနည်းငယ် မှင်သက်သွားပြီးနောက် သူ၏ မျက်လုံးများတွင် စိတ်ဝင်တစားရှိသော အရိပ်အယောင်များ ပေါ်လာသည်။ သူသည် အယ်လ်ဖာအကယ်ဒမီတွင် ဤလီမိသားစု သခင်လေးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သူဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤအမည်မှာ သူ၏ ခမည်းတော် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ပေးသနားထားသော အမည် မဟုတ်ပါလား။
သူ မွေးကတည်းက မိခင်ဖြစ်သူ ပြောပြသဖြင့် ဤအကြောင်းကို သူ သိနေသည်။ အကယ်ဒမီတွင် ဆုံသည့်အခါ သူ ပို၍ အာရုံစိုက်မိခဲ့သည်။
လီဟောင်၏ လုပ်ရပ်များမှာ အမှန်တကယ်ပင် ထူးခြားလှသည်။ အစပိုင်းတွင် ကျန်းဟန်ရှင်းက လီမိသားစု၏ အလိုလိုက်မှုကြောင့် ဤကောင်လေးမှာ ပျက်စီးနေသည်ဟု ထင်ကာ နှမြောမိခဲ့သည်။
သို့သော် ယနေ့ ဆရာမ စုယဲ့ဟွာ၏ စကားများကို ကြားပြီးနောက်တွင်မှ သူသည် အလွန်နက်နဲသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း နားလည်သွားခဲ့သည်။
"ပုံဆွဲတာ?"
ကျန်းဟန်ရှင်းက စိတ်ဝင်တစားနှင့် အနားသို့ လျှောက်လာပြီး လီဟောင် ပုံဆွဲနေသည်ကို ကြည့်လိုက်သည်။ အထီးကျန်တောင်တန်းနှင့် အေးစက်သော ရေကန်မှာ စက္ကူပေါ်တွင် အသက်ဝင်လှပစွာ ပေါ်ထွက်လာသည်။
သူ မှင်သက်သွားရသည်။
တော်ဝင်မိသားစုမှ လာသူဖြစ်သဖြင့် ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့ရသော်လည်း သူသည် စာပေနှင့် ကဗျာကိုလည်း မြတ်နိုးသူဖြစ်ရာ ဤပန်းချီလက်ရာမှာ အလွန်ထူးချွန်ကြောင်း သူ ခွဲခြားသိမြင်နိုင်သည်။
လီဟောင် ပုံဆွဲပြီးနောက် ကျန်းဟန်ရှင်းက မနေနိုင်ဘဲ မေးလိုက်သည်၊ "လီ... မင်း ပန်းချီလည်း ဆွဲတတ်တာလား"
လီဟောင်က မျက်လုံးမခွာဘဲ စုတ်တံကို ဆက်လက် လှုပ်ရှားရင်း "မင်းရော ကဗျာမရွတ်တတ်ဘူးလား"
ကဗျာအကြောင်း ပြောလိုက်သည်နှင့် ကျန်းဟန်ရှင်း၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။
သူ ကဗျာကို မြတ်နိုးသော်လည်း "တတ်ကျွမ်းခြင်း" ကတော့ တခြားစီပင်။
သူ အနည်းငယ်တော့ သိပါသည်။
သို့သော် သူ ခုနက ရွတ်ဆိုခဲ့သော ကဗျာမှာ အတည်ပေါက် စပ်ဆိုခဲ့ခြင်း မဟုတ်ပေ။ စကားလုံး အသုံးအနှုန်းများမှာ သူ၏ ရင်ထဲက မကျေနပ်မှုများကို အလိုလို ပွင့်အံလာခြင်းသာ ဖြစ်ပြီး သေသေချာချာ စပ်ဆိုထားခြင်း မဟုတ်ပေ။
"လီ... မင်းရော ကဗျာအကြောင်း သိလို့လား"
"အနည်းအကျဉ်းပေါ့"
"ဩော်... ဟုတ်လား"
ကျန်းဟန်ရှင်း အံ့သြသွားပြီး စိတ်ဝင်တစားနှင့် ပြောလိုက်သည်၊ "ဒါဆိုရင် လီ... မင်း ကဗျာတစ်ပုဒ်လောက် စပ်ပြပါလား"
"ကဗျာစပ်ရမယ်?"
လီဟောင် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ ကဗျာအတွေ့အကြုံမှာ အဆင့် ၃ အထိ အပြည့်ရှိနေသော်လည်း သူသည် 'ကဗျာနှလုံးသား' ကို မရရှိသေးပေ၊ ထို့အပြင် ကဗျာစပ်ခြင်းမှာ သူ၏ အားသာချက် မဟုတ်ပေ။
"ဟုတ်တယ်လေ... မင်းဆွဲထားတဲ့ ဒီအေးစက်တဲ့ ရေကန်ကိုပဲ အကြောင်းပြုပြီး တို့နှစ်ယောက် ကဗျာတစ်ပုဒ်စီ စပ်ကြရင် ဘယ်လိုလဲ"
ကျန်းဟန်ရှင်းမှာ ကဗျာပြိုင်ချင်စိတ် ပြင်းပြနေပြီး လီဟောင်နှင့် နှိုင်းယှဉ်ကာ ခုနက သူရွတ်ဆိုခဲ့သော ကဗျာအတွက် မျက်နှာပြန်ဖော်လိုနေသည်။ သို့မှသာ လူများက ထိုကဗျာကို သူ၏ အဆင့်ဟု မထင်ကြမည် မဟုတ်ပါလား။
လီဟောင်က ကြည့်ပြီး ပြောလိုက်သည် "အေးစက်တဲ့ ရေကန်ကိုလား? ဒါဆို မင်း အရင်စပ်လေ"
"မင်းပဲ အရင်စပ်ပါ လီ။ ငါ့ရဲ့ ကဗျာဉာဏ်က နည်းပါသေးတယ်၊ နည်းနည်းလောက် စဉ်းစားဦးမှ" ဟု ကျန်းဟန်ရှင်းက အမြန်ပြန်ပြောသည်။
လီဟောင်ကတော့ သူ နှိမ့်ချနေသည်ဟု မထင်ပေ။ စောစောက သူရွတ်ဆိုခဲ့သော ကဗျာညံ့ညံ့လေးကို ကြည့်ခြင်းအားဖြင့် သူသည် ကာရန်ပင် မကိုက်သေးပေ။
"ကောင်းပြီလေ"
လီဟောင်က ဂရုမစိုက်ဟန်နှင့် စတင်ရွတ်ဆိုလိုက်သည် -
"လီပိုင်ဟာ လှေပေါ်တက်ပြီး ထွက်ခွာဖို့ ပြင်ချိန်မှာ... ကမ်းစပ်ကနေ ရုတ်တရက် သီချင်းဆိုသံကို ကြားလိုက်ရတယ်..."
"မက်မွန်ပွင့်ရေကန်ရဲ့ ရေဟာ ပေတစ်ထောင်လောက် နက်ပေမယ့်... ဝမ်လွန်က ငါ့အပေါ် ထားတဲ့ သံယောဇဉ်လောက်တော့ မနက်နိုင်ပါဘူး..."
သူ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုပြီးသွားသော်လည်း လက်ကတော့ ပန်းချီဆွဲခြင်းကို မရပ်တန့်ပေ။
အရင်တုန်းကဆိုလျှင် 'ကဗျာနတ်ဘုရား' ရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုခြင်းက သူ့အား အတွေ့အကြုံ ရာနှင့်ချီ၍ ပေးနိုင်သော်လည်း ယခုအခါ အတွေ့အကြုံမှာ အပြည့်ဖြစ်နေသဖြင့် တစ်စက်မျှပင် မတိုးတော့ပေ။
သူသည် မူရင်းကို လေးစားသောအားဖြင့် စကားလုံးတစ်လုံးမျှ မပြင်ခဲ့ပေ။
အခြေအနေနှင့် မကိုက်ညီဘူးလား? ဟား... အဲဒါက ငါ့ကိစ္စ မဟုတ်ဘူး။
ကျန်းဟန်ရှင်း နားထောင်ပြီး မှင်သက်သွားရသည်။ ဤကဗျာတွင် ထူးခြားသော ဆွဲဆောင်မှု တစ်ခု ရှိနေသည်။
"လီ... မင်း ဒီကဗျာကို အခုချက်ချင်း စပ်လိုက်တာ မဟုတ်ဘူးမလား" ကျန်းဟန်ရှင်းက ကဗျာထဲက အခြေအနေမှာ သူတို့ရှိနေသည့် ပတ်ဝန်းကျင်နှင့် မကိုက်ညီကြောင်း သတိပြုမိသဖြင့် ပြောလိုက်သည်။
"ရေကန်ပါတယ်ဆိုရင် ရပြီမဟုတ်လား" ဟု လီဟောင်က ပြန်ပြောသည်။
ကျန်းဟန်ရှင်း စကားမထွက်နိုင် ဖြစ်သွားသည်၊ ဟုတ်ပါသည်၊ ရေကန်တော့ ပါသည်၊ ဒါပေမဲ့ မက်မွန်ပွင့်တွေက ဘယ်မှာလဲ? ဒီမှာ မက်မွန်ပွင့် အရိပ်အယောင်တောင် မရှိဘူး!
ခဏကြာမှ သူက မေးလိုက်သည်၊ "ဒါကို မင်းကိုယ်တိုင် စပ်ထားတာလား၊ ဒါမှမဟုတ်?"
သူ့မျက်လုံးထဲက သံသယမှာ အထင်အရှားပင်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာမှာတော့ ဒီကဗျာကို စပ်တဲ့ တခြားလူကို မင်းရှာတွေ့မှာ မဟုတ်ဘူး" ဟု လီဟောင်က အေးဆေးစွာ ပြောလိုက်သည်။
သူ၏ ယုံကြည်မှုရှိသော တုံ့ပြန်မှုကို မြင်သဖြင့် ကျန်းဟန်ရှင်းမှာ အနည်းငယ် တုန်လှုပ်သွားပြီး ထပ်မံ မေးမြန်းလိုက်သည်၊ "ဒါဆိုရင် ကဗျာထဲမှာ ပါတဲ့ လီပိုင် ဆိုတာ ဘယ်သူလဲ"
"ကျွန်တော်က လီမျိုးနွယ်ဆိုတော့ သူက ကျွန်တော့်ရဲ့ လီမိသားစု ဘိုးဘေးတွေထဲက တစ်ယောက်ပေါ့" ဟု လီဟောင်က ပြန်ဖြေသည်။
"...ဒါဆို ဝမ်လွန် ကရော ဘယ်သူလဲ"
"ကျွန်တော့် ဘိုးဘေးရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပေါ့"
ကျန်းဟန်ရှင်းမှာ လုံးဝကို ဇဝေဇဝါ ဖြစ်သွားတော့သည်။
"မင်းအလှည့်ပဲ" လီဟောင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
သတိပြန်ဝင်လာသောအခါ ကျန်းဟန်ရှင်းမှာ အနည်းငယ် စကားမထွက်နိုင် ဖြစ်သွားသည်။ ကံကောင်းသည်မှာ သူက အနည်းငယ် ပါးနပ်ခဲ့သည်။ သူသည် စောစောက အေးစက်သော ကန်ထဲက ရေတံခွန်အကြောင်း ကဗျာတစ်ပုဒ်ကို စပ်ဆိုထားပြီး ဖြစ်ရာ ယနေ့တွင် ၎င်းကို အဆင်ပြေပြေ အသုံးပြုလိုက်ရုံသာ ရှိတော့သည်။
၎င်းသည် လက်ရှိမြင်ကွင်းနှင့် အပြည့်အဝ မကိုက်ညီနိုင်သော်လည်း လီဟောင်၏ အဓိပ္ပာယ်မရှိသော ကဗျာထက်တော့ အများကြီး ပိုကောင်းမည်မှာ အသေအချာပင်။