စုန့်ချင်းရှုက ရိုသေစွာ ပြန်ဖြေသည်၊ “ပြီးခဲ့တဲ့တစ်ခေါက် ဓားသူတော်စင်ဖုန်းနဲ့တိုက်ခိုက်ခဲ့တာက ကျောက်စိမ်းမိန်းမပျိုတောင်ထိပ်က ဆင်ခြင်ခြင်းချောက်ကမ်းပါးမှာပါ။ ဒီဆယ်စုနှစ်တွေအတွင်း ဓားသူတာ်စင်ဖုန်းက ဆင်ခြင်ခြင်းချောက်ကမ်းပါးမှာပဲ ပုန်းအောင်းနေပုံရပါတယ်”
“ဆင်ခြင်ခြင်းချောက်ကမ်းပါး” မုရန်ချင်း၏ မျက်နှာတွင် တုံ့ဆိုင်းမှုများ ပေါ်လာသည်။ ဆင်ခြင်ခြင်းချောက်ကမ်းပါးသည် ဟွာရှန်းဂိုဏ်း၏ ချီဂိုဏ်းခွဲ၏ နယ်မြေဖြစ်ပြီး ဓားဂိုဏ်းခွဲ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ထိုနေရာကို သွားရန် အဆင်မပြေလှပေ။
အချိန်အတော်ကြာပြီးနောက် မုရန်ချင်းက သက်ပြင်းချလိုက်သည်၊ “ထားလိုက်ပါတော့၊ ဆရာဦးလေးကိုသာတွေ့ရမယ်ဆိုရင် လူအိုကြီးက ချီဂိုဏ်းခွဲကို မျက်နှာပြောင်တိုက်ပြီး တစ်ခေါက်တက်သွားတာ ဘာဖြစ်လဲ”
“မုဂိုဏ်းချုပ် အဆင်မပြေဘူးလို့ ထင်ရင် ကျွန်တော်တို့ ဆင်ခြင်ခြင်းချောက်ကမ်းပါးကို တိတ်တဆိတ်တက်သွားလို့ရပါတယ်၊ ချီဂိုဏ်းခွဲမှာ လူအင်အား နည်းပါးတော့ ကျွန်တော်တို့ကို ရှာတွေ့ဖို့ ခက်ပါတယ်” မုရန်ချင်း စိတ်ရှုပ်ထွေးနေသည်ကို မြင်သောအခါ စုန့်ချင်းရှုက အကြံပေးလိုက်သည်။
မုရန်ချင်း၏ မျက်နှာတွင် မကျေနပ်သောပုံစံဖြင့် “ငါတို့က မကောင်းတာ လုပ်နေတာ မဟုတ်ဘူး၊ ဘာလို့ ပုန်းရှိုးကွယ်ရှိုးလုပ်နေရမှာလဲ။ ချင်းချင်း၊ မင်း ငါနဲ့အတူ ကျောက်စိမ်းမိန်းမပျိုတောင်ထိပ်ကို သွားပြီး ယွဲ့ဂိုဏ်းချုပ်ကို ဂါရဝပြုပါ။ စုန့်လူငယ်လေး လိုက်ချင်တယ်ဆိုရင်လည်း အတူတူ လိုက်ခဲ့လို့ ရပါတယ်” ပြောပြီးနောက် သူ၏ အင်္ကျီလက်ကိုဝှေ့ယမ်းကာ ကျောက်စိမ်းမိန်းမပျိုတောင်ထိပ်သို့ တိုက်ရိုက်ထွက်ခွါသွားတော့သည်။
ရှချင်းချင်းက စုန့်ချင်းရှုကို လှည့်ကြည့်၍ လျှာထုတ်ပြလိုက်ကာ ချက်ချင်းပင် သူမ၏ဆရာနောက်မှ ပြေး၍လိုက်သွားသည်။
“ဒီနာမည်ကြီး လမ်းမှန်ဂိုဏ်းတွေများ စည်းကမ်းတွေ တကယ် များတာပဲ” စုန့်ချင်းရှုက စေတနာဖြင့်ပြောလိုက်သော်လည်း ရင်ထဲတွင်လည်း စိတ်မသက်မသာ ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် ရှချင်းချင်းက ကလေးဆန်သော အမူအရာ လုပ်ပြသည်ကို မြင်သောအခါ ချက်ချင်းပင် စိတ်ကြည်သွားပြီး သူမနောက်သို့ ပျော်ရွှင်စွာဖြင့်လိုက်သွားသည်။
တပည့်များ၏ သတင်းပို့ခြင်းကို လက်ခံရရှိပြီး ဓားဂိုဏ်းခွဲ၏ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် လာရောက်ကြောင်း သိလိုက်သောအခါ ယွဲ့ပုချွန်က ကြိုဆိုရန် ချက်ချင်း ထွက်လာသည်။ သူ၏ ရင်ထဲတွင်မူ မသေချာမှုများဖြင့် ပြည့်နှက်နေသည်။ ဓားနှင့် ချီ ဂိုဏ်းခွဲတို့သည် ဆယ်စုနှစ်များစွာ ဆက်ဆံခြင်းမပြုခဲ့သောကြောင့် တဖက်က ဘယ်လို ရည်ရွယ်ချက်ရှိနေတာလဲ”
စုန့်ချင်းရှုက အလယ်မှာ ရပ်နေတဲ့လူသည် စာပေသမားပုံစံ အပြာရောင်အဝတ်အစားကိုဝတ်ဆင်ထားပြီး ၊ မေးစေ့အောက်တွင် ငါးလက်မရှည်သော မုတ်ဆိတ်မွေးများ၊ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်ကာ ရိုးသားသော အမူအရာရှိသည်။ ထိုလူသည် လူကောင်းဓားသမား(Gentle Man Sword)ဟူသော နာမည်ဖြင့် သိုင်းလောကတွင် ကျော်ကြားသည်မှာ အံ့ဩစရာ မဟုတ်ပေ။ သူ၏အသွင်အပြင်သည် တကယ်ပင် ကောင်းမွန်လှသည်။
စုန့်ချင်းရှုတို့လူစူသည် ဟွာရှန်းဂိုဏ်း၏ ကောင်းကင်တက်လှမ်းချင်းဓားချီခန်းမ(ဓားချီချုံးရှောင်)သို့ ကြိုဆိုခြင်းခံရသည်။ မုရန်ချင်းသည် ဆယ်စုနှစ်များစွာ ကျောက်စိမ်းမိန်းမပျိုတောင်ထိပ်ပေါ်သို့ မရောက်ဖူးခဲ့ပေ။ လမ်းတစ်လျှောက် ရင်းနှီးသော မြက်ခင်းများနှင့် သစ်ပင်များကို ကြည့်ရင်း အတွေးများလွင့်မြောလျက် ဆရာသခင်ထံတွင် သိုင်းပညာ သင်ယူခဲ့သော နေ့ရက်များဆီသို့ ရောက်ရှိသွားသလိုခံစားလိုက်ရသည်။ ကောင်းကင်တွင်မြင့်မားစွာ ချိတ်ဆွဲထားသော ကမ္ဗည်းပေါ်တွင် “ကောင်းကင်တက်လှမ်းခြင်းဓားချီခန်းမ”(ကျန့်ချီချုံးရှောင်) ဟူသော စာလုံးကြီးလေးလုံးကို မြင်သောအခါ မုရန်ချင်းသည် ထိန်းမထားနိုင်တော့ဘဲ သူ၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာသည်။
မုရန်ချင်း၏ စိတ်လှုပ်ရှားနေသော ပုံစံကို မြင်သောအခါ ယွဲ့ပုချွန်လည်း ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်ပြီး ညင်သာစွာ ချောင်းဆိုးလိုက်သည်၊ “အစ်ကိုကြီးမု၊ ကျွန်တော့်ကို လာရှာတာက ဘာကိစ္စများရှိလို့လဲ…”
စကားမဆုံးသေးခင်မှာပင် ယွဲ့ပုချွန်၏ အကြည့်က ထောင့်တနေရာတွင်ရှိသော စုန့်ချင်းရှုဆီသို့ ရောက်သွားပြီး ချက်ချင်းပင် နတ်ဆိုးကို မြင်လိုက်ရသလို ခံစားရသည်။ သူ၏ ဓားကို ဆွဲထုတ်ပြီး စုန့်ချင်းရှုကို ချိန်ရွယ်ကာ အံတင်းတင်းကြိတ်၍ ပြောလိုက်သည်၊ “လူယုတ်မာ၊ မင်း ဒီကို လာရဲသေးတာလား”
ဟွာရှန်းဂိုဏ်းမှ တပည့်များက မည်သို့မျှ နားမလည်ကြသော်လည်း ဆရာဖြစ်သူ ဓားထုတ်လိုက်သည်ကို မြင်သောအခါ စုန့်ချင်းရှုကို ဝိုင်းရံလိုက်ကြသည်။
“ဟေး၊ ဟေး၊ ယွဲ့ဂိုဏ်းချုပ်၊ မင်းနဲ့ငါ သိတာလည်းမဟုတ်ဘူး၊ ဒီလို ဆက်အော်နေရင် မင်းကို အသရေဖျက်မှုနဲ့ တရားစွဲရလိမ့်မယ်” စုန့်ချင်းရှုက သူ့ကို လူယုတ်မာဟု ခေါ်သောကြောင့် အလွန်စိတ်ပျက်သွားသည်။
“ထိုင်ရှန်းတိုက်ပွဲမှာ ချင်မင်းဆက်ရဲ့ လက်ပါးစေတစ်ယောက်ဖြစ်တဲ့မင်းက အင်အားနဲ့ ခြိမ်းခြောက်ပြီး ထိုင်ရှန်းဂိုဏ်းကို ချင်းမင်းဆက်ထံမှာ အညံခံခိုင်းခဲ့တယ်၊ ဒါ့အပြင် တော်လှန်ရေးတပ်ခေါင်းဆောင် ရွှေမြွေဘုရင်ကိုလည်း တိုက်ရိုက်မဟုတ်ပေမယ့် သေဆုံးစေခဲ့တယ်…”
“ရပ်၊ ရပ်၊ ရပ်” စုန့်ချင်းရှုက ရှချင်းချင်းကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် မည်သည့်အမူအရာမှ မရှိသည်ကို မြင်သောအခါ အေးစက်စက် ချွေးစေးများ ထွက်လာသည်၊ “ဧကရာဇ်ကျောက်စိမ်းတောင်ထိပ်မှာ မင်းတို့စေလွတ်ခဲ့တဲ့ သိုင်းပညာရှင်တွေကို ပွင့်ပွင့်လင်းလင်းပဲတိုက်ခိုက်ပြီး အနိုင်ယူခဲ့တာ၊ ရွှေမြွေဘုရင်သေဆုံးတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုလာပြီး အပြစ်လာမတင်နဲ့”
ဘေးနားရှိ မုရန်ချင်းက ဆင်ခြင်ခြင်းချောက်ကမ်းပါးရှိ ဖုန်းချင်ယန်ကို စိတ်ပူနေသဖြင့် ပြဿနာ မဖြစ်စေလိုပဲ ချက်ချင်း တိုက်တွန်းလိုက်သည်၊ “ယွဲ့ဂိုဏ်းချုပ်၊ စုန့်လူငယ်လေး ဒီတစ်ခေါက် လာတာက မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီမုက သူ့ဆီကနေ ဟွာရှန်းဂိုဏ်းရဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို သိခဲ့ရလို့ ယွဲ့ဂိုဏ်းချုပ်ကို မေးမြန်းဖို့ ရည်ရွယ်ပြီးလာခဲ့တာပါ”
“အိုး” ယွဲ့ပုချွန်၏ အမူအရာ တင်းမာသွားပြီး ချက်ချင်း လှည့်ကြည့်ကာ တပည့်များကို အမိန့်ပေးသည်၊ “မင်းတို့ အရင် ထွက်သွားကြ”
“ဟုတ်ကဲ့” ဟွာရှန်းတပည့်များ အားလုံး ထွက်ခွာသွားကြသည်။
“ကျွန်တော်က အခြေအနေကို နားလည်တတ်တဲ့သူပါ။ ခင်ဗျားတို့ အေးအေးဆေးဆေးဆွေးနွေးကြပါ၊ ကျွန်တော် အပြင်ထွက်ပြီး လေညှင်းခံလိုက်ဦးမယ်” စုန့်ချင်းရှု ထရပ်ပြီး ရင်ကော့၍ ခန့်ညားစွာ ထွက်ခွာသွားသည်။
ရှချင်းချင်းက လှမ်းခေါ်ချင်သော်လည်း တခဏ တုံ့ဆိုင်းပြီးနောက် သူ၏ နောက်ကျောမြင်ကွင်း တံခါးမှ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေလိုက်သည်။
ဓားချီချုံးရှောင်ခန်းမမှ ထွက်လာပြီးနောက် စုန့်ချင်းရှုက လေ့ကျင့်ရေးကွင်းထဲရှိ ဟွာရှန်းတပည့်များကို ကြည့်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးသည်၊ “မင်းတို့ထဲမှာ ဘယ်သူက လင်းဟူချုံးလဲ”
ကွင်းထဲရှိလူများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ခဏအကြာတွင် ချောမောလှပသော မိန်းကလေးတစ်ဦး ထွက်လာပြီး ကြည်လင်သော အသံဖြင့် မေးသည်၊ “ခင်ဗျား အစ်ကိုကြီးကို ရှာတာ ဘာကိစ္စလဲ”
ချစ်စရာကောင်းသော ဘဲဥပုံမျက်နှာနှင့် ကြည်လင်ဖြူစင်သောမျက်လုံးအစုံ စုန့်ချင်းရှုမြင်ကွင်းသို့ ဝင်ရောက်လာသည်။ စုန့်ချင်းရှု ညင်သာစွာ ပြုံးလိုက်သည်၊ “ဒီတစ်ယောက်က ယွဲ့မင်းသမီး ဖြစ်ရမယ်၊ ကျွန်တော်က လင်းဟူချုံးရဲ့ သူငယ်ချင်းပါ၊ သူ့နဲ့အတူ တူတူသောက်ချင်လို့ပါ”
“ဟွန့်၊ လိမ်မနေပါနဲ့” ယွဲ့လင်းရှန်းက နှာမှုတ်လိုက်ပြီး “ခင်ဗျားက ဆရာတူအစ်ကိုကြီး ဘယ်လိုပုံလဲဆိုတာတောင် မသိတာ၊ ဘယ်လိုလုပ် သူ့သူငယ်ချင်း ဖြစ်နိုင်မှာလဲ”
“ဒီလောကမှာ စိတ်ချင်းဆက်သွယ်တဲ့နည်းလမ်းတွေ အများကြီးရှိတာ မိန်းကလေးမသိလို့ဖြစ်ပါလိမ့်မယ်” စုန့်ချင်းရှုက ရယ်မောလိုက်သည်၊ “ကျွန်တော်က လင်းဟူချုံးရဲ့ သူငယ်ချင်း ဖြစ်ရုံတင်မကဘူး၊ သူက မင်းတစ်ယောက်တည်းကိုပဲ အမြဲ စွဲလမ်းနေတယ်ဆိုတာလည်း သိတယ်”
ဆရာတူအစ်ကိုကြီး၏ စိတ်ရင်းကို ယွဲ့လင်းရှန်း အနည်းငယ် သိရှိထားပြီးသား ဖြစ်သည်။ စုန့်ချင်းရှု ပြောသည်ကို ကြားသောအခါ သူမ၏ မျက်နှာ နီရဲသွားပြီး ပြန်လှန်ချေပချင်သော်လည်း ဘာပြောရမှန်း မသိတော့ဘဲ ထိုနေရာတွင် ပင်ဆွံအစွာရပ်နေမိသည်။
“မိုက်ရိုင်းတဲ့ကောင်” အေးစက်စက်အသံနှင့်အတူ မျက်လုံး မျက်ခုံးကောင်းမွန်ပြီး ချောမောသော လူငယ်လေးတစ်ဦးက လူအုပ်ကြားမှ ထွက်လာကာ ယွဲ့လင်းရှန်းရှေ့တွင်ရပ်၍ ကာကွယ်လိုက်သည်။
“မင်းက ယောက်ျားလား၊ မိန်းမလား” စုန့်ချင်းရှု အံ့ဩသွားပြီး ထိုသူကို အသေအချာ လေ့လာကြည့်လိုက်သည်။
ထိုလူငယ်လေးမှာ သူ့ဘဝတစ်လျှောက်လုံး မိန်းကလေးဟု အထင်ခံရခြင်းအား အမုန်းဆုံး ဖြစ်သည်။ ထိုစကားကို ကြားသောအခါ အလွန်ဒေါသထွက်ကာ ဓားကို ဆွဲထုတ်ပြီး တိုက်ခိုက်လိုက်သည်။ သို့သော် ဓားဖျားသည် တစ်ဖက်လူ၏ မျက်နှာရှေ့ သုံးလက်မအကွာတွင် တစ်လက်မမျှပင် ရှေ့ဆက် မတိုးနိုင်တော့ပေ။
စုန့်ချင်းရှုက လက်နှစ်ချောင်းကို လှုပ်ခါလိုက်ရာ အတွင်းအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ လူငယ်လေးသည် သူ၏ လက်ဖဝါး ထုံကျင်သွားသည်ဟု ခံစားမိပြီး ဓားကို ကိုင်ထားနိုင်တော့ခြင်း မရှိဘဲ ခန္ဓာကိုယ်ဟန်ချက်ပျက်၍ နောက်သို့ လဲကျသွားသည်။
ယွဲ့လင်းရှန်းက သူ့ကို ချက်ချင်း ထူပေးလိုက်သည်။ ဆရာတူညီအစ်ကိုများအားလုံး စုန့်ချင်းရှုကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ထိုသူပြသလိုက်သော သိုင်းပညာသည် သူတို့ နားလည်နိုင်သော အဆင့်ထက် များစွာကျော်လွန်နေပြီ ဖြစ်သည်။
ဓားပေါ်တွင် ထွင်းထုထားသော “ဟွာရှန်း လင်းပိုင်ကျီ” ဟူသော စာလုံးများကို ကြည့်ရင်း စုန့်ချင်းရှု တခဏ အတွေးများလွင့်မြောသွားပြီးနာက် လင်းပိုင်ကျီကို ထပ်မံ ကြည့်လိုက်သည်။
စုန့်ချင်းရှု အရင်က မူရင်းဝတ္ထုကို ဖတ်စဉ် လင်းပိုင်ကျီက (The Smiling, Proud Wanderer) သိုင်းလောကစိန်ခေါ်သံ ဇာတ်လမ်းထဲက ဇာတ်လိုက်လို့ ထင်ခဲ့ဖူးသည်။ လင်းပိုင်ကျီ၏ ရုပ်ရည်မှာ မိန်းကလေးတစ်ယောက်ကဲ့သို့ နူးညံ့သော်လည်း သူ၏စိတ်ဓာတ်ကတော့ အံ့ဩစရာကောင်းလောက်အောင် ခိုင်မာသည်။ သူ လုံးဝလမ်းပျောက်နေတဲ့အချိန်မှာ သူ ပြောခဲ့တဲ့ “ငါ သူတောင်းစားပဲဖြစ်မယ်၊ သူခိုးတော့မဖြစ်ချင်ဘူး” ဆိုတဲ့ စကားက စုန့်ချင်းရှုအား အချိန်အတော်ကြာ စိတ်မတည်မငြိမ်ဖြစ်စေခဲ့သည်။
စုန့်ချင်းရှုက လင်းပိုင်ကျီ၏ စိတ်ဓာတ်ကို အလွန်လေးစားသည်။ ကံမကောင်းတာက မူရင်းဇာတ်လမ်းထဲမှာ သူ လက်စားချေရန် သွေးကြွေးများရှိနေသည်။ သူလေးစားသော ဆရာဖြစ်သူကလည်း မိသားစုအမွေဆက်ခံပိုင်ဆိုင်သော ပီရှဲ့ဓားကျမ်းကို ရရှိရန်အတွက် အမြဲအသုံးချနေခဲ့တာကို သူသိသွားခဲ့ပြီး လူများ၏သဘောသဘာဝအား စိတ်ကုန်သွားခဲ့သည်။ သူကိုယ်တိုင်လည်း ရိုးသားဖြောင့်မတ်သော သူရဲကောင်းတစ်ဦးအဖြစ်မှ ဆိုးမိုက်၍ သစ္စာမဲ့သော လူဆိုးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
“မင်းက လင်းပိုင်ကျီလား။ ငါနဲ့ လိုက်ခဲ့၊ မင်းကို ပြောစရာရှိတယ်” စုန့်ချင်းရှုက လှည့်ပြီး လှမ်းအနည်းငယ် လျှောက်သွားသော်လည်း နောက်က လှုပ်ရှားမှုမရှိသည်ကို တွေ့သောအခါ နှာခေါင်းရှုံ့လိုက်သည်၊ “ဘာလဲ၊ သတ္တိမရှိဘူးလား”
သိုင်းလောကတွင် လူတိုင်းက လင်မိသားစု၏ ပီရှဲ့ဓားကျမ်းကို အမြဲတမ်း လိုချင်တပ်မက်နေကြသည်။ စုန့်ချင်းရှု သူ့အား မှတ်မိသည်ကို မြင်သောအခါ သူ၏ မသိစိတ်မှ ကာကွယ်နေခြင်းဖြစ်သည်။ သို့သော် တစ်ဖက်လူ၏ စကားကြောင့် ဒေါသတကြီး ပြောလိုက်သည်၊ “ဘာလို့ သတ္တိမရှိရမှာလဲ” ယွဲ့လင်းရှန်း တွဲထားသည့်လက်ကို ဖယ်လိုက်ပြီး စုန့်ချင်းရှု၏နောက်သို့ ခိုင်မာသော ခြေလှမ်းများဖြင့် လိုက်ပါသွားသည်။
သူတို့နှစ်ယောက် တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။ လင်းပိုင်ကျီက ပတ်ဝန်းကျင်တွင် လူမရှိသည်ကို မြင်သောအခါ ခေါင်းမော့၍ ပြောလိုက်သည် “ခင်ဗျား ဘာပြောချင်လို့လဲ”
စုန့်ချင်းရှုက လှည့်ကြည့်ပြီး လင်းပိုင်ကျီကို သေချာကြည့်လိုက်ရာ စိတ်မရှည်နိုင်ဖြစ်လာသည်ကို မြင်သောကြောင့် ပြုံးပြီး ပြောလိုက်သည်၊ “လူငယ်လေး၊ မင်းရဲ့ အရိုးအဆစ်တွေက ထူးခြားတယ် သိုင်းပညာကျင့်ကြံဖို့ ထူးချွန်တဲ့ပါရမီရှင်တစ်ဦး ဖြစ်ရမယ်။ ငါ မင်းကို ထူးခြားတဲ့ သိုင်းပညာတစ်ခု ပေးမယ်။ အနာဂတ်မှာ စကြာဝဠာရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမယ့် တာဝန်ကို မင်းကို လွှဲအပ်လိုက်တယ်”