“မင်း အခုလိုမျိုး တိုက်ရိုက်ကြီးမေးလိုက်တော့ ငါ ချက်ချင်းကြီး လက်မခံနိုင်ဘူးဖြစ်နေတယ်” စုန့်ချင်းရှု လန့်သွားပြီး ထူးဆန်းစွာ ကြည့်လိုက်သည်။
ရှချင်းချင်းက ဆက်မေးသည်၊ “မြန်မြန်ပြောပါ”
“ဒါပေါ့” ရှချင်းချင်း၏ မျက်နှာ မည်းမှောင်လာမည့် အခြေအနေကို မြင်သောအခါ စုန့်ချင်းရှုက ချက်ချင်း ဆက်ပြောလိုက်သည်၊ “ကြိုက်တယ်၊ ကြိုက်တယ်”
ရှချင်းချင်းက ပြောလိုက်သည်၊ “ရှင် ကျွန်မကို ကြိုက်တယ်ဆိုတော့ ကျွန်မ ဘာပြောပြော ရှင် အကုန်လုပ်ပေးမှာလား?"
“ဒါပေါ့ ယွီယွီလေး တစ်ခွန်းပဲပြော ဓားတောင်တက်ရမလား၊ မီးပင်လယ်ထဲ ဆင်းရမလား၊ ကျွန်တော် မျက်မှောင်တစ်ချက်ကြုံ့မှာ မဟုတ်ဘူး။” စုန့်ချင်းရှု အခုလို ကြီးကြီးကျယ်ကျယ် ပြောလိုက်သော်လည်း အနည်းငယ်မျှ မစိုးရိမ်ပေ။ လှပသော စကားအနည်းငယ် ပြောခြင်းက အသားပဲ့ပါသွားတာမှမဟုတ်တာ လို့တွေးလိုက်တယ်။ သူမ၏ ဆန္ဒအတိုင်း အမျိုးမျိုးသော ချိုမြိန်သော စကားလုံးများကို သုံးလိုက်သည်။
“ကောင်းပြီ၊ အခု ကျွန်မ ရှင့်ကို ဒီကနေ ခုန်ချခိုင်းမယ်” ရှချင်းချင်းက အနည်းငယ်လှမ်းသော ချောက်ကမ်းပါးကို လက်ညှိုးထိုးပြကာ သူမနှုတ်ခမ်းထောင့်တွင် ပါးနပ်သော အပြုံးတစ်ပွင့် ပေါ်လာသည်။
စုန့်ချင်းရှု ခေါင်းဆန့်ထုတ်၍ လှမ်းကြည့်လိုက်ပြီး တုံ့ဆိုင်းသော မျက်နှာဖြင့်၊ “ဒီချောက်ကမ်းပါးအောက်ခြေက နက်လွန်းတယ်။ ခုန်ချရင် အရိုးတောင် ကျန်မှာ မဟုတ်ဘူး”
“ကြောက်သွားပြီလား” ရှချင်းချင်းက လှောင်ပြောင်လိုက်သည် “ခုနက ဘယ်သူက ကျွန်မအတွက် မီးပင်လယ်ထဲ ဆင်းရဲ၊ ဓားတောင်တက်ရဲတယ် ပြောခဲ့တာလဲ? ဒါဆိုရင်တော့ ရှင့်စိတ်ထဲက အကြံအစည်တွေကို နောက်ဆိုရင် သိမ်းထားလိုက်တော့။ ကျွန်မတို့ သူငယ်ချင်းတွေ ဆက်ဖြစ်နိုင်သေးတယ်။"
“ငါ့ကို မြှုပ်နှံပေးမယ့်သူ မရှိတာကို တွေးမိပြီး ရင်ထဲမှာ နည်းနည်း ဝမ်းနည်းသွားရုံပါ” စုန့်ချင်းရှုက ဝမ်းနည်းစွာ ပြုံးလိုက်သည်
“ငါ သေပြီးရင် ယွီယွီ တစ်ခါတစ်လေ ညနက်သန်းခေါင်အချိန်မျိုးမှာ ငါ့ကို မင်း သတိရရင် ငါ ကျေနပ်ပါပြီ” စကားမဆုံးသေးခင်မှာပင် စုန့်ချင်းရှု ခုန်လိုက်ပြီး ချောက်ကမ်းပါးပေါ်မှ ခုန်ဆင်းသွားသည်။
သူ တကယ် ခုန်ချသွားသည်ကို မြင်သောအခါ ရှချင်းချင်း အတော်လေးအံ့အားသင့်သွားသည်။သို့သော်လည်း သူမ၏ မျက်နှာတွင် အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိဘဲ နားမလည်နိုင်သော ခံစားမှုတစ်ခု ပေါ်လာသည်။ ငေးမောစွာ ခဏရပ်နေပြီး ရင်ထဲတွင် သက်ပြင်းချလိုက်သည်၊ “ဒါက ကံကြမ္မာပဲလား”
ချောက်ကမ်းပါးစွန်းသို့ ရောက်လာပြီး မီးခိုးများ မြူခိုများ ဝိုင်းရံနေသည့် နက်ရှိုင်းသော ချောက်ကို ကြည့်ရင်း ရှချင်းချင်း သူမ၏ သွားလေးများဖြင့် နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး သူမလည်း ခုန်ချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ရှချင်းချင်းသည် လေထဲရှိ ပလက်ဖောင်းတစ်ခုပေါ်သို့ ရောက်ရှိလာပြီး တွေဝေနေသော စုန့်ချင်းရှု မျက်နှာတွင်တွေဝေလျက်ရှိသည်ကို တွေ့သောအခါ သူမမျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာသည် “အသက်ပြန်ရှင်ရတာ မပျော်ဘူးလား”
“ပေအနည်းငယ်အောက်မှာ ဒီလို ပလက်ဖောင်းတစ်ခု ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး” စုန့်ချင်းရှု ချောက်ကမ်းပါးထိပ်ကို မော့ကြည့်ရင်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ သူ၏ ရင်ထဲတွင် ဂုဏ်ယူစွာ ပြုံးလိုက်သည်၊ “ကံကောင်းထောက်မစွာနဲ့ ငါ ဒီ ရွှေမြွေလိုဏ်ဂူကို အရင်ရောက်ဖူးတာကြောင့်သာမဟုတ်ရင် ရှချင်းချင်း ငါ့ကို တကယ် တပတ်ရိုက်သွားလိမ့်မယ်”
“လူအ၊ ပုံမှန်ဆို ဒီလောက် စကားနားထောင်တာ မဟုတ်ဘူး၊ ဘာလို့ ချောက်ကမ်းပါးက ခုန်ချခိုင်းတာကို မျက်တောင်တစ်ချက်မခတ်ဘဲ ခုန်ချလိုက်တာလဲ” စုန့်ချင်းရှုကို ကြည့်ရင်း ရှချင်းချင်း၏ မျက်လုံးများထဲတွင် ဖော်ပြမရနိုင်သော အဓိပ္ပာယ်တစ်ခု ဖြတ်သန်းသွားသည်။
“မင်းက ငါ့ကို ခုန်ချခိုင်းလို့ပေါ့” စုန့်ချင်းရှုက သူမကို တောက်ပသောမျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။
စုန့်ချင်းရှုနှင့် ခဏတာ မျက်လုံးချင်းဆုံပြီးနောက် ရှချင်းချင်း၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး သူမ၏ မျက်နှာ အနည်းငယ် မသက်မသာ ဖြစ်သွားကာ ခေါင်းလှည့်လိုက်သည်။ အသက်ပြင်းပြင်းရှူသွင်းပြီး တည်ငြိမ်စွာ ပြောလိုက်သည် “ကျွန်မနဲ့ လိုက်ခဲ့ပါ”
ရွှေမြွေဘုရင်၏ သင်္ချိုင်းဂူရှေ့တွင် ဒူးထောက်ကာ သင်္ချိုင်းကျောက်တိုင်ပေါ်ရှိ “ယွမ်ချန်းကျီ ရှချင်းချင်း ရိုသေစွာ တည်ဆောက်သည်” ဟူသော ကမ္ပည်းစာကို ကြည့်၍ ရှချင်းချင်းသည် သူမဖခင်၏သင်္ချိုင်းဂူကို ယွမ်အစ်ကိုကြီးနှင့်အတူ ပြန်လည်တည်ဆောက်ခဲ့သည့် နှစ်များဆီသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ထိုအချိန်က သူတို့နှစ်ဦးမည်မျှ လွတ်လပ်ပျော်ရွှင်ခဲ့ကြသနည်း။ သူမ စိုးရိမ်ခဲ့ရသည်မှာ အားကျိုး တစ်ဦးတည်းသာ ဖြစ်သည်။ ယခုပြန်စဉ်းစားကြည့်လျှင် ထိုစဉ်က စိုးရိမ်ပူပန်ခဲ့တာတွေက ဘယ်လောက် ရယ်စရာ ကောင်းလဲ။ ယွမ်အစ်ကိုကြီးကို ဆုံးရှုံးမှသာ တကယ့် နာကျင်မှုကို သိခဲ့ရသည်။
ရှချင်းချင်း၏ မျက်နှာတွင် ဝမ်းနည်းပူးဆွေးသော အရိပ်အယောင်များ ပေါ်လာသည်ကို မြင်သောအခါ သူမသည် ယွမ်ချန်းကျီကို ပြန်သတိရနေသည်ဟု ခန့်မှန်းမိပြီး ခါးသက်စွာပြုံးလိုက်ကာ ရွှေမြွေလိုဏ်ဂူကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
နေရာဟောင်းသို့ ပြန်ရောက်လာသောအခါ စုန့်ချင်းရှုသည် ထိုစဉ်က သူနှင့်အတူ လိုက်ပါခဲ့သော မုဝမ်ချင်းကို သတိရသွားသည်။ သူမရော အခုချိန် ဘယ်လိုနေမလဲ?
တစ်ယောက်က စိတ်ထိခိုက် ဝမ်းနည်းနေပြီး၊ တစ်ယောက်က အတွေးပေါင်းစုံဖြင့်၊ နှစ်ဦးသား နားလည်မှု့ရှိစွာဖြင့် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရွှေမြွေလိုဏ်ဂူမှ ထွက်လာပြီးနောက် ရှချင်းချင်းသည် စုန့်ချင်းရှုကို ထူးဆန်းစွာ ကြည့်လိုက်သည်၊ “ငါ ဘယ်သူ့ကို ဦးညွှတ်ခဲ့လဲ မင်း မအံ့ဩဘူးလား”
စုန့်ချင်းရှု စိတ်ထဲမှာ “ငါ သေချာပေါက် သိတာပေါ့”လို့တွေးလိုက်သော်လည်း ပါးစပ်က ပြန်ဖြေလိုက်သည်၊ “သင်္ချိုင်းကျောက်တိုင်ပေါ်က စာသားတွေကို ကြည့်ရတာ သူက တစ်ချိန်က သိုင်းလောကကို တုန်လှုပ်စေခဲ့တဲ့ ရွှေမြွေဘုရင် ဖြစ်ရမယ်။ သူက ယွီယွီလေးရဲ့ အဖေဖြစ်လိမ့်မယ်လို့တော့ မထင်ထားဘူး”
ရှချင်းချင်းက အဝေးမှ တောင်များကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်၊ “လောကမှာ သိုင်းပညာ ဘယ်လောက်ပဲ မြင့်မြင့်၊ ဘယ်လောက်ပဲ နာမည်ကြီးကြီး၊ နောက်ဆုံးတော့ မြေကြီးဖြစ်သွားတာပဲ။ ကျွန်မအဖေကို အရင်က ဂိုဏ်းအားလုံးက ကြောက်ရွံ့ခဲ့တာ၊ ဒါပေမဲ့ ဆယ်စုနှစ်ကျော်ကြာပြီးနောက်တော့ သူ့နာမည်ကို ကြားဖူးတဲ့သူတောင် မရှိသလောက်ပဲ။
အခုလည်း တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ရွှေမြွေဘုရင်(ယွမ်ချန်းကျီ)ကို နောက်ဆယ်နှစ်ကြာပြီးရင် ဘယ်သူကများ မှတ်မိနေဦးမလဲ …”
“အနည်းဆုံး မင်းကတော့ မှတ်မိနေဦးမှာပါ၊ ဒါက သူ့အတွက် လုံလောက်ပါပြီ” စုန့်ချင်းရှု နှစ်သိမ့်ပေးလိုက်သည်။
“ဟုတ်တာပေါ့၊ ကျွန်မ မှတ်မိနေသရွေ့ တခြားသူတွေ မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ ဘာအရေးလဲ” ရှချင်းချင်းက ခါးသက်စွာ ပြုံးပြီး သူ့ကိုယ်သူ ပြောလိုက်သည် “မဟုတ်သေးဘူး၊ အားကျိုးလည်း သူ့ကို သေချာပေါက် မှတ်မိနေမှာ”
နှစ်ဦးသား ချောင်ယန်တောင်ထိပ်သို့ လမ်းလျှောက်လာကြသည်။ ဆံပင်များငွေရောင်ကဲ့သို့ဖြူဖွေးနေသော မုရန်ချင်းကို မြင်သောအခါ ရှချင်းချင်းသည် သူမ၏ ရင်ထဲမှ ဝမ်းနည်းမှုကို မျိုသိမ့်မထားနိုင်တော့ဘဲ မုရန်ချင်း၏ရှေ့တွင် ဒူးထောက်ချလိုက်သည်
“ဆရာ”
မုရန်ချင်းက ရှချင်းချင်းကို ချက်ချင်း ထူပေးလိုက်ပြီး သူမ၏ မျက်လုံးများမှလည်း မျက်ရည်များ စီးကျလာသည်၊ “ချန်းကျီအကြောင်းကို ငါလည်း ကြားပြီးပြီ၊ ကံမကောင်းရှာတဲ့ ကလေး”
“ချင်းချင်း ဒီကို လာတာ ချန်းကျီအတွက် တရားမျှတမှု ရယူပေးဖို့အတွက် ဆရာ့ကိုတောင်းဆိုချင်လို့ပါ” မျက်ရည်များကို သုတ်ရင်း ရှချင်းချင်း အံကြိတ်၍ ပြောလိုက်သည်။
မုရန်ချင်း တခဏ တုံ့ဆိုင်းသွားပြီးနောက် သက်ပြင်းချလိုက်သည်၊ “ထားလိုက်ပါတော့၊ ငါက ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မယ့်သူပဲ၊ ဒေါင်ဖန်းပုပိုင်ရဲ့ သိုင်းပညာ ဘယ်လောက် မြင့်လဲဆိုတာ မြို့တော်ကို ကိုယ်တိုင် သွားကြည့်ရတာပေါ့”
ရှချင်းချင်း အလွန်ထိတ်လန့်သွားသည်၊ “ချင်းချင်း ဆရာ့ကို အန္တရာယ်ဖြစ်စေဖို့ ဘယ်လိုလုပ်ရဲမှာလဲ၊ ယွမ်အစ်ကိုကြီး ကောင်းကင်ဘုံကနေ သိနေရင်လည်း သဘောတူမှာ မဟုတ်ဘူး”
မုရန်ချင်းက လက်မြှောက်ကာ သူမကို ဆက်မပြောရန် တားဆီးလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ့ပါးသော အပြုံးတစ်ပွင့် ပေါ်လာသည်၊ “ချင်းချင်း မင်း မသိသေးတာဖြစ်မယ်၊ ချန်းကျီရဲ့ ဆရာတူအစ်ကို ကွေရှင်းရှုနဲ့ သူ့ဇနီးက ယွမ်ချန်းကျီ သေဆုံးသွားပြီဆိုတဲ့ သတင်းကြားတော့ ချန်းကျီအတွက် လက်စားချေဖို့ ချက်ချင်းပဲ ယန်ကျင်းကို ထွက်သွားခဲ့တယ်။ ငါ့လို ဆရာတစ်ယောက်က တပည့်တွေထက် ပိုပြီးတောင် လုပ်သင့်တာပေါ့”
ရှချင်းချင်းက စိုးရိမ်တကြီး ပြောလိုက်သည်၊ “ဆရာ၊ ချင်းချင်းကိုရိုင်းသွားရင် ခွင့်လွှတ်ပါ၊ ဆရာရဲ့ သိုင်းပညာက ယွမ်အစ်ကိုကြီးနဲ့ အဆင့်အတူတူလောက်ပဲ၊ မြို့တော်ကို သွားတာက ကြက်ဥနဲ့ ကျောက်တုံးကို ပေါက်သလိုပါပဲ”
မုရန်ချင်းက ရယ်လိုက်သည်၊ “ချင်းချင်း၊ မင်း ငါ့အတွက် လိမ်ညာဖို့ မလိုပါဘူး။ ချန်းကျီက ငါ့ရဲ့ သိုင်းပညာအားလုံးကို သင်ယူထားပြီးပြီ၊ ဒါ့အပြင် သူက မင်းအဖေ ရွှေမြွေဘုရင်နဲ့ သံဓားဂိုဏ်းရဲ့ သိုင်းပညာတွေကိုပါ တတ်မြောက်ထားတာဆိုတော့ သူက အစောကြီးကတည်းက ငါ့ထက် သာလွန်နေပြီ။ ချန်းကျီနဲ့ တစ်ဦးချင်း ယှဉ်မယ်ဆိုရင် ငါ ရှုံးမှာပဲ”
“ဒါဆို ဆရာက ဘာလို့ စွန့်စားရမှာလဲ၊ ချင်းချင်း ဒီတစ်ခါ လာတာက…” ဆရာသာ တစ်ခုခုဖြစ်သွားရင် ယွမ်အစ်ကိုကြီးက သေချာပေါက် ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ တွေးလိုက်သည်။
မုရန်ချင်းက တည်ငြိမ်သော အမူအရာဖြင့် အဝေးကို နက်ရှိုင်းစွာ ကြည့်ရင်း “အချို့ကိစ္စတွေက မလုပ်နိုင်မှန်းသိပေမယ့် လုပ်ရတာမျိုးရှိတယ်” ဟု ပြောလိုက်သည်။
“ချင်းချင်းပြောချင်တာက ဆရာက ဟွာရှန်းဓားဂိုဏ်းက အဖိုး ဖုန်းချင်ယန်ကို အပြင်ထွက်ဖို့ ဖိတ်ခေါ်စေချင်တာပါ” ရှချင်းချင်း စိုးရိမ်တကြီးဖြင့် စကားတစ်ခွန်းလုံးကို ပြီးအောင် ပြောလိုက်သည်။
“ဆရာဦးလေးဖုန်းလား” မုရန်ချင်း အံ့ဩသွားပြီး ရှချင်းချင်းကို ငုံ့ကြည့်ကာ “ချင်းချင်း၊ မင်း ဆရာဦးလေး အကြောင်း ဘယ်ကနေ သိတာလဲ”
ရှချင်းချင်းက ရှက်ရွံ့သော အမူအရာဖြင့် နောက်သို့ လက်ညှိုးထိုးပြကာ “ချင်းချင်းရဲ့ ဒီမိတ်ဆွေက ပြောပြတာပါ”
မုရန်ချင်း စုန့်ချင်းရှုကို အခုမှ သတိထားမိသည်။ သူ၏ ခန့်ညားသော ပုံစံနှင့် အသက်ရှူသံအတက်အကျကို မြင်သောအခါ အတွင်းအား သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သိလိုက်ရကာ ချက်ချင်း မေးလိုက်သည် “လူငယ်လေး နာမည်ဘယ်လိုခေါ်လဲ။ ဆရာဦးလေးအကြောင်း သိသလား”
“ကျွန်တော်က စုန့်ချင်းရှုပါ၊ ဓားသူတော်စင်ဖုန်းကို မတော်တဆ သိခဲ့ရတာပါ” စုန့်ချင်းရှုက လက်ကို နောက်ပစ်၍ရပ်ရင်း ပြောလိုက်သည်၊ “လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော် ဟွာရှန်းမှာ ဓားသူတော်စင်ဖုန်းနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး အကျိုးကျေးဇူးတွေ အများကြီး ရခဲ့ပါတယ်” ဖုန်းချင်ယန် သူ့ကို ဒေါသထွက်ပြီး သတ်လုနီးပါး ဖြစ်ခဲ့တာကိုတော့ သူ မပြောရဲပေ။ မဟုတ်ရင် မုရန်ချင်းက သူ့ကို အလွန်ဆိုးရွားတဲ့ လူဆိုးတစ်ယောက်လို သဘောထားမှာ သေချာသည်။
“ဆရာဦးလေးက ဟွာရှန်းမှာလား” မုရန်ချင်း အလွန်အံ့ဩသွားသည်။ ထိုစဉ်က ဟွာရှန်းဂိုဏ်း၏ ဓားနှင့် ချီ နှစ်ဖက်တိုက်ပွဲ၏ အရေးကြီးချိန်တွင် ဖုန်းချင်ယန် ဘယ်ကိုရောက်သွားသည်မသိဘဲ ထိုအချိန်မှစ၍ သတင်းအစအန မရတော့ပေ။ လူတိုင်းက သူ သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြသော်လည်း သူ အသက်ရှင်နေဆဲဟု မမျှော်လင့်ထားခဲ့ပေ။
ရုတ်တရက် မုရန်ချင်းက စုန့်ချင်းရှုကို သံသယဖြင့် စိုက်ကြည့်လိုက်ပြီး သူ၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ပေါ်လာသည်၊ “စုန့်လူငယ်လေးက ဆရာဦးလေးဖုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောလိုက်တာလား”
သူမ သံသယရှိသည်မှာ အံ့ဩစရာ မဟုတ်ပေ။ ဖုန်းချင်ယန်သည် ဓားပါရမီရှင်တစ်ဦးဖြစ်ပြီး အသက် ၂၀ ကျော်တွင် ဟွာရှန်းဂိုဏ်း၏ ထိပ်တန်း သိုင်းပညာရှင် ဖြစ်လာခဲ့သည်။ ထိုစဉ်က ဟွာရှန်းဂိုဏ်းသည် ယခုလို ဓားဂိုဏ်းနှင့် ချီဂိုဏ်းကွဲမနေပဲ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သိုင်းပညာရှင်များစွာ ပေါ်ထွက်ခဲ့ကာ သိုင်းလောကတွင် ဂိုဏ်း၏ဂုဏ်သတင်းသည် ရှောင်လင်နှင့်ပင်ယှဉ်ပြိုင်နိုင်ခဲ့သည်။
ထို့ပြင် ဖုန်းချင်ယန်၏ စွမ်းဆောင်ရည်သည် အလွန်တောက်ပခဲ့သည်။ ဓားတစ်ချောင်းတည်းဖြင့် ကမ္ဘာကို အနိုင်ယူခဲ့ပြီး မည်သူမျှ သူ့ကို ယှဉ်နိုင်ခြင်း မရှိခဲ့ပေ။ လူငယ်ဘဝမှာပင် နေလနတ်ဆိုးဂိုဏ်း၏ ယခင်ဂိုဏ်းချုပ် ရန်ဝူရှင်းကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ပြီး၊ ဟွာရှန်းသို့ တိုက်ခိုက်လာသော နေလနတ်ဆိုးဂိုဏ်းမှ အကြီးအကဲဆယ်ဦးကို သတ်နိုင်ခဲ့ပြီး သိုင်းလောက၏ ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်။
သူသာ အသက်ရှင်နေသေးပါက ဤဆယ်စုနှစ်များအတွင်း သူ၏ အတွင်းအား ကျင့်ကြံမှုသည် အထွတ်အထိပ်အဆင့်(ပြောင်းလဲခြင်းအဆင့်)သို့ ရောက်ရှိပြီး ဓားအပေါ် သူ၏ နားလည်မှုသည်လည်း လောက၏ နားလည်မှုကို ကျော်လွန်ကာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိနေမည်ဖြစ်သည်။
ဤသို့သော နတ်ဘုရားတစ်ပိုင်းအဆင့် ဆရာဦးလေးနှင့် စုန့်ချင်းရှုလို လူငယ်တစ်ဦးက တိုက်ခိုက်ခဲ့သည်ဟု ပြောသောအခါ မုရန်ချင်းက သဘာဝအတိုင်း မယုံကြည်ပေ။
“ဟုတ်တယ်” စုန့်ချင်းရှုက ပြန်ဖြေလိုက်သည်။
“ဒါဆို ငါ လူငယ်လေးရဲ့ ထူးချွန်တဲ့ သိုင်းပညာကို ကြည့်ပါရစေ” မုရန်ချင်းက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး ရှေ့သို့ တိုးလာသည်။
သူမ၏ လှုပ်ရှားမှုနှင့်အတူ စုန့်ချင်းရှုကလည်း အနည်းငယ် ဘေးသို့ စောင်းလိုက်ပြီး ခြေဖျားထောင့်ကို အနည်းငယ် ပြောင်းလဲလိုက်သည်။ မုရန်ချင်းက အလွန်ကြောက်စရာကောင်းသော အရာကို မြင်လိုက်ရသလို ချက်ချင်းပင် လှုပ်ရှားမှုကို ရပ်ပြီး နောက်ဆုတ်သွားသည်။
လေးနက်သော အမူအရာဖြင့် မုရန်ချင်း တစ်ဖက်လူကို စိုက်ကြည့်လိုက်သည်။ သူ၏ တိုက်ခိုက်မှုအားလုံးကို ထိုသူက အပြည့်အဝ ပိတ်ဆို့ထားကြောင်း သိလိုက်ရပြီး ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း ထင်ရှားသည်။ သူသာ ရှေ့ဆက်တိုးပါက ပြင်းထန်စွာ ဒဏ်ရာရမည်ဟု သူ၏ မသိစိတ်က ပြောနေသည်။
“စုန့်လူငယ်လေး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ” သူ၏ ရင်ထဲတွင် ထူးဆန်းသည်ဟု အော်ဟစ်ရင်း မုရန်ချင်းက သူ၏ လက်ကောက်ဝတ်ကို ညင်သာစွာ လှည့်လိုက်ရာ ဓားတစ်ချောင်း သူ၏ လက်ထဲသို့ ရောက်လာသည်။ ထိုးဓားဖြင့် စုန့်ချင်းရှုအား တိုက်ခိုက်လိုက်ရာ တိုက်ခိုက်မှု့တွင် သူ၏ ဆယ်စုနှစ်များစွာသော ကြိုးစားအားထုတ်မှု၏ အနှစ်သာရများ ပါဝင်နေသည်။ လေးနက်သည့် နေရာတွင် တောင်ကဲ့သို့ ခိုင်မာပြီး ပေါ့ပါးသည့် နေရာများတွင် လေညှင်းကဲ့သို့ သဲလွန်စမကျန်ပဲ မမှန်းဆနိုင်အောင် ပြောင်းလဲနေပြီး စုန့်ချင်းရှုဆီသို့ လျင်မြန်စွာ ထိုးသွင်းလာသည်။
စုန့်ချင်းရှု ဒီတစ်ကြိမ်တော့ တကယ် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ နောက်သို့ ခြေတလှမ်း ဆုတ်လိုက်ပြီး ခေါင်းကို မော့ကာ မုရန်ချင်း၏ ဘယ်ဘက်နံရိုးအောက် သုံးလက်မနေရာကို အကြည့်ရောက်သွားသည်။
မုရန်ချင်းက ဘယ်ဘက်နံရိုးတွင် ပူနွေးနေသည်ဟု ခံစားမိသည်။ တဖက်လူသည် မိမိတိုက်ခိုက်မှု၏ အားနည်းချက်ကို မြင်နေကြောင်း သိသဖြင့် ဆက်လက် တိုက်ခိုက်ပါက မိမိကိုယ်ကို အရှက်ခွဲရာရောက်မည်ဖြစ်သဖြင့် လှုပ်ရှားမှုကို ရပ်တန့်ပြီး နောက်သို့ ဆုတ်လိုက်သည်။ ခဏတာအတွင်း ချီစွမ်းအားများ ပရမ်းပတာ ဖြစ်သွားသည်။
ရှချင်းချင်းက စုန့်ချင်းရှု လက်တစ်ချောင်းတောင်မလှုပ်ပဲ ဆရာ၏ အစွမ်းကုန် တိုက်ခိုက်မှုနှစ်ခုကို ချေဖပျက်နိုင်သည်ကို မြင်သောအခါ သူမ၏ ရင်ထဲတွင် ထိတ်လန့်သွားသည်၊ “သူ့ သိုင်းပညာ ဒီအဆင့်ထိ မြင့်သွားပြီလား။ ယန်ကျိုး လီချွမ်ခန်းမမှာတုန်းက သူ့ရဲ့သိုင်းပညာက ယွမ်အစ်ကိုကြီးအောက် အနည်းငယ် နိမ့်ကျနေသေးတာကို…”
မုရန်ချင်းက စုန့်ချင်းရှုကို နတ်ဆိုးတစ်ကောင်လို အတန်ကြာ စိုက်ကြည့်နေပြီး နောက်ဆုံးမှာ ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်၊ “စုန့်လူငယ်လေးက ငယ်ရွယ်သေးပေမဲ့ ဓားပညာအပေါ် နားလည်မှုက မြင့်မားနေပြီ။ ဆရာဦးလေးဖုန်းရဲ့ ‘ရန်သူရဲ့ လှုပ်ရှားမှု့ကိုခန့်မှန်းပြီး အားနည်းချက်ကို ကြိုက်တင်တိုက်ခိုက်ခြင်း’ နဲ့ ဆင်တူတယ်။ လူငယ်လေးနဲ့ ဆရာဦးလေးဖုန်း တိုက်ခိုက်ဖူးတယ်ဆိုတာကို သံသယဝင်မိတယ်၊ ရေတွင်းထဲက ဖားသူငယ်လိုပါပဲ တကယ်ကို အမြင်ကျဉ်းခဲ့မိတယ်”
“မုအကြီးအကဲက နှိမ့်ချလွန်းနေပါပြီး၊ တကယ်တော့ ကျွန်တော်က ဝူယွဲ့ဓားသိုင်း(တောင်ငါးလုံးဓားသိုင်း)ကို အနည်းငယ်နားလည်နေတာကြောင့်ပါ၊ တကယ့် အရည်အချင်း မဟုတ်ပါဘူး” စုန့်ချင်းရှုက ဦးညွှတ်ဂါရဝပြုလိုက်သည်။
“လူငယ်လေးဆိုပေမယ့် မာနမကြီးဘဲ တည်ငြိမ်တာ၊ အတော်ကို ရှားရှားပါးပါးပဲ” မုရန်ချင်းက ပြုံးပြလိုက်ပြီး မေးလိုက်သည်၊ “စုန့်လူငယ်လေး ဦးလေးဖုန်းက အခု ဘယ်မှာလဲ သိလား”