ရှချင်းချင်းနဲ့ စုန့်ချင်းရှုတို့ တစ်ယောက်ကိုတစ်ယောက် ပြုံး၍ ကြည့်ပြီး နန်းတော်ကနေ အလျင်အမြန် ထွက်သွားကြသည်။
“ရှင်က ဒီလို အခြေအနေမျိုးကို စောစောစီးစီး ကြိုတင် ကာကွယ်ခဲ့လို့ တော်သေးတာပေါ့။ မဟုတ်ရင် အဲ့ဒီ စိတ်မမှန်တဲ့သူက လာထိသွားရင်၊ အီး..... တွေးမိတာနဲ့ကိုရွံစရာပဲ” ယန်ကျင်းမြို့တော်မှ ထွက်လာပြီးနောက် နှစ်ယောက်လုံး မူလပုံစံအတိုင်းပြန်လည် ပြောင်းလဲ၍ ဝတ်ဆင်လိုက်ကြသည်။ ရှချင်းချင်းလည်း သူမရဲ့ မူလအသံနဲ့ ပြန်ပြောနိုင်ပြီ။
“မင်း ကျွန်တော် အမှန်အတိုင်း ပြောတာကို နားထောင်ချင်လား၊ လိမ်ပြောတာကို နားထောင်ချင်လား” စုန့်ချင်းရှုက ခဏလောက် တွေဝေပြီးနောက် ထူးဆန်းစွာ ပြုံးလိုက်သည်။
“လိမ်တာက ဘာလဲ၊ အမှန်က ဘာလဲ” ရှချင်းချင်းက သူ့ကြောင့် ဝေခွဲမရ ဖြစ်သွားတယ်။
“လိမ်တာကတော့ ဒီ သခင်ကြီးက နတ်ဆိုးလို အတွက်အချက်တော်ပြီး ပုံမှန်မဟုတ်တဲ့လူက ဒီလိုလှည့်ကွက်သုံးလာမယ်ဆိုတာကို ကြိုသိနေတာပေါ့” စုန့်ချင်းရှုပြန်ဖြေလိုက်သည်။
ရှချင်းချင်း စိတ်ထဲမှာ မကောင်းတဲ့ အတိတ်နိမိတ်တစ်ခု ချက်ချင်း ပေါ်လာပြီး တုန့်ဆိုင်းစွာ မေးလိုက်သည်၊ “ဒါဆို အမှန်ကရော”
“အမှန်ကတော့…” စုန့်ချင်းရှု မျက်နှာက နည်းနည်း ရှက်ရွံ့တဲ့ပုံစံနဲ့၊ “တကယ်တော့ ကျွန်တော်က မင်းကို ထိဖို့ တရားဝင် အကြောင်းပြချက်ရှာချင်ရုံသက်သက်ပဲ။”
“စုန့်ချင်းရှု၊ ရှင့်ကို ကျွန်မ သတ်မယ်!” ရှချင်းချင်းက ဒေါသတကြီးနဲ့ ချက်ချင်း ဓားဆွဲထုတ်ပြီး စုန့်ချင်းရှုကို ထိုးချလိုက်ပေမယ့် စုန့်ချင်းရှုကေတော့ ကြိုတင်ပြီး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်သည်။
နှစ်ယောက်လုံး မြို့ငယ်လေးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်တဲ့အထိအောင် ရှချင်းချင်း စိတ်မပြေသေးပေ။ စုန့်ချင်းရှု ချက်ချင်း တောင်းပန်ရင်း ပြုံးပြလိုက်တယ်၊ “ခုနက မင်း စိတ်မပျော်မရွှင် ဖြစ်နေတာကို မြင်လို့ တမင် စနောက်လိုက်တာပါ။ တောင်းပန်တဲ့အနေနဲ့ ကျွန်တော် မင်းကိုအရင် ဟွာရှန်းအထိ လိုက်ပို့ပြီးမှ ခန်းရှီရဲ့ တာဝန်ကို သွားလုပ်ရင် ကောင်းမလား။”
ရှချင်းချင်း မျက်နှာက နောက်ဆုံးတော့ ပြေလျော့သွားသော်လည်း ပါးစပ်ကတော့၊ “ဘယ်သူက ရှင်လိုက်ပို့တာ လိုချင်လို့လဲ”
စုန့်ချင်းရှု စားပွဲပေါ်က လက်ဖက်ရည်အိုးကို ယူပြီး ရှချင်းချင်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်းပြောလိုက်တယ်၊ “လမ်းတစ်လျှောက် ပန်းပွင့်လေးကို စောင့်ရှောက်ပေးမယ့်လူတစ်ယောက်ရှိနေတာက ဘာမကောင်းတာမှ မရှိပါဘူး…”
ရှချင်းချင်းက စုန့်ချင်းရှုအသံ ရုတ်တရက် ရပ်သွားတာကြောင့် မော့ကြည့်လိုက်မှ စုန့်ချင်းရှုရဲ့ မျက်လုံးတွေက သူမနောက်ကိုကျော်ပြီး စူးစိုက်စွာ ကြည့်နေတာကိုတွေ့လိုက်ရသည်။ စူးစမ်းလိုစိတ်နဲ့ သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်သည်။
စားသောက်ဆိုင်ထဲကို ယောကျ်ားတစ်ဦးနဲ့ မိန်းမတစ်ဦး ဝင်လာသည်။ ယောကျ်ားက အရပ်ရှည်ပြီး ခန့်ညားသောအသွင်အပြင်ရှိသည်။ ကျောပေါ်မှာ အထုပ်တစ်ထုပ်ကို သယ်ထားပြီး အသက်သုံးဆယ့်ခုနစ်၊ ရှစ်နှစ် ဝန်းကျင်ခန့်ဖြစ်သည်။ မိန်းမက အသက်နှစ်ဆယ့်နှစ်၊ နှစ်ဆယ့်သုံးလောက် ရှိပြီး အသားအရေက နှင်းလိုဖြူဖွေးကာ မျက်လုံးနှင့်မျက်ခုံးမှာ ပန်းချီဆွဲထားသကဲ့သို့ လှပနေပြီး တကယ်ကို အလှလေးတစ်ဦးဖြစ်သည်။ ယောကျ်ားက မိန်းကလေးရဲ့ လက်ကို ကိုင်ထားပြီး နှစ်ယောက်လုံးရဲ့ ရင်းနှီးသောဆက်ဆံပုံအရ အိမ်ထောင်ကျခါစ စုံတွဲကဲ့သို့ဖြစ်နေသည်။ စားပွဲလွတ်တစ်ခုရှေ့ ရောက်တော့ ယောကျ်ားဖြစ်သူက ခုံတစ်လုံးကို ဆွဲယူပြီး အမျိုးသမီးထိုင်ဖို့အတွက် ကူညီပေးတာက အရမ်းကို နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်ပုံရသည်။ နှစ်ဦးစလုံး သေသပ်စွာ ဝတ်ဆင်ထားပြီး အမျိုးသမီးဖြစ်သူရဲ့ ခေါင်းမှာ ပုလဲများဖြင့် စီခြယ်ထားသော ရွှေရောင် ဖီးနစ်ဆံထိုးတစ်ခု ဆင်းမြန်းထားသည်။ ပုလဲလုံးအရွယ်အစားမှာ လက်သန်းလုံးခန့်ရှိပြီး ချောမွတ်လုံးဝန်းကာ အတော်လေးအဖိုးတန်ပုံရသည်။
စုန့်ချင်းရှု ထိုအမျိုးသမီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတာကြောင့် ရှချင်းချင်း စိတ်ထဲမှာ အတော်လေး မကျေမနပ်ဖြစ်သွားပြီး ဟွန့်ခနဲ အသံပြုလိုက်သည်။
အခုမှ သတိပြန်ဝင်သလိုမျိုး စုန့်ချင်းရှု တီးတိုး ချီးကျူးလိုက်တယ်၊ “ရုပ်ရည်ချောမောလှပပြီး အသားအရေက ဖြူဖွေးနူးညံ့တယ်။ မြောက်ပိုင်းဒေသမှာ ဒီလို လှပတဲ့ မိန်းကလေး ရှားပါးသလို ကျန်းနန်မှာလည်း အလွန်ရှားတယ်။ သူမ ဝတ်ထားတဲ့ အစိမ်းနုရောင် ပိုးထည်အင်္ကျီက အရောင်တောက်ပပြီး ပေါ်လွင်ပေမယ့် သူမရဲ့ အလှတရားအောက်မှာ ဘယ်လောက်ပဲ တောက်ပတဲ့ ပိုးထည်ဖြစ်နေပါစေ၊ မှိန်ဖျော့သွားတယ်။”
“ရှင် ပြောတာ လုံလောက်ပြီလား” ရှချင်းချင်း အရမ်းဒေါသထွက်နေပြီး သူမလေသံထဲမှာ ဒေါသအနည်းငယ် ပါဝင်နေတယ်။
“ဘာလို့လဲ၊ မမက သဝန်တိုနေတာလား” စုန့်ချင်းရှုက လှည့်ကြည့်ပြီး ခပ်ပြုံးပြုံးနဲ့ ပြောလိုက်တယ်။
ရှချင်းချင်းက စကားပြောဖို့ ပြင်နေတုန်း ရုတ်တရက် စားသောက်ဆိုင်ထဲတွင် အပြောင်းအလဲကို တွေ့လိုက်ရသဖြင့် “ယောကျာ်းတွေက ဘယ်သူမှ ကောင်းတာ မဟုတ်ဘူး” ပြောရင်း တံတွေးထွေးထုတ်လိုက်သည်။
စုန့်ချင်းရှု မော့ကြည့်လိုက်ရာ ဘေးစားပွဲဝိုင်းမှ ဓားပြပုံစံလူအချို့က ထိုအမျိုးသားနှင့် အမျိုးသမီးဆီသို့ ချဉ်းကပ်သွားသည်ကို တွေ့လိုက်ရသည်။
“ငါတို့ ကျားနက်ရွာမှာ စီးပွားရေးလုပ်နေတာ၊ မသေချင်ရင်ဝင်မပါနဲ့” ဟု တစ်ယောက်က အော်ဟစ်လိုက်ရာ စားသောက်ဆိုင်မှ ဧည့်သည်အများအပြား ထွက်ပြေးကုန်ကြသည်။
“ဒီတစ်ခေါက် ကံကောင်းလိုက်တာ၊ ဆူဖြိုးတဲ့ သိုးတစ်ကောင်တင်မကဘူး၊ အရမ်းလှပတဲ့ မိန်းကလေးတစ်ယောက်ပါ ပါလာတယ်၊ ဟဲဟဲဟဲ” ကျန်ဓားပြအချို့က ရယ်မောကာ ထိုအမျိုးသမီးကို တက်မက်သော အကြည့်ဖြင့် ကြည့်လိုက်နေကြသည်။
“မိုက်ရိုင်းလိုက်တာ” အမျိုးသားဖြစ်သူက စားပွဲကို ရိုက်ကာ ထရပ်လိုက်သည်။
စုန့်ချင်းရှု တိတ်တဆိတ် ခေါင်းခါလိုက်သည်။ ထိုအမျိုးသားသည် အတွင်းဒဏ်ရာ ပြင်းထန်စွာရထားပြီး ဓားပြများလက်မှလွတ်မြောက်ရန် မဖြစ်နိုင်ဟုတွေးလိုက်သည်။
ဓားပြအချို့က ခုံများကို ထိုးအမျိုးသားထံသို့ ကန်ပစ်လိုက်၍ ထိုအချိန်ကို အခွင်းကောင်းယူကာ ဓားများကို လွှဲပြီး ခုတ်ရန် ပြင်လိုက်သည်။
“ကွေနုန်၊ သတိထား” ဓားရောင်ကို မြင်သောအခါ အမျိုးသမီးသည် ကြောက်ရွံ့တုန်လှုပ်သွားသည်။
“ကွေနုန်လား” စုန့်ချင်းရှု ရင်ထဲတွင် တုန်လှုပ်သွားပြီး ထိုသူနှစ်ဦး ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။
(နှင်းတောင်သူရဲကောင်းဇာတ်လမ်း-ထန်းကွေနုန်သည် မြောင်ရန်ဖုန်းအား အဆိပ်ဖြင့်မျက်စိကွယ်စေပြီး မြောင်ရန်ဖုန်း၏ဇနီး နန်းလန်အားခိုးယူခဲ့သည်၊ နန်းလန်တွင် မြောင်ရန်ဖုန်းနှင့်ရသော သမီးတစ်ယောက်ရှိသည်)
ကွေနုန်ဟု ခေါ်ခံရသူ အမျိုးသားသည် တည်ငြိမ်စွာဖြင့်ပင် ပျံသန်းလာသော ခုံကို ရှောင်လိုက်ပြီး ခန္ဓာကိုယ်အသုံးပြု၍ ဓားပြတစ်ဦး၏ ရင်ဘက်ကို ဝင်တိုက်လိုက်သည်။
ထိုဓားပြသည် သွေးအန်ပြီး နောက်သို့ ဆုတ်သွားသည်။ ဓားပြထဲမှ တစ်ဦး၏ လက်ကောက်ဝတ်ကို ဆွဲ၍ လိမ်လိုက်ပြီး သူ၏ဓားကို အခြားသူအချို့ဆီသို့ ချိန်ရွယ်လိုက်သည်။
“ဒီလူရဲ့ သိုင်းပညာက အရမ်းမြင့်တယ်၊ ဒါပေမယ့် ဘာလို့ အားမရှိသလို၊ ခန္ဓာကိုယ်က ယိမ်းထိုးနေရတာလဲ” ရှချင်းချင်းကလည်း မြင်ကွင်းကို စောင့်ကြည့်နေပြီး သံသယဖြင့် မေးလိုက်သည်။
သူမ စကားမဆုံးသေးခင်မှာပင် ထိုအမျိုးသားကို ဓားပြတစ်ဦးက ကျောဘက်မှ ကန်လိုက်သဖြင့် ဟန်ချက်ပျက်သွားသည်။ အခြားဓားပြများက ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ဓားများကို မြှောက်ကာ ခုတ်ချလိုက်ကြသည်။
ထိုအမျိုးသားသည် ဓားများကို ခက်ခဲစွာဖြင့် ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကျန်လက်သီးနှင့်ခြေကန်ချက်များကို ရှောင်တိမ်း၍မရပေ။ အမျိုးသမီးဘေးသို့ ဆုတ်သွားပြီး သွေးများအန်ထွက်လာသည်။ အမျိုးသမီးအား ကြည့်ကာ ဝမ်းနည်းစွာ ပြုံးလိုက်သည်၊ “ငါ ထျန်ကွေနုန်က ကမ္ဘာပေါ်မှာ ဘယ်သူမှ အနိုင်မယူနိုင်တဲ့ ရွှေမျက်နှာဗုဒ္ဓ မြောင်ရန့်ဖုန်း လက်ထဲမှာ မသေဘဲ လူဆိုးလေးတွေလက်ထဲမှာ သေရမယ်လို့ မထင်ခဲ့ဘူး”
ထိုအမျိုးသမီးသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး အလွန်ကြောက်ရွံ့နေပုံရသည်။ အမျိုးသားဖြစ်သူအား တင်းတင်းဖက်ထားပြီး ငိုယိုလျက် “ကျွန်မကြောင့် ရှင်ဒုက္ခရောက်ရတာပါ” ဟု ပြောလိုက်သည်။
“နန်းလန်၊ မင်းရဲ့ချစ်ခင်နှစ်သက်မှု့ကိုရတာက ငါဘဝအတွက် လုံလောက်နေပါပြီ” ထိုအမျိုးသားသည် အမျိုးသမီးကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဟဲ၊ ဒီလို သေကွဲ၊ ရှင်ကွဲ ဇာတ်လမ်းမျိုးတွေကို ငါတို့ အများကြီး မြင်ဖူးတယ်။ စိတ်မပူပါနဲ့၊ မင်းသေပြီးရင် မင်းမိန်းမကို ငါတို့ ကောင်းကောင်း ဂရုစိုက်ပေးမယ်။ ငါတို့ ညီအစ်ကိုတွေ အလှည့်ကျ လုပ်ပေးမယ်၊ နေ့တိုင်း ဗိုက်ပြည့်အောင် ကျွေးမယ်၊ တစ်လလောက်ဆိုရင် သူမက မင်းကို လုံးဝ မေ့သွားလိမ့်မယ်လို့ အာမခံတယ်” ဓားပြအချို့က ညစ်ညမ်းသော စကားများဖြင့် ကျယ်လောင်စွာ ရယ်မောကြသည်။
ထိုအမျိုးသားသည် အလွန်ဒေါသထွက်သွားသော်လည်း ထိုအချိန်တွင် ဒန်တျန်တွင် အတွင်းအားများ ကုန်ခန်းနေသောကြောင့် မထနိုင်တော့ဘဲ ဓားပြများကို စိတ်ပျက်အားငယ်စွာ ကြည့်နေခဲ့သည်။
အမျိုးသမီးဖြစ်သူသည် မကြာမီ ဖြစ်လာမည့် အရှက်တကွဲ အခြေအနေကို တွေးမိသောအခါ မျက်နှာဖြူဖျော့သွားပြီး ခေါင်းပေါ်မှ ဖီးနစ်ဆံထိုးကို ထုတ်ကာ သူမ၏ ဖြူဖွေးသော လည်ပင်းကို ထောက်ထားပြီး လက်များ တုန်ယင်နေသည်။
“မင်း တကယ်ရော ထိုးရဲရဲ့လား။ ငါတို့ ညီအစ်ကိုတွေက မိန်းမ အစပိုင်းမှာ အရမ်းကိုသေချင်နေတဲ့ မိန်းမတွေအများကြီး မြင်ဖူးတယ်၊ ဒါပေမယ့် တကယ်လုပ်ရဲတဲ့သူတော့ မရှိဘူး...... ၊မိန်းကလေး သေတာထက် ရှင်တာက ပိုကောင်းတယ်။ သေရင် ဘာမှ လုပ်လို့မရတောဘူး။ မင်းသာ သတ်မသေရင် ငါတို့က မင်းကို ကွမ်ရင်မယ်တော်လို သဘောထားပြီးဆက်ဆံမယ်” ခေါင်းဆောင်က အလျင်အမြန်ပင် တည်ငြိမ်စွာ ပြောလိုက်သောကြောင့် ဓားပြအချို့လည်း ထိတ်လန့်သွားသည်။
ထိုအမျိုးသမီး၏ လုပ်ရပ်က တကယ်ပင် တုံ့ဆိုင်းသွားပြီး ဖီးနစ်ဆံထိုးသည်လည်း လည်ပင်းမှ အနည်းငယ် ဝေးသွားသည်။ ဓားပြခေါင်းဆောင်က လျင်မြန်စွာဖြင့် သူမလက်မှ ဖီးနစ်ဆံထိုးကို ရိုက်ချလိုက်သည်။
“အာ” တည်းခိုခန်းထဲမှ အမျိုးသမီးတစ်ဦး၏ အော်သံ ထွက်ပေါ်လာသည်။
“ဒီနှစ်ယောက်က ထျန်ကွေနုန်နဲ့ မြောင်ရန့်ဖုန်းရဲ့ ဇနီး နန်းလန် ဖြစ်ရမယ်” စုန့်ချင်းရှု သူတို့ရဲ့ပြုမူပုံကို သက်ပြင်းချလိုက်ပြီး “ရုပ်ရည်ချောမောလှပပေမယ့် ဉာဏ်ပညာမရှိတဲ့ နန်းလန်၊ ပြဿနာတစ်ခုခုနဲ့ရင်ဆိုင်ရရင် အော်ဟစ်ရုံသာတတ်နိုင်တဲ့ ခပ်တုံးတုံး မိန်းမမျိုး… အင်း ငါ့အတွက် တကယ့်ကို အခွင့်အရေးရှိတယ်”
လက်ညှိုးတစ်ချက် တောက်လိုက်ရာ တူအချို့သည် ဘေးစားပွဲပေါ်သို့ ထိုးစိုက်သွားပြီး ဓားပြခေါင်းဆောင်၏ ညစ်ညမ်းသောလက်က အမျိုးသမီးအား ထိတွေ့ခြင်းမှ တားဆီးလိုက်သည်။ ဓားပြအချို့ ချက်ချင်း ဒေါသထွက်သွားသည်၊ “ကောင်လေး၊ အသက်မရှင်ချင်တော့ဘူးလား၊ ငါတို့ ကျားနက်ရွာရဲ့ ကိစ္စကို ဝင်ရှုပ်ရဲတယ်”
“မေးစရာလိုသေးလို့လား” စုန့်ချင်းရှုက ပခုံးတွန့်ကာ ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြလိုက်သည်၊ “ကြည့်ပါဦး၊ ပြဿနာဖြစ်ပြီးတဲ့နောက် ကျန်တဲ့ ဧည့်သည်တွေ အကုန်ပြေးကုန်ပြီ။ ငါတို့ တစ်စားပွဲပဲ တည်တည်ငြိမ်ငြိမ် ထိုင်နေတယ်။ ဒါတောင်မှ ငါတို့က Boss အဆင့် ဇာတ်ကောင်တွေဆိုတာ မမြင်နိုင်သေးဘူးလား၊ မင်း မျက်စိကန်းနေတာလား”