"လွန်ခဲ့တဲ့ရက်တွေအတွင်း သိုင်းလောကကို ရှင်းလင်းခိုင်းခဲ့တယ်။ ရည်ရွယ်ချက်က ယွမ်ချန်းကျီကြောင့်ပဲ။ ဒါကြောင့် ဂိုဏ်းအသီးသီးက နန်းတော်ရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို လက်ခံဖို့ပဲ ခွင့်ပြုခဲ့တာ။ ဒီရက်ပိုင်းအတွင်း ငါ သေသေချာချာ စဉ်းစားကြည့်တော့ ဒီလို သိမ်းသွင်းတာက အပေါ်ယံပဲ ရှိသေးတယ်။ ဂိုဏ်းအသီးသီးက ငါတို့ မဟာချင်မင်းဆက်ကို အပေါ်ယံမှာသာ နာခံပြီး အတွင်းမှာ ပုန်ကန်မှာကို ရှောင်ရှားလို့ မရဘူး" ဟု ခန်းရှီက ပြောရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဧကရာဇ်မှာ ဘယ်လို နည်းဗျူဟာ ကောင်းတွေရှိလဲ မသိဘူး" ဝေရှောင်ပေါင်နှင့် အနေကြာလာသောကြောင့် စုန့်ချင်းရှု၏ လူကဲခတ်သည့် စွမ်းရည်မှာလည်း အလွန်အမင်း တိုးတက်လာခဲ့ပြီး ချက်ချင်း မေးလိုက်သည်။
ခန်းရှီ မှ “နှစ်ပေါင်းများစွာ နန်းတော်ကိုယ်ရံတော်အဖွဲ့မှာ သိုင်းပညာရှင်တွေ နည်းပါးနေတယ်လို့ ငါ အမြဲတမ်း ခံစားနေရတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး ဂိုဏ်းအသီးသီးက ခေါင်းဆောင်တွေရဲ့ သားအရင်းအချာ ဒါမှမဟုတ် မြေးတွေကို မြို့တော်ကို စေလွှတ်ပြီး နန်းတော်ရဲ့ ကိုယ်ရံတော်အဖွဲ့ကို တိုးချဲ့စေမယ်။ ချင်းရှု၊ ဂိုဏ်းအသီးသီးကို မင်း ကောင်းကောင်း သိပြီးသားဆိုတော့ ဒီတစ်ခေါက် သူတို့ရဲ့ တပည့်တွေကို စုဆောင်းဖို့ မင်းကိုပဲ စေလွှတ်လိုက်မယ်။”
စုန့်ချင်းရှု အလွန်အမင်း တအံ့တဩ ဖြစ်သွားသည်။ နာမည်တပ်ကောင်းအောင် ပြောရရင် မြို့တော်မှာ နန်းတွင်းကိုယ်ရံတော်လုပ်ဖို့ပဲ၊ အမှန်အတိုင်းပြောရရင် ဒီလူတွေက ဓားစာခံတွေပဲ။ နောင်တစ်ချိန်ကျ ဂိုဏ်းအသီးသီးက တကယ်ပဲ တခြား အတွေးတွေ ရှိလာရင်လည်း ဓားစာခံတွေရဲ့ ဘေးကင်းရေးကို ဂရုမစိုက်ဘဲ နေလို့ မရဘူး။
"ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်!" စုန့်ချင်းရှုသည် တာဝန်၏ အနှစ်သာရကို ချက်ချင်း နားလည်သွားသည်။ ဂိုဏ်းအသီးသီးသို့ သွားရောက်ပြီး မြို့တော်သို့ စေလွှတ်မည့်သူများသည် ဂိုဏ်းခေါင်းဆောင်၏ အချစ်ဆုံးသားများ ဖြစ်ကြောင်း သေချာစေရမည်။ သားသမီးမရှိပါကလည်း ဒုတိယမျိုးဆက်၏ ထိပ်ဆုံးတပည့်ကို မြို့တော်သို့ 'ဖိတ်ခေါ်' ရမည်။
"ဒီခရီးစဉ်အတွက် လူဘယ်လောက် ခေါ်သွားမလဲ " ဟု ခန်းရှီက မေးလိုက်သည်။
"ကျွန်တော်မျိုး တစ်ယောက်တည်းဆို လုံလောက်ပါတယ်" စုန့်ချင်းရှု စိတ်ထဲက တွေးလိုက်သည်၊ 'ဒီအခွင့်အရေးကို အသုံးပြုပြီး ရှချင်းချင်းကို နန်းတွင်းကနေ ခေါ်ထုတ်သွားနိုင်တယ်။ ဒိုလုံနဲ့ ကျန်းခန်းနန်တို့က ယန်ကျိုးက လီချွမ်ခန်းမမှာ မိန်းကလေးယွီရဲ့ ရုပ်ရည်ကို မြင်ခဲ့ဖူးတယ်။ ဒိုလုံတို့ ကျန်းခန်းနန်တို့သာ ခေါ်သွားရင် မှတ်မိသွားမှာကို ရှောင်ရှားလို့ မရဘူး။ ဒါဆို စုန့်ချင်းရှု အနေနဲ့ လူခေါ်ဖို့ ဘာကြောင့် သဘောတူရမှာလဲ”
ခန်းရှီ မျက်မှောင်ကြုတ်လိုက်သည်၊ "ဒီခရီးစဉ်မှာ ဂိုဏ်းအချို့က ရန်ပြုလာနိုင်တယ်။ မိတ်ဆွေလေးစုန့် တစ်ယောက်တည်းဆို အင်အားနည်းလွန်းတယ်"
"ဧကရာဇ်မင်းမြတ်၊ အဲဒီဂိုဏ်းတွေက နန်းတော်ကို သစ္စာခံပြီး ဖြစ်တာကြောင့် သစ္စာဖောက်ချင်တဲ့စိတ်ရှိရင်တောင် ဂိုဏ်းအနည်းငယ်လောက်ပဲ ရှိမှာပါ။ ကျွန်တော့်ရဲ့ သိုင်းပညာနဲ့ဆိုရင် သူတို့ကို ကိုင်တွယ်ဖို့ မခက်ပါဘူး" ဟု စုန့်ချင်းရှု ပြန်ဖြေသည်။
"ဒေါင်ဖန်းဂိုဏ်းချုပ်ရော ဘယ်လိုထင်လဲ" ခန်းရှီက လှည့်ပြီး ဒေါင်ဖန်းပုပိုင်ကို မေးလိုက်သည်။
ဒေါင်ဖန်းပုပိုင်က စုန့်ချင်းရှုကို လှမ်းကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ် "ချင်ပြည်ထောင်ထဲမှာ ကြီးမားတဲ့ဂိုဏ်းတွေ မရှိပါဘူး။ စုန့်ချင်းရှုရဲ့ သိုင်းပညာနဲ့ဆိုရင် အလယ်အလတ်အဆင့်၊ အဆင့်နိမ့်ဂိုဏ်းတွေကို ရင်ဆိုင်ဖို့ လုံလောက်ပါတယ်"
ခန်းရှီ စိတ်ထဲ သဘောပေါက်သွားပြီး ပြောလိုက်သည်၊ "ကောင်းပြီ၊ မိတ်ဆွေလေးစုန့်၊ မင်းကို နန်းတော်ရဲ့အထူးသံတမန်အဖြစ် ခန့်အပ်မယ်။ အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ခွင့် ပေးမယ်။ လိုအပ်ရင် ဒေသန္တရအရာရှိတွေကို အကူအညီတောင်းနိုင်တယ်။ ကိစ္စပေါ်လာရင် အရင်ဆုံးရှင်းလင်းပြီး နောက်မှ သတင်းပို့ပိုင်ခွင့် ရှိတယ်..."
နန်းတွင်းစာကြည့်တိုက်မှ ထွက်လာသောအခါ ဒေါင်ဖန်းပုပိုင်က စုန့်ချင်းရှုကို သံသယဖြင့် ကြည့်လိုက်သည်၊ "ကောင်လေး မင်း မီဖေးကို ခိုးပြေးဖို့ ကြံစည်နေတာလား"
စုန့်ချင်းရှု မျက်နှာ တောင့်ခဲသွားပြီး "ဒေါင်ဖန်းဂိုဏ်းချုပ်က ရယ်စရာတွေ ပြောနေတာပဲ။ ကျွန်တော့်မှာ ဆယ်ဆလောက်သတ္တိရှိနေရင်တောင် မလုပ်ရဲပါဘူး"
"မင်း မရဲဘူးဆိုတာ ငါ သိတယ်။ တစ်နေ့ကျရင် မင်းကို လိုက်ဖမ်းခိုင်းဖို့ ငါ့ကိုစေလွှတ်ခံမှာကို မလိုချင်ဘူး" ဟု ဒေါင်ဖန်းပုပိုင်က ပြောပြီးနောက် ထွက်ခွာသွားသည်။
ထိုကြောက်မက်ဖွယ်ရာ မြင်ကွင်းကို တွေးမိသောအခါ စုန့်ချင်းရှု မသိစိတ်မှ ခေါင်းခါလိုက်ပြီး သူနေရာသို့ အမြန် ပြန်သွားလိုက်သည်။
အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ကုတင်ပေါ်ရှိ စောင်များ သေချာစွာ ခေါက်ထားသည်ကိုသာ မြင်လိုက်ရပြီး အလှလေး၏ အရိပ်အယောင်ကို မတွေ့ရသောအခါ စုန့်ချင်းရှု ရုတ်တရတ် ပျောက်ဆုံးသွားသလိုခံစားလိုက်ရပြီး တံခါးဝမှာပင် ငိုင်တွေစွာ ရပ်နေသည်။
“ရှင် ကျွန်မကို ရှာနေတာလား” သူ့နောက်ကနေ နူးညံ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံထွက်လာတယ်။
စုန့်ချင်းရှုက ဝမ်းသာအားရ နောက်လှည့်ကြည့်လိုက်တော့ ရှချင်းချင်းက နံရံကို မှီပြီး ဆံပင်တွေကို စည်းရင်း နှုတ်ခမ်းထောင့်မှာ အပြုံးလေးနဲ့ သူ့ကို ကြည့်နေတာကို တွေ့ရတယ်။
ဒီအချိန်မှာ နေမင်းကြီး ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းလေးတွေက ရှချင်းချင်းရဲ့ ဝတ်ရုံပေါ်ကို ဖြာကျနေတာကြောင့် အလွန်လှပတဲ့ အလင်းတန်းတစ်ခု ဖြစ်ပေါ်နေတယ်။ စုန့်ချင်းရှုက ငေးမောကြည့်နေရင်း တီးတိုးမေးလိုက်တယ်၊ “ကျွန်တော်က အိပ်ပုတ်ဝက်ဝံလေးတစ်ကောင်ကို ရှာနေတာပါ၊ ဒီနတ်သမီးလေး မြင်မိသေးလား”
ရှချင်းချင်းက အိပ်ရာနိုးလာတော့ အခန်းထဲမှာ ဘယ်သူမှ မရှိတော့တာကို သတိရပြီး မျက်နှာလေး နီရဲသွားကာ လှဲချလိုက်ပြီး ဟမ့် ၊ “ရှင်က ဒီလိုပဲ ချိုသာတဲ့စကားလုံးတွေနဲ့ မိန်းကလေးတွေကို လှည့်စားနေကြပဲလား”
“မိန်းကလေးအတော်မျာများကတော့ ကျွန်တော့်ရဲ့ နှုတ်က ချိုတယ်လို့ ပြောကြတာပဲ၊ မိန်းကလေးရော မြည်းကြည့်ချင်လား” စုန့်ချင်းရှုက တစ်ဖက်လူ ဒေါသထွက်တော့မယ်ဆိုတာ မြင်တာကြောင့် လေသံကို ချက်ချင်းပြောင်းလိုက်တယ်၊ “မနေ့ညက ညဝတ် အဝတ်အစားတွေဝတ်ထားတာပါ၊ ဒီနေ့ ဘယ်ကနေ ဒီလိုလှပတဲ့ ဝတ်စုံကို ပြောင်းဝတ်လာတာလဲ”
“ဒီလို အသေးစိတ်ကိစ္စတွေကို ဂရုစိုက်မနေနဲ့” ရှချင်းချင်းက လက်ဝှေ့ယမ်းလိုက်တယ်၊ “မနက်က နိုးလာတော့ ရှင့်အခန်းထဲကို လူတွေ ရောက်လာမှာ စိုးရိမ်လို့ အပြင်မှာ ပုန်းနေခဲ့တာ။”
“မိန်းကလေးက ကျွန်တော့်အတွက် ဒီလောက်ထိ စဉ်းစားပေးတာဆိုတော့ ကျွန်တော်မျိုးက ကိုယ့်ကိုယ်ကိုယ် ပေးအပ်ပြီး မမလေးအတွက် ကြိုးစားချင်စိတ်တွေ… ” ရှချင်းချင်းရဲ့ အမူအရာကို သတိထားမိတော့ စုန့်ချင်းရှု စကားကို ဆက်မပြောဝံ့တော့ပေ။
“ဟင်း၊ ရှင်က အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲ” ရှချင်းချင်းက သက်ပြင်းချလိုက်တယ်၊ “မနေ့ညက ရှင် ဘယ်လောက်ပဲ ကောင်းတာတွေ ပြောခဲ့ပြောခဲ့၊ ကျွန်မလို မုဆိုးမတစ်ယောက်က ဒီမှာ အကြာကြီး နေလို့ မဖြစ်နိုင်ဘူး။ ဒီည မိုးချုပ်တာနဲ့ နန်းတော်ကနေ ထွက်ပြီး ဆရာကို သွားရှာမယ်။ ဒေါင်ဖန်းပုပိုင်နဲ့ တွေ့ရင်လည်း အများဆုံး သေရုံပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ယွမ်အစ်ကိုကြီး သေပြီးပြီဆိုတော့ ကျွန်မလည်း အသက်ဆက်ရှင်ချင်စိတ်မရှိတော့ဘူး”
“မင်းက ငါ့ရှေ့မှာ တခြားယောကျ်ားတွေအကြောင်း အမြဲပြောနေတော့ ငါစိတ်ထိခိုက်မှာကို မသိဘူးလား” စုန့်ချင်းရှုက စိတ်ထိခိုက်တဲ့ပုံစံနဲ့ ဆက်ပြောလိုက်တယ်၊ “မင်းအတွက်အရမ်းစိုးရိမ်တယ်၊ ငါကိုယ်တိုင် မင်းကို အပြင်ခေါ်သွားမယ်။”
ရှချင်းချင်း ဒေါသထွက်ဖို့ အချိန်မရလိုက်ခင် သူ့နောက်က စကားကို ကြားလိုက်ရတော့ ဝမ်းသာအားရ မေးလိုက်တယ်၊ “တကယ်လား”
“ကျွန်တော်လည်း မမလေးနဲ့ အတူနေထိုင်ရမယ့် ဘဝကို တော်တော်လေး စိတ်ကူးယဉ်မိပါတယ်၊ ဒါပေမယ့် ဧကရာဇ်ရဲ့ အမိန့်တော် ရှိနေတော့… အင်း…” စုန့်ချင်းရှုက မြို့တော်ကနေ ထွက်ခွာရမယ့် သူ့တာဝန်အကြောင်းကို သူမကို တစ်ခုမကျန် ပြောပြလိုက်တယ်။
“ဟွန့်! ချင်းမင်းဆက်ရဲ့ လက်ပါးစေတစ်ယောက်ဖြစ်ရတာ ဒီလောက်တောင် ပျော်နေတာလား” ရှချင်းချင်းက စိတ်ဆိုးမာန်ဆိုးနဲ့ ကျောခိုင်းလိုက်တယ်။
“ဒီအကြောင်းရင်းတွေကိုတော့ ကျွန်တော်မျိုး အခုအချိန်မှာ မမလေးကို ထုတ်မပြောနိုင်သေးပါဘူး။ ဒါပေမယ့် မမလေး ယုံကြည်ပါ၊ ကျွန်တော်က ဟန်စခန်းထဲမှာ စိတ်ကတော့ ချောင်စခန်းမှာ… အဲ၊ ချောင်စခန်းမှာရှိပေမယ့် နှလုံးသားကတော့ ဟန်နဲ့အတူရှိနေပါတယ်” စုန့်ချင်းရှုက ချက်ချင်း သူ့စကားကို အမြန်ပြောင်းလိုက်သည်။
ရှချင်းချင်း ခဏလောက် တိတ်ဆိတ်နေပြီးနောက် ပြုံးလိုက်တယ်၊ “ကောင်းပါပြီ၊ ဒီလောက် အကြိမ်ကြိမ် တွေ့ဆုံပြီးတဲ့နောက် စုန့်သခင်လေးက ကြောက်စရာကောင်းတာတွေ ပြောတတ်ပေမယ့် ကျွန်မ ယုံကြည်တယ်၊ ရှင်က လူကောင်းတစ်ယောက်ပါ။”
“ရပ် ရပ် ရပ်! မိန်းကလေးတစ်ယောက်က လူကောင်းကတ်တွေ ဒီလို လွယ်လွယ်ကူကူ လျှောက်မပေးနဲ့” စုန့်ချင်းရှုက စိတ်ပျက်စွာ ပြောလိုက်တယ်၊ “တခြားဘာမှ မပြောနဲ့တော့။ အပြင်မထွက်ခင် အရင် ပုံစံပြောင်းရမယ်။ မဟုတ်ရင် ကျွန်တော်က ဒီလို နတ်သမီးလို မိန်းကလေးတစ်ယောက်ကို နန်းတော်ကနေ ခေါ်ထုတ်သွားရင် ဒေါင်ဖန်းပုပိုင် မပြောနဲ့၊ တံခါးစောင့်တွေကတောင် အလွှတ်ပေးမှာ မဟုတ်ဘူး။”
သူ့အလှကို ချီးကျူးတာကို ကြားတော့ ရှချင်းချင်း ပြုံးလိုက်တယ်၊ “အသွင်ပြောင်းတာလား၊ ဒါက ကျွန်မ ကျွမ်းကျင်တဲ့ အရာပဲ။” အဲ့တုန်းက သူမဟာ ယောကျ်ားလေးပုံစံ ရုပ်ဖျက်ပြီး အဆိပ်ငါးပါးဂိုဏ်းခေါင်းဆောင် ဟော်ထျဲရှိုရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တာက သူမရဲ့ ဘဝမှာ အမြဲတမ်း ဂုဏ်ယူရတဲ့ ကိစ္စတစ်ခုပဲ။
“မင်းလည်း လုပ်နိုင်တာလား” စုန့်ချင်းရှုက အံ့သြစွာ သူ့ကို ကြည့်လိုက်တယ်။
“သေချာတာပေါ့!” ရှချင်းချင်းက မောက်မာသောပုံစံဖြင့် ခေါင်းကိုမော့လိုက်ပြီး စုန့်ချင်းရှုကို အပြင်ဘက်တွန်းထုတ်လိုက်ပြီး တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်လိုက်တယ်။
“ရှင် ချောင်းမကြည့်နဲ့နော်!”
စုန့်ချင်းရှု ခါးသက်စွာပြုံးလိုက်ပြီး၊ “စိတ်ချပါ၊ ကျွန်တော်က ကြည့်မယ်ဆိုရင်လည်း ပေါ်ပေါ်တင်တင်ပဲ ကြည့်မှာ။ ချောင်းကြည့်တာမျိုး နိမ့်ကျတဲ့ကိစ္စမျိုးကို စုန့်တစ်ယောက် မလုပ်ဘူး။”
တစ်နာရီခန့် ကြာပြီးနောက် အခန်းတံခါး ပွင့်လာပြီး စုန့်ချင်းရှုရှေ့မှာ တည်ငြိမ်တဲ့ သခင်လေးတစ်ယောက် ပေါ်လာတယ်။ ဖြည်းဖြည်းချင်း တစ်ပတ်လှည့်လိုက်ပြီး မောက်မာစွာနဲ့ ရယ်မောလိုက်တယ် “ဘယ်လိုလဲ”
“ယောင်္ကျားပြည့်တန်ဆာ မဖြစ်တာ တကယ်ကို နှမြောစရာပဲ!” စုန့်ချင်းရှုက တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး
ပြောစရာ စကားမရှိတော့ပဲ“ဒါ မင်းပြောတဲ့ ရုပ်ပြောင်းတာလား။ ဆံပင်စည်းပြီး ရင်ဘတ်ကို အဝတ်နဲ့ပတ် ယောကျ်ားလေးအဝတ်အစားလဲလိုက်တာနဲ့ ရုပ်ဖျက်တာ ဖြစ်သွားပြီလား”
“ဘာပြဿနာရှိလို့လဲ” ရှချင်းချင်းက မိမိကိုယ်ကို ခေါင်းငုံ့ပြီး ကြည့်လိုက်ကာ သံသယဖြင့် မေးလိုက်တယ်၊ “ကျွန်မ အဲ့တုန်းက သိုင်းလောကမှာ သွားလာနေတုန်းက လူနည်းစုပဲ ဖော်ထုတ်နိုင်ခဲ့တာ”
“အဲ့ဒါက အဲဒီလူတွေက တုံးလို့ပဲ!” စုန့်ချင်းရှုက စိတ်ပျက်တဲ့ပုံစံနဲ့ ပြောလိုက်တယ်၊ “ဒီသခင်လေးက မူရင်းဝတ္ထုထဲကလို ယုတ္တိမရှိတဲ့ ဇာတ်လမ်းပေါ်မှာ ကိုယ့်အသက်ကို ပုံအပ်မှာ မဟုတ်ဘူး။ ခဏစောင့်၊ ရုပ်ပြောင်း ရုပ်ဖျက် ပညာက ဘာလဲဆိုတာ မင်းကို အစ်ကိုကြီး ပြမယ်။”