"နန်းတော်ထဲမှာနေရတာ အရမ်းပျင်းစရာကောင်းတယ်။ တစ်ယောက်တည်း နေရတာထက် လှပတဲ့ မိန်းကလေး တစ်ယောက်နဲ့အတူရှိနေတာက ပိုပျော်စရာကောင်းတယ်" စုန့်ချင်းရှုက ဝန်မခံသလို ငြင်းလဲမငြင်းဘဲ ပြန်ဖြေပြီးနောက် ထိုင်ကာ ယင်ကိုးပါးသိုင်းကျမ်း၏ ဒဏ်ရာကုသခြင်း အခန်းကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်အတွင်းမှ ဒဏ်ရာများကို စတင် ကုသလိုက်သည်။
စုန့်ချင်းရှု ဒဏ်ရာကုသရာတွင် အာရုံစိုက်နေသည်ကို မြင်သောအခါ ရှချင်းချင်းသည် တစ်ညလုံး စိုးရိမ်နေသော စိတ်များ ရုတ်တရက် လျော့ကျသွားပြီး အရမ်းအိပ်ချင်လာသည်။ သူမအဝတ်အစားများကို ဝတ်ဆင်၍ကုတင်ပေါ် လှဲလိုက်ပြီး စောင်ကို တင်းတင်းဆွဲကာ ကုတင်အစွန်းတွင် ထိုင်နေသော စုန့်ချင်းရှုကို သတိနှင့် ကြည့်လိုက်သည်၊ "ကျွန်မ ကြိုပြောထားတယ်နော်။ ဒီနေ့ မတတ်သာတဲ့အခြေအနေမို့ ရှင်နဲ့တစ်ကုတင်တည်း အိပ်တာ။ တကယ်လို့ ရှင် တခုခု မရိုးမသားလုပ်ဖို့ ကြိုးစားရင် လက်ဆိုရင် လက်ကိုဖြတ်မယ်၊ ခြေထောက်ဆိုရင် ခြေထောက်ကိုဖြတ်မယ်"
"စိတ်မပူပါနဲ့၊ ငါ့ ဝမ်းဗိုက်မှာ ဒဏ်ရာရထားတယ်။ အခု မရိုးမသား လုပ်ချင်တဲ့ စိတ်ရှိရင်တောင် လုပ်နိုင်စွမ်း မရှိဘူး" စုန့်ချင်းရှု မျက်လုံးမှိတ်လျက်ပင် ပြောလိုက်ပြီးနောက် သူ့ဒဏ်ရာများကို ကုသရန် စစ်မှန်သောချီကို ဆက်လက် လှည့်ပတ်နေသည်။
ရှချင်းချင်း လန့်သွားပြီး မထင်မှတ်ဘဲ "ရှင်... ပြန်ကောင်းလာနိုင်လား" ဟု မေးလိုက်သည်။
စုန့်ချင်းရှု မျက်လုံးဖွင့်လိုက်ပြီး သူ့ကို စနောက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်၊ "ဒါဆို မင်းက ငါ့ကို ပြန်ကောင်းစေချင်တာလား၊ မကောင်းစေချင်တာလား"
"ရှင် သေချင်သေ" ရှချင်းချင်းက မျက်နှာတစ်ခုလုံး နီရဲတက်လာပြီး ရှက်ရမ်းရမ်းကာ စောင်ကို ဆွဲ၍ ခေါင်းမြီးခြုံလိုက်ပြီး စုန့်ချင်းရှုကို ကျောပေးလိုက်သည်။
အမြဲတမ်း ဆွဲဆောင်မှုရှိတဲ့ ရှချင်းချင်းက ကလေးမလေးလို ပုံစံမျိုး ပေါ်လာတာကို မြင်တော့ စုန့်ချင်းရှု ရယ်လိုက်ပြီးနောက် ကျင့်ကြံသော အခြေအနေသို့ ပြန်လည်ဝင်ရောက်လိုက်သည်။
ဘယ်လောက်ကြာသွားမှန်း မသိ၊ အပြင်ဘက်မှ ကျန်းခန်းနန်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်၊ "စီနီယာစုန့်၊ ဧကရာဇ်က စီနီယာကို နန်းတွင်းစာကြည့်တိုက်မှာ စောင့်ခိုင်းထားပါတယ်"
(စုန့်ချင်းရှုရဲ့ နန်းတွင်းအစောင့်အရှောက်ရာထူးက ကျန်းခန်းနန်တို့ထက်မြင့်သွားတာကြောင့် စီနီယာလို့ခေါ်ခြင်းဖြစ်ပါတယ်)
စုန့်ချင်းရှု မျက်လုံးဖွင့်လိုက်သောအခါ မိုးလင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ နောက်လှည့်ကြည့်လိုက်တော့ ရှချင်းချင်းသည် ကောင်းကောင်း အိပ်ပျော်နေတုန်းပင်။ သူမ၏ ဆံပင်ရှည်များက ခေါင်းအုံးပေါ်တွင် သဘာဝအတိုင်း ပြန့်ကျဲနေပြီး၊ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ရှိနေသော်လည်း မျက်ခုံးများကြားတွင်မူ စိုးရိမ်ပူပန်မှု အချို့ ရှိနေသည်။ စုန့်ချင်းရှု သက်ပြင်းချလိုက်သည်။ ဒီရက်ပိုင်းတွင် သူမ အလွန်ပင်ပန်းနေမည်ကို သိသောကြောင့် မနှောင့်ယှက်တော့ဘဲ မှတ်စုတစ်စောင် ချန်ထားကာ သူမ၏ ခေါင်းအုံးဘေးတွင် ထားခဲ့ပြီး တိတ်တိတ်လေး အခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။
"ကျန်းအစ်ကိုကြီး၊ မတွေ့တာ ကြာပြီ" ကျန်းခန်းနန်ကို မြင်သောအခါ စုန့်ချင်းရှု အလွန်ရင်းနှီးသလို ခံစားလိုက်ရသည်။
"နောက်ဆို ဒီလို မခေါ်ပါနဲ့တော့" ကျန်းခန်းနန်က ပြုံးပြုံးလေး ပြောလိုက်သည်၊ "စုန့်သခင်လေးရဲ့ ရာထူးက ကျွန်တော့်ထက် ပိုမြင့်နေပါပြီ"
"ကျန်းအစ်ကိုကြီး အဲလိုပြောတော့ စိမ်းသွားသလိုပဲ။ ကျွန်တော့်ရဲ့ ပထမတန်းစားကိုယ်ရံတော် ရာထူးက နာမည်ခံသက်သက်ပဲဆိုတာ လူတိုင်းသိပါတယ်။ နောက်ဆို မြို့တော်မှာ လောင်းကစားရုံတွေ သွားရင်၊ ပြည့်တန်ဆာခန်းမတွေ သွားရင် ကျန်းအစ်ကိုကြီးရဲ့ လမ်းညွှန်မှုတွေ အများကြီး လိုပါသေးတယ်" စုန့်ချင်းရှုက ပြောရင်း အဝတ်အစားကိုပြင်လိုက်ပြီး ကျန်းခန်းနန်ကို စနောက်လိုက်သည်။
ကျန်းခန်းနန်၏ မျက်နှာ ချက်ချင်း ပြေလျော့သွားပြီး "ဟုတ်တာပေါ့။ တကယ်တော့ ဒီဘက်ပိုင်းမှာ ဝေအမတ်ကြီးက ပိုကျွမ်းကျင်ပါတယ်..."
နှစ်ယောက်သား စကားစမြည် ပြောဆိုနေစဉ် စုန့်ချင်းရှုက မသိမသာ မေးမြန်းလိုက်သည်၊ "ဧကရာဇ်က ရုတ်တရက် ကျွန်တော့်ကို ဘာကိစ္စနဲ့ ရှာတာလဲ မသိဘူး"
ကျန်းခန်းနန် မျက်နှာတွင် ခက်ခဲသော အမူအရာ ပေါ်လာသည်၊ "ဒါကတော့ ကျွန်တော်လည်း မသိဘူး။ ဧကရာဇ်က ညီလာခံ မတက်ခင်က စုန့်ညီလေးကို အကြောင်းကြားဖို့ သေချာ အမိန့်ပေးထားတယ်။ ဧကရာဇ် ညီလာခံဆင်းလာရင် နန်းတွင်းစာကြည့်တိုက်မှာ ညီလေးကို လာရှာပါလိမ့်မယ်"
"မနေ့ညက လုပ်ကြံသူ ကိစ္စလား။ ဒါမှမဟုတ် ဒေါင်ဖန်းပုပိုင်က သတင်းပေးလိုက်လို့လား။ မဖြစ်နိုင်ဘူး။ မဟုတ်ရင် စောစောက တံခါးအပြင်မှာ စောင့်နေမှာက ကျန်းခန်းနန်တစ်ယောက်ထဲ မဟုတ်ဘူး၊ စစ်သည် ထောင်သောင်းချီ ဖြစ်နေမှာ။..." လမ်းတစ်လျှောက်လုံး စုန့်ချင်းရှုက ဆက်တိုက် ခန့်မှန်းနေပြီး မကြာခင် နန်းတွင်းစာကြည့်တိုက်အရှေ့သို့ရောက်လာသည်။
"စုန့်သခင်လေး၊ ကိုယ်တိုင်ပဲ ဝင်သွားပါ၊ ကျွန်တော်က ဒီအထိပဲ လိုက်ပို့နိုင်မယ်"
ကျန်းခန်းနန်ကို နှုတ်ဆက်ပြီး စုန့်ချင်းရှု တံခါးတွန်းဖွင့်လိုက်ရာ အတွင်း၌ ထိုင်နေသော ဒေါင်ဖန်းပုပိုင်ကို တွေ့လိုက်ရသည်နှင့် ချက်ချင်း ထိတ်လန့်သွားသည်။
"မင်္ဂလာနံနက်ခင်းပါ ဒေါင်ဖန်းဂိုဏ်းချုပ် " ဟု စုန့်ချင်းရှုက မျက်နှာရှုံမဲ့လျက် ပြောလိုက်သည်။
"ပန်းမွေ့ယာပေါ်က ပျော်စရာညလေးကနွေးထွေးပေမယ့်၊ ညကတိုတောင်းလွန်းတယ်။ စုန့်သခင်လေး မနေ့ညက တော်တော် ပျော်ပါးခဲ့တယ် ထင်တယ်" ဒေါင်ဖန်းပုပိုင်က စုန့်ချင်းရှုကို ကြည့်လိုက်သော်လည်း မျက်နှာတွင် မည်သည့်အမူအရာမှ မပေါ်ပေ။
"ဂိုဏ်းချုပ်က ကျွန်တော့်ကို လွှတ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"
စုန့်ချင်းရှုက စိတ်ထဲမှ တွေးလိုက်သည်၊ 'ငါ့ကိုယ်ငါ တကယ်ကို သေကြောင်းကြံနေတာပဲ။ ဒေါင်ဖန်းပုပိုင်လို လူမျိုးကို မိတ်ဆွေဖွဲ့ရမယ့်အစား ရန်သူ ဖြစ်သွားအောင် လုပ်မိတယ်။ မိန်းမလှလေးတွေကြောင့် ဘေးတွေ့တာ၊ ရှေးလူကြီးတွေ ပြောခဲ့တာ တကယ်မှန်တာပဲ'
"ရှင့်ရဲ့ ညစ်ပတ်တဲ့ ကိစ္စတွေကို ငါ စိတ်မဝင်စားဘူး" ဒေါင်ဖန်းပုပိုင်က လက်ခံခြင်းမရှိ၊ ငြင်းပယ်ခြင်းမရှိ ပြောလိုက်သည်၊ "ဒါနဲ့၊ တစ်ခု မေးစရာရှိတယ်"
စုန့်ချင်းရှု စိတ်ထဲ တုန်လှုပ်သွားသော်လည်း မျက်နှာတွင် မည်သည့်အမူအရာမှ မပြဘဲ "ဒီစုန့်က သိသလောက် ဘာမှဖုံးကွယ်မထားပဲ အကုန်ပြောပြပါမယ်" ဟု ပြန်ဖြေလိုက်သည်။
ဒေါင်ဖန်းပုပိုင်က သူ့သဘောထားကို ကျေနပ်သွားပြီး "မင်းရဲ့ နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက်ကို ဘယ်က သင်ယူခဲ့တာလဲ" ဟု မေးလိုက်သည်။
"တကယ်လာပြီ!" စုန့်ချင်းရှု ကျောထဲ ချွေးစေးများ ပြန်သွားပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည်၊ "ကောင်းကင်ဓားနဲ့ နဂါးဓားထဲက ရခဲ့တာပါ"
"ဪ?" ဒေါင်ဖန်းပုပိုင်က သူ၏ ဖီးနစ်မျက်လုံးများကို ဖွင့်လိုက်ပြီး သက်ပြင်းချကာ "ကောင်းကင်ဓားနဲ့ နဂါးဓားအကြောင်း သိုင်းလောက ကောလာဟလတွေက တကယ်မှန်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒါပေမယ့် နဂါးနိုင်လက်ဝါးသိုင်း ဆယ့်ရှစ်ကွက် တစ်ခုတည်းနဲ့ လောကကို အုပ်စိုးချင်တယ်ဆိုရင်တော့ ဟားဟား လျှာကိုက်မိမှာ မကြောက်ဘူးလား"
စုန့်ချင်းရှုက ကြက်ကလေး အစာကောက်သလို ခေါင်းငြိမ့်လိုက်သည်၊ "ဂိုဏ်းချုပ်ရဲ့ နေကြာသိုင်းကျမ်းနဲ့ နှိုင်းယှဉ်ရင် နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ဆိုတာ ဘာမှ မဟုတ်ပါဘူး" စိတ်ထဲက တွေးလိုက်သည်၊ 'နေကြာသိုင်းကျမ်းကို ကျင့်ကြံလိုလျှင် ဓားဖြင့် ကိုယ်အဝှာကိုဖြတ်ရတယ်" ဆိုတဲ့ စကားက ယောကျ်ားတိုင်းရဲ့ ပေါင်ကြားကို အေးစိမ့်သွားစေတာ အမှန်ပဲ။ ဒါပေမယ့် နေကြာသိုင်းကျမ်းက ယောကျ်ားကို မိန်းမအဖြစ် ပြောင်းလဲစေတယ်လို့တော့ မကြားဖူးဘူး။ မနေ့ညက နူးညံ့တဲ့ အထိအတွေ့... ဟာ! ငါက လိင်ပြောင်းထားတဲ့ လူတစ်ယောက်ရဲ့ ရင်အုံကို ကိုင်မိတာပါလား၊ ဒါက the hangover ရုပ်ရှင်ကြည့်ရသလိုပဲ၊ အော့...'
စုန့်ချင်းရှု၏ ပြောင်းလဲသွားသော မျက်နှာအမူအရာကို သတိပြုမိသွားပြီး ဒေါင်ဖန်းပုပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်၊ "စုန့်သခင်လေးရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ စိတ်မကျေနပ်ဘူး ထင်တယ်"
"ကျေနပ်ပါတယ်! ကျေနပ်တာပေါ့၊ ဒေါင်ဖန်းဂိုဏ်းချုပ်က ဉာဏ်ပညာရော သိုင်းပညာပါ ပြည့်စုံပါတယ်။ နှစ်ထောင်ပေါင်းများစွာ သိုင်းလောကကို စိုးမိုးပါစေ" စုန့်ချင်းရှုက ထိတ်လန့်သွားပြီး နေလဂိုဏ်း၏ လျှို့ဝှက်စကားပင် ထွက်လာသည်။
ဒေါင်ဖန်းပုပိုင်က ပြုံးပြီး မေးလိုက်သည်၊ "ဒါဆို ဒီခေတ်မှာ နဂါးနိုင်လက်ဝါးသိုင်း ဆယ့်ရှစ်ကွက်ကို ကျင့်ကြံတဲ့ လူငယ်သိုင်းသမား ဘယ်သူတွေရှိလဲ မင်းသိလား"
"နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်အကြောင်း ပြောရရင် လျောင်ပြည်က တောင်ပိုင်းဘုရင် ရှောင်ဖုန်းနဲ့ မြောက်ပိုင်းသူရဲကောင်း ကော်ကျင့်တို့က ထိပ်ဆုံးကပါပဲ" စုန့်ချင်းရှုက ပြောရင်း တစ်ဖက်လူ၏ မျက်နှာအမူအရာကို သတိထားနေသည်။
"ဆက်ပြောပါ" ဒေါင်ဖန်းပုပိုင်သည် ထိုနှစ်ဦးကို စိတ်ထဲမှ ဖယ်ထုတ်ထားပြီးသား ဖြစ်သည်။
ကျန်းနန်က သူတောင်းစားခေါင်းဆောင် ရှီဟော်လုံက နဂါးနိုင်လက်ဝါးသိုင်းပညာမှာ ရှောင်ဖုန်းနဲ့ ကောကျင့်တို့ပြီးရင် ဒုတိယအဆင့်မှာ ရှိတယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်”
"နောက်ပြီးတော့ သူတောင်းစားဂိုဏ်းက လွယ်အိတ်ကိုးလုံး အကြီးအကဲအချို့လည်း နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ရဲ့ သိုင်းကွက်အချို့ကို တတ်ပါတယ်" ဟု စုန့်ချင်းရှု၏ ကျောပြင်တွင် ချွေးစေးများ စို့လာသည်။
"အသက်နည်းနည်းငယ်တဲ့သူ၊ အင်း..... မင်းနဲ့ သိပ်မကွာတဲ့သူ မရှိဘူးလား" ဒေါင်ဖန်းပုပိုင်က မသင်္ကာစွာဖြင့် သူ့ကို ကြည့်လိုက်သည်။ စုန့်ချင်းရှုကို ဘယ်လိုကြည့်ကြည့် မနေ့ညက လူနဲ့ တူနေသည်။
"အာ!" စုန့်ချင်းရှု ထိတ်လန့်ပြီး အသံထွက်အော်လုနီးပါးဖြစ်သွားသည်။ ထို့ကြောင့် အလျင်အမြန် ပြောလိုက်သည်၊ "လျောင်ပြည် တော်ဝင်မျိုးနွယ်ထဲက လူငယ်မျိုးဆက်ရဲ့ ထိပ်သီးသိုင်းသမား ရဲလုချီလည်း နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ကို ကျွမ်းကျင်တယ်လို့ ကြားပါတယ်"
"ရဲလုချီ?" ဒေါင်ဖန်းပုပိုင် စဉ်းစားတွေးတောနေပုံရပြီး ရုတ်တရက် ခေါင်းမော့ကာ ရယ်မောလိုက်သည်၊ "စုန့်သခင်လေးက သိုင်းလောကအကြောင်း တော်တော် နှံစပ်တာပဲ"
"ပုံမှန်ပါပဲ၊ လူတွေက သိုင်းလောကအကြောင်း အရာအားလုံးကိုသိသူလို့ ပြောနေကြတာ ကျွန်တော်ပါပဲ" စုန့်ချင်းရှု ယခုအချိန်တွင် ကြွားလုံးထုတ်ရန် ဂရုမစိုက်နိုင်တော့ဘဲ ဒေါင်ဖန်းပုပိုင်၏ အာရုံကို လွှဲပြောင်းရန်သာ ဆန္ဒရှိနေသည်။ မဟုတ်ပါက သူ မေးလေလေ၊ သံသယ ပိုများလေလေ ဖြစ်နေမည်။
“ဟားဟားဟား၊မိတ်ဆွေလေးစုန့်က သိုင်းလောက ဘက်စုံသိသူလို့ ကိုယ့်ကိုယ်ကိုယ် နာမည်ပေးထားမှတော့ ဒီတာဝန်က မင်းနဲ့ ကိုက်ညီတာပေါ့” ခန်းရှီက အထဲကို ဝင်လာပြီးနောက် သူ့စကားကို ကြားတော့ ရယ်မောလျက်ပြောလိုက်သည်။
"ဘာတာဝန်လဲ မသိဘူး" ဟု စုန့်ချင်းရှုက အံ့အားသင့်လျက် အရိုအသေပေးလိုက်ပြီးနောက် မေးလိုက်သည်။
ဘေးမှ ဒေါင်ဖန်းပုပိုင်အမြင်မှာ ခန်းရှီက အထက်စီးဆန်စွာပြုမူပြီး စုန့်ချင်းရှု၏ မျက်နှာတွင် နှိမ့်ချစွာ ပြုမူနေတာကို မြင်သောအခါ မနေ့ညက ခန်းရှီ၏ အချစ်ဆုံး မိဘုရားမီဖေးသည် စုန့်ချင်းရှုအောက်တွင် ဆန္ဒအလျောက် ကျိုးနွံနေခဲ့သည်ကို သတိရမိပြီး သူ၏ မျက်နှာအမူအရာသည် ထူးဆန်းစွာ ပြောင်းလဲသွားသည်။