ဒေါင်ဖန်းပုပိုင်အနေဖြင့် အခန်းထဲ မဝင်ခင် စုန့်ချင်းရှု တုန့်ပြန်မည့် အခြေအနေ မြင်ကွင်းများစွာကို စိတ်ကူးတွေးတောထားခဲ့သည်၊ ဥပမာ- စုန့်ချင်းရှုက မှောင်ရိပ်ထဲမှာ ပုန်းကွယ်နေပြီး သူ ဝင်လာတာနဲ့ အသက်လုတိုက်ခိုက်တာ၊ ဒါမှမဟုတ် တည်ငြိမ်ဟန်ဆောင်ပြီး သူနဲ့ ဖြည်းဖြည်းချင်း လှည့်ပတ်နေတာမျိုး...
ဘယ်လို မြင်ကွင်းမျိုးပဲ ဖြစ်စေ၊ ဒေါင်ဖန်းပုပိုင်အနေဖြင့် တစ်ဖက်လူက သူ့ နားနဲ့ မျက်စိက မလွတ်နိုင်ဘူးလို့ ယုံကြည်တယ်။ ဒါပေမဲ့ သူ တံခါးကို တွန်းဖွင့်ပြီး အခန်းထဲက မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်တဲ့အခါ မလှုပ်မယှက် တောင့်ခဲသွားခဲ့တယ်။
တကယ်တော့ ကုတင်ပေါ်မှာ အဝတ်တွေ ရှုပ်ပွနေပြီး တံခါးဖွင့်သံ ကြားတော့ စုန့်ချင်းရှုက လှည့်ကြည့်လိုက်တယ်။ ဒေါင်ဖန်းပုပိုင်မှန်း သိလိုက်တော့ မျက်နှာက ဖြူဖျော့သွားပြီး ကုတင်ဘေးက သစ်သားဓားကို မသိစိတ်ကနေ ဆွဲကိုင်လိုက်ကာ မျက်နှာမှာ ရုန်းကန်နေတဲ့ အမူအရာ ပေါ်လာတယ်။ ပထမဆုံး တုံ့ပြန်မှုကတော့ သတ်ပစ်ဖို့ပဲ ဖြစ်ပေမဲ့ ဒေါင်ဖန်းပုပိုင်ရဲ့ မြင့်မားလှတဲ့ သိုင်းပညာကို ကြောက်ရွံ့နေတယ်။
ဒေါင်ဖန်းပုပိုင်ရဲ့ အမြင်က အလွန်ထက်မြတ်တာကြောင့် စောင်အောက်မှာ မိန်းကလေး တစ်ယောက် ရှိနေတာကို မြင်ပြီးသားဖြစ်တယ်။ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမဲ့ ထွက်ပေါ်နေတဲ့ ရေခဲလို ကြည်လင်တဲ့၊ နှင်းလို ဖြူစွတ်တဲ့ နောက်ကျောကို ကြည့်ရုံနဲ့လည်း အလွန် လှပတဲ့ မိန်းမလှလေး တစ်ယောက် ဖြစ်ကြောင်း ပြောနိုင်တယ်။
"မိတ်ဆွေလေးစုန့်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ၊ ဒီနေ့ နန်းတော်ထဲမှာ လုပ်ကြံသူတွေ ရှိနေတာကို မင်းကတော့ ဒီမှာ အလှလေးရဲ့ နူးညံမှု့ကို ခံစားနေတာပဲ" ဒေါင်ဖန်းပုပိုင်က စုန့်ချင်းရှုကို ပြုံးစစနဲ့ ကြည့်လိုက်တယ်။
စုန့်ချင်းရှု မျက်နှာက ဖြူဖျော့သွားပြီး ဘာမှ မပြန်မပြောဘဲ ဘေးနားက နူးညံ့တဲ့ ကိုယ်ခန္ဓာကို စောင်နဲ့ တိတ်တဆိတ် ကာလိုက်တယ်။
ဒေါင်ဖန်းပုပိုင်ရဲ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားတယ်။ “စုန့်ချင်းရှု မင်း အရမ်း ရဲတင်းတာပဲ၊ နန်းတော်ထဲက မိန်းမတွေ အားလုံးက ဧကရာဇ်ရဲ့ မိန်းမတွေ၊ မင်းက သူ့မိန်းမကိုတောင် ထိရဲတာလား”
စုန့်ချင်းရှု အသံက နားထောင်လို့ မကောင်းဘဲ ခါးသီးစွာ ပြောလိုက်တယ်၊ "ဒီစုန့်က မိန်းမလှလေးတွေကို နှစ်သက်တဲ့ လူဆိုးတစ်ယောက်ပါ၊ ဒီနေ့ ဒီလို ဘေးဒုက္ခ ရောက်တာ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ... ဒေါင်ဖန်းဂိုဏ်းချုပ်၊ တိုက်မယ်ဆိုလည်း တိုက်ပါ၊ ဒေါင်ဖန်းဂိုဏ်းချုပ်ရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိပေမဲ့ လက်မှိုက်ချပြီး သေဖို့ စောင့်နေမယ့် လူမျိုးတော့ မဟုတ်ဘူး" ပြောပြီးတာနဲ့ ဓားကို ရှေ့မှာ ကန့်လန့်ဖြတ် ထောင်လိုက်ပြီး အသက်လုတိုက်ခိုက်မယ့် ဟန်ပန်မျိုးပြင်လိုက်တယ်။
"နေဦး!" ဒေါင်ဖန်းပုပိုင်က ထူးဆန်းတယ်လို့ ခံစားရတယ်၊ သူ တွေးထားတာနဲ့ ဘာလို့ မတူတာလဲ? ကုတင်ပေါ်က မိန်းကလေးကို တစ်ချက် ကြည့်ပြီး မေးလိုက်တယ်၊ "ဒီမိန်းမ ဘယ်သူလဲ?"
စုန့်ချင်းရှု မျက်နှာက တည်ငြိမ်မှု မရှိဘဲ စိတ်ထဲမှာ ရုန်းကန်နေတာ ထင်ရှားတယ်။ နောက်ဆုံးတော့ မပြောချင်တဲ့ လေသံနဲ့၊ "မီဖေး"
"မီဖေး?" ဒေါင်ဖန်းပုပိုင် အရမ်းထိတ်လန့်သွားတယ်။ ဒီမိန်းမက နန်းတွင်း ကိုယ်လုပ်တော် ဒါမှမဟုတ် နန်းတွင်း အစေခံလောက်ပဲဖြစ်မယ် ထင်ထားတာ၊ စုန့်ချင်းရှု အလွန်ရဲတင်းပြီး ဧကရာဇ်ခန်းရှီရဲ့ အချစ်ဆုံး မိဘုရား မီဖေးကိုတောင် စွန့်စားပြီး သွားပတ်သက်ရဲမယ်လို့ ဘယ်သူ တွေးမိမလဲ။
"အရှင်မ မီဖေး၊ စုန့်ချင်းရှု သင့်ကို အတင်းအဓမ္မ လုပ်ခဲ့တာလား?" ဒေါင်ဖန်းပုပိုင်က ကုတင်ပေါ်က မိန်းကလေးကို ကြည့်ပြီး အေးစက်စက်အသံနဲ့ မေးလိုက်တယ်၊ သူ့စိတ်ထဲမှာ စုန့်ချင်းရှုက သိုင်းပညာကို အားကိုးပြီး ဒီလို ဖောက်ပြန်တဲ့ အလုပ်မျိုး လုပ်ရင် သူ ဒီလို အမှိုက်တွေကို သူ့လက်နဲ့ ရှင်းပစ်ဖို့ ဝန်လေးမနေဘူးလို့ တွေးလိုက်တယ်။
"မဟုတ်ပါဘူး... ကျွန်မကိုယ်တိုင်... ကျွန်မကိုယ်တိုင် ဆန္ဒရှိပါတယ်" ကုတင်ပေါ်က မိန်းကလေးက ခဏတာ တုန့်ဆိုင်းနေပြီး အသံကလည်း ခြင်တစ်ကောင်ရဲ့ အသံလို တိုးညှင်းနေတယ်။
စုန့်ချင်းရှုက ဘေးနားက မိန်းကလေးကို မြတ်နိုးစွာ ကြည့်လိုက်ပြီး ပြန်လှည့်ကာ တစ်ခုခု နားလည်သွားသလိုမျိုး သစ်သားဓားကို မြေပြင်ပေါ် ပစ်ချလိုက်ကာ ညင်သာစွာပြုံးလျက် ပြောလိုက်တယ်၊ "ဒီစုန့်က ဂိုဏ်းချုပ်ရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိပါတယ်၊ အသေခံဖို့ ဆန္ဒရှိပါတယ်၊ ဂိုဏ်းချုပ်က သနားကြင်နာပြီး မီဖေးရဲ့ ဂုဏ်သိက္ခာ မဖျက်ဆီးဖို့ပဲ တောင်းဆိုပါတယ်"
"မလုပ်ပါနဲ့! ငါတို့ သေရင် အတူတူသေမယ်၊ နောက်ဘဝမှာ တရားဝင် အကြင်လင်မယား ဖြစ်ပါရစေ" စောင်အောက်ကနေ နှင်းလို ဖြူဖွေးတဲ့ လက်တစ်ဖက် ထွက်လာပြီး နူးညံ့ပေမဲ့ ခိုင်မာစွာနဲ့ စုန့်ချင်းရှုရဲ့ လက်ကို ဆွဲကိုင်လိုက်တယ်။
လူနှစ်ယောက် ရင်ထဲက ခံစားချက်တွေ ဖွင့်ဟနေတာကို မြင်တော့ ဒေါင်ဖန်းပုပိုင် စိတ်မရှည်တော့ဘူး။ သူ့စိတ်ထဲမှာ တွေးလိုက်တယ်၊ ကြည့်ရတာ လုပ်ကြံတဲ့သူက စုန့်ချင်းရှု မဖြစ်နိုင်ဘူး၊ လုပ်ကြံတဲ့သူ ဘယ်သူလဲဆိုတာ ငါ ဖွင့်ချလိုက်လျှင် အလွန်ဆုံး အပြစ်ဒဏ် သေဒဏ်ပဲရှိတယ်။ စုန့်ချင်းရှုကတော့ ဧကရာဇ်ရဲ့ မိဖုရားကိုမှ သွားရှုပ်ခဲ့တယ်၊ ဒါက တစ်ဆွေလုံး တစ်မျိုးနွယ်လုံး အသတ်ခံရနိုင်တဲ့ ကြီးမားတဲ့ ပြစ်မှုပဲ........
ဤသို့ တွေးမိသောအခါ ဒေါင်ဖန်းပုပိုင်က အေးစက်သောအသံဖြင့်၊ "မိုက်မဲတဲ့လူနဲ့ သနားစရာကောင်းတဲ့ မိန်းကလေး၊ ငါ့မှာ မင်းတို့ ကိစ္စတွေကို စိတ်ဝင်စားစရာ အချိန် မရှိဘူး။ မိတ်ဆွေလေးစုန့်မှာ အဖော်ပြုဖို့ မိန်းမလှလေး တစ်ယောက် ရှိနေပြီဆိုတော့ ငါ မင်းတို့ကို မနှောင့်ယှက်တော့ဘူး" စကားဆုံးသည်နှင့် သူ၏ ပုံရိပ်သည် ပေပေါင်းများစွာ အကွာအဝေးသို့ ပျောက်ကွယ်သွားတော့သည်။
"TVB ကို ကျေးဇူးတင်ပါတယ်၊ “A Step into the Past” ဇာတ်လမ်းတွဲက ဂူထန်းလော့ကို ကျေးဇူးတင်ပါတယ်..." ဒေါင်ဖန်းပုပိုင်ကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့ပြီဆိုတာတွေ့မှ စုန့်ချင်းရှုသည် မိမိကျောမှ အဝတ်များ ချွေးစေးများဖြင့် စိုရွှဲနေသည်ကို သတိထားမိလိုက်သည်။
အသက်အန္တရာယ်ရှိသော အရေးကြီးသော အခြေအနေတွင် စုန့်ချင်းရှုသည် TVB မှ ရိုက်ကူးခဲ့သည့် A step into the past ဇာတ်ကားကို အတုယူခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်ကားထဲတွင် ရှင်းလင်ကျွင်းက ရန်ရှောင်းလုံအား မင်းသမီးနှင့် အိပ်ခဲ့သည့် လျှို့ဝှက်ချက်ကို ပေးသိခဲ့ပြီး၊ ရှင်းလင်ကျွင်းက လုကုန်း၏ လျှို့ဝှက် မှတ်တမ်းကို သူ မခိုးယူခဲ့ကြောင်း ယုံကြည်စေခဲ့သည်။ ထိုဇာတ်လမ်းအတိုင်း ရှချင်းချင်းနှင့် လက်တွဲကာ အောင်မြင်စွာ သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စုန့်ချင်းရှုသည် ဒေါင်ဖန်းပုပိုင်က သူ့အကျိုးအမြတ်ကိုသာ ဂရုစိုက်ပြီး ဧကရာဇ်ကို သစ္စာခံသော၊ နိုင်ငံကို ချစ်သော မျိုးချစ်သူရဲကောင်းတစ်ဦး မဟုတ်ကြောင်း လောင်းကြေးထပ်ခဲ့သည်။
တကယ်ပင် ဒေါင်ဖန်းပုပိုင်သည် ဧကရာဇ်အား ဦးထုပ်စိမ်းစောင်းပေးသည် သိသော်လည်း ခန်းရှီထံ သတင်းပို့ရန် စိတ်ကူးမရှိပဲ လျစ်လျူရှုကာ ထွက်ခွာသွားခဲ့သည်။ စုန့်ချင်းရှုက တမင်တကာ ဖုံးကွယ်ထားခဲ့သည့်အတွက် သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို လုံးဝ သတိမထားမိခဲ့ပေ။
"ရှင် မြန်မြန် ဆင်းတော့!" ဘေးနားမှ ငိုသံစွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
စုန့်ချင်းရှု ကုတင်ပေါ်မှ ကမန်းကတန်း ခုန်ဆင်းလိုက်ပြီး ရှချင်းချင်းကို ကျောပေးကာ "ရွေးချယ်စရာမရှိလို့ ဒီလိုလုပ်ခဲ့ရတာပါ၊ ယွီယွီ နားလည်ပေးပါ" ဟု ပြောလိုက်သည်။
"ကျွန်မကို ယွီယွီလို့ မခေါ်ရဘူးလို့ ပြောပြီးပြီလေ!" ဒေါင်ဖန်းပုပိုင်ကို လှည့်စားရန်အတွက် စောင်အောက်မှ ရှချင်းချင်းသည် အတွင်းခံမှလွဲပြီး အဝတ်အစားအားလုံးချွတ်ထားရတာကြောင့် စုန့်ချင်းရှု၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိသောအခါ သူမ၏ လှပသော မျက်နှာလေး နီရဲလာပြီး ရေတွေ ထွက်ကျလုနီးပါး ဖြစ်သွားသည်။
"ဒါဆို မင်းကို ဘယ်လိုခေါ်ရမလဲ။ ချင်းချင်းလို့ခေါ်ရမလား" ယွီယွီဆိုသည့်နာမည်သည် သူတို့နှစ်ဦး၏ ကံကြမ္မာေရစက် သင်္ကေတဖြစ်တာကြောင့် စုန့်ချင်းရှုအနေဖြင့် သူမကို အခြားနာမည်ဖြင့် ခေါ်ရန် ဆန္ဒမရှိပေ။
"နောက်ဆို ကျွန်မကို ယွမ်ကတော်လို့ ခေါ်ပါ။" ရှချင်းချင်း အဝတ်အစားများ ဝတ်ပြီး စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆိုလိုက်သည်၊ "ယွမ်အစ်ကိုကြီးအတွက် လက်စားချေနိုင်မယ်ဆိုရင် ဘာမဆို ပေးဆပ်ဖို့ ဆန္ဒရှိတယ်!"
"ယွမ်ကတော်?" စုန့်ချင်းရှုက ခါးသီးစွာ ပြုံးလိုက်ပြီး "ခေါ်ရတာ ထူးဆန်းတယ်လို့ ခံစားရတယ်။”
ရှချင်းချင်းသည် သူ့ကို ဆက်မပြောတော့ပဲ ပြန်မေးလိုက်သည်၊ "ရှင် ခုနက ကျွန်မအတွက် လက်စားချေဖို့ နည်းလမ်းရှိတယ်လို့ ပြောတယ်နော်။အဲ့ဒါ ဘာလဲ"
စုန့်ချင်းရှု၏ အသက်ရှူသံ ရပ်တန့်သွားပြီး နောက်ဆုံးတွင် "ယွမ်ကတော်က ယွမ်သူရဲကောင်းရဲ့ ဆရာကို မေ့သွားပြီလား" ဟု ပြောလိုက်သည်။
"ယွမ်အစ်ကိုကြီးက ဟွာရှန်းဂိုဏ်းနဲ့ ကျွန်မအဖေ ရွှေမြွေဘုရင်ရဲ့ တပည့်ပါ" ရှချင်းချင်းက မသင်္ကာစွာ ပြောလိုက်သည်၊ "ကျွန်မအဖေက နှစ်ပေါင်းများစွာကတည်းက ဆုံးပါးသွားပြီ။ ယွမ်အစ်ကိုကြီးရဲ့ ဆရာ ဓားအင်မော်တယ်မျောက်ဝံ ဆိုတာကလည်း ယွမ်အစ်ကိုကြီးနဲ့ သိုင်းပညာအဆင့်က အတူတူလောက်ပဲ ရှိမယ်။ သူ့ကို ယွမ်အစ်ကိုကြီးအတွက် လက်စားချေခိုင်းတာက သူ့အသက်ကိုပါ ထိခိုက်စေနိုင်တယ်"
(ဓားအင်မော်တယ်မျောက်ဝံ ဆိုတာက မုရန်ချင်းရဲ့နာမည်ပြောင်ပါ)
စုန့်ချင်းရှု တံခါးကို ပြန်ပိတ်လိုက်ပြီး နောက်လှည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်၊ "အတိအကျပြောရရင် ယွမ်သူရဲကောင်းက ဟွာရှန်းဓားဂိုဏ်းရဲ့ တပည့်ပါ။ ဓားဂိုဏ်းမှာ သိုင်းပညာ အမြင့်ဆုံးက ဓားအင်မော်တယ်မျောက်ဝံ မုရန်ချင်း မဟုတ်ဘူး။ ဒေါင်ဖန်းပုပိုင်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ နောက်ထပ် တစ်ယောက် ရှိသေးတယ်။"
"ဘယ်သူလဲ" ရှချင်းချင်း၏ မျက်လုံးများ တောက်ပသွားပြီး ယွမ်အစ်ကိုကြီး၏ ဂိုဏ်းတွင် နောက်ထပ် သိုင်းပညာရှင်တစ်ဦး ရှိသေးတာလားလို့ တွေးလိုက်သည်။
"‘ကမ္ဘာ့နံပါတ်တစ် ဓားသမား’ လို့ နာမည်ကြီးတဲ့ ဟွာရှန်းဓားသူတော်စင် ဖုန်းချင်းယန်" စုန့်ချင်းရှု၏ အတွေးများက ချောက်ကမ်းပါးတွင် တိုက်ခိုက်ခဲ့သော တိုက်ပွဲဆီသို့ ပြန်ရောက်သွားသည်။
"ဖုန်းချင်းယန်?" ရှချင်းချင်းသည် ထိုလူအကြောင်းပတ်သက်၍ သိုင်းလောကမှ ကောလာဟလများကို သတိရမိသလိုမျိုး သူမ၏ လှပသော မျက်လုံးများတွင် မျှော်လင့်ချက် အလင်းတန်းလေး ထွက်ပေါ်လာသည်။
"ဟုတ်တယ်။ သူ့ကိုသာ တောင်ပေါ်ကနေ ထွက်လာဖို့ ဖိတ်ခေါ်နိုင်ရင် ဟွာရှန်းဓားဂိုဏ်းက ကျန်တဲ့သူတွေနဲ့ ပူးပေါင်းပြီး လက်စားချေဖို့ မဖြစ်နိုင်စရာ အကြောင်းမရှိဘူး" စုန့်ချင်းရှုက စိတ်ထဲမှ သက်ပြင်းချလိုက်သည်၊ "သူရဲကောင်းတစ်ယောက်ဟာ အလှတရားရဲ့ ဆွဲဆောင်မှု့ကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲတယ်ဆိုတဲ့ ဆိုရိုးစကားက တကယ်မှန်တာပဲ။ ငါ မန်ချူးမင်းဆက်မှာ ဒီလောက် အပင်ပန်းခံပြီး ကြိုးစားခဲ့တာတွေအားလုံးကို ရှချင်းချင်း တစ်ယောက်တည်းအတွက် လက်လျှော့လိုက်တာ တန်ရဲ့လား?
"ကောင်းပြီ၊ ကျွန်မ ချက်ချင်း ဟွာရှန်းကို သွားပြီး ဓားသူတော်စင်ဖုန်းကို တောင်ပေါ်ကနေ ထွက်လာဖို့ တောင်းဆိုမယ်။ ဖုန်းချင်းယန်ကို ဖိတ်ခေါ်နိုင်မလား ကြည့်ရမယ်" လက်စားချေမည့် အစီအစဉ်က ပေါ်လွင်လာပြီမို့ ရှချင်းချင်းက အခုပဲ ဟွာရှန်းကိုသွားရောက်ဖို့ မစောင့်နိုင်တော့ပေ။
"မိုးလင်းနေပြီ။ မင်း အခု နန်းတော်ကနေ ဘယ်လို ထွက်မလဲ" စုန့်ချင်းရှုက သူမကို မြန်မြန် ဆွဲထားလိုက်ပြီး "နောက်ပြီး ဒီရက်ပိုင်း ဒေါင်ဖန်းပုပိုင်က သေသေချာချာ စောင့်ကြည့်နေမှာ သေချာတယ်။ မင်း ထွက်သွားရင် သူ့လက်ထဲ အဖမ်းခံရလိမ့်မယ္။ ရက်အနည်းငယ်လောက် ဒီမှာ နေပြီး မင်းခင်ပွန်းအတွက် လက်စားချေမယ့် အစီအစဉ်ကို သေသေချာချာ ဆွေးနွေးကြတာပေါ့"
ရှချင်းချင်းသည် မျက်စောင်းထိုးကာ စုန့်ချင်းရှုကို စူးစမ်းသလိုကြည့်လိုက်ပြီး ရုတ်တရက် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်၊ "ရှင် ကျွန်မကို ဒီမှာ ရက်အနည်းငယ်လောက် နေစေချင်တာက မရိုးသားဘူး။ ကျွန်မကို အခွင့်အရေး ယူချင်တာလား"