ထိုင်ရှန်းဘက်က လူတွေက ဘာဖြစ်သွားလဲဆိုတာ ဖြည်းဖြည်းချင်း နားလည်လာကြပြီး သူတို့ရှေ့က အရာအားလုံးကို မယုံနိုင်စွာ ကြည့်နေကြတယ်။ ဘယ်သူမှ စကားတစ်ခွန်းမှ မပြောနိုင်ကြဘူး။ နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေတယ်။
“ရွှေမြွေဘုရင်က ဘယ်လိုလုပ် သေနိုင်တာလဲ”
“မဟာမိတ်ခေါင်းဆောင်က သိုင်းပညာအစွမ်းက ကမ္ဘာပေါ်မှာ အတော်ဆုံးပဲကို…”
ယွမ်ချန်းကျီနဲ့အတူ ပါလာတဲ့ လက်အောက်ခံအချို့ရဲ့ မျက်နှာတွေလည်း ဖြူဖျော့နေပြီး ကောင်းကင်ကြီးပြိုကျသွားသလို သူတို့ ခံစားလိုက်ရတယ်။
ဒေါင်ဖန်းပုပိုင် နောက်လှည့်ပြီး တောင်ပေါ်က ဆင်းဖို့ ပြင်နေတာကို မြင်တော့ ထိုင်ရှန်းဂိုဏ်းက လူတွေအားလုံး ထိတ်လန့်ဒေါသ ထွက်သွားကြတယ်။ ဒါပေမဲ့ သူ ပြသခဲ့တဲ့ နတ်ဘုရားလို သိုင်းပညာကို တွေးမိလိုက်တော့ ဘယ်သူမှ တားဆီးဖို့အတွက် စကားတစ်ခွန်းတောင် မပြောဝံ့ကြဘူး။
နောက်ဆုံးတော့ ဆရာတော်ဖန်ကျန်းကပဲ မေးလိုက်တယ်။
“မင်းက ဘယ်သူလဲ”
ဒေါင်ဖန်းပုပိုင် ခန္ဓာကိုယ် တခဏ ရပ်တန့်သွားတယ်။ ဘာမှ ပြန်မပြောပဲ အနီရောင်အရိပ်တစ်ချက် လင်းလက်သွားပြီး သူ့ခန္ဓာကိုယ်က မီးခိုးငွေ့လိုပဲ အဝေးကို ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်။ ရှည်လျားတဲ့ ရယ်သံတစ်ခုနဲ့အတူ “ကမ္ဘာကြီးရဲ့ အလှည့်အပြောင်းတွေကို ငါတို့ မျိုးဆက်က ဖန်တီးတယ်။ သိုင်းလောကထဲ ဝင်လိုက်တာနဲ့ အချိန်တွေကုန်တာမြန်လွန်းတယ်။ ဧကရာဇ်တွေရဲ့ အာဏာလုပွဲတွေကို ပြောဆို ရယ်မောရင်းနဲ့၊ ဘဝတစ်ခုလုံးကို မူးယစ်ပျော်ရွှင်စွာ ဖြတ်သန်းခြင်းက အနိုင်ရခြင်းပဲ ” ဆိုတဲ့ စကားသံတွေ ထွက်ပေါ်လာတယ်။
ထိုင်ရှန်းဂိုဏ်းက လူတွေ မျက်နှာက ဝမ်းနည်းကြေကွဲနေတာကို မြင်တော့ စုန့်ချင်းရှု ရှေ့ထွက်ပြီး ပြောလိုက်တယ်၊ "ကျွန်ုပ်တို့ရဲ့ အရင် သဘောတူညီချက်အရ သုံးပွဲမှာ နှစ်ပွဲနိုင်ရင်အနိုင်ရတယ်၊ ဒါကြောင့် မင်းတို့ ရှုံးသွားပြီ။ သဘောတူညီချက်အရ ထိုင်ရှန်းဂိုဏ်းက ဧကရာဇ်ရဲ့အမိန့်ကို လက်ခံရလိမ့်မယ်။"
ထိုင်ရှန်းဂိုဏ်းချုပ် တာအိုသခင်ထျန်းမင်ကတော့ မျက်နှာပျက်ကာ စိတ်ထဲမှာ တွေဝေနေပြီး မသိစိတ်ကနေ တီးတိုး ရေရွတ်လိုက်တယ်။ “ရွှေမြွေဘုရင်တောင် သေသွားပြီဆိုတော့ ထိုင်ရှန်းဂိုဏ်းက ငါ့လက်ထဲမှာပဲ တကယ်ပဲ ပျက်စီးတော့မှာလား”
စုန့်ချင်းရှုက အခု တောင်ပေါ်က လူတွေ အားလုံး အလွန်စိတ်ထိခိုက်နေမှန်း သိတာကြောင့် ပိုပြီး မနှိုးဆွရဲဘူး။ အကယ်၍ ပြိုင်ဘက်က အစုလိုက်အပြုံလိုက် တိုက်ခိုက်လာရင် စုန့်ချင်းရှုလည်း ထွက်ပြေးရုံပဲ ရှိတော့တယ်။ ပြိုင်ဘက်က သူ့ကို ထိန်းချုပ်ထားလို့ မရဘူးဆိုရင်တောင် သူ့ရဲ့ ခန့်ညားတဲ့ ပုံရိပ်ကို ထိခိုက်စေမှာပဲ။
"မနက်ဖြန် သံတမန် စေလွှတ်ပြီး တော်ဝင်အမိန့်ကို ဖတ်ပြပါလိမ့်မယ်။ ဒီနေ့တော့ ကျွန်တော်တို့ အရင် ပြန်ပါတော့မယ်" စုန့်ချင်းရှု ပြောပြီးတာနဲ့ ကျူးမိုကျိနဲ့ ဒိုလုံကို ခေါ်ပြီး တောင်ပေါ်ကနေ တန်းဆင်းသွားတယ်။
"ဘာ! ယွမ်ခေါင်းဆောင် သေပြီလား?" တောင်ပေါ်က တိုက်ပွဲအခြေအနေကို ကြားတော့ ဝေရှောင်ပေါင် အံ့ဩဝမ်းသာစွာ မတ်တပ်ရပ်ပြီး ခေါက်တုံ ခေါက်ပြန် လမ်းလျှောက်နေတယ်။
စိတ်ထဲမှာ စဉ်းစားလိုက်တယ်၊ အခု ယွမ်ချန်းကျီ သေသွားပြီဆိုတော့ ရွှေမြွေတပ်စခန်းက ခေါင်းဆောင်မဲ့နေမှာပဲ။
အခုချိန်သာ စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ရင် ပြိုင်ဘက်က အားနည်းပြီး ဒုက္ခရောက်နေမှာ သေချာတယ်။ ငါ ဝေရှောင်ပေါင် ဒီလို ကြီးကျယ်ခမ်းနားတဲ့ အကျိုးဆောင်မှုကို လုပ်ပြနိုင်ရင် ရှောင်ရွမ်းဇီက ငါ့ကို ဘာဆု ချီးမြှင့်မလဲ။ မြို့စားရာထူးက အနိမ့်ဆုံး ရမှာ သေချာတယ်၊ မှူးမတ်ရာထူးလည်း မဖြစ်နိုင်တာ မဟုတ်ဘူး…
ဆုံးဖြတ်ချက် ချပြီးတာနဲ့ ဝေရှောင်ပေါင် ချက်ချင်း ထရပ်လိုက်တယ်။ “ရွှေမြင်းစီးတပ်က ညီအစ်ကိုတွေကို အကြောင်းကြားလိုက်။ ချက်ချင်း ပြင်ဆင်ပြီး ထွက်ခွာ။ ပစ်မှတ်က မိုင်သုံးဆယ်အကွာမှာ တပ်စွဲထားတဲ့ ရွှေမြွေတပ်က ပုန်ကန်သူတွေပဲ”
ဒိုလုံ မျက်နှာက ထူးဆန်းနေပြီး ရုတ်တရက် မတ်တပ်ရပ်ပြီး ပြောလိုက်တယ်၊ "ဧကရာဇ်မင်းရဲ့ နှုတ်မိန့်တော်ရှိတယ်၊ ဝေရှောင်ပေါင်၊ အမိန့်တော် ခံယူပါ"
“မင်းအဘိုး ဒါ ဘာလုပ်တာလဲ၊ ရှောင်ရွမ်းဇီ ဘာကစားကွက် ကစားနေတာလဲ?" ဝေရှောင်ပေါင် အံအားသင့်သွားပြီး ချက်ချင်း ဒူးထောက်ကာ အမိန့်တော်ကို ခံယူလိုက်တယ်။
"ရှောင်ကွေ့ဇီ နားထောင်၊ ဒေါင်ဖန်းသခင် ပေါ်လာတာနဲ့တစ်ပြိုင်နက် မြင်းစီးစစ်တပ်နဲ့အတူ ချက်ချင်း ပြန်လာရမယ်။ တခြား အတွေး မရှိစေရဘူး။ အကယ်၍ ဆုကို လိုချင်ပြီး ရူးမိုက်စွာနဲ့ရှေ့တိုးရင် မင်း နင်ဂူတာကို သွားစောင့်ရလိမ့်မယ်"
(ဘာသာပြန်သူ နင်ဂူတာသည် တရုတ်မြောက်ပိုင်း တွင် တည်ရှိပြီး ဆိုက်ဘေးရီးယားနယ်စပ် အနီးတွင် ရှိသည်။ချင်မင်းဆက်တွင် နိုင်ငံရေးအရ ဆန့်ကျင်သူများကို ဤနေရာသို့ ပြည်နှင်ဒဏ်ပေးလေ့ရှိခဲ့သည်။ ဆောင်းရာသီတွင် အပူချိန် -30°C အထိ ကျဆင်းတတ်ပြီး လူနေထိုင်ရန် အလွန်ခက်ခဲသော ဒေသဖြစ်သည်။)
မထွက်ခွာခင် ခန်းရှီက သူ့ကို တိတ်တဆိတ် မှာကြားခဲ့တဲ့ နှုတ်မိန့်တော်ကို သတိရတော့ ဒိုလုံ မျက်နှာကြော တင်းသွားတယ်။
ဝေရှောင်ပေါင် စိတ်ထဲမှာတော့ မကျေနပ်ဘူး။ ဒီလို ကောင်းကင်က ပေးတဲ့ အခွင့်အရေးမျိုးကို အရယူပြီး ဆက်မလိုက်တာက အရမ်း နှမြောစရာကောင်းတယ်လို့ ထင်တယ်။
သူ ပြောလိုက်တယ်၊ "ပြဇာတ်ထဲမှာ ပြောသလိုပဲ၊ စစ်သူကြီးက အပြင်မှာ ဧကရာဇ်ရဲ့ အမိန့်က နန်းတွင်းမှာ..."
“မလိုက်နာပဲ........ငါတို့.....”
စုန့်ချင်းရှုက ကြားဖြတ် ပြောလိုက်တယ်။“ဝေညီလေး၊ ဧကရာဇ်ရဲ့ နှုတ်မိန့်တော်ကို နားထောင်ပါ။ သူက ဒီနေ့ အခြေအနေကို ကြိုတင်ခန့်မှန်းထားပုံရတယ်။ ပြီးတော့ နှုတ်မိန့်တော်ထဲက စကားလုံးတွေက အရမ်းပြင်းထန်တယ်။ ဝေညီလေး ကိုယ့်ကိုကိုယ် အန္တာရာယ်မဖြစ်စေနဲ့”
ဝေရှောင်ပေါင် ထိတ်လန့်တုန်လှုပ်သွားတယ်။ သူ့စိတ်ထဲမှာ ရှောင်ချီက အမြဲတမ်း နက်နဲပြီး ခန့်မှန်းရခက်တယ်။ သူရဲ့ ဉာဏ်ပညာက ကျူးကော့လျန်ထက်တောင် ပိုထက်မြက်တယ်။ သူကိုယ်တိုင် လောဘကြောင့် တကယ်ပဲ အမှောင်ဖုံးခဲ့တာပဲ...... ကံကောင်းတယ်...
"စုန့်အစ်ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဝေရှောင်ပေါင်က ခုနက လောဘကြောင့် စိတ်လောသွားခဲ့တာ၊ အခုတော့ ချက်ချင်း သတိပြန်ဝင်လာပြီး "ရဲမက်တွေကို အကြောင်းကြားလိုက်၊ ငါတို့ ချက်ချင်း မြို့တော်ကို ပြန်မယ်"
------------
သုံးရက်အကြာမှာ ယန်ကျင်း၊ တားမြစ်နန်းတော်၊ တော်ဝင်စာကြည့်တိုက်ထဲမှာ…
“ဧကရာဇ်၊ ဒီတစ်ခါ ကျွန်တော်မျိုး အမိန့်တော်အတိုင်း ကျွန်တော်မျိုးတို့ရဲ့ ချင်မင်းဆက်လက်အောက်က သိုင်းလောကကို ပြန်လည် စုစည်းခဲ့ပါတယ်။ ဂိုဏ်းပေါင်းစုံက နန်းတော်ကို သစ္စာခံကြပါပြီ” ဝေရှောင်ပေါင် ခန်းရှီကို မြင်တာနဲ့ သူ့ရဲ့အောင်မြင်မှု့တွေကို တမင်တကာ ဖော်ပြလိုက်တယ်။
"တော်ပြီ တော်ပြီ၊ မင်း ပင်ပန်းသွားတာကို ငါ သိပါတယ်" ခန်းရှီက ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီး သူ့ရဲ့ အစီရင်ခံစာတွေကို ဆက်ဖတ်နေတယ်။
ဝေရှောင်ပေါင် အံ့အားသင့်သွားပြီး ဒီအချိန်ဆို ရှောင်ရွမ်းဇီက သူ့ကို ဆုကြီးကြီးမားမား ချီးမြှင့်သင့်ပြီလို့ သူထင်နေတာ။ ငါပြောတာမလုံလောက်သေးဘူးလို့တွေးမိပြီး မျက်နှာပြောင်ပြောင်နဲ့ ပြောလိုက်တယ်။ “ဧကရာဇ်၊ အစီရင်ခံပါတယ်၊ ဒီတစ်ခါ ကျွန်တော်တို့က ပုန်ကန်သူ ယွမ်ချန်းကျီကိုလည်း သတ်ပစ်နိုင်ခဲ့ပါတယ်”
“အင်း?” ခန်းရှီ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး နောက်ဆုံးတော့ အစီရင်ခံစာတွေကိုဘေးချလိုက်ကာ ဝေရှောင်ပေါင်ကို ပြုံးစစနဲ့ မေးလိုက်တယ်။ “ငါက ဒေါင်ဖန်းပုပိုင်ကို တိတ်တဆိတ် စေလွှတ်ပြီး ယွမ်ချန်းကျီကို သတ်ခိုင်းခဲ့တာပဲ။ ဘယ်လိုလုပ် မင်းရဲ့ ဂုဏ်ပုဒ် ဖြစ်သွားတာလဲ”
“အိုး၊ သွားပြီ! ရှောင်ရွှမ်းဇီရဲ့ ဂုဏ်ပုဒ်ကို လုယူမိပြီ” ဝေရှောင်ပေါင် နှလုံးသားက တုန်ခါသွားတယ်။ ကံကောင်းစွာနဲ့ သူက အမြဲတမ်း လိမ္မာပါးနပ်ပြီး အပြောင်းအလဲ မြန်တာကြောင့် ချက်ချင်း လက်မထောင်ပြီး ပြောလိုက်တယ်၊ "ဧကရာဇ်မင်းမြတ်က တကယ်ပဲ နက်နဲပြီး ခန့်မှန်းရခက်လှပါတယ်။ ကျွန်တော်တို့ အမှားလုပ်မိမှာကို ကြိုတင်ခန့်မှန်းထားတာကြောင့် ဒေါင်ဖန်းသခင်ကို လျှို့ဝှက် ကူညီဖို့ ကြိုတင် စေလွှတ်ခဲ့တာပဲ"
“ရှောင်ပေါင်၊ အခုချိန်အထိ ငါက သိုင်းလောကကို ပြန်လည် စုစည်းချင်တယ်လို့ မင်း ထင်နေသေးလား?” ခန်းရှီရဲ့ လေသံထဲမှာ ဂုဏ်ယူမှုက မဖုံးကွယ်နိုင်ဘူး။
“ဒါဆို…” ဝေရှောင်ပေါင် မျက်နှာက တွေဝေနေပြီး စုန့်ချင်းရှုလည်း စိတ်ထဲမှာ တစ်ချက် လှုပ်ရှားသွားကာ ခန်းရှီကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။
“ဟုတ်တယ်။ သေးငယ်တဲ့ သိုင်းလောကတစ်ခုကို ငါ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ ငါ့ရဲ့ ပစ်မှတ်က ယွမ်ချန်းကျီနဲ့ သူ့ရဲ့ ရွှေမြွေစစ်တပ်ပဲ။ ငါလူအားလုံးရဲ့အမြင်ကို ဆန့်ကျင်ပြီး မင်းတို့ကို သိုင်းလောကတစ်ခုလုံးကို စည်းရုံးသိမ်းပိုက်ဖို့ စေလွှတ်ခဲ့တာက မင်းတို့ ရှန်တုန်းနယ်မြေထဲကို ရောက်တာနဲ့ ရှန်တုန်းက ဂိုဏ်းတွေအားလုံးက ယွမ်ချန်းကျီဆီ အကူအညီ တောင်းခံလိမ့်မယ်လို့ ငါ တွက်ချက်ထားတာကြောင့်ပဲ” ခန်းရှီရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အလင်းတန်းတစ်ခု လင်းလက်သွားပြီး ဆက်ပြောလိုက်တယ်။ “ငါက ဒေါင်ဖန်းပုပိုင်ကို လျှို့ဝှက်စေလွတ်ထားတာက ယွမ်ချန်းကျီ သူ့ရဲ့ အခြေစိုက်စခန်းကနေ ထွက်လာတာနဲ့ သူ့ကို သတ်ဖို့ အခွင့်အရေးရှာပြီး ချင်မင်းဆက်အတွက် ကြီးမားတဲ့ ရန်သူတစ်ယောက်ကို ဖယ်ရှားဖို့ပဲ”
“ဒီတစ်ခါ ကျွန်တော်မျိုး ဧကရာဇ်ကို လေးစားမှုက တကယ်ပဲ တသွင်သွင်စီးဆင်းနေတဲ့ရေလို၊ မြစ်ဝါမြစ် ရေကြီးသလိုပဲ၊ စဉ်ဆက်မပြတ်နဲ့ မထိန်းချုပ်နိုင်အောင်ပါပဲ” ဝေရှောင်ပေါင် အံ့အားသင့်စွာနဲ့ ပါးစပ် မပိတ်နိုင်အောင် ဖြစ်နေတာက ခန်းရှီကို အတော်လေးကျေနပ်စေတယ်။
“ဒါဆို အရင်က တခြားပြည်နယ်တွေက သိုင်းလောကသားတွေကို တိုက်ခိုက်တာက ယွမ်ခေါင်းဆောင်ကြီးကို လှည့်စားဖို့သက်သက်ပဲလား”
“မှန်တယ်” ခန်းရှီ ခေါင်းညိတ်လိုက်တယ်။ “ငါသာ မင်းတို့ကို ရှန်တုန်းကို တိုက်ရိုက် စေလွှတ်ရင် ယွမ်ချန်းကျီ သံသယဝင်မှာ သေချာတယ်။ သူ ဒီလောက် လွယ်လွယ်ကူကူ အကွက်ဆင်ခံရမှာ မဟုတ်ဘူး။ သူက မင်းတို့ တခြားပြည်နယ်တွေက ဂိုဏ်းတွေကို ရှင်းလင်းတာ မြင်တော့ ငါက တကယ်ပဲ သိုင်းလောကကို ပြန်လည် စုစည်းချင်တယ်လို့ သူ ထင်သွားမှာပဲ။ ဟားဟားဟား…”
“ဧကရာဇ်က ဘာလို့ ကျွန်တော်တို့ အနိုင်ရပြီးနောက် ဆက်မလိုက်ဖို့၊ ရွှေမြွေစစ်တပ်ကို မဖျက်ဆီးဖို့ အမိန့်ပေးတာလဲ” စုန့်ချင်းရှုက အမြဲတစေ စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်။ ဒီအခြေအနေကို သူ ပိုနှစ်သက်ပေမဲ့ ခန်းရှီရဲ့ လုပ်ရပ်မှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ် ရှိမှာ သေချာတယ်။ သူ့ကိုယ်သူ ကြိုတင်ကာကွယ်ထားတာ ပိုကောင်းမယ်။
“သူလျှိုတွေရဲ့ အစီရင်ခံစာအရ မကြာသေးခင် တစ်နှစ်အတွင်း ရွှေမြွေစစ်တပ်က ခေါင်းဆောင်တွေအားလုံးက မရိုးသားတဲ့ စိတ်တွေ ရှိနေကြတယ်။ ယွမ်ချန်းကျီရဲ့ အရှိန်အဝါက ဖိနှိပ်ထားလို့သာ သူတို့က အချင်းချင်း မတိုက်ခိုက်သေးတာ။ အခု ယွမ်ချန်းကျီ သေဆုံးသွားပြီဆိုတော့ သူတို့ ခေါင်းဆောင်ရာထူးအတွက် တစ်ယောက်နဲ့တစ်ယောက် သွေးချောင်းစီးအောင် တိုက်ခိုက်ကြမှာ သေချာတယ်။ မင်းတို့ အခု တိုက်ခိုက်ရင် သူတို့က အချင်းချင်း စုစည်းသွားပြီး ပြင်ပရန်သူကို တိုက်ခိုက်ဖို့ ပူးပေါင်းသွားအောင် ဖိအားပေးမိသလို ဖြစ်သွားနိုင်တယ်။ ဒါဆိုရင် ကိစ္စတွေ ပိုရှုပ်သွားလိမ့်မယ်" ခန်းရှီက စုန့်ချင်းရှုကို ကြည့်ပြီး ခပ်ပါးပါး ပြုံးလိုက်တယ်။
"ဧကရာဇ်မင်းမြတ်က တကယ်ပဲ ထက်မြက်ပါတယ်။ ဒါဆို သူတို့ ခွေးချင်းကိုက်ပြီး အကြီးအကျယ် သေကြေပျက်စီးတဲ့အခါ ကျွန်တော်တို့က တံငါသည် လုပ်ရမှာပေါ့…..." ဝေရှောင်ပေါင်ရဲ့ ချီးကျူးစကားသံက ထပ်မံ ထွက်ပေါ်လာတယ်။ စုန့်ချင်းရှုကတော့ သူ့ကျောပေါ်မှာ ချွေးအေးတွေ စိမ့်ထွက်လာတာကို ခံစားလိုက်ရတယ်။
သူ အရင်က ဇာတ်လမ်းကို ကောင်းကောင်း သိပြီး တခြားကမ္ဘာကလာတဲ့သူဖြစ်လို့ ဒီကမ္ဘာက လူတွေကို Intelligence NPC လိုပဲ သဘောထားခဲ့တယ်။ အခုမှ ဒီကမ္ဘာမှာ ထက်မြက်တဲ့ လူတော်တော်များများ ရှိတယ်ဆိုတာ သူ သိလိုက်ရတယ်။ ဂရုမစိုက်ရင် သူများ ရောင်းစားတာခံရပြီး ပိုက်ဆံတောင် ကိုယ်တိုင်ရေတွက်ပေးနေရလိမ့်မယ်။