ချုံးရှူခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ညာဘက်သို့ လှည့်လိုက်သည်။ ဘယ်လက်က ဓားကို အပေါ်သို့ မြှောက်ထားပြီး ဓားကို ရင်ဘတ်ရှေ့မှာ ကန့်လန့်ဖြတ်ထားသည်။ လက်နှစ်ဖက်ကို စက်ဝိုင်းပုံစံ ဆန့်ကျင်ဘက်ထားကာ ဘောလုံးတစ်လုံးကို ပွေ့ထားသကဲ့သို့ ရှိသည်။ လူတွေက သူ့ဓား မထုတ်သေးခင်ကတည်းက အရှိန်အဝါ ပြည့်ဝနေတာကို မြင်တော့အားလုံးက လေးစား အံ့အားသင့်နေကြသည်။
ညာဘက်လက်က ဓားကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ဘယ်ဘက်လက်က ဓားက တဆတ်ဆတ်တုန်ခါနေတယ်။ ရုတ်တရက် ဖြောင့်တန်းစွာ ထိုးလိုက်ပြီး ဓားထိပ်ဖျားက မြန်မြန်ဆန်ဆန် တုန်ခါနေတော့ ဘယ်ကို တိုက်ခိုက်မယ်ဆိုတာ မသိလိုက်ရဘူး။ စုန့်ချင်းရှုရဲ့ ကိုယ်ခန္ဓာ အပေါ်ပိုင်းက အဓိက သိုင်းကြော ခုနစ်ခုကို ဝန်းရံထားတယ်။ ကျူးမိုကျိ စိတ်ထဲမှာ ဝမ်းသာသွားပြီး တာအိုသခင်ရဲ့ အားနည်းချက် သုံးခုကို မြင်လိုက်တယ်။ စုန့်ချင်းရှုကို သတိပေးရန် ပြောဖို့ပြင်နေတုန်းပဲ၊ ပြိုင်ဘက်ရဲ့ ဓားချက်က မပြီးဆုံးသေးဘဲနဲ့ စက်ဝိုင်းပုံစံလှည့်ပတ်သွားတယ်။ ရုတ်တရက်ဆိုသလို လူတိုင်းရဲ့ မျက်စိရှေ့မှာ အဖြူရောင် စက်ဝိုင်းများစွာ ပေါ်လာတယ်။ အကြီး၊ အသေး၊ အတည့်၊ အစောင်း၊ စက်ဝိုင်းများစွာ တလတ်လတ်တောက်ပနေတယ်။ ကျူးမိုကျိ မျက်စိတစ်မှိတ်အတွင်းမှာပဲ အရင်က မြင်ခဲ့တဲ့ အားနည်းချက်တွေ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်။
ချုံးရှူရဲ့ ဓားချက်မှာ ထွက်ပေါ်လာတဲ့ အလင်းစက်ဝိုင်းတွေ များသည်ထက် များလာတယ်။ ခဏအကြာမှာ သူ့ကိုယ်ခန္ဓာ တစ်ခုလုံး အလင်းစက်ဝိုင်းတွေ အများကြီးကြားထဲမှာ ပျောက်ကွယ်သွားပြီ။ စက်ဝိုင်းတစ်ခု ပျောက်ကွယ်သွားလျှင် နောက်တစ်ခုက ထပ်ပေါ်လာတယ်။ ဓားက မြန်ဆန်လွန်းပေမဲ့ ဓားသွားတွေ လေခွဲသံကို နည်းနည်းလေးမှ မကြားရဘူး။ ဒါက ဓားရဲ့ လိုက်လျောညီထွေရှိမှု့က(ဓားနဲ့တသားတည်းကျမှု့) အဆင့်အမြင့်ဆုံးကို ရောက်နေပြီဆိုတာ ပြသနေတယ်။ ဒီနေရာက လူတွေက သူ့ဓားသိုင်းထဲက အားနည်းချက်ကို ဘယ်လိုမှ ရှာမတွေ့နိုင်တော့ဘူး။ ထောင်ပေါင်းများစွာသော ဓားတွေက သူ့ကိုယ်ခန္ဓာ တစ်ခုလုံးကို ကာကွယ်ပေးထားသလိုပဲ ခံစားရတယ်။ ထိုက်ချိဓားသိုင်းသည် သူ၏ ဂုဏ်သတင်းနှင့်လုံးဝထိုက်တန်သည်ဟု လူအားလုံး အံသြတုန်လှုပ်စွာဖြင့်ခံစားလိုက်ရသည်။
စုန့်ချင်းရှု နှုတ်ခမ်းထောင့်ကနေ အပြုံးတစ်ပွင့် ပေါ်လာတယ်။ သစ်သားဓားကို ဆွဲထုတ်လိုက်ပြီး နဂါးနိုင်လက်ဝါးသိုင်း ဆယ့်ရှစ်ကွက်ထဲက နဂါးလေဟုန်စီး(ပျံသန်းနေသောနဂါး) သိုင်းကွက်နဲ့ ကောင်းကင်ကနေ ကျဆင်းလာတယ်။ သစ်သားဓားက ပြိုင်ဘက်ရဲ့ အလင်းစက်ဝိုင်းထဲက အတောက်ပဆုံးနေရာကို တိုက်ရိုက် တိုက်ခိုက်လိုက်တယ်။
“မဖြစ်နိုင်ဘူး!” ကျူးမိုကျိက သူ စိတ်လွတ်နေပြီလို့ ထင်လိုက်တယ်။ ဒီဓားချက်နဲ့ တည့်တည့်ထိုးလိုက်ရင် ပြိုင်ဘက်ရဲ့ ဓားရှည်က သူ့လက်မောင်းကို လှီးဖြတ်သွားမှာ မဟုတ်ဘူးလား။
လူအုပ်ထဲက ကျန်တဲ့ သိုင်းပညာရှင်တွေကလည်း စုန့်ချင်းရှု အရမ်း မာနကြီးလွန်းတယ်၊ တစ်ချက်တည်းနဲ့ အနိုင်ယူဖို့ ကြိုးစားနေတယ်လို့ ထင်ကြတယ်။ ဒီလိုမျိုး ပြိုင်ဘက်ရဲ့ ဓားရောင် အတောက်ပဆုံးနေရာကို ပြေးဝင်ရင် ရှုံးဖို့ပဲ ရှိတယ်လို့ ထင်ကြတယ်။
ဒါပေမဲ့ သံနဲ့ ရိုက်ခတ်သံအချို့ ကြားပြီးနောက် တာအိုသခင်ချုံရှူ ငါးလှမ်းတိတိ နောက်ဆုတ်သွားတယ်။ လက်ထဲမှာ ကျန်နေတဲ့ ဓားတဝက်ကို ကြည့်ရင်း မျက်နှာက ဖြူဖျော့သွားပြီး မယုံကြည်နိုင်စွာနဲ့ “ငါ ရှုံးပြီ~” လို့ ပြောလိုက်တယ်။
အဲ့ဒီနေရာက လူတွေအားလုံး ထိတ်လန့်တကြား ထရပ်လိုက်ကြတယ်။ ဘယ်သူမှ မထင်ထားခဲ့ဘဲ အခြေအနေက ရုတ်တရက် ပြောင်းပြန်လှန်သွားတယ်။ သိုင်းပညာ အဆင့်နိမ့်တဲ့ လူတွေက ဘာဖြစ်သွားလဲဆိုတာ လုံးဝ နားမလည်ခဲ့ကြဘူး။
ကျူးမိုကျိ၊ ဖန်ကျန်း၊ ကျိုးလန်ချန်း စတဲ့ လူတွေက အနည်းငယ် ထူးဆန်းတာကို မြင်လိုက်ရတယ်။ ထိုက်ချိဓားသိုင်းရဲ့ စက်ဝိုင်းပုံ အလယ်ဗဟိုဟာ အားနည်းချက် ဖြစ်နေပုံရတယ်။ ဒီအားနည်းချက်ကို ကျန်းဆန်းဖုန်းမှလွဲ၍ တာအိုသခင်ချုံးရှူကိုယ်တိုင်တောင် မသိနိုင်ဘူးလို့ ခန့်မှန်းရတယ်။ စုန့်ချင်းရှုက တစ်ချက်တည်းနဲ့ သိနိုင်တယ်ဆိုတာ တွေးမိတော့ သူတို့ စိတ်ထဲမှာ စုန့်ချင်းရှုရဲ့ စွမ်းအားကို ပြန်ပြီး ဆန်းစစ်စပြုလာတယ်။
စုန့်ချင်းရှုက သူ့ကိုယ်သူ ကံသီပေလို့ပေါ့။ ခုနက သူ မာနကြီးစွာနဲ့ ရန်စနေတာက ပြိုင်ဘက်ကို ဒေါသထွက်အောင် လုပ်ချင်လို့ပဲ။
တစ်ချက်တည်းနဲ့ အနိုင်ယူဖို့ သဘောတူညီချက်အရ ချုံးရှူက သူ့ရဲ့ အခြေအနေက မရေရာတော့တဲ့အခါ သေချာစေဖို့အတွက် အကောင်းဆုံး ကာကွယ်ရေးဓားသိုင်းကို ထုတ်သုံးမှာပဲ။ တကွက်ထဲ မရှုံးနိမ့်အောင် လုပ်ချင်တာပေါ့။
ဒါပေမဲ့ စုန့်ချင်းရှုက မူရင်း ဇာတ်လမ်းကို သိတဲ့ ဇာတ်ကောင်ဖြစ်နေတာကြောင့် ထိုက်ချိဓားသိုင်းရဲ့ အားနည်းချက်က အလင်းစက်ဝိုင်းထဲက အတောက်ပဆုံးနေရာမှာ ရှိနေတာကို သေချာပေါက် သိနေတာပေါ့။ တကယ်လို့ တာအိုသခင်ချုံးရှူက သာမန် ဓားသိုင်းနဲ့ စုန့်ချင်းရှုကို တိုက်ခိုက်ခဲ့ရင် သူ့ရဲ့ ဓားသိုင်းကျွမ်းကျင်မှုအရ သိုင်းကွက်တစ်ရာ အတွင်းမှာတောင် နှစ်ယောက်စလုံး အနိုင်အရှုံး ခွဲခြားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တာအိုသခင်ချုံးရှူက နောက်ဆုံးမှာ စုန့်ချင်းရှု အားနည်းချက်ကို သိနေတဲ့ ထိုက်ချိဓားသိုင်းကို ရွေးချယ်ခဲ့တာ...
ဂိုဏ်းထဲက ငယ်ရွယ်တဲ့ တပည့်တစ်ယောက်က တစ်ချက်တည်းနဲ့ အနိုင်ယူခံလိုက်ရတာကြောင့် တာအိုခင်ချုံးရှူအနေဖြင့် သဘောထားကြီးမားသူဖြစ်သော်လည်း သူ့ကိုယ်သူ အရှက်ရနေသည်။
တာအိုသခင်ချုံးရှူက “ဒီနေရာမှာ ဆက်နေဖို့အတွက် မျက်နှာမပြရဲတော့ဘူး။ ကျဲန်းဝူကျောင်းကို ပြန်ပြီး ဓားသိုင်း လေ့လာလိုက်ဦးမယ်" ဟု ပြောပြီး လူအများရဲ့ တားဆီးမှုကို ဂရုမစိုက်ဘဲ စိတ်ပျက်အားငယ်စွာ တောင်အောက်သို့ ဆင်းသွားသည်။
"ငါ ဝူတန်ဂိုဏ်းရဲ့ ပြဿနာတွေက ပြေလည်တော့မှာ မဟုတ်ဘူးထင်တယ်" စုန့်ချင်းရှု သက်ပြင်းချပြီး ကျိုးလန်ချန်းကို မော့ကြည့်ကာ "ကျိုးမဟာမိတ်ခေါင်းဆောင်၊ ခင်ဗျား အလှည့်ရောက်ပြီ မဟုတ်လား?"
ကျိုးလန်ချန်း မျက်နှာက ဖြူလိုက်မည်းလိုက်နဲ့ တခုခုကို တုန့်ဆိုင်းနေတဲ့ပုံပဲ။ ကျိုးလန်ချန်း စိတ်ထဲမှာတော့ သူ့သိုင်းပညာက ချုံးရှူနဲ့ သိပ်မကွာဘူးလို့ စိတ်ထဲမှာ စဉ်းစားနေတယ်။ ချုံးရှူကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာ...
ဒါပေမဲ့ သူက နောက်ဆုံးတော့ သူရဲကောင်းတစ်ဦးပဲဖြစ်တယ်။ သူ့စိတ်ထဲမှာ တစ်ချက်စဉ်းစားလိုက်တာနဲ့ အကြံတစ်ခု ရသွားတယ်။ "ကောင်းပြီ၊ ဒါပေမဲ့ တာအိုသခင်ချုံးရှူလို ဓားပညာရှင်တောင် မင်းရဲ့ ဓားသိုင်းအောက်မှာ ရှုံးနိမ့်သွားပြီ။ ငါကတော့ ဓားသိုင်းမှာ ချုံးရှူတာအိုရန်းထက် သာတယ်လို့ ကိုယ့်ကိုယ်ကိုယ် မပြောရဲဘူး။ ဒါကြောင့် ဒီတစ်ခါ ယှဉ်ပြိုင်မယ့်နည်းလမ်းကို ပြောင်းမယ်။ မင်းနဲ့ ဓားသိုင်း မပြိုင်ဘူး"
ကျိုးလန်ချန်းက သူ့ရဲ့ ဓားသိုင်းဟာ ချုံးရှူထက် နိမ့်ကျတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တော့ ပရိသတ်ထဲက လူတိုင်းက သူ့ကို ရိုးသားဖြောင့်မတ်တယ်လို့ ထင်သွားကြတယ်။ ဒါပေမဲ့ သူက သိုင်းလောကက ဝါရင့်တစ်ဦးအနေနဲ့ လူငယ်တစ်ယောက်နဲ့ ယှဉ်ပြိုင်တဲ့အခါမှာ အကျွမ်းကျင်ဆုံး သိုင်းပညာကို စွန့်လွှတ်ခိုင်းတာ ဘယ်လောက်တောင် အရှက်မရှိလဲဆိုတာ ဘယ်သူမှ မစဉ်းစားမိကြဘူး။
"ဪ၊ ဒါဆို ခင်ဗျား ဘာနဲ့ ပြိုင်ချင်တာလဲ?" စုန့်ချင်းရှု ချက်ချင်း စိတ်ဝင်စားသွားတယ်။
"အတွင်းအားနဲ့ ပြိုင်မယ်" ကျိုးလန်ချန်းက စုန့်ချင်းရှုကို ကြည့်ပြီး စိတ်ထဲမှာ လှောင်ပြောင်လိုက်တယ်။ ဒီအသက်အရွယ်နဲ့ မိခင်ရဲ့ဗိုက်ထဲမှာကတည်းက လေ့ကျင့်လာရင်တောင် အတွင်းအားက ဘယ်လောက်ထိကောင်းနိုင်မှာလဲ။
ကျူးမိုကျိက သူ့ကိုယ်သူ တစ်ခါတစ်ရံမှာ နည်းလမ်းမကျဘူးလို့ ထင်မိပေမဲ့ ဒီတစ်ခါမှာတော့ ပိုပြီး မျက်နှာပြောင်တိုက်တဲ့သူကို တွေ့လိုက်ရတယ်။ ဒါကြောင့် ပြက်ရယ်ပြုတဲ့ လေသံနဲ့ ပြောလိုက်တယ်၊ "မင်းလို တောင်ငါးလုံးဓားဂိုဏ်း မဟာမိတ်ခေါင်းဆောင်တစ်ယောက်က ဒီလိုစကားမျိုး ပြောထွက်သေးတာလား?"
"ဟမ့်!" ကျိုးလန်ချန်းက ဂရုမစိုက်ဘဲ "ငါတို့က သိုင်းပညာ ပြိုင်တာ၊ ဓားနဲ့ပဲ ပြိုင်ရမယ်လို့ သတ်မှတ်ထားတာမှ မဟုတ်တာ"
စုန့်ချင်းရှုက ပြိုင်ဘက်က ရေခဲစွမ်းအင်နဲ့ တိုက်ခိုက်ချင်တယ်ဆိုတာ သိလိုက်တယ်။ ဒါကြောင့် သစ်သားဓားကို ကျောဘက်ကို ပြန်ထားပြီး ပြုံးလျက်ပြောလိုက်တယ်၊ "မှန်တယ်၊ ကျိုးမဟာမိတ်ခေါင်းဆောင်ရဲ့ လုပ်ဆောင်ပုံနဲ့ ခေါင်းဆောင်မှု အရည်အချင်းကို ကျွန်တော် အရမ်းလေးစားပါတယ်။ ဒီနေ့ ခင်ဗျားရဲ့ ထူးချွန်တဲ့ နည်းလမ်းတွေကို လေ့လာဖို့ ရည်ရွယ်ပြီးလာခဲ့တာပါ"
ကျိုးလန်ချန်းက သူ့ရဲ့ လေသံက ဟန်ဆောင်နေတာ မဟုတ်ဘူးဆိုတာ မြင်တော့ စိတ်ထဲမှာ ထူးဆန်းနေတယ်။ ပြိုင်ဘက်က သူ့ကို တကယ်ပဲ လေးစားတာလား? ဒါပေမဲ့ စုန့်ချင်းရှုက သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ဆောင်ပုံနဲ့ ကမ္ဘာကြီးကို သိမ်းပိုက်ချင်တဲ့ သူရဲကောင်းဆန်တဲ့ အရည်အချင်းကို တကယ်ပဲလေးစားတာပါ။ ကံမကောင်းစွာနဲ့ မူရင်းဝတ္ထုထဲမှာ သူက ဇာတ်လိုက် မဟုတ်တော့ အဆုံးမှာ ဘာမှ ရည်မှန်းချက်မရှိတဲ့ ရှေးရိုးစွဲသမားတွေလက်အောက်မှာ ရှုံးနိမ့်သွားတာ ဆုံးရှုံးမှုပဲ။
"စုန့်သူရဲကောင်းလေး၊ ကျေးဇူးပြုပြီး!" ကျိုးလန်ချန်းက သိုင်းလောကမှာ နာမည်ရပြီးသား ပုဂ္ဂိုလ်ဖြစ်တယ်။ ပြိုင်ဘက်ကို ဓားစွန့်ပြီး လက်နဲ့ ပြိုင်ခိုင်းတာ သူ့အတွက် မျက်နှာပျက်စရာ ဖြစ်နေပြီ။ ဘယ်လိုလုပ်ပြီး အရင် စတိုက်ခိုက်ရဲမှာလဲ။
"ကောင်းပြီ!" စုန့်ချင်းရှုလည်း ယဉ်ကျေးမနေတော့ပဲ မဟာနတ်ဆိုးနိမ်နင်းလက်သီးနဲ့ စတင်တိုက်ခိုက်လိုက်တယ်
အကွာအဝေး အနည်းငယ်ကနေ ကျိုးလန်ချန်းက ပြင်းထန်တဲ့ အတွင်းအားတစ်ခု သူ့ဆီကို ဦးတည်လာတာကို ခံစားလိုက်ရတယ်။ စိတ်ထဲမှာ ထိတ်လန့်သွားပြီး စုန့်ရှန်းဂိုဏ်းရဲ့ ထူးခြားတဲ့ မဟာစုန့်ရန်လက်ဝါးသိုင်းနဲ့ ပြန်လည်တိုက်ခိုက်လိုက်တယ်
ကျိုးလန်ချန်းက တစ်ခါ လက်ဝါးကနေ လက်သီး၊ လက်သည်းကုတ်ချက် စသည်ဖြင့် အစွမ်းကုန် ပြောင်းလဲ တိုက်ခိုက်နေတယ်။ စုန့်ချင်းရှုရဲ့ လက်သီးက ရိုးရှင်းပြီး ပြောင်းလဲမှု နည်းပေမဲ့ အင်အားပြင်းထန်လွန်းပြီး တိုက်ခိုက်လိုက်တိုင်း ပြိုင်ဘက်က မဖြစ်မနေ ကာကွယ်ရတယ်။ နှိုင်းယှဉ်ကြည့်လိုက်ရင် ကျိုးလန်ချန်းရဲ့ မဟာစုန့်ယန်လက်ဝါးက တိုက်ကွက်တွေ အရမ်းများပြီး ပြောင်းလဲမှုတွေ အရမ်းများတယ်။ နှစ်ယောက်သား တိုက်ခိုက်ရင်းပိုမိုမြန်ဆန်လာကာ ထိုနေရာရှိ သိုင်းပညာ အနည်းငယ် နိမ့်ကျသူများအတွက် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကောင်းကောင်း မမြင်ရတော့ဘူး။
“ဆရာတော်၊ စုန့်သခင်လေးနဲ့ မဟာမိတ်ခေါင်းဆောင်ကျိုးတို့ ဘယ်သူက အသာစီးရနေလဲ”ဒိုလုံက နှစ်ယောက်စလုံးရဲ့ တိုက်ခိုက်မှုက အန္တရာယ်များတယ်လို့ ခံစားရပြီး ဘယ်သူက အသာစီးရနေလဲဆိုတာ မမြင်နိုင်တော့လို့ မေးလိုက်တယ်။
"ဒီ ကျိုးမဟာမိတ်ခေါင်းဆောင်ရဲ့ လက်ဝါးသိုင်းက တဖြည်းဖြည်း ထိန်းချုပ်ခံနေရပေမဲ့ ဆယ်စုနှစ်ချီ သိုင်းပညာ လေ့ကျင့်ခဲ့တာ အလကားတော့ မဟုတ်ဘူး။စုန့်လူငယ်လေး သူ့ကို အနိုင်ယူဖို့ သိပ်မလွယ်ဘူး ထင်တယ်”
ကျူးမိုကျိက နှစ်ယောက်စလုံး အခုချိန်မှာ မတိုးသာမဆုတ်သာအခြေအနေမှာရှိနေပြီး ခဏလေးအတွင်းမှာ ဘယ်သူမှ တခြားတစ်ယောက်ကို မနိုင်နိုင်ဘူးဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိလိုက်တယ်။
ကျိုးလန်ချန်းကတော့ တိုက်ခိုက်ရင်းနဲ့ ပိုပြီး ယုံကြည်မှု ရှိလာတယ်။ သူ့စိတ်ထဲမှာ ကံကောင်းတယ်လို့ အံ့ဩနေတယ်။ပြိုင်ဘက်ရဲ့ လက်ဝါးသိုင်းက ကျွမ်းကျင်မှုရှိပြီး ရိုးရှင်းပေမဲ့ ခုနက ပြသသွားတဲ့ ဓားသိုင်းလောက် အံ့မခန်း မဟုတ်ဘူး။ ဒါကြောင့် အင်အားအပြည့်နဲ့ တိုက်ခိုက်လိုက်တယ်။
စုန့်ချင်းရှုကတော့ မျက်မှောင်ကြုတ်နေတယ်။ သူက ထိပ်သီးပညာရှင်တွေနဲ့ ယှဉ်ပြိုင်တဲ့ အခွင့်အရေးကို အသုံးချပြီး သူတတ်ထားတဲ့ လက်ဝါးသိုင်းတွေကို ပေါင်းစပ်ချင်တာ။ ဒါပေမဲ့ အော့မေဂိုဏ်းရဲ့ ရွှေလက်ဝါး၊ ဝူတန်ဂိုဏ်းရဲ့ ဝူတန်လက်သီးသိုင်း၊ ကောင်းကင်တုန်ဟီး သံလက်ဝါး၊ ဝူတန် ထိုက်ချိလက်ဝါးသိုင်း၊ နှလုံးဖြိုခွဲလက်ဝါးသိုင်း၊ ယင်ကိုးပါးသိုင်းကျမ်းထဲက မဟာနတ်ဆိုးလက်သီးသိုင်း၊ ပြီးတော့ သူတောင်းစားဂိုဏ်းရဲ့ နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်တွေကို ပေါင်းစပ်ဖို့ ဘယ်လွယ်ပါ့မလဲ?
ရွှေလက်ဝါးသိုင်း၊ ဝူတန်လက်သီးသိုင်းနဲ့ ကောင်းကင်တုန်ဟီး သံလက်ဝါးတို့ကတော့ ထားပါတော့။ ဝူတန် ထိုက်ချိလက်ဝါးသိုင်းကတော့ ကျန်းဆန်းဖုန်းက ဝူတန်ဂိုဏ်းအတွက် ဖန်တီးထားသည့် ထင်ရှားသော သိုင်းပညာဖြစ်တယ်။ စွမ်းအား အရမ်းမကြီးသော်လည်း အားနည်းချက်က အရမ်းနည်းတယ်။ ကျန်းဆန်းဖုန်းရဲ့ သိုင်းပညာကျွမ်းကျင်မှုအရ ဝူတန်ထိုက်ချိလက်ဝါးသိုင်းကို ရှုပ်ထွေးရာကနေ ရိုးရှင်းအောင် ပြုပြင်ထားပြီး ဘာမှ အပို မရှိဘူး။ နှလုံးဖြိုလက်ဝါးနဲ့ မဟာနတ်ဆိုးလက်သီးတို့ကတော့ ထူးချွန်သော သိုင်းပညာရှင် ဟွမ်ရှန်ရဲ့ လက်ရာတွေပဲ။ လှုပ်ရှားမှု့ တစ်ကွက်ချင်းစီကို ပြောင်းလဲဖို့ သိပ်မလွယ်ဘူး။ နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ကတော့ ဆယ်စုနှစ်ပေါင်းများစွာ သူတောင်းစားဂိုဏ်းချုပ် သိုင်းပညာရှင်များစွာက ပြင်ဆင်ခဲ့တာမို့ အခုချိန်မှာ လှုပ်ရှားမှု့ တစ်ကွက်ထပ်ထည့်ရင် များလွန်းပြီး တစ်ကွက်လျှော့လိုက်ရင် နည်းနည်းလိုနေတဲ့ အဆင့်ကို ရောက်နေပြီ။ ဒါတွေကို စုန့်ချင်းရှု လိုချင်သလို ပြောင်းလဲလို့ ရပါ့မလား။