အခန်း ၇၄ ဧကရာဇ်စာကြည့်ခန်းထဲမှ ထိပ်သီးပညာရှင်
ကျူးမိုကျိအနေနဲ့ စုန့်ချင်းရှု က သူ့ကို လမ်းဖွင့်ပေးနေမှန်း သိတယ်၊ ခန်းရှီ တို့လို လူတွေရဲ့ အမြင်မှာ သူနဲ့ ဒေါင်ဖန်းပုပိုင်က လက်ရည်တူ တိုက်ခိုက်နေကြပေမဲ့ တကယ့် ကျွမ်းကျင်သူ သုံးယောက်အတွက်တော့ သူ ရှုံးတော့မယ်ဆိုတာ ဘယ်သူမဆို သိတယ်။
နောက်မှ ရှက်စရာကောင်းလောက်အောင် ရှုံးနိမ့်တာထက်အခုလို လွယ်လွယ်ကူကူ အရှုံးပေးလိုက်တာက ခန်းရှီ ရှေ့မှာ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သေးတယ်။
"ဒေါင်ဖန်းဂိုဏ်းချုပ်ရဲ့ သိုင်းပညာက တကယ်ကို အံမခန်းပါပဲ၊ ဆရာတော် ကိုယ့်ကိုကိုယ် အရှက်ရမိပါတယ်" ကျူးမိုကျိ ရဲ့ အသံမှာ မကျေနပ်ချက်တွေ ပြည့်နှက်နေတယ်၊ သူ့အမြင်အရ လူနှစ်ယောက် တည်ငြိမ်စွာရပ်ပြီး တစ်ယောက်ကိုတစ်ယောက် ထိပ်တိုက် တိုက်ခိုက်ရင် ဒေါင်ဖန်းပုပိုင် ရတဲ့ ဒဏ်ရာက သူ့ထက် ပိုပြင်းထန်လိမ့်မယ်... ဒါပေမဲ့ ပြိုင်ဘက်ရဲ့ အရှိန်က အရမ်းမြန်တော့ သူ့ရဲ့တိုက်ခိုက်မှု့တွေက တဖက်လူကို လုံးဝ မထိနိုင်ဘူး။
"ဆရာတော်ရဲ့ သိုင်းပညာလည်း မဆိုးပါဘူး" ပြိုင်ဘက် အရှုံးပေးတာကို မြင်တော့ ဒေါင်ဖန်းပုပိုင် ဆက်ပြီး ခက်ခဲအောင်မလုပ်တော့ဘူး ၊ အနီရောင် အရိပ်တစ်ခု လျှပ်တစ်ပြက် ပေါ်လာပြီး ကိုက်အနည်းငယ်အကွာမှာ ရပ်လိုက်တယ် "အလယ်ပိုင်းဒေသရဲ့ သိုင်းလောကထဲမှာ မင်းထက် သိုင်းပညာ သိသိသာသာ အဆင့်မြင့်တဲ့လူ ဆယ်ယောက်ထက် ပိုမှာ မဟုတ်ဘူး"
"ဒေါင်ဖန်းဂိုဏ်းချုပ် သင်ပြပေးပါ၊ ကိုယ်တော်ထက် သိသိသာသာ သာလွန်တဲ့ ဆယ်ယောက်က ဘယ်သူတွေလဲ?" ကျူးမိုကျိ မကျေမနပ်နဲ့ မေးလိုက်တယ်၊ ဒေါင်ဖန်းပုပိုင်ကို ရှုံးတာကိစ္စမရှိပေမဲ့ သူ့ထက် သာလွန်တဲ့သူ ဆယ်ယောက်တောင် ရှိသေးတယ်လို့ ကြားတော့ ချက်ချင်း မယုံကြည်တဲ့ မျက်နှာထားနဲ့ ကြည့်လိုက်တယ်။
ဒေါင်ဖန်းပုပိုင် ဖြည်းညင်းစွာ ပြုံးလိုက်ပြီး "ဝူတန်က ကျန်းဆန်းဖုန်းက လူနဲ့ နတ်တစ်ဝက်အဆင့်ကို ရောက်နေပြီ၊ သူ့ရဲ့ ထိုက်ချိသိုင်းပညာက နှေးကွေးတဲ့ လှုပ်ရှားမှုနဲ့ မြန်ဆန်တဲ့ လှုပ်ရှားမှုကို တိုက်ခိုက်တဲ့နေရာမှာ အကောင်းဆုံးပဲ၊ ငါကိုယ်တိုင်တောင် သူ့ကို မယှဉ်နိုင်ဘူးလို့ ထင်တယ်၊ မင်းလည်း သူ့ကို မယှဉ်နိုင်ဘူး"
"ကိုယ်တော်လည်း ဂိုဏ်းချုပ်ကျန်းကို အမြဲတမ်း လေးစားနေခဲ့တာပါ" ကျူးမိုကျိ ခေါင်းညိတ်ပြီး စိတ်ထဲမှာ တွေးနေတယ်၊ တရားကျင့်ကြံနေတဲ့ သူ့ရဲ့ ဆရာအဘိုး လျန်ဟွာရှင်နဲ့ ကျန်းဆန်းဖုန်းတိုက်ခိုက်ရင် ဘယ်သူက နိုင်မလဲ?
"ရှောင်လင်နဲ့ ဝူတန်က သိုင်းလောကရဲ့ ထိပ်သီးတွေပဲ၊ ငါ အဲ့ဒီ ဘုန်းကြီးတွေရဲ့ ရှုပ်ထွေးတဲ့ ဓလေ့ထုံးစံတွေကို မကြိုက်ပေမဲ့ သူတို့ရဲ့ သိုင်းပညာကိုတော့ တော်တော်လေး လေးစားတယ်" ဒေါင်ဖန်းပုပိုင် စဉ်းစားနေတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်တယ် "အရင်တုန်းက အရမ်းကောင်းတယ်လို့ ချီးမွမ်းခံထားရတဲ့ ရှောင်လင်ရဲ့ ထိပ်တန်းသိုင်းပညာ ခုနစ်ဆယ့်နှစ်မျိုးကို ကြည့်ဖို့ ငါ ရှောင်လင်ကျောင်းတော်ရဲ့ ကျမ်းစာတိုက်ထဲကို ခိုးဝင်ခဲ့တယ်၊ လမ်းတစ်လျှောက်မှာ အနည်းဆုံး ငါ့နဲ့ ယှဉ်နိုင်တဲ့ စွမ်းအားသုံးခုကို ငါ ခံစားမိတယ်၊ အဲ့ဒီထဲက တစ်ယောက်က ရှောင်လင်ကျောင်းတော်ရဲ့ နှစ်ပေါင်း နှစ်ရာအတွင်း သိုင်းပညာ အတော်ဆုံးလို့ နာမည်ကြီးတဲ့ ဆယ့်သုံးပါးသခင် ဆရာတော်ဟွမ်ချန် ဖြစ်မယ်" လို့ ပြောပြီး ကျူးမိုကျိကို တစ်ချက် လှမ်းကြည့်လိုက်တယ်။
ကျူးမိုကျိ မျက်နှာ နည်းနည်း ရှက်သွားတယ်၊ သူက ရှောင်လင်ကျောင်းတော်ရဲ့ အထူးသိုင်းပညာ ခုနစ်ဆယ့်နှစ်မျိုးကို ကျွမ်းကျင်တယ်လို့ ပြောပေမဲ့ တကယ်တော့ ပုံသဏ္ဌာန်မဲ့တဲ့ စွမ်းအင်ကို အသုံးပြုပြီး လေ့ကျင့်ထားတာပဲ ရှိတယ်၊ အဲ့ဒီ ဆယ့်သုံးပါးသခင် ဆရာတော်ဟွမ်ချန်က ရှောင်လင်ကျောင်းတော်ရဲ့ အထူးသိုင်းပညာ ဆယ့်သုံးမျိုးကို တကယ်ကျွမ်းကျင်တဲ့သူ။
"ကျန်တဲ့ နှစ်ယောက်က ဘယ်သူတွေလဲ?" ဘေးနားက စုန့်ချင်းရှု က စိတ်ဝင်တစား မေးလိုက်တယ်။
စောစောကတည်းက ဒီ လူငယ်လေးရဲ့ သိုင်းပညာ အမြင်ကို အနည်းငယ်လေးစားနေတာကြောင့် စုန့်ချင်းရှုမေးတာကို ဒေါင်ဖန်းပုပိုင်က ဖြည်းညင်းစွာ ပြုံးပြီး ဆက်ပြောလိုက်တယ် "ငါလည်း သိပ်မသေချာဘူး၊ အဲဒီတုန်းက ရှောင်လင်ကျောင်းထဲမှာ ငါနဲ့ သိုင်းပညာအဆင့်တူတဲ့ လူသုံးယောက်ရှိမှန်း သိပေမဲ့၊ သိပ်ဂရုမစိုက်ခဲ့ဘူး။ ငါသာ သွားချင်ရင် ကမ္ဘာပေါ်မှာ ဒေါင်ဖန်းပုပိုင်ကို တားဆီးနိုင်တဲ့သူ မရှိဘူး။" ဒေါင်ဖန်းပုပိုင် ဒီစကားကို ပြောတဲ့အခါ မည့်သူ့ကိုမျှဂရုမစိုက်သော ထီမထင်ဟန် ယုံကြည်မှုအပြည့် ရှိနေတယ်။
"ဒါပေမဲ့" ဒေါင်ဖန်းပုပိုင်က ရုတ်တရက် အနည်းငယ် သံသယဝင်တဲ့ အမူအရာနဲ့ "နောက်ပိုင်းမှာ ငါ ရှောင်လင်ကျောင်းရဲ့ စာကြည့်တိုက်ထဲမှာ ကျမ်းစာတွေကို လှန်လှောကြည့်နေတုန်း၊ တစ်ယောက်ယောက်က ငါ့ကို အမှောင်ထဲကနေ စောင့်ကြည့်နေတယ်လို့ အမြဲ ခံစားနေရတယ်။ အတော်ကြာ စဉ်းစားပြီးတော့ ငါ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီလို ခံစားချက်က အရမ်း ထူးဆန်းတယ်"
"ဒေါင်ဖန်းဂိုဏ်းချုပ်ဟာ စာကြည့်တိုက်မှာရှိတဲ့ အမည်မသိတဲ့ အံ့ဖွယ်ရဟန်းတော်နဲ့ တွေ့ခဲ့တာ ဖြစ်နိုင်တယ်" စုန့်ချင်းရှုက ချက်ချင်း သဘောပေါက်သွားပြီး သူ့ရဲ့ ရုပ်သွင်အပြင်ကို အသေးစိတ် ပြောပြလိုက်တယ်။
"ထောင့်မှာ တံမြက်စည်းလှည်းနေတဲ့ ရဟန်းတော်လား" ဒေါင်ဖန်းပုပိုင် စိတ်ထဲမှာ အံ့အားသင့်သွားတယ်။ သူ အစကတည်းက လျစ်လျူရှုထားတဲ့ အိုမင်းမစွမ်းတဲ့ ရဟန်းတော်က သူ့ရဲ့ အာရုံကို လှည့်စားနိုင်တာ သိလိုက်ရတော့ ဒေါင်ဖန်းပုပိုင်ရဲ့မျက်နှာပျက်သွားတယ်။
"ကျေးဇူးပြုပြီး ဒေါင်ဖန်းဂိုဏ်းချုပ်က အလယ်ပိုင်းဒေသရဲ့ ကျန်တဲ့ ထိပ်သိုင်းသမားတွေကိုလည်း ညွှန်ကြားပေးပါဦး" အမည်မသိတဲ့ ကိုယ်တော်အကြောင်းကို ကျူးမိုကျိကိုယ်တိုင် မကြုံဖူးတာကြောင့် အခုအချိန်မှာ စိတ်မဝင်စားဘူး။
ဒေါင်ဖန်းပုပိုင် သတိပြန်ဝင်လာပြီး ဆက်ပြောတယ် "အဲ့ဒီတုန်းက ဟွာရှန်းတောင်ထိပ်မှာ ကျင်းပတဲ့ သိုင်းပြိုင်ပွဲမှာ လောကမှာအတော်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ချွမ်ကျန်းဂိုဏ်းရဲ့ ဝမ်ချုံယန်ဟာ အဲ့ဒီ 'လောကမှာ အတော်ဆုံး' ဆိုတဲ့ ဂုဏ်ပုဒ်က အများအားဖြင့် နာမည်ခံသက်သက် ဖြစ်ပေမဲ့ မင်းထက် သာတာတော့ သေချာတယ်"
"အဲဒီလို မဖြစ်နိုင်ဘူး" ကျူးမိုကျိက ထပြောလိုက်တယ်
ဒေါင်ဖန်းပုပိုင်က ဂရုမစိုက်ဘဲ ဆက်ပြောတယ် "ဟွာရှန်းဂိုဏ်းရဲ့ ဓားသိုင်းသူရဲကောင်း ဖုန်းချင်းယန်ကိုလည်း ငါ အတော်လေးစားတယ်။ သူက ဓားမလိုဘဲ ဓားသိုင်းကို အသုံးပြုနိုင်တဲ့ အဆင့်ကို ရောက်နေပြီလို့ ဆိုကြတယ်။ သူနဲ့ တစ်ခေါက်တော့ တွေ့ချင်သေးတယ်" လို့ ပြောရင်း စိတ်အားထက်သန်တဲ့ အမူအရာတွေပေါ်လာတယ်။
"ကျွန်တော့်ရဲ့ မိတ်ဆွေလေးလည်း ဖုန်းချင်းယန်ရဲ့ ဓားသိုင်းကို လေ့လာဖူးပါတယ်။ ဒေါင်ဖန်းဂိုဏ်းချုပ်က သူ့ကို မေးကြည့်ပါလား" ကျူးမိုကျိက ပြုံးလျက် ပြောလိုက်တယ်။
"အို? ငါ ခုနက မင်းရဲ့ ကျောမှာ ပါလာတဲ့ သစ်သားဓားကို မြင်ကတည်းက ထူးဆန်းတယ်ထင်နေတာ။ မင်းက ဖုန်းချင်းယန်ရဲ့ တပည့်များလား" ဒေါင်ဖန်းပုပိုင် စကားမဆုံးခင်မှာပဲ စုန့်ချင်းရှုရဲ့ ရှေ့မှာ ရုတ်တရက် ပေါ်လာတယ်။
စုန့်ချင်းရှု အလွန် အံ့အားသင့်သွားတယ်။ ကံကောင်းစွာဖြင့် သူက ရန်သူလား မိတ်ဆွေလား ခွဲခြားမရသေးသော ဒေါင်ဖန်းပုပိုင်ရဲ့ လှုပ်ရှားမှုတွေက သရဲလို မြန်ဆန်တာကြောင့် ကြိုတင်ပြီး အမြဲတမ်း သတိထားနေခဲ့တယ်။
မိမိရှေ့ရောက်တာကို တွေ့တော့ စုန့်ချင်းရှုက ချက်ချင်း နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ထဲက မြစ်ပြင်ဖြတ်ကျော် ဆိုတဲ့ သိုင်းကွက်ကို အသုံးပြုပြီး အလျင်အမြန် ရှောင်လိုက်တယ်။ သစ်သားဓားကို ဆွဲထုတ်လိုက်တာနဲ့ ဓားအရှိန်အဝါတစ်ခု တဟုန်ထိုး ထွက်ပေါ်လာတယ်။
"စိတ်ဝင်စားစရာကောင်းလိုက်တာ။ ဒီနေ့ ငါ သဏ္ဍာန်မဲ့မီးတောက်ဓားတင်မဟုတ်ဘူး၊ သဏ္ဍာန်မဲ့ ဓားချီကိုလည်း ကြုံတွေ့ရတယ်" ဒေါင်ဖန်းပုပိုင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး အဆက်မပြတ်တိုက်ခိုက်လိုက်တယ်။
အခြေအနေထဲမှာ ရောက်နေမှ စုန့်ချင်းရှုက ခုနက ကျူးမိုကျိရဲ့ စိတ်ပျက်အားငယ်မှုကို ခံစားမိပြီး သူ့နဲ့ ကျူးမိုကျိရဲ့ ကွာခြားမှုကိုလည်း နားလည်သွားတယ်။
ပြိုင်ဘက်ရဲ့ အလျင်က တကယ်ကို မြန်လွန်းတာကြောင့် စုန့်ချင်းရှုက ဘယ်နေရာကနေ တိုက်ခိုက်လာမယ်ဆိုတာ လုံးဝ မသိဘူး။ ကျူးမိုကျိက တိုက်ခိုက်မှု အတွေ့အကြုံ ကြွယ်ဝတာကြောင့် ဒေါင်ဖန်းပုပိုင် တိုက်ခိုက်လာနိုင်တဲ့ နေရာကို ခန့်မှန်းပြီး ကြိုတင် ခုခံနိုင်တယ်။
ဒါပေမဲ့ စုန့်ချင်းရှုမှာ အဲ့ဒီလို အရည်အချင်း မရှိဘူး။ အများအားဖြင့် ပြိုင်ဘက်ရဲ့ လက်ချောင်းတွေ သူ့ခန္ဓာကိုယ်ကို ထိလုနီးမှ သူ သတိထားမိတယ်။ ကံကောင်းစွာနဲ့ သူ သင်ယူထားတဲ့ သိုင်းပညာတွေက စုံလင်သလို ယင်ကိုးပါးသိုင်းကျမ်း၊ နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်နဲ့ ဆင်ခြင်ခြင်း ချောက်ကမ်းပါး တောင်ကြားထဲက ဓားသိုင်းပညာတွေကလည်း ကမ္ဘာ့အဆင့်အမြင့်ဆုံးအဆင့် သိုင်းပညာတွေ ဖြစ်တာကြောင့် အနိုင်နိုင် ခုခံနိုင်ခဲ့တယ်။
ဒါပေမဲ့ အပြင်လူတွေရဲ့ အမြင်မှာတော့ စုန့်ချင်းရှုဟာ ဝရုန်းသုန်းကားနဲ့ အရှက်တကွဲ အကျိုးနည်းစွာ ခုခံနေရပြီး စောစောက ကျူးမိုကျိနဲ့ တိုက်ခိုက်တုန်းကလို တည်ငြိမ်အေးဆေးတဲ့ အမူအရာ လုံးဝ မရှိဘူး။
"ကောင်လေး၊ မင်း မြေပြင်ပေါ်မှာ လူးလိမ့်နေတဲ့ ပုံစံက အနည်းငယ် ရုပ်ဆိုးပေမဲ့ အတော်လေး အသုံးဝင်တယ်" ဒေါင်ဖန်းပုပိုင်က စမ်းသပ်မှုတွေ အတော်များများ လုပ်ပြီးပြီမို့ ဆက်ပြီး မတိုက်ခိုက်တော့ဘဲ မူလနေရာကို ပြန်ဆုတ်သွားတယ်။
စုန့်ချင်းရှုက အားနာတဲ့ အပြုံးနဲ့ မြေပြင်ပေါ်က ထရပ်လိုက်တယ်။ လူအများရှေ့မှာ မြွေအသွင်လှုပ်ရှားမှုူ့သိုင်းပညာ(မြွေလိုလူးလိမ့်တဲ့ သိုင်းပညာ)ကို သုံးခဲ့ရတာကြောင့် နှစ်ဘဝ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံရှိတဲ့သူ ဖြစ်သော်လည်း မျက်နှာပူလာတယ်။
"ကောင်လေး မင်းရဲ့ သိုင်းပညာက မဆိုးပေမဲ့ ဖုန်းချင်းယန်ရဲ့ လက်ကနေ လွတ်နိုင်မှာ သေချာရဲ့လား" ဒေါင်ဖန်းပုပိုင်က သူ့ကို သံသယဝင်တဲ့ မျက်လုံးနဲ့ ကြည့်လိုက်တယ်။ စောစောက တိုက်ခိုက်မှု့မှာ သူ အသုံးပြုနေတာက တုကူးဓားသိုင်း မဟုတ်တာကို သိလိုက်ရတယ်။ ဒါဆိုရင် သူနဲ့ ဖုန်းချင်းယန်တိုက်ခိုက်ခဲ့တယ်တာက ရန်သူ မဟုတ်ရင်တောင် မိတ်ဆွေတော့ မဖြစ်နိုင်ဘူး။
"သူတော်စင်ဖုန်းကို လှည့်ကွက်တချို့နဲ့လှည့်စားခဲ့ရုံပါ” စုန့်ချင်းရှုက သူ့ရဲ့ ကိုယ့်ဖော့သိုင်းပညာနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တာကို မပြောပြခဲ့ဘူး။ ခုနက ဒေါင်ဖန်းပုပိုင်နဲ့ တိုက်ခိုက်တုန်းကလည်း ခြေရာမကျန်သဲပြင်လျောက်လှမ်းခြင်းကိုယ်ဖော့ပညာကို အသုံးမပြုခဲ့ဘူး။ အသက်အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တိုက်ပွဲ မဟုတ်တာကြောင့်လဲ ဝှက်ဖဲတချို့ကို လျှို့ဝှက်ထားတာက ပိုကောင်းတယ်။
"ကောင်းတယ် ကောင်းတယ်" ဒေါင်ဖန်းပုပိုင်က သူ့ကို ချီးကျူးတဲ့ မျက်လုံးနဲ့ ကြည့်လိုက်ပြီး "ဖုန်းချင်းယန်ရဲ့ ဓားမဲ့ အဆင့်က တကယ် ဘယ်လိုမျိုးလဲ" လို့ မေးလိုက်တယ်။
"ကျွန်တော် ထုတ်လွှတ်တဲ့ ဓားချီက ဒီသစ်သားဓားကို အသုံးပြုရတယ်" စုန့်ချင်းရှုက အတိတ်ကို ပြန်တွေးရင်း "ဖုန်းချင်းယန်ကတော့ လက်တစ်ချက် လှုပ်လိုက်တာနဲ့ ဓားချီတွေ ထွက်ပေါ်လာတယ်။ အဲ့ဒီလို ခံစားချက်က... သူကိုယ်တိုင်က ကမ္ဘာ့အကောင်းဆုံး ဓားတစ်လက် ဖြစ်နေသလိုပဲ" လို့ ပြောလိုက်တယ်။
"အို?" ဒေါင်ဖန်းပုပိုင်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်တယ်။
"ဒေါင်ဖန်းဂိုဏ်းချုပ်၊ ဒါဆို ဘယ်သူက တိဗက်ဘုန်းကြီးကို အနိုင်ယူနိုင်သေးလဲ" ထိုကဲ့သို့သော သိုင်းလောကလျှို့ဝှက်ချက်များသည် ခန်းရှီကို အမြဲစိတ်ဝင်စားစေခဲ့ပြီး ယခု နဂါးပလ္လင်ပေါ်တွင် ထိုင်နေရင်းပင် စိတ်လှုပ်ရှားစွာ နားထောင်နေသည်။
"ကျန်တဲ့သူတွေက တောထဲတောင်ထဲမှာ ဇာတ်မြှုပ်ပြီးနေကြတဲ့ အရင်က ထိပ်သိုင်းသမားကြီးတွေပဲ။ သူတို့ အခုထိ ရှိသေးလားဆိုတာ ဒေါင်ဖန်းလည်း သိပ်မသေချာဘူး" ဒေါင်ဖန်းပုပိုင်က ဖြေတယ်။
"ဒါဆိုရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သိုင်းလောကမှာ နာမည်ကြီးခဲ့တဲ့ လျောင်နိုင်ငံရဲ့ တောင်ပိုင်းဘုရင် ရှောင်ဖုန်း၊ မင်ဂိုဏ်းရဲ့ ခေါင်းဆောင် ကျန်းဝူကျိ၊ မြောက်ပိုင်းသူရဲကောင်း ကော်ကျင့်တို့သာ ဘုန်းကြီးနဲ့ယှဉ်ရင် ဘယ်လိုလဲ" ခန်းရှီက စိတ်ဝင်တစားနဲ့ ဆက်မေးတယ်။
"သူတို့ အားလုံး အဆင့်အတူတူလောက် ဖြစ်မယ်ထင်တယ်။ အနည်းငယ် သာလွန်ရင်တောင် ဘုန်းတော်ကြီးကို ပြတ်ပြတ်သားသားအနိုင်ယူနိုင်မှာ မဟုတ်ဘူး" ဒေါင်ဖန်းပုပိုင်က ခဏ စဉ်းစားပြီး သူ့ရဲ့ ခန့်မှန်းချက်ကို ပြောတယ်။
ကျူးမိုကျိရဲ့ မျက်နှာက တုန်လှုပ်သွားပြီး အလယ်ပိုင်းဒေသသိုင်းလောကမှာ တကယ်ကို သူရဲကောင်းတွေ ပေါများပါလားလို့ စိတ်ထဲမှာ တွေးနေမိတယ်။
"ဒေါင်ဖန်းဂိုဏ်းချုပ်က တုကူးချွင်ဘိုင်းဆိုတဲ့ လူကို ကြားဖူးလား မသိဘူး" စုန့်ချင်းရှုက ရုတ်တရက် တစ်ခုခုကို သတိရပြီး မေးလိုက်တယ်။
"တုကူးချွင်ဘိုင်း?" ဒေါင်ဖန်းပုပိုင်က ခေါင်းခါပြီး အရင်က မကြားဖူးဘူးလို့ ပြောပေမဲ့ ဒီနာမည် ရဲ့ အဓိပ္ပါယ်ကို ပြန်တွေးလိုက်တော့ မနေနိုင်ဘဲ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာတယ်။ "တစ်ယောက်တည်း ဖြစ်ရတာ လွယ်ပေမဲ့ အရှုံးကို ရှာရတာ ခက်တယ်"
"ဒီနာမည်ကို ကြည့်လိုက်တာနဲ့ ဒေါင်ဖန်းဂိုဏ်းချုပ်နဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါပေမဲ့ ကျွန်တော့် ဝေရှောင်ပေါင်ရဲ့ အမြင်မှာတော့ အရှုံးကို ရှာတာထက် အရှုံးမရှိတာက ပိုအစွမ်းထက်တာ သေချာတယ်" ဘေးက ဝေရှောင်ပေါင်က ဒေါင်ဖန်းပုပိုင်ရဲ့ လက်တစ်ချက် လှုပ်ရုံနဲ့ သူ့ကို အံ့အားသင့်စေတဲ့ ထိပ်သိုင်းသမားကြီး နှစ်ယောက်ကို အရှုံးပေးစေတာကို မြင်တော့ မသိစိတ်က ချီးမွမ်းတဲ့ စကားတစ်ခွန်း ပြောလိုက်တယ်။
ကျူးမိုကျိနဲ့ စုန့်ချင်းရှုတို့ မျက်လုံးချင်း ဆုံလိုက်ပြီး ဝေရှောင်ပေါင်ကို စိတ်ထဲက မထီမဲ့မြင်ပြုလိုက်ကြတယ်။ နာမည်ကို ကြည့်ရုံနဲ့ အရှုံးမရှိသေးတဲ့ အဆင့်က အရှုံးကို ရှာတဲ့ အဆင့်ကို ဘယ်လိုယှဉ်နိုင်မှာလဲ။
ဒေါင်ဖန်းပုပိုင်လည်း ထိုနည်းလည်းကောင်း တွေးနေပုံရတယ်။ သူက တုကူးချွင်ဘိုင်းဆိုတာ ဘယ်သူလဲလို့ စဉ်းစားနေတုန်း ရုတ်တရက် မျက်နှာ အမူအရာ ပြောင်းသွားပြီး နှုတ်ခမ်းမှာ ထူးဆန်းတဲ့ အပြုံးတစ်ခု ပေါ်လာတယ်။ "ဘုန်းကြီး၊ ခုနကပဲ ကျွန်တော် ဒီကမ္ဘာမှာ ပုန်းလျှိုးကွယ်လျှိုးနေတဲ့ ထိပ်သိုင်းသမားကြီးတွေ အများကြီး ရှိတယ်လို့ မပြောခဲ့ဘူးလား။ အခု ဒီမှာ တစ်ယောက် ရှိနေပြီ"
စကားဆုံးတာနဲ့ ဒေါင်ဖန်းပုပိုင်က လက်နှစ်ဖက်ကို မြှောက်လိုက်တယ်။ စုန့်ချင်းရှု သတိမထားမိခင်မှာပဲ ပန်းထိုးအပ် ဒါဇင်ပေါင်းများစွာဟာ နန်းတော်စာကြည့်တိုက်ရဲ့ ခေါင်မိုးတစ်ခုရဲ့ အရိပ်ထဲကို တရစပ် ပစ်လွှတ်လိုက်တယ်။
စုန့်ချင်းရှုနဲ့ ကျူးမိုကျိတို့ ခေါင်းမော့ကြည့်လိုက်တော့ အဲ့ဒီနေရာမှာ အေးစက်တဲ့ အလင်းရောင် တလက်လက် ထွက်နေတဲ့ အပ်သေးသေးလေး ဒါဇင်ပေါင်းများစွာပဲ တွေ့ရတယ်။ လူရိပ်တစ်ခုမှ မတွေ့ရဘူး။
"ဒေါင်ဖန်းသခင်ရဲ့ သိုင်းပညာက တကယ်ကို အံ့မခန်းပါပဲ။ ကျွန်တော့် နှလုံးခုန်နှုန်း အနည်းငယ် မြန်သွားတာကိုတောင် သတိထားမိတယ်" လျှို့ဝှက်တဲ့ အသံတစ်ခု ထွက်ပေါ်လာတာနဲ့အမျှ အဘိုးအိုတစ်ဦးဟာ ဘေးက တိုင်တစ်ခုရဲ့ အရိပ်ထဲက ထွက်လာတယ်။
"မင်း မင်းက ဘယ်သူလဲ" ခန်းရှီ အလွန်တုန်လှုပ်သွားတယ်။ သူက အတွင်းဝန် ဝတ်စုံ ဝတ်ထားတာကို မမြင်ခဲ့ရင် သူက လူသတ်သမားကို ဖမ်းခိုင်းဖို့ အော်ဟစ်လိုက်မှာ သေချာတယ်။
"ဧကရာဇ်မင်းထံ လျှောက်တင်ပါတယ်" အဘိုးအိုက ခဏလောက်စဉ်းစားဟန်ပြုလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။ "အချိန်တွေ ကြာခဲ့ပြီမို့ ကျွန်တော်လည်း မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် နန်းတော်ကို ဝင်တုန်းက ဒီဧကရာဇ်က ကျူမျိုးနွယ်ဖြစ်ပုံရတယ်..."
ခန်းရှီရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ဝေရှောင်ပေါင်လည်း စိတ်ထဲမှာ လန့်သွားကာ "ကာ..." ဆိုတဲ့ စကားလုံး မဆုံးခင်မှာပဲ လည်ချောင်းထဲကို အပ်သေးသေးလေး တစ်ချောင်း စိုက်ဝင်သွားတယ်။
ဝေရှောင်ပေါင် ချက်ချင်း ကြောက်လန့်တကြားနဲ့ လူးလိမ့်သွားပြီး သူ သေပြီလို့ ထင်လိုက်တယ်။ ခဏလောက် လှုပ်ရှားကြည့်တော့ သူ့အသံအိုးကို အပ်နဲ့ ထိုးခံလိုက်ရတာကြောင့် အသံမထွက်နိုင်တော့ပေမဲ့ တခြား ဘာပြဿနာမှ မရှိဘူးဆိုတာ သိလိုက်ရတယ်။
ကျူးမိုကျိနဲ့ စုန့်ချင်းရှုတို့ကတော့ အလွန် အံ့အားသင့်သွားပြီး ချက်ချင်း အာရုံစူးစိုက်ကာ သတိကြီးစွာ ထားလိုက်ကြတယ်။ သူတို့နှစ်ယောက်စလုံးဟာ ထိပ်တန်းသိုင်းသမားတွေ ဖြစ်ပေမဲ့ ခုနက အိမ်ထဲမှာ နောက်ထပ် လူတစ်ယောက် ရှိနေတာကို မရိပ်မိခဲ့ဘူး။ ဒေါင်ဖန်းပုပိုင်ရဲ့ လေသံကို နားထောင်ကြည့်တော့ သူလည်း အခုမှ သတိထားမိပုံရတယ်။
"မင်း ဘာလို့ 'နေကြာသိုင်းကျမ်း' ကို တတ်နေရတာလဲ" ဒေါင်ဖန်းပုပိုင် စိတ်မသက်မသာဖြစ်နေပုံရပြီး မျက်လုံးတွေက ပြိုင်ဘက်ကို စိုက်ကြည့်နေတယ်။
"မင်းက ငါ့ကို ဘာလို့ 'နေကြာသိုင်းကျမ်း' ကို တတ်သလဲလို့ မေးနေတာလား" အဘိုးအိုက ခပ်ရေးရေး ရယ်လိုက်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးဟာသတစ်ခုကို ကြားလိုက်ရသလို ဒေါင်ဖန်းပုပိုင်ကို ကြည့်ပြီး " 'နေကြာသိုင်းကျမ်း' ကို ငါ တီထွင်ခဲ့တာ။ ငါ တတ်မှာ မဟုတ်ဘူးလို့ မင်း ထင်နေတာလား"