အခန်း ၆၈ စိတ်ကူးယဉ် အိမ်မက်
"ဟမ်၊ ခန်းရှီရဲ့ လက်ရုံးကို ဖြတ်လိုက်တာ ကောင်းတယ်" သွေးဓားဘိုးဘေးက ခေါင်းမာစွာ ပြောနေတုန်းပဲ။
"အိုး၊ ပြောရတာ နည်းနည်း ရှက်စရာကောင်းပေမဲ့ ငါ ဝန်ခံရတော့မယ်၊ ငါ ဝေရှောင်ပေါင်က မြှောက်ပင့်တာ၊ လာဘ်စားတာပဲ တတ်တယ်၊ ကျန်တာဘာတတ်သေးလဲ? ဧကရာဇ်ရဲ့ လက်ရုံးတော်လို့ ဘယ်လို ပြောနိုင်မှာလဲ" ဝေရှောင်ပေါင် မျက်နှာငယ်လေးနဲ့ ပြောလိုက်တယ်။ "မင်း တကယ် ငါ့ကို သတ်လိုက်ရင် နောက်ပိုင်း ခုနစ်မင်းသားရဲ့ လက်အောက်မှာ မင်း ဘယ်တော့မှ အရာရောက်တော့မှာ မဟုတ်ဘူး"
"စဉ်းစားကြည့်၊ မင်းသားခုနစ်အမြင်မှာ မင်းက စုန့်ပြည်ထောင်နယ်မြေထဲမှာ ငါ့ကို မသတ်နိုင်တာက အရည်အချင်းမရှိတာပဲ၊ နောက်ပိုင်း ငါ့ကို ဖမ်းမိပေမဲ့ ငါတို့ဧကရာဇ်ကို ခြိမ်းခြောက်ဖို့ မွန်ဂိုကို ပြန်ခေါ်သွားဖို့ အခွင့်အရေးကို အသုံးမချဘဲ တခြားသူတွေ ငါ့ကို သတ်ခွင့်ပေးတာက ဦးနှောက်မရှိတာပဲ၊ အဲ့ဒီလို အရည်အချင်းမရှိတဲ့ ဦးနှောက်မရှိတဲ့သူကို မင်းသားခုနစ်က မင်းကို ဘယ်လို ယုံကြည်ပြီး ထပ်သုံးမှာလဲ?" ဝေရှောင်ပေါင်ရဲ့ အပြုံးက ပိုပြီး လှည့်စားလာတယ်။
သွေးဓားဘိုးဘေး မျက်နှာ ပိုဆိုးလာပြီး အေးစက်စက်နှာမှုတ်လိုက်ကာ ဘာမှ မပြောတော့ဘဲ ဝေရှောင်ပေါင်ကို ချည်နှောင်ပြီး စခန်းကို ပြန်ခေါ်သွားတယ်။
ဝေရှောင်ပေါင် သူ့စကားတွေ အကျိုးသက်ရောက်မှု ရှိမှန်း သိတယ်။ သွေးဓားဘိုးဘေး ချက်ချင်း ဆန်းကျီကို ရှာပြီး နှစ်ယောက်သား ဒီဘက်ကို လက်ညှိုးထိုးပြီး တီးတိုးတီးတိုး ပြောနေတာကို တွေ့လိုက်လို့ပဲ။
"ဆရာတော်၊ အဲ့ဒီကောင်လေးပြောတာ မှန်တယ်လို့ ကျွန်တော်ထင်တယ် " ဆန်းကျီ မျက်နှာ မတည်မငြိမ် ဖြစ်နေတယ်။
ဒါဆို ငါတို့ သူ့ကို မွန်ဂိုလွင်ပြင်ကို ပြန်ခေါ်သွားရမလား?" သွေးဓားဘိုးဘေးရဲ့ မျက်လုံးထဲမှာ ထက်မြက်တဲ့ အလင်းတန်းတွေ လင်းလက်နေတယ်။
"ဒါပေမဲ့ ယွမ်ချန်းကျီရဲ့ သိုင်းပညာက အရမ်းမြင့်တယ်၊ အခု ကျွန်တော်လည်း စုန့်ချင်းရှုရဲ့ ဓားချီကြောင့် ဒဏ်ရာရထားတယ်၊ နှစ်ယောက်ထဲ အင်အားနဲ့တော့ မဖြစ်နိုင်ဘူး ထင်တယ်” ဆန်းကျီက စုန်ချင်းရှုရဲ့ ဓားချက်နဲ့ လက်ဝါးသိုင်းကွက်ရဲ့ စွမ်းအင်နယ်ပယ်ကို ထိုးဖောက်ခံရတာကြောင့် အတွင်းဒဏ်ရာပြင်းထန်စွာရခဲ့သည်၊ အခုထိ ဓားချီကို ဖိနှိပ်ထားရုံသာတတ်နိုင်သေးသည်။
"ငါ့ကို ထပ်ထည့်လိုက်ရင် ဘယ်လိုလဲ?" အော်သံရှည် တစ်ခုနဲ့အတူ ဟုန်အန်းထုံ ဘေးက အရိပ်ထဲကနေ ထွက်လာတယ်။ တကယ်တော့ သူက ဝေသခင်လေးရဲ့ လက်ထဲကအခန်းလေးဆယ့်နှစ်ခန်းသုတ္တန် ကျမ်းစာရှစ်အုပ်ကို လိုချင်နေတာကြောင့် ဝေရှောင်ပေါင်သေတာကို ထိုင်ကြည့်နေလို့မဖြစ်ဘူး။
သူက တစ်ယောက်တည်း သီးခြားဖြစ်နေတာကြောင့်သာ၊ သွေးဓားဘိုးဘေးနဲ့ ဆန်းကျီတို့ရဲ့သိုင်းပညာက သူ့အောက် မရောက်ဘူး။ ယွမ်ချန်းကျီရဲ့ သိုင်းပညာကတော့ သူ့ထက် သိသိသာသာ မြင့်နေတာကြောင့် လတ်တလော ဘာမှ မလှုပ်ရှားရဲဘူး။ သွေးဓားဘိုးဘေးနဲ့ ဆန်းကျီတို့ရဲ့ လှုပ်ရှားမှုတွေကို အမြဲ စောင့်ကြည့်နေပြီး သူတို့ပြောသံကို ကြားတော့ ဝမ်းသာအားရနဲ့ ခုန်ထွက်လာတယ်။
မြေခွေးအိုကြီး သုံးကောင် တီးတိုးတီးတိုး ပြောနေတာကို ကြည့်ပြီး ဝေသခင်လေး သက်ပြင်းချလိုက်တယ်၊ နောက်ဆုံးတော့ ဒီအသက်လေး လုံခြုံသွားပြီ၊ သူတို့ကို မွန်ဂိုလီးယားကို ခေါ်သွားရင် သေချင်မှ သေမှာ၊ အဲ့ဒီအချိန်မှာ သူသာအလျှောက်ကောင်းရင် မွန်ဂိုမင်းသားက သူ့ကို လွှတ်ပေးတာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး... ကောင်းတဲ့အရာတွေကို တွေးမိတော့ ဝေရှောင်ပေါင် မနေနိုင်ဘဲ ဟားဟား ရယ်မောလိုက်တယ်။
အခြားတစ်ဖက်မှာ စုန်ချင်းရှုကို ယာယီတိုင်တစ်ခုမှာ ချည်ထားတယ်။ အပြင်ပန်းမှာတော့ စိတ်ဓာတ်ကျနေတဲ့ပုံပေါက်ပေမဲ့ တကယ်တော့ ယင်ကိုးပါးကျမ်းမှာပါတဲ့ သွေးကြောမှတ်တွေကို ပြန်ဖွင့်တဲ့ နည်းလမ်းအတိုင်း အတွင်းအားကို တိတ်တဆိတ် စုစည်းပြီး တစ်ကိုယ်လုံးက သွေးကြောမှတ်တွေကို တိုက်ခိုက်နေတယ်။
ရုတ်တရက် နှာခေါင်းထဲမှာ ချိုမြတဲ့ ရနံ့လေးတစ်ခု ရလာတော့ စိတ်လှုပ်ရှားသွားပြီး စုန်ချင်းရှု မျက်လုံးဖွင့်လိုက်တယ်။ မျက်စိရှေ့မှာ အစိမ်းနုရောင် အင်္ကျီလက်တစ်စုံ လှုပ်ယမ်းသွားတာကို မြင်လိုက်ရပြီး ခေါင်းမော့ကြည့်လိုက်တော့ "ပန်းပွင့်လေးလား... အိုး မဟုတ်ဘူး၊ ယွမ်အမျိုးသမီး"
"ရှင့်ရဲ့ ဒဏ်ရာ ဘယ်လိုလဲ?" ရှချင်းချင်း ညင်သာစွာ မျက်မှောင်ကြုတ်ပြီး အရင်တုန်းက သူ ဟုန်အန်းထုံရဲ့ လက်သီးချက်နဲ့ အရေးကြီးတဲ့ နေရာတွေထိခိုက်ပြီး တခြားနှစ်ယောက်ရဲ့ လက်ချက်နဲ့လည်း ဒဏ်ရာရထားတာကို တွေးပြီး စိတ်မကောင်းတဲ့ မျက်နှာနဲ့ ကြည့်နေတယ်။
"ယွမ်အမျိုးသမီးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ရဲ့ အတွင်းအားတွေ မတည်မငြိမ်ဖြစ်နေရုံပါပဲ၊ အခုချက်ချင်းတော့ မသေနိုင်သေးပါဘူး" စုန့်ချင်းရှု တိုင်ကို မှီပြီး ရှချင်းချင်းကို စိတ်ဝင်တစား ကြည့်နေတယ် " ပန်းပွင့်လေးက ငါ့ကို လာကြည့်ခိုင်းတာလား"
မျက်နှာလေး နီရဲသွားပြီး သူက အဲ့ဒီအကြောင်းကို မဖော်ထုတ်တာကို မြင်တော့ ရှချင်းချင်းလည်း အတူလိုက်ပြီး သရုပ်ဆောင်လိုက်တယ် "ပန်းပွင့်လေးက ရှင့်ကို အရမ်းမုန်းနေပြီ၊ ဘယ်လိုလုပ်ပြီး ရှင့်ကို ထပ်လာကြည့်မှာလဲ"
"အိုး၊ အဲ့ဒီနေ့က ခွဲခွာပြီးကတည်းက စုန့်နဲ့ ယွီယွီ(ပန်းပွင့်လေး)လေး နောက်ထပ် တွေ့ဖို့ အခွင့်အရေး မရှိတော့ဘူးထင်တယ်" စုန့်ချင်းရှု အဲ့ဒီနေ့က ရှချင်းချင်းက ဝေရှောင်ပေါင်ကို ထောင်ချောက်ဆင်ဖို့ ခဏတာ သရုပ်ဆောင်ခဲ့တာပဲဆိုတာကို နားလည်တယ်၊ အခု တည်ကြည်ပြီး ရဲရင့်တဲ့ ရှချင်းချင်းကို ကြည့်ပြီး စုန့်ချင်းရှုက မွေးရာပါ ဆွဲဆောင်မှုရှိပြီး လူတွေကို အံ့ဩမင်သက်စေတဲ့ ယန်ကျိုးရဲ့ နာမည်ကြီး ပြည့်တန်ဆာမလေး ထာဝရ ပျောက်ကွယ်သွားပြီဆိုတာကို နားလည်လိုက်တယ်။
"ဟွန့်!" ဒီနှစ်ရက်အတွင်း ရှချင်းချင်း တစ်ယောက်တည်း ရှိတဲ့အချိန်တိုင်း သူ့နဲ့ နွေးထွေးတဲ့ အချိန်တွေကို ပြန်တွေးမိတိုင်း ရှချင်းချင်း နှလုံးသားက ရင်ခုန်စိတ်လှုပ်ရှားနေတယ်။
သူတို့ တကယ်တမ်း လိင်ဆက်ဆံမှု မပြုခဲ့ကြပေမဲ့ အဲ့ဒီလို ရေနဲ့ နို့ ရောစပ်သလို ပြီးပြည့်စုံသောသဟဇာဖြစ်မှုနှင့် စိတ်ဝိညာဉ်ချင်း ဆက်သွယ်တဲ့ ခံစားချက်က သူမရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်ပြီး ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူး။
ရှချင်းချင်း သူ အမြတ်ထုတ်တာကို စိတ်ဆိုးပေမဲ့ စုန့်ချင်းရှုရဲ့ ချောမောခန့်ညားပြီး တည်ကြည်ဖြောင့်မတ်တဲ့ပုံစံနဲ့ သူမရဲ့ ခက်ခဲတဲ့ မေးခွန်းနှစ်ခုကို အပြည့်အဝ ဖြေနိုင်ခဲ့တာကြောင့် သူ့အပေါ်မှာ အတော်လေး သဘောကျနေတုန်းပဲ။
ဒါကြောင့် နောက်ပိုင်းမှာ သူမ သောက်တဲ့အရက်ထဲမှာ တစ်ယောက်ယောက်က ဆေးထည့်ထားတာကို သတိပြုမိတော့ သူ့ကို သံသယမဖြစ်ဘဲ လီချွမ်ခန်းမက ဖောက်သည်တွေကိုဖျော်ဖြေဖို့အတွက် သူမအပေါ်မှာ သုံးတဲ့ နိမ့်ကျတဲ့ နည်းလမ်းလို့ပဲ ထင်ခဲ့တယ်။
ကျွန် စားလို့ မကုန်တဲ့ မုန့်တွေ ရှိတယ်၊ လွင့်ပစ်လိုက်ရင် နှမြောစရာကောင်းတယ်၊ ဒီမှာ မင်းရဲ့ အရမ်းသနားစရာကောင်းတာကို ကြည့်ပြီး ကြောင်လေးခွေးလေးတွေကိုကျွေးသလို သဘောထားလိုက်၊ မင်းအတွက် အကျိုးရှိတာပေါ့" ရှချင်းချင်း မုန့်တွေ အပြည့်ထည့်ထားတဲ့ သစ်သားပုံးလေးတစ်ခုကို သူ့ဘေးမှာ ချထားပြီး လှည့်ထွက်သွားဖို့ ပြင်လိုက်တယ်။
"မင်းသမီး ခဏလေးနေပါဦး" အံ့ဩတကြီး လှည့်ကြည့်လာတဲ့ ရှချင်းချင်းကို ကြည့်ပြီး စုန့်ချင်းရှု ခါးသက်သက် ပြုံးပြပြီး "ကျွန်တော့်ကို ခုလို ကြိုးတုပ်ထားတာကို ကြည့်ပါဦး၊ ဘယ်လို စားရမလဲ"
ရှင် ကျွန်မကို ကြိုးဖြည်ခိုင်းချင်တာလား?" ရှချင်းချင်းက အရူးမဟုတ်ဘူး၊ ခေါင်းခါလိုက်တယ်။ "ရှင့်ရဲ့ သိုင်းပညာက အရမ်းမြင့်တယ်၊ ကျွန်မ အန္တရာယ်အဖြစ်မခံချင်ဘူး"
"ကျွန်တော် ဘယ်လိုလုပ်ပြီး မင်းသမီးကို အခက်အခဲဖြစ်စေမှာလဲ" စုန့်ချင်းရှုရဲ့ မျက်လုံးတွေထဲမှာ အတိတ်ကို ပြန်လည်တမ်းတတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတယ် "ယွီယွီလေးသာ ဘေးမှာရှိရင် တစ်ကိုက်ချင်း ညင်ညင်သာသာ ခွံ့ကျွေးမှာကို တွေးမိလို့ပါ..."
ရှချင်းချင်း မျက်နှာက အလျင်အမြန်ပြောင်းလဲနေတယ် အဲ့ဒီလို နှစ်ဦးနှစ်ဖက် ဆက်ဆံမှုရဲ့ လှုံ့ဆော်မှုက သူမရဲ့ စိတ်ထဲမှာ အလွန်စိတ်လှုပ်ရှားသွားစေတယ်။ ခဏလောက် တုံ့ဆိုင်းပြီး သူမရဲ့ အင်္ကျီကို ဆွဲတင်လိုက်ကာ သူ့ဘေးမှာ ထိုင်ချလိုက်ပြီး သူမရဲ့ နုညံ့တဲ့ လက်ချောင်းလေးနှစ်ချောင်းနဲ့ မွှေးကြိုင်တဲ့ ကောက်ညှင်းမုန့်တစ်ဖတ်ကို ယူပြီး စုန်ချင်းရှုရဲ့ နှုတ်ခမ်းနားကို ခွံကျွေးလိုက်တယ်၊ပါးစပ်ကတော့ တိုးတိုးလေး ပြောနေတယ်။ "ငါက မင်း ဗိုက်ဆာပြီး သေသွားမှာကို စိုးရိမ်လို့ပါ၊ တခြား မတွေးနဲ့"
စုန်ချင်းရှုက အဓိပ္ပာယ်ကို နားလည်ပြီး ပြုံးလိုက်ကာ ပါးစပ်ဖွင့်ပြီး ပျော့ပျောင်းတဲ့ ကောက်ညှင်းမုန့်ကို ငုံလိုက်တယ်။
ရှချင်းချင်းရဲ့ လက်ချောင်းတွေ ပူလောင်သွားသလို အမြန် ပြန်ရုပ်သိမ်းသွားပြီး ပြိုင်ဘက်ကို အခွင့်အရေး တစ်စုံတစ်ရာ မပေးခဲ့ဘူး။
စုန်ချင်းရှုက မရည်ရွယ်သလို မေးလိုက်တယ်။ "မင်းသမီးက ရွှေမြွေဘုရင်နဲ့ မနေဘဲ ဘာ့လို့ ဒီမှာ ကျွန်တော်လို အကျဉ်းသားတစ်ယောက်နဲ့ စကားပြောနေတာလဲ?"
"အသက်လတ်ပိုင်း အရပ်ရှည်ရှည် စာပေသမားပုံစံလူတစ်ယောက်က ယွမ်အစ်ကိုကြီးကို လာတွေ့တယ်၊ ပင်မတဲကြီးထဲမှာ ဘာတွေ တိုင်ပင်နေလဲ မသိဘူး၊ ငါ ပျင်းလာလို့ ဟိုဟိုဒီဒီ လျှောက်သွားနေတာ" ရှချင်းချင်း မျက်နှာလေး နီရဲသွားတယ်။ တကယ်တော့ သူမက လူတွေ မသိအောင် စုန့်ချင်းရှုကို စားစရာတွေ လာပို့တာ၊ ဘာလို့ ဒီလိုလုပ်မိမှန်း သူမကိုယ်တိုင်လည်း မသိဘူး၊ စုန့်ချင်းရှုကို အလိုလို နီးစပ်ချင်တဲ့ စိတ်ကြောင့်ပဲထင်တယ်။
ရှချင်းချင်း စုန့်ချင်းရှုဆီက ထွက်လာတဲ့ လွမ်းမိုးမှု့ရှိသောအရှိန်အဝါကြောင့် သူ့ကို စွဲလန်းသွားပြီး ချစ်မိသွားတယ်လို့ ပြောရရင်... လုံးဝ အဓိပ္ပါယ်မရှိဘူး။
သူမက ပျော်ချင်တဲ့စိတ်နဲ့ ကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုမျိုး ရင်ခုန်စိတ်လှုပ်ရှားတဲ့ ခံစားချက်ကို ခံစားနေတာပဲ။ စုန်ချင်းရှုက သူမကို တကယ်တမ်း တစ်ခုခု လုပ်မယ်ဆိုရင်တော့ သူမ လုံးဝ လက်ခံမှာ မဟုတ်ဘူး။
"အိုး!" ရှချင်းချင်း စိတ်ပြန့်လွင့်နေတုန်းမှာပဲ လက်ချောင်းနှစ်ချောင်းကို တစ်ဖက်လူက စုပ်လိုက်တယ်။ လက်ချောင်းထိပ်ကို စုပ်ယူခံလိုက်ရသော စိုစွတ်တဲ့ခံစားချက်က သူမကို လန့်သွားစေတယ်။ ချက်ချင်း ထိတ်လန့်တကြား ထရပ်လိုက်ကာ နားရွက်တွေ နီရဲပြီး စုန်ချင်းရှုကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။
"ကောက်ညှင်းမုန့်က ဘယ်လောက်ချိုချို မင်းသမီးရဲ့ နုညံ့တဲ့ လက်ချောင်းလေးတွေရဲ့ အရသာနဲ့ မယှဉ်နိုင်ဘူး" စုန်ချင်းရှုက သူမကို မကြောက်ဘဲ စိုက်ကြည့်ပြီး စနောက်တဲ့ ပုံစံနဲ့ပြောလိုက်တယ်။
"ရှချင်းချင်း၊ မင်း တကယ် ရူးနေပြီ!" ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းပြီး တစ်ဖက်လူရဲ့ မုန်းစရာကောင်းတဲ့ ပုံစံကို ကြည့်ရင်း ရှချင်းချင်း ရုတ်တရက်
ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ပြီး စုန်ချင်းရှုရဲ့ ခါးကို ကန်လိုက်ကာ သူမ၏ မွှေးကြိုင်သော ဂါဝန်ကို ဆွဲတင်ပြီး ပြေးထွက်သွားတယ်။
"အိုး၊ ယောက်ျားတွေရဲ့ ဒီနေရာကို ပေါ့ပေါ့ဆဆ မကန်သင့်ဘူး၊ မင်းသမီး ကန်လို့ ကျွန်တော့်ရဲ့ တစ်သက်တာ (ခန္ဓာကိုယ်) ပျော်ရွှင်မှု ပျက်စီးသွားရင် မင်း တာဝန်ယူရမှာနော်" နောက်ကနေ စုန့်ချင်းရှုရဲ့ စနောက်တဲ့ ရယ်သံ လွင့်ပြန့်လာတယ်။
ရှချင်းချင်း ပျောက်ကွယ်သွားတဲ့ နောက်ကျောကို ကြည့်ပြီး စုန့်ချင်းရှု ခါးသက်သက် ပြုံးလိုက်တယ် "ငါ့ရဲ့ စကားများတဲ့ အကျင့်ကို ငါ မပြင်နိုင်သေးဘူး"
အရင်ဘဝက ကုမ္ပဏီမှာလည်း ဒီလိုပဲ လှပတဲ့ လက်အောက်ငယ်သားတွေကို မကြာခဏ စကားပြောပြီး စနောက်ခဲ့ကို တွေးမိတော့ စုန်ချင်းရှု မျက်နှာ မဲ့သွားပြီး အဝေးက တောင်တန်းတွေကို ငေးကြည့်ကာ နောက်က တိုင်ကို အားလျော့စွာ မှီလိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ်။ "ဒီကမ္ဘာကို ရောက်တာ ဒီလောက်ကြာပြီ၊ ပိုပိုပြီး အသားကျလာပေမဲ့ ပိုပိုပြီး ကြောက်လာတယ်၊ ဘယ်အချိန်မှာ အိပ်ရာက နိုးလာရင် အရင်ဘဝရဲ့ အမှတ်တရတွေက အိပ်မက်တစ်ခုလို့ပဲ ထင်သွားမှာစိုးရိမ်ရတယ်... ဒီလိုမှပဲ(ငါ့ပုံစံအတိုင်းပဲနေမှ) ငါ ဘယ်သူလဲဆိုတာကို မေ့မသွားမှာ"
ပင်မတဲကြီးထဲမှာ ယွမ်ချန်းကျီ အံ့ဩတကြီးနဲ့ သိုင်းလောကတွင် နာမည်အလွန်ကျော်ကြားသော လူတစ်ယောက်ကို ကြည့်ပြီး "ဘာ? ဝေရှောင်ပေါင်က မိုးမြေအဖွဲ့ရဲ့ ချင်မူခန်းမ အကြီးအကဲလား?
"ဟုတ်တယ်၊ ရှောင်ပေါင်က ငါ့တပည့်၊ သူက ချင်မင်းဆက်မှာ သူလျှိုလုပ်ပြီး မိုးမြေအဖွဲ့အတွက် အများကြီး အကျိုးပြုခဲ့တယ်။ဒီတခေါက် အခြေအနေက မစိုးရိမ်ရဘူးဆိုရင် သူ့အထောက်အထားကို ငါမဖော်ထုတ်ချင်ဘူး။ယွမ်သူရဲကောင်းက ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးဖို့ မျှော်လင့်တယ်"
ဤအသက်လတ်ပိုင်း စာပေပညာရှင်ပုံစံဖြင့်လူသည်"ချင်ကျင့်နန်ကိုမသိရင် သိုင်းလောကသားမဟုတ်ဘူး" လို့ ပြောရလောက်တဲ့ မိုးမြေအဖွဲ့ရဲ့ အကြီးအကဲပဲ။
မိုးမြေအဖွဲ့ရဲ့ အဖွဲ့ဝင်တွေက နေရာအနှံ့အပြားမှာ ဖြန့်ကျက်နေပြီး ရှန်းတုန်းဒေသက သိုင်းလောကသားတွေ ဝေရှောင်ပေါင်ကို သတ်ဖို့ လျှို့ဝှက်ကြံစည်နေတာကို မတော်တဆ သိသွားတယ်။ ချင်ကျင့်နန် သတင်းရပြီးနောက် အလွန်ထိတ်လန့်သွားပြီး နေ့ရောညပါ ခရီးဆက်ကာ အဖွဲ့ခွဲအသီးသီးကို စုံစမ်းဖို့ စေခိုင်းပြီး နောက်ဆုံးတော့ ယွမ်ချန်းကျီတို့နောက်ကို လိုက်နိုင်ခဲ့တယ်။
"ချင်အကြီးအကဲ၊ မင်းတို့ မိုးမြေအဖွဲ့က ချင်ကို တော်လှန်ပြီး မင်ကို ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ထားတယ်၊ ငါလည်း ချင်ကို တော်လှန်တာ မှန်ပေမဲ့ အရင်မင်ဧကရာဇ်နဲ့ ငါ့မှာ မကျေနိုင်တဲ့ ရန်ငြိုးတွေ ရှိတယ်၊ မင်းနဲ့ ငါက တစ်လမ်းတည်း မဟုတ်ဘူး" ယွမ်ချန်းကျီရဲ့ စကားကြောင့် ချင်ကျင့်နန် စိတ်ထဲမှာ လေးလံသွားတယ်။ ဒါပေမဲ့ သူက စကားကို ပြောင်းပြီး "ဒါပေမဲ့ ဒီယွမ်က ချင်အကြီးအကဲရဲ့ နာမည်နဲ့ဂုဏ်သတတင်းကို အမြဲ လေးစားခဲ့တယ်၊ ကိုယ့်အချင်းချင်း သတ်ပြီး မန်ချူးတွေအတွက် အကျိုးမဖြစ်စေချင်ဘူး၊ ကျွန်တော် ဝေရှောင်ပေါင်ကို လွှတ်ပေးနိုင်တယ်၊ ဒါပေမဲ့ ဒီခရီးက ဘာအကျိုးမှ မရှိပဲ ပြန်ရောက်ရင် လက်အောက်ငယ်သားတွေကို ဘယ်လိုရှင်းပြမလဲ”