အခန်း ၆၄ ဘယ်သူအကျိုးရှိသွားလဲ?
ဒိုလုံနဲ့ ကျန်းခမ်းနန်တို့က မျက်နှာချင်းဆိုင် ကြည့်လိုက်ပြီး စိတ်ထဲမှာ တူညီတဲ့ အတွေးတစ်ခု ပေါ်လာတယ်။ ဝေညီလေးရဲ့ ရှောင်အာလေးက အကောင်းဆုံးပဲ၊ တခြားမိန်းမတွေက မနာလိုဖြစ်ရင် တကယ် ကြောက်စရာကောင်းတယ်။
ရွှေရှန်း ခဏတာ စိတ်လိုက်မာန်ပါ လုပ်ပြီးနောက် အခု နည်းနည်း နောင်တရလာပြီး စိုးရိမ်တကြီး စုန့်ချင်းရှုကို တစ်ချက်ကြည့်လိုက်တယ်၊ သူ ဘာမှ မပြောတာကို တွေ့တော့ လျှာထုတ်ပြီး ချစ်စရာကောင်းတဲ့ အမူအရာလုပ်ပြလိုက်တယ်၊ ကံကောင်းစွာဖြင့် သူတို့ နေရာက လူအုပ်နဲ့ နည်းနည်း ဝေးတာကြောင့် တကယ်လို့ အခြားယောက်ျားတွေက သူမ ယောက်ျားလေးပုံစုံနဲ့ ဒီလို မိန်းကလေးဆန်တဲ့ အမူအရာမျိုး လုပ်နေတာကို မြင်ရင် တခြား ပြဿနာတွေ ဖြစ်လာနိုင်တယ်။
ရှချင်းချင်း ခြေထောက်ကို ဆောင့်ပြီး စုန့်ချင်းရှုကို မျက်စောင်းထိုးလိုက်တယ်"ဒီဝေရှောင်ပေါင်က ဘာလို့ ဒီလောက်တုံးအတာလဲ၊ အဖြေက သူ့ရှေ့ကို ရောက်နေတာတောင် တခြားယောက်ျားတွေကို အခွင့်အရေး ပေးရတယ်လို့" စိတ်ထဲမှာ တွေးပြီး သူ့ကို ဖိတ်ခေါ်ဖို့ ဘာအကြောင်းပြချက် သုံးရမလဲ စဉ်းစားနေတယ်။
စုန်ချင်းရှုက အစက သိပ်ဂရုမစိုက်ပေမဲ့ ခုနက ရှချင်းချင်းရဲ့ မကျေမနပ် မျက်စောင်းထိုးလိုက်တဲ့ အကြည့်ကို မြင်မိတော့ နှလုံးသားက တုန်လှုပ်သွားပြီး လည်ချောင်းရှင်းလိုက်ကာ "ကျွန်တော်မှာလည်း စကားဆက်တစ်ခု ရှိပါတယ်၊ ပန်းပွင့်လေး လမ်းညွှန်ပေးပါဦး"
ရှချင်းချင်း မျက်လုံးများ တောက်ပသွားပြီး စိတ်ထဲမှာ "ကောင်းပြီ၊ မင်းစကားဆက်က ဘယ်လောက်ပဲ ညံ့ညံ့ ငါ မင်းကို ခဏလောက် အိမ်ထဲ ဖိတ်ခေါ်ဖို့ အကြောင်းပြချက် ရပြီ။ ဘာပဲဖြစ်ဖြစ် ငါက ဒိုင်လူကြီး၊ ဒီည ငါပြောတာ အတည်ပဲ!" လို့ တွေးလိုက်တယ်။
"ဝေသခင်လေး အရည်အချင်းရှိတာမို့ စကားဆက်ကလည်း ထူးခြားမှာ သေချာတယ်"
စုန်ချင်းရှု ထရပ်ပြီး အတွင်းအားကို ထိန်းချုပ်ကာ သူ့အဖြေကို လူတိုင်းရဲ့ နားထဲကို ကြားနိုင်အောင် ပြောလိုက်သည် " ပန်းပွင့်လေးရဲ့ အပေါ်က စကားလုံးက 'မြူဆိုင်းသော ရေကန်ဘေးက မိုးမခပင်' ဖြစ်ပြီး ကျွန်တော့်ရဲ့ အောက်က စကားလုံးက “ကျင်မြစ်ကမ်းဘေးက တောက်ပ(တောက်လောင်)နေသော မက်မွန်ပင်" ဖြစ်ပါတယ်
အရင်က လူတွေ ဆက်ခဲ့တဲ့ စကားဆက်တွေ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ စကားဆက်ပြီးတဲ့နောက် လူအုပ်ကြီးက ဝေဖန်အကဲဖြတ်ကြသည်၊ စုန်ချင်းရှု စကားဆုံးတာနဲ့ ခန်းမထဲမှာ ထူးဆန်းတဲ့ တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်သွားသည်။
ဝမ်ယွီယန်ရဲ့ လှပတဲ့ မျက်လုံးများ တောက်ပလာပြီး စုန်ချင်းရှုရဲ့ ဘေးဘက် ပုံရိပ်ကို တိတ်တဆိတ် ကြည့်ကာ စိတ်ထဲမှာ ဝမ်းနည်းပက်လက် ဖြစ်နေတယ်။ "ဝမ်းကွဲအစ်ကိုမှာ သူ့လို စာပေပညာတော်ရင် ဘယ်လောက်ကောင်းမလဲ..."
ရှချင်းချင်း အံ့ဩတကြီး သူ့ကို တစ်ချက်ကြည့်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ နှုတ်ခမ်းမှာအပြုံးလေးတစ်ခုပေါ်လာသည်။ "ဝေသခင်လေး စကားဆက်တာ ဒီည အကောင်းဆုံးပဲ၊ အားလုံးလဲ သဘောတူမယ်လို့ထင်ပါတယ်"
"သဘောတူပါတယ်!" လူအုပ်ကြီးက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ လူတွေက ဆောင်ကြာမြိုင်ကို လာတာ ပျော်ပါးဖို့ပဲဆိုပေမယ့် အနည်းဆုံး ယဉ်ကျေးမှုတော့ ရှိကြတယ်၊ ပိုရိုင်းရိုင်း ပြောရရင် အားလုံး ပြည့်တန်ဆာလာချတဲ့သူတွေ ဖြစ်ပေမဲ့ ပြည့်တန်ဆာ ရှာသူတွေမှာလည်း စည်းကမ်းဆိုတာ ရှိတယ်။ စုန်ချင်းရှုရဲ့ အဖြေက တကယ်ကို ခန်းမတစ်ခုလုံးရဲ့ အကောင်းဆုံးဖြစ်တာကြောင့် ဘယ်သူမှ အဲ့ဒီအချိန်မှာ အပြစ်ရှာမှာ မဟုတ်ဘူး။
"ဒါဆိုရင် ပန်းပွင့်လေးက ဝေသခင်လေးကို အပေါ်ထပ်မှာ ခဏလောက် စကားပြောဖို့ ဖိတ်ခေါ်ပါရစေ" ရှချင်းချင်းက ချိုသာစွာ ပြုံးပြီး လူအုပ်ကြီးကို တံတွေးမြိုချလောက်အောင်စွဲဆောင်မှုရှိသော လှပသည့်နောက်ကျောပုံရိပ်ကို ချန်ထားခဲ့ကာ ပျောက်သွားသည်။
မကြာခင်မှာပဲ အစေခံမလေးတစ်ယောက်က လာဖိတ်တယ်။ "ဝေသခင်လေး၊ ကျွန်မတို့သခင်မက ဖိတ်ခေါ်ပါတယ်"
စုန်ချင်းရှု စိတ်ထဲမှာ အလွန်အမင်း ဝေခွဲမရ ဖြစ်နေတယ်။ သွားရမလား မသွားရဘူးလား? သွားရင် သူ့ရဲ့ တောက်ပပြီး ခန့်ညားတဲ့ ပုံရိပ် နည်းနည်း ပျက်စီးသွားမှာကို စိုးရိမ်တယ်။ မသွားရင်... အင်း၊ သူ ယောက်ျား မဟုတ်တော့ဘူးလား!
စုန်ချင်းရှုက ပြုံးရယ်လျက် အစေခံမလေးနောက်က ယဉ်ကျေးစွာ လိုက်သွားပြီး ယောက်ျားတွေရဲ့ အားကျတဲ့ အကြည့်အောက်မှာပဲ အပေါ်ထပ်ကို တက်သွားသည်။
"လူယုတ်မာ၊ သေနာကောင်!" ရွှေရှန်း စိတ်တို ဒေါသထွက်သွားပြီး ထိုင်ချလိုက်ကာ အရက်ကို ဆက်တိုက် သောက်ချလိုက်သည်။
"ရွှေမိန်းကလေး၊ စုန့်အစ်ကိုက တည်ငြိမ်ပြီး ထူးခြားတယ် တခြားလူတွေ ထင်သလို... မကောင်းတာတွေ ဖြစ်ချင်မှ ဖြစ်မှာ" ဝမ်ယွီယန် မျက်နှာလေး နီရဲသွားပြီး "ညစ်ညမ်း" ဆိုတဲ့ စကားလုံးကို သူမ ဘယ်လိုမှ ပြောမထွက်ဘူး။ ရွှေရှန်း မနာလိုတဲ့ ပုံစံကို မြင်တော့ မိန်းကလေးချင်းမို့ နှစ်သိမ့်စကား ပြောလိုက်သည်။
"သူ ဘာလုပ်လုပ် ကျွန်မနဲ့ ဘာဆိုင်လဲ..." ရွှေရှန်း အားတင်းပြီး ပြုံးလိုက်ကာ လက်ဖြင့်မေးကိုထောက်လျက်ထိုင်နေပြီး တွေဝေငေးမောနေသည်။
"အင်း၊ ခန်းမထဲမှာ ဘာလို့ ဒီလောက် တိတ်ဆိတ်သွားတာလဲ၊ စုန့်အစ်ကိုကြီး ဘယ်ရောက်သွားလဲ?" ဝေရှောင်ပေါင် ပြန်ရောက်လာပြီး အံ့ဩတကြီး မေးလိုက်သည်။ စိတ်ထဲမှာတော့ အတော်လေးမကျေမနပ်ဖြစ်နေသည်။ သူ ခပ်မြန်မြန်ပဲ အရက်သိုလှောင်ခန်းထဲကို ဝင်သွားတုန်း အစေခံတစ်ယောက်နဲ့ အစေခံမလေးတစ်ယောက် ချစ်တင်းနှောနေတာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတယ်။ မျက်စိပသာဒဖြစ်ပေမဲ့ အရက်သိုလှောင်ခန်းထဲမှာ အချိန်အတော်ကြာ ပုန်းနေခဲ့ရတာကြောင့် အခုမှ ပြန်ရောက်လာတာ။
"ဘာ!" စုန်ချင်းရှုကို ပန်းပွင့်လေးက သူမရဲ့ အိပ်ခန်းထဲကို ဖိတ်ခေါ်သွားပြီ။ ဝေရှောင်ပေါင် မျက်နှာပျက်သွားပြီး နှလုံးသားက နာကျင်သွားသည်။ "ဒီဘိုးဘိုးက ခက်ခက်ခဲခဲနဲ့ အပင်ပန်းခံပြီး ပန်းပွင့်လေးရဲ့ အခန်းထဲကို ပို့မယ့် အရက်ကို စိတ်ကြွဆေးပါတာနဲ့ လဲခဲ့တယ်၊ အားလုံး တခြားသူအတွက် အကျိုးရှိသွားတာပဲ!"
အင်း၊ ဒီကောင်ချောလေးနဲ့ အတူရှိနေတော့ ငါ့ရဲ့ ကံကောင်းခြင်းတွေ တော်တော် ဆုံးရှုံးသွားတာပဲ... ဝေရှောင်ပေါင်က သူ့ကို လုံးဝ ဂရုမစိုက်တဲ့ ဝမ်ယွီယန်နဲ့ ရွှေရှန်းကို တစ်ချက်ကြည့်ပြီး ရင်ထဲမှာ နာကျည်းသွားသည်။
အစေခံမလေးနောက် လိုက်လာပြီး လူသူကင်းရှင်းတဲ့ အိမ်လေးတစ်ခုကို ရောက်တော့ စုန်ချင်းရှု သင်းပျံ့တဲ့ ဆီမွှေးနံ့လေး ရလိုက်တယ်။ ခဏတာ အတိတ်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ အရင်တုန်းက စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကို ဧည့်ခံတဲ့အခါ ဒီလို ပျော်ပါးရာနေရာတွေကို အတော်လေးစုံအောင်ရောက်ခဲ့ဖူးသည်။ "ရှေးခေတ် နာမည်ကြီး ပြည့်တန်ဆာတွေနဲ့ ခေတ်သစ်ရဲ့ လိမ္မာပါးနပ်တဲ့ မိန်းမတွေ ဘယ်သူက ပိုပြီး အစွမ်းထက်မလဲ မသိဘူး..."
"ဝေသခင်လေး ဝင်ထိုင်ပါ" စုန်ချင်းရှု ငေးနေတုန်းမှာ ပုလဲကန့်လန့်ကာနောက်က ပန်းပွင့်လေးရဲ့ ချိုသာပြီး ဆွဲဆောင်မှုရှိတဲ့ အသံ ထွက်လာသည်။
သူမဘေးမှာ ထိုင်လိုက်တော့ စုန်ချင်းရှု သူမကို အနီးကပ် သေချာကြည့်ဖို့ အခွင့်အရေး ရသွားသည်။ သူမက အစိမ်းနုရောင် ပိုးသားဂါဝန်လေး ဝတ်ထားပြီး ရှည်လျားနက်မှောင်သောဆံပင်များကို ပခုံးပေါ်တွင် ဖြေချထားသည်။ ပြောမပြတတ်တဲ့ ဆွဲဆောင်မှုနဲ့ ပြင်းပျသော အရှိန်အဝါများထွက်ပေါ်နေသည်။ မျက်နှာမှာ မိတ်ကပ်ပါးပါးလေး လိမ်းထားပြီး မျက်ခုံးနဲ့ မျက်လုံးထောင့်တွေမှာ စိုစွတ်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက မျက်ရည်တွေ စီးကျတော့မတတ်ပဲ။
သူမရဲ့ ပြုံးမလို၊ ငိုမလို မျက်လုံးရွဲကြီးတွေကို ကြည့်မိလိုက်တဲ့ ခဏ စုန်ချင်းရှု မျက်နှာ နည်းနည်း နီရဲသွားပြီး မသိစိတ်နဲ့ ခေါင်းငုံလိုက်ပြီး နောက်ထပ် မကြည့်ရဲတော့လောက်အောင်ပဲ။
ရှချင်းချင်း စိတ်ထဲမှာ ရယ်လိုက်တယ်၊ ဝေရှောင်ပေါင်က မိန်းမလိုက်စားတဲ့လို့ အားလုံး ပြောကြပေမယ့် ဒီလောက် ရှက်တတ်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။
အိမ်ထောင်သည်ဖြစ်နေတဲ့ သူမဟာ ငယ်ရွယ်စဉ်က အတွေ့အကြုံမရှိတဲ့ အမူအရာတွေ ကင်းစင်သွားပြီ၊ သူမက ကိုယ်တိုင်လည်း သိုင်းလောက က အမျိုးသမီးဖြစ်တာကြောင့် ပြောဆိုပြုမူရာမှာ သိပ်ပြီး စိုးရိမ်ပူပန်မှု မရှိတော့ဘူး၊ သူမရဲ့ တာဝန်ကို အပြစ်အနာအဆာမရှိအောင် လုပ်ဖို့ပဲ စိတ်ထဲမှာ ရှိနေတာကြောင့် ယွမ်ချန်းကျီတစ်ယောက်တည်းအတွက်သာ သီးသန့်သက်ဆိုင်သော သူမရဲ့ ဆွဲဆောင်မှုတွေကို ပြသဖို့ လုံးဝ မရှက်တော့ဘူး။
စုန်ချင်းရှုကတော့ သူ့ကိုယ်သူ ဘာလို့ ဒီလို အတွေ့အကြုံမရှိတဲ့ပုံစံကို ပြသမိလဲဆိုပြီး စိတ်ပျက်နေတယ်။ အရင်တုန်းက ပျော်ပါးခဲ့တာတွေလည်း မနည်းတော့ဘူး၊ ချက်ချင်း စိတ်ကို တည်ငြိမ်အောင် ထားပြီး ခေါင်းမော့ကာ ပြုံးပြီး မေးလိုက်တယ် "ပန်းပွင့်လေးရဲ့ တတိယမေးခွန်းက ဘာလဲ မသိဘူး?"
"ညက ရှည်လျားလှတာမို့ အချိန်တွေ အများကြီး ရှိသေးတယ်၊ သခင်လေး ဘာလို့ ဒီလောက် စိတ်မရှည်ဖြစ်နေတာလဲ?" ရှချင်းချင်းရဲ့ မျက်လုံးတွေ တောက်ပလာပြီး ညင်သာစွာ ပြုံးလိုက်တယ် "ဒီနေ့ သခင်လေးရဲ့ ဉာဏ်ပညာကို တွေ့ရတာ ပန်းပွင့်လေး အရမ်း လေးစားမိပါတယ်၊ ပန်းပွင့်လေးက သခင်လေးကို အရင်ဆုံး အရက်တစ်ခွက် တိုက်ပါရစေ"
သူမရဲ့ လက်ထဲက အရက်ခွက်ကို ကြည့်မိတော့ စုန့်ချင်းရှု ခဏတာ လည်ချောင်း ခြောက်သွားပြီး လက်ကို ဆန့်ပြီးယူလိုက်တော့ မတော်တဆ သူမရဲ့ နူးညံ့တဲ့ အသားအရေကို ထိမိသွားတယ်။
ရှချင်းချင်း မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းရောင် တစ်ချက် လက်သွားပြီး စိတ်ထဲမှာ "ယွမ်အစ်ကိုကြီးတို့ အပြင်က အစောင့်အရှောက်တွေကို ရှင်းလင်းပြီးတဲ့အထိ အချိန်ဆွဲဖို့ မဟုတ်ရင် ဓားနဲ့ တစ်ချက်တည်း သတ်ပစ်လိုက်မှာ" လို့ တွေးလိုက်တယ်။
စုန့်ချင်းရှုက နူးညံ့တဲ့လက်ရဲ့နောက်ကွယ်မှာဝှက်ထားတဲ့ အန္တရာယ်ကို လုံးဝ မသိဘူး၊ ခွက်ထဲက အရက်ကို တစ်ခါတည်း အကုန် သောက်လိုက်တော့ ဗိုက်ထဲမှာ ခုနစ်ဆလောက်ပိုပြီးပူနွေးသွားပေမယ့် ခုနက သူမရဲ့ လက်က ထိတွေ့လိုက်တဲ့ အေးမြပြီး သက်တောင့်သက်သာရှိတဲ့ ခံစားချက်ကိုတော့ မဖျောက်နိုင်ခဲ့ဘူး။
"ပန်းပွင့်လေး ဘယ်ကလဲ?" စုန့်ချင်းရှုက မေးလိုက်တယ်၊ အရင်ဘဝတုန်းက သူငယ်ချင်းတစ်ယောက်က ကလပ်ကိုသွားတိုင်း မိန်းကလေးတွေကို အကျင့်ပျက်မှာ စိုးရိမ်လို့ အိမ်ထောင်ပြုဖို့ တိုက်တွန်းတာကို မကြာခဏ လှောင်ပြောင်ခဲ့တယ်။ မထင်မှတ်ဘဲ အခု သူကိုယ်တိုင်လည်း အဲ့ဒီလို စိတ်ကူးမျိုး ပေါ်လာတာကို တွေ့ရတော့ အလွန်ဝမ်းနည်းသွားသည်။ ဒီလောက် ထူးချွန်တဲ့သူ ဘာလို့ ဒီလို အခြေအနေဆိုးထဲ ရောက်နေရတာလဲ။
"ကျွန်မ အရင်က ဘယ်သူလဲဆိုတာ မေ့သွားတာ ကြာခဲ့ပြီ" ရှချင်းချင်း မျက်လုံးထဲမှာ အတိတ်ကို ပြန်လွမ်းဆွတ်တဲ့ အရိပ်အယောင် တစ်ချက် ပေါ်လာပြီး ပြုံးရွှင်စွာ ပြောလိုက်တယ် "ဒီည လှပတဲ့ မြို့ရိုးနဲ့ လှပတဲ့ မြင်ကွင်းတွေ ရှိတယ်၊ ကျွန်မတို့ ပျော်စရာ စကားတွေ ပြောကြတာ မကောင်းဘူးလား၊ ဘာလို့ ဝမ်းနည်းစရာ အကြောင်းတွေ ပြောရမှာလဲ" သူမ၏ အပြုံးနဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးတွေက ဆောင်ကြာမြိုင်က မိန်းကလေးတစ်ယောက်ရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ အကူအညီမဲ့မှုကို အပြည့်အဝ ဖော်ပြနေသည်။
"ကျွန်တော် မှားသွားပါတယ်" ခုနက စကားက သူမရဲ့ ဘဝက ဝမ်းနည်းစရာ အကြောင်းကို ထိမိသွားပုံရတယ်လို့ စိတ်ထဲမှာ တွေးပြီး စုန့်ချင်းရှု ချက်ချင်း စိတ်မကောင်းဖြစ်သွားတယ် "ဒီအရက်ခွက်က ကိုယ့်ကိုကိုယ် အပြစ်ပေးတဲ့ အနေနဲ့ပါ’’
"သခင်လေးက ပန်းပွင့်လေးရဲ့ အရေးပါတဲ့ ဧည့်သည်မို့ ပန်းပွင့်လေးက သခင်လေး တစ်ယောက်တည်း စိတ်မကောင်းဖြစ်ပြီး သောက်ခွင့် ဘယ်လို ပေးရဲမှာလဲ" ရှချင်းချင်း ညင်သာစွာ ပြုံးပြီး ဝေရှောင်ပေါင် ချထားသော အရက်အိုးကို ယူကာ တစ်ခွက် ငှဲ့ထည့်ပြီး တစ်ခါတည်း အကုန် သောက်လိုက်တယ်။