အခန်း (၆၃) အနိုင်ရသွားသော ရွှေရှန်း
တကယ်တော့ ရွှေရှန်းက စုန့်ချင်းရှု ဟန်ဆောင်နေတယ်လို့ ထင်ပြီး မျက်နှာပျက်အောင် လုပ်ချင်တာ။
သူမရဲ့ စကားကို ကြားတာနဲ့ တစ်ပြိုင်နက် ခန်းမထဲက လူတွေ အကုန်လုံး စုန့်ချင်းရှုကို လှည့်ကြည့်လာကြတယ်။
"သူ လျှောက်ပြီး ခန့်မှန်းလိုက်တာ မဟုတ်လောက်ပါဘူးနော်"
"ဒီကောင်လေး အိပ်မက်မက်မနေနဲ့တော့၊ အရင်က လူတွေ အများကြီး ခန့်မှန်းခဲ့တာတောင် တစ်ယောက်မှ မမှန်ဘူး"
ဆောင်ကြာမြိုင်မှလူက မျက်လုံးတောက်ပလာပြီး တိတ်တဆိတ် မျက်ရိပ်ပြလိုက်တော့ အဘွားကြီးက ပြုံးပြုံးလေးနဲ့ "ဝေသခင်လေးပါလား၊ တကယ်ကို ဉာဏ်ပညာကြီးမားတာပဲ၊ အဖြေကို ပြောပါဦး၊ ပန်းပွင့်လေးက မှန်လား မှားလား ဆုံးဖြတ်ပေးပါလိမ့်မယ်"
လူအများ၏ အေးစက်သော စကားများကို ကြားတော့ ဝမ်ယွီယန် စိုးရိမ်တကြီး စုန်ချင်းရှုကို ကြည့်လိုက်သည်။ အကြိမ်အနည်းငယ် ထိတွေ့ဆက်ဆံပြီးနောက် သူမ၏ စိတ်ထဲတွင် သူ့အပေါ် အထင်ကြီးလေးစားမှုများ ရှိလာပြီး စုန့်ချင်းရှု အရှက်ရမည်ကို မကြည့်နိုင်ဘဲ တိတ်တဆိတ် အဖြေကို ပြောပြရန် ပြင်လိုက်စဉ် ရွှေရှန်းက အခွင့်အရေးကို မြင်ကာ နှစ်ယောက်ကြားတွင် လှုပ်ရှားသွားပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဝမ်မလေး ကျွန်မတို့သခင်လေးအတွက် စိတ်မပူပါနဲ့၊ သူက အရာရာကို တတ်ကျွမ်းတဲ့သူပါ၊ ဒီလိုရိုးရှင်းတဲ့ မေးခွန်းမျိုးကို သူ သိမှာ သေချာပါတယ်"
ရွှေရှန်း စိတ်ထဲမှာ ကျေနပ်စွာ ပြုံးလိုက်သည်။ အခု သူ့ကို မြင့်နိုင်သမျှမြင့်အောင် မြှောက်ပင့်ပြောပြီး နောက်မှ သူ ဘယ်လို အရှက်တကွဲ ပြုတ်ကျမလဲ စောင့်ကြည့်ရုံပဲ။ ဝမ်ယွီယန်က သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မသိတာကြောင့် ရွှေရှန်း ဒီလိုပြောတာကို မြင်တော့ သတိပေးဖို့ စိတ်ကူးကို ဖျောက်လိုက်တယ်။
"ဒီကောင်မလေး..." စုန်ချင်းရှုက ရွှေရှန်းကို မျက်စောင်းထိုးလိုက်သည်။
ဒိုလုံက စုန်ချင်းရှုကို အားကျစွာ ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်။ "စုန့်သခင်လေး၊ သူတို့က မင်းကို ဝေညီလေးလို့ ထင်နေကြတယ် ဟားဟား၊ ရှားပါးတဲ့ အခွင့်အရေးပဲ၊ လှပတဲ့ မိန်းကလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးတယ်"
"တကယ်ရော သိရဲ့လား၊ လူတွေရဲ့ အချိန်ကို မဖြုန်းတီးနဲ့" အောက်က လူအုပ်က စိတ်မရှည်တော့ဘူး၊ ရွှေရှန်းကလည်း ပြုံးပြုံးကြီးနဲ့ ပွဲကြည့်ဖို့ စောင့်နေတယ်။
"ဓားတစ်ရာ ခုတ်ပြီးရင် ပန်းပွင့်လေးရဲ့ ပုဝါကို အများဆုံး ငါးထောင့်ငါးဆယ့်တစ်ပိုင်း ခွဲနိုင်ပါလိမ့်မယ်" စုန်ချင်းရှုက ပိတ်ကားနောက်က နန်းတွင်းဝတ်စုံနဲ့ လှပတဲ့ အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်တယ်။
ဝမ်ယွီယန် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး စုန့်အစ်ကိုက သိုင်းပညာသာ မကဘူး၊ သာမန်လူတွေအတွက် ခက်ခဲတဲ့ ကိန်းဂဏန်းပညာကိုပါ တတ်ကျွမ်းတာကြောင့် တကယ်ကို အရာရာကို တတ်မြောက်တဲ့ ပညာရှင်ပဲလို့ တွေးလိုက်တယ်။
ပန်းပွင့်လေးက နောက်ဆုံးတော့ နူးညံ့တဲ့ အသံနဲ့ စကားပြောလာတယ်။ သူမရဲ့ အသံတိုင်းမှာ နှလုံးသားကို ဆွဲဆောင်နိုင်တဲ့ မှော်အစွမ်းအနည်းငယ် ပါဝင်နေပုံရတယ်။ "ဝေသခင်လေး တကယ်ကို ထူးချွန်တာပဲ၊ ဘယ်လို အဖြေထုတ်ခဲ့တာလဲ မသိဘူး" စိတ်ထဲမှာတော့ သူမ အရမ်းအံ့ဩနေသည်။ ဝေရှောင်ပေါင်ဟာ ဘာမှ မတတ်ကျွမ်းသလို ရုပ်ဆိုးအကျည်းတန်တယ်လို့ အရင်က ကြားခဲ့ဖူးပေမဲ့ ဘာလို့ ဒီလူက ရုပ်ရည်ချောမောပြီး ဒီမေးခွန်းကို တွက်နိုင်ရတာလဲ။
ဒီပန်းပွင့်လေးက ယွမ်ချန်းကျီရဲ့ လက်ရှိဇနီး ရှချင်းချင်းပဲ ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူမဟာ နုနယ်ပြီး ယောက်ျားလေးဆန်တဲ့ ပုံစံမျိုး ရှိခဲ့ပေမဲ့ ဘာကြောင့်မှန်းမသိ လက်ထပ်ပြီးတဲ့နောက် သူမဟာ ပိုမို၍ လှပဆွဲဆောင်မှုရှိလာပြီး လှုပ်ရှားမှုတိုင်းမှာ အမျိုးသမီးဆန်တဲ့ ဆွဲဆောင်မှုတွေ ထွက်ပေါ်နေတာကြောင့် အခုဆိုရင် တကယ်ကို တောက်ပတဲ့ အလှတရားလို့ ဆိုနိုင်တယ်။
အဲ့ဒီအချိန်တုန်းကသာ ရှချင်းချင်းရဲ့ ပုံစံအစစ်အမှန်ကို သိခဲ့ရင်"နောက်ပိုင်း ယွမ်ချန်းကျီက အားကျိုးကို သွားရှာဖို့ တွန့်ဆုတ်နေတာ အံ့ဩစရာ မဟုတ်ဘူး၊ ရှချင်းချင်းက ဒီလောက် လှပပြီး ဆွဲဆောင်မှုရှိနေတာကိုး!" လို့ ပြောမှာ သေချာတယ်။
ဒီမေးခွန်းကို အရင်က အဟောင်းစာအုပ်တစ်အုပ်မှာ တွေ့ခဲ့တာဖြစ်ပြီး မူလက ဒီလို ပျော်ပါးသောက်စားတဲ့သူတွေကို တမင်သက်သက် ခက်ခဲအောင်စီစဉ်ပြီး စိတ်ပျက်အောင် လုပ်ဖို့ ရည်ရွယ်ထားတာ။ သူမ စောင့်နေတာ ဝေရှောင်ပေါင် တစ်ယောက်တည်းပဲ။ ဝေရှောင်ပေါင် ရောက်လာပြီးရင် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်အောင် သူမမှာ နည်းလမ်းရှိပြီးသား ဘာပဲဖြစ်ဖြစ် အဖြေကို သူမကိုယ်တိုင် သိပြီးသား။
ရှောင်ပေါင် လျှောက်ပြီး ခန့်မှန်းလိုက်တဲ့ နံပါတ်တစ်ခုကို မှန်တယ်လို့ ပြောရင် မရဘူးလား?
ဝေရှောင်ပေါင် ပါးစပ်ဖွင့်လိုက်တာနဲ့ တကယ်ပဲ အဖြေမှန်သွားတာကြောင့် ရှချင်းချင်း အံ့ဩသွားပြီး သူ့နောက်က ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို သတိထားမိသွားပြီး စိတ်ထဲမှာ တစ်ခုခု တွေးမိသွားတယ် "ဝေရှောင်ပေါင်က ရာထူးကြီးတော့ သူ့ရဲ့ နောက်လိုက်တွေက သူ့အတွက် တွက်ပေးတာ ဖြစ်နိုင်တယ်"
ရှချင်းချင်း အများကြီးစဉ်းစားနေပေမယ့် တကယ်အပြင်မှာ မျက်စိတစ်မှိတ်အတွင်းမှာပဲရှိသေးသည်။ လူအများက စုန့်ချင်းရှုရဲ့ အဖြေကို စောင့်နေကြသည်။
စုန့်ချင်းရှု ခဏလောက် တုံ့ဆိုင်းပြီးမှ "ခန့်မှန်းလိုက်တာ" လို့ ပြောလိုက်တော့ ခန်းမထဲမှာ ဒေါသတကြီး အော်ဟစ်သံတွေ ပွက်လောရိုက်သွားတယ်။
စိတ်ထဲမှာ ခါးသက်သက် ပြုံးလိုက်ပြီး စုန့်ချင်းရှု ဒီမေးခွန်းကို မမျှော်လင့်ပဲသိခဲ့ရတာ အရင်ဘဝတုန်းက သူ့ကုမ္ပဏီက ဝန်ထမ်းသစ် ခေါ်ယူတဲ့ အချိန်မှာ လူ့စွမ်းအားအရင်းအမြစ်ဌာန(HR Department)က ပြင်ဆင်ထားတဲ့ အင်တာဗျူးမေးခွန်းတွေမှာ မတော်တဆ ဒီမေးခွန်းလည်း ပါနေတယ်။
အဲ့ဒီတုန်းက စုန့်ချင်းရှု သူကိုယ်တိုင်လဲ အဖြေမသိတာကြောင့် ရှက်သွားပြီး လက်အောက်ငယ်သားကို မေးဖို့လည်း အားနာတာကြောင့် နောက်မှ တိတ်တဆိတ် ဘိုင်ဒူး(google လိုမျိုးပဲ)မှာ ရှာကြည့်လိုက်မှ ဒီမေးခွန်းကို ကောင်းကောင်း မှတ်မိသွားတာ။
ဖြေရှင်းနည်းကတော့...............@#$%^&**%#@... သင်္ချာနည်းနဲ့ သက်သေပြခြင်းပဲ၊ စာဖတ်သူရော နားလည်လား?(ဘာသာပြန်သူတော့ နားမလည်ဘူးဗျာ) စုန့်ချင်းရှု လူတွေကို မထီမဲ့မြင်စွာကြည့်ပြီး ဆက်မပြောချင်တော့ဘူး။
"ဝေသခင်လေးက နည်းလမ်းကို မပြောချင်တော့ ပန်းပွင့်လေးလည်း အတင်းမမေးတော့ပါဘူး" ရှချင်းချင်း ချက်ချင်း သူ့ကို ကာကွယ်ပြီး ပြောလိုက်တော့ လူတွေက စုန့်ချင်းရှုမှာ ထူးခြားတဲ့ နည်းလမ်းတစ်ခုခု ရှိပြီး သူတို့နဲ့ မျှဝေဖို့ မလိုလားဘူးလို့ ထင်ပြီး ကျေနပ်သွားကြတယ်။
"သခင်လေး နောက်မေးခွန်းကို နားထောင်ပါ၊ ဖြေနိုင်ရင် ပန်းပွင့်လေးနဲ့ အပေါ်ထပ်မှာ တွေ့ဆုံကြတာပေါ့" ရှချင်းချင်း ညင်သာစွာ ပြုံးပြီး ဆွဲဆောင်မှုရှိတဲ့ အသံနဲ့ ပြောလိုက်သည်။
ဒီတစ်ခါတော့ ခန်းမထဲမှာ ပွက်လောရိုက်သွားတယ်။
"မေးခွန်းသုံးခု မေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား၊ ဘာလို့ နှစ်ခုနဲ့တင် သူ့ကို ဝင်ခွင့်ပေးလိုက်တာလဲ?"
"ပန်းပွင့်လေး၊ မင်း သတိထားဦးနော်?"
"သူ့ကို အသက်ငယ်ပြီး ရုပ်ချောလို့ အထင်မကြီးနဲ့၊ ဒီလိုမျက်နှာဖြူလေးတွေက ငွေနဲ့ လုပ်ထားတဲ့ လှံတံလိုပဲ၊ ဘာမှ အသုံးမဝင်ဘူး၊ ငါ့လို ပိုက်ဆံလည်းရှိ လက်နက်လည်းကြီးတဲ့ ယောက်ျားမျိုးမှ မိန်းမတွေအတွက် အကောင်းဆုံး အဖော်ပဲ"
...
ခန်းမထဲက ညစ်ညမ်းတဲ့ စကားတွေကို ကြားတော့ ရှချင်းချင်း နားရွက်တွေ နီရဲလာပြီး စိတ်ထဲမှာ မုန်းတီးစွာ တွေးလိုက်တယ် "ဝေရှောင်ပေါင်ကို ဖမ်းဖို့ မဟုတ်ရင် ငါ ဒီမှာ မျက်နှာချိုသွေးနေပါ့မလား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ဒီအနံ့ဆိုးတဲ့ ယောက်ျားတွေ ငါ့ကို ဒီလို စကားမျိုး ပြောရဲရင် တစ်ချက်စီခုတ်ပြီး အကုန် သတ်ပစ်လိုက်မှာ"
ရှချင်းချင်း အပြုံးကို ရုပ်သိမ်းလိုက်ပြီး အေးစက်တဲ့ လေသံနဲ့ "ဝေသခင်လေး နားထောင်ပါ၊ ပန်းပွင့်လေး တစ်ခါတုန်းက တောထဲမှာ လှည့်လည်နေတဲ့ ပညာရှင်တစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်၊ သူဆီကနေ ထာဝရ အဖြေမရှိတဲ့ စကားတစ်ခွန်း ရခဲ့တယ်၊ နှစ်တစ်ထောင်အတွင်း ဘယ်သူမှ အပြည့်အဝ အဓိပ္ပာယ်ပေါ်အောင် မဖြေနိုင်ဘူးလို့ ဆိုတယ်၊ သခင်လေး သေချာဂရုစိုက်ပါ"
သူမ ဒီလိုပြောတော့ ခန်းမထဲက လူတွေ မကျေနပ်ဖြစ်ကုန်ကြတယ်၊ ဆောင်ကြာမြိုင်ကို လာတဲ့သူတွေထဲမှာ စာတတ်ပေတတ်တွေ မရှားပါဘူး၊ ခုနက ပထမမေးခွန်းက နားမလည်နိုင်တဲ့ ကိန်းဂဏန်းအကြောင်းမို့ ကိစ္စမရှိပေမယ့် ဒီတစ်ခါ စကားဆက်တာက လူတိုင်းရဲ့ အားသာချက်ပဲ၊ အားလုံး ဝိုင်းအော်ကြတယ် "ပန်းပွင့်လေး မြန်မြန် မေးခွန်းထုတ်ပါ၊ ငါတို့လည်း ဖြေနိုင်ရင် နောက်ထပ်တစ်ခါ အခွင့်အရေးပေးပါ"
ရှချင်းချင်း ညင်သာစွာ ပြုံးပြီး "အပေါ်က စကားလုံးက မြူဆိုင်းသော ရေကန်ဘေးက မိုးမခပင်" လို့ ရွတ်ဆိုလိုက်တယ်။
စုန့်ချင်းရှု စိတ်ထဲမှာ တုန်လှုပ်သွားတယ်၊ ဘာလို့ ဒီစကားဆက်ဖြစ်နေတာလဲ၊ အရင်ဘဝတုန်းက ပျင်းနေတဲ့ အချိန်မှာ အင်တာနက်ပေါ်က ဝတ္ထု "အကောင်းဆုံး အိမ်ဖော်" ကို ဖတ်ပြီး အရမ်းကြိုက်ခဲ့တယ်၊ အဲ့ဒီထဲက စကားအချိတ်အဆက်အခန်းတွေက သူ့ကို အထင်ကြီးစေခဲ့တယ်။
မိန်းမပိုးရာမှာ တကယ်ကို ထိရောက်တဲ့လက်နက်တစ်ခုပဲလို့တွေးပြီး အဲ့ဒါကို တမင် လေ့လာခဲ့တယ်၊ ပန်းပွင့်လေး ထုတ်လိုက်တဲ့ "မြူဆိုင်းသော ရေကန်ဘေးက မိုးမခပင်" ဆိုတာ သမိုင်းမှာ အကျော်ကြားဆုံး အဖြေမရှိတဲ့ စကားဆက်တစ်ခုမို့ သူ့ကို ကောင်းကောင်း မှတ်မိနေတယ်။
သူ နောက်ပိုင်းမှာ "အကောင်းဆုံး အိမ်ဖော်" စာရေးဆရာရဲ့ အရည်အချင်းကို အရမ်းသဘောကျတာကြောင့် ကိုယ်တိုင် သွားရောက်တွေ့ဆုံကာ သူ့ကုမ္ပဏီထဲမှာလုပ်ဖို့ ခေါ်ခဲ့သည်။ အဲ့ဒါကြောင့် စာရေးဆရာက နောက်ပိုင်း ဝတ္ထု မရေးတော့တာကြောင့် အင်တာနက်စာဖတ်သူတွေ အများကြီး စိတ်မကောင်းဖြစ်ခဲ့ကြသည်။ ဒါက သီးခြားအကြောင်းအရာတစ်ခုမို့ ဒီလောက်ပဲ။
စုန့်ချင်းရှု စိတ်တွေ လွင့်မျောနေတုန်း ခန်းမထဲမှာ လူတစ်ယောက်က စကားဆက်လိုက်တယ် "အမြောက်က ပင်လယ်ကမ်းစပ်က မြို့ရိုးကို ကာကွယ်တယ်!"
ဆောင်ကြာမြိုင်က စာတတ်ပေတတ်တွေ စုဝေးရာနေရာဖြစ်တာ အံ့ဩစရာ မရှိဘူး၊ တကယ်ကို ထူးချွန်တဲ့သူတွေ အများကြီး ရှိတယ်၊ အပေါ်က ပထမစကားလုံးက အခက်အခဲက စာလုံးငါးလုံးရဲ့ အက္ခရာတွေထဲမှာ "ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ" ဆိုတဲ့ ဒြပ်စင်ငါးပါးကို ဝှက်ထားပြီး အဓိပ္ပာယ်ကလည်း အလွန်ကောင်းမွန်တယ်။
ခုနက "အမြောက်က ပင်လယ်မြို့ရိုးကို ကာကွယ်တယ်" ဆိုတဲ့သူရဲ့ စကားလုံးမှာလည်း "ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ" ဆိုတဲ့ ဒြပ်စင်ငါးပါးကို ဝှက်ထားပေမဲ့ အဓိပ္ပာယ်က နည်းနည်း လျော့သွားတယ်။
တကယ်ပဲ မကြာခင်မှာပဲ ဝေဖန်သံတွေ ထွက်လာတယ်။ "အတင်းအကျပ် ဆက်စပ်ထားတာ၊ အတင်းအကျပ် တူအောင်လုပ်ထားပေမဲ့ အဓိပ္ပာယ်က အပေါ်က စကားလုံးနဲ့ အရမ်းကွာခြားတယ်၊ မကောင်းဘူး မကောင်းဘူး"
"ဟွန့်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါက ပြန်ဖြေနိုင်ခဲ့တာပဲ၊ မင်း တတ်ရင် စကားဆက်ကြည့်" ပထမဆုံး ယောက်ျားက မထီမဲ့မြင်တဲ့ အမူအရာနဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး "တခြားဘယ်သူမှ ပြန်မဖြေနိုင်ရင် ငါနိုင်ပြီ"
သူက နည်းနည်း မောက်မာပေမဲ့ တကယ်ကို အရည်အချင်းရှိတယ်။ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်း ဒီမေးခွန်းကို ပြန်ဖြေနိုင်တာကြောင့် တခြားလူတွေက စိတ်ရှုပ်ထွေးစွာ စဉ်းစားနေရတယ်။
"ဆရာတော်မှာလည်း အောက်က စကားစပ်တစ်ခု ရှိပါတယ်၊ အားလုံး နားထောင်ကြည့်ကြပါဦး" ကျူးမိုကျိ စိတ်လှုပ်ရှားသွားပြီး သူ့ရဲ့ စွမ်းရည်ကို ပြသချင်တာကို မအောင့်နိုင်တော့ဘဲ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မီးရောင်မှိန်သော ရွာဘုန်းကြီးကျောင်းမှ ခေါင်းလောင်းသံ"
လူတွေကြားတာနဲ့ ဝမ်းသာအားရ အော်ဟစ်ကြတယ်။ ဒြပ်စင်ငါးပါး ပါဝင်ပြီး ခုနကစကားဆက်ထက် အဓိပ္ပာယ် ပိုကောင်းတယ် နောက်ပြီး "ဘုန်းကြီးကျောင်းက ခေါင်းလောင်းသံ" ဆိုတာက သူ့ရဲ့ ဘုန်းကြီးဘဝနဲ့လည်း လိုက်ဖက်တယ်။
စောစောက ပထမဆုံး ပြန်ဖြေတဲ့သူက မကျေမနပ်နဲ့ "အခုခေတ်မှာ ဘုန်းကြီးတွေတောင် ဆောင်ကြာမြိုင်ကို ရောက်နေကြပြီလား?"
သူ့စကားကို ကြားတော့ ခန်းမထဲက လူတွေ ဝါးလုံးကွဲသလို ရယ်ကြသည်။ ကျူးမိုကျိ မျက်နှာပူကာ တီးတိုးပြောလိုက်တယ်။ "ဒီစကားဆက်က အရမ်းကောင်းလွန်းလို့ ဆရာတော် စိတ်ဝင်စားသွားတာပါ"
"ဆရာတော်ရဲ့ စိတ်တွေလှုပ်ရှားပြီး နှလုံးခုန်သံတွေမြန်နေတယ်၊ သာဓု သာဓု " သွမ့်ယွိက ပြုံးပြုံးလေးနဲ့ ပြောလိုက်တော့ ကျူးမိုကျိ ဒေါသထွက်ပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ့ရဲ့ ကြမ်းတမ်းတဲ့ ပုံစံကို မြင်တော့ ချက်ချင်း "ကျွန်တော်မှာလည်း စကားဆက်တစ်ခု ရှိပါတယ်၊ ဆရာတော် သုံးသပ်ပေးပါဦး ၊ ကျောက်နံရံက ရေနဲ့ လက်ဖက်ရည် ကျိုတယ်" (ကျောက်ရဲ့ ရိုးရာစာလုံးအောက်မှာ ရွှေစာလုံး ပါတယ်)
ခန်းမထဲက အရက်သမားတွေအားလုံး ပညာမဲ့တွေ မဟုတ်ဘူး။ အများစုက ကိုယ်တိုင် ကောင်းတဲ့ စာလုံးတွေ မရေးနိုင်ပေမဲ့ အခြားသူတွေရဲ့ အတွဲအဆက် ကောင်း မကောင်း ကို မခံစားတတ်ဘူးလို့ မဆိုလိုဘူး။ ဒါကြောင့် ကျူးမိုကျိထက် ပိုကောင်းတယ်လို့ အားလုံး ချီးကျူးကြတယ်။ ကျူးမိုကျိရဲ့ စာလုံးက အဓိပ္ပာယ် နက်ရှိုင်းပေမဲ့ အသံနေအသံထား မတူဘူး။ သွမ့်ယွိရဲ့ စာလုံးက သူ့ထက် အဓိပ္ပာယ် မနိမ့်ကျသလို အသံနေအသံထားလည်း မှန်ကန်တာကြောင့် တကယ်ကို အကောင်းဆုံးပဲ။
"သွမ့်သခင်လေးကလည်း ဟို ပန်းပွင့်လေးကို စိတ်ဝင်စားနေတာလား?" ဝမ်ယွီယန်က သွမ့်ယွိကို ငေးကြည့်ပြီး ဘာခံစားချက်မှ မပါတဲ့ အသံနဲ့ မေးလိုက်တယ်။
သူမရဲ့ နတ်သမီးလေးလို အသံကို သွမ့်ယွိ ကြားတော့ မိုးကြိုးပစ်ခံရသလို ဖြစ်သွားပြီး ချက်ချင်း လက်တုန်ခြေတုန်နဲ့ ရှင်းပြတယ်။ "ဝမ်မိန်းကလေး မင်း နားလည်မှုလွဲနေပြီ၊ ငါ ဘယ်လိုလုပ် တခြားမိန်းကလေးကို စိတ်ဝင်စားနိုင်မှာလဲ... ဒါပေမဲ့... ဒါပေမဲ့ ခဏက စိတ်ကူးပေါက်ပြီး ပြောလိုက်မိတာပါ... ဝမ်မိန်းကလေး မင်း ငါ့ကို ယုံကြည်ရမယ်..."
စုန်ချင်းရှုက သွမ့်ယွိ ဝမ်မိန်းကလေးရှေ့မှာ စကားတွေ မှားကုန်တာကို အေးအေးဆေးဆေး ကြည့်နေတုန်း အစေခံတစ်ယောက်က စာရွက်တစ်ရွက် လာပေးတယ်။ "လီချွမ်ခန်းမက အစေခံမလေးတစ်ယောက် ပေးလိုက်တာနဲ့ တူတယ်"
သိချင်စိတ်နဲ့ ဖွင့်ကြည့်လိုက်တော့ လှပပြီး သေသပ်တဲ့ စာလုံးအသေးလေး ငါးလုံး ရေးထားတာ တွေ့လိုက်ရသည်။ "ငွေရောင်တံတား(ယင်ဟန်တံတား) ပေါ်က မီးအိမ်တန်း" စုန်ချင်းရှုက ခဏတာ စဉ်းစားပြီး ခန်းမထဲက ပန်းပွင့်လေးကို မော့ကြည့်လိုက်တော့ သူမကလည်း သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ နှစ်ဦးလုံး အကြည့်ချင်းဆုံးသွားတော့ သူမရဲ့ နှုတ်ခမ်းမှာ ရှက်ရွံ့တဲ့ အပြုံးလေး ပေါ်လာတယ်။ စုန်ချင်းရှု ချက်ချင်း ငေးသွားပြီး စိတ်ထဲမှာ "ဒါ ဖြစ်နိုင်လား..."
ရွှေရှန်းက သူ့ဘေးမှာ အမြဲ ရပ်နေတာကြောင့် စာရွက်ပေါ်က စာကြောင်းနဲ့ နှစ်ဦးသား မျက်လုံးချင်း စကားပြောနေတာကို သူမ တွေ့နေရသည်။ ဒါကြောင့် သူမက မနာလိုတဲ့ လေသံနဲ့ "ဒီ ပန်းပွင့်လေးက မင်းကို မြင်မြင်ချင်း ချစ်သွားပုံရတယ်။ မင်း မဖြေနိုင်မှာ စိုးရိမ်လို့ အဖြေကိုတောင် ပေးလိုက်သေးတယ်"
ဒိုလုံတို့ အလွန်အံ့ဩသွားပြီး အားလုံး ဝိုင်းကြည့်လာကြသည်။ သွမ့်ယွိတောင် မျက်စောင်းထိုးပြီး ဒီဘက်ကို ကြည့်နေသည်။ သူ့လက်ထဲက စာရွက်ကို သေချာကြည့်ပြီးတော့ ယောက်ျားတွေ အားလုံး သက်ပြင်းချလိုက်ကြသည်။ "အေး၊ ငါတို့တော့ အခွင့်အရေး မရှိတော့ဘူး။ စုန်အစ်ကိုကြီး၊ ဟို ပန်းပွင့်လေးက မင်းကို အရမ်းသဘောကျနေတာ၊ သူ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော်..."
စုန်ချင်းရှုရဲ့ တည်ငြိမ်တဲ့ မျက်နှာအောက်မှာလည်း စိတ်ထဲက ကျေနပ်မှုကို ဖုံးကွယ်မထားနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ယောက်ျားတွေက ဒီဘက်မှာ မွေးရာပါ ယှဉ်ပြိုင်လိုတဲ့ စိတ်ဓာတ်ရှိကြတာပဲ။
ပန်းပွင့်လေးရဲ့ အသံက အဲ့ဒီအချိန်မှာ အံဝင်ခွင်ကျ ထွက်လာတယ်။ "ဝေသခင်လေး အဖြေ ရှိပြီလား?"
"ကျွန်တော် ဖြေနိုင်ပါတယ်" အဲ့ဒီအချိန်မှာ ရွှေရှန်းက ဘာစိတ်နဲ့မှန်းမသိ အမြန်အော်လိုက်သည် " "ငွေရောင်တံတား(ယင်ဟန်တံတား) ပေါ်က မီးအိမ်တန်း” သူမက အဲ့ဒီအချိန်မှာ ယောက်ျားလေးလို ဝတ်စားထားပြီး ချောမောပြီး ကြော့ရှင်းတဲ့ သခင်လေးပုံစံနဲ့ ရှိနေတာကြောင့် ခန်းမထဲက ယောက်ျားတွေ အားလုံး အနည်းငယ်သိမ်ငယ်သွားကြသည်။
ရှချင်းချင်း စိတ်ထဲတွင် တုန်လှုပ်သွားပြီး မျက်နှာ မပျက်သွားအောင် အတင်းအကြပ် ထိန်းထားလျက် အားတင်းပြီး ပြုံးလိုက်သည်။ "အခုချိန်ထိတော့ ဒီသခင်လေးရဲ့ အဖြေက အကောင်းဆုံးပါပဲ”
ခန်းမထဲက လူတွေ အားလုံးလဲ ခေါင်းညိတ်ပြီး သဘောတူကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဒါ ဘယ်အိမ်တော်က သခင်လေးလဲလို့ စုံစမ်းနေကြတယ်။ စာပေမှာလည်း ထူးချွန်သလို ရုပ်ရည်ကလည်း ဒီလောက် ချောမော... ချစ်စရာကောင်း...ကောင်း(ဖွီ ယောင်္ကျားချင်းလေ)