အခန်း (၆၂) ပထမဆုံး မေးခွန်း
စုန့်ချင်းရှုက သူ့ကို နားမလည်သလို ကြည့်လိုက်တယ် "ဘာလို့လဲ?"
"အခု ကျွန်တော့်ကို လုပ်ကြံဖို့ ကြံစည်နေတဲ့ လူတွေ အတော်များနေတယ် မဟုတ်ဘူးလား၊ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် လူပြောင်းပြီး... အစားထိုးလိုက်ရင် သူတို့ ဘယ်လိုမှ ထင်မှတ်ထားမှာမဟုတ်ဘူး၊ ပစ်မှတ်က သိုင်းပညာအဆင့်မြင့်တဲ့ စုန့်အစ်ကိုကြီး ဖြစ်သွားပြီဆိုရင် သူတို့ တော်တော် ဒုက္ခရောက်မှာ သေချာတယ်" ဝေရှောင်ပေါင်က အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြောနေပေမယ့် စိတ်ထဲမှာတော့ တခြား အကြံအစည်တစ်ခု ရှိနေသည်
"ဒီအရာရှိအဝတ်အစားနဲ့ဆိုရင် လှုပ်ရှားဖို့ အဆင်မပြေဘူး၊ အရင်က စဉ်းစားထားတဲ့အတိုင်း တိတ်တိတ်လေး သိုလှောင်ခန်းကို သွားပြီး အဲ့ဒီ ပန်းပွင့်လေးကို ဆေးထည့်ထားတဲ့ အရက်တိုက်ဖို့ အစီအစဉ် ပျက်သွားမှာပေါ့?"
"ဝေအမတ်ကြီးက တကယ်ကို ဉာဏ်ပညာကြီးမားတယ်၊ လေးစားပါတယ်" ဘေးနားက ကျန်းခမ်းနန်နဲ့ ကျောက်ချီရှန်းတို့က ချီးမွမ်းဖို့ ဘယ်အခွင့်အရေးကိုမှ လက်လွတ်မခံဘူး။
"ဝေအမတ်ကြီး ပြောတာလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး" ကျူးမိုကျိက စုန့်ချင်းရှုကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည် "ကျွန်တော်တို့ အဖွဲ့ထဲမှာ စုန့်သခင်လေးနဲ့ ဝေရှောင်ပေါင်ပဲ အသက်အရွယ် တူတာ..."
စုန့်ချင်းရှု စိတ်ထဲမှာ မကျေမနပ်ဖြစ်နေသည် "သွမ့်ယွိက လူမဟုတ်ဘူးလား? လူသတ်သမားရဲ့ လက်ချက်နဲ့ သေသွားရင် ပိုကောင်းသေး"
သူ့စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာကို သိနေတဲ့အတိုင်း သွမ့်ယွိက အမှတ်တမဲ့ နောက်ကို နည်းနည်း ဆုတ်သွားသည်။
သို့သော်လည်း သူ့ကိုယ်တိုင်ကသာ အကောင်းဆုံး ရွေးချယ်မှုဆိုဖြစ်နေသည်၊၊ သွမ့်ယွိက တာလီမင်းသားဆိုတော့ တကယ်လို့ တခုခုဖြစ်သွားရင် ခန်းရှီက ဝေရှောင်ပေါင်ကို အပြစ်တင်မှာ သေချာတယ်၊ ကံကောင်းစွာနဲ့ပဲ သူ့ သိုင်းပညာက အတော်အသင့် မြင့်မားနေတာကြောင့် လူသတ်သမားနဲ့ တွေ့ရင်တောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ကောင်းပါတယ်...
စုန့်ချင်းရှု အတွေးတွေကို ရပ်တန့်လိုက်ပြီး ခေါင်းညိတ်လျက် "ကောင်းပြီ!" လို့ ပြန်ဖြေလိုက်သည်။
ဒီနေ့ကမ္ဘာမှာ အသောက်အစားနဲ့ ပျော်ပါးဖို့ အကောင်းဆုံးနေရာ ဘယ်မှာလဲလို့ မေးရင် ယောက်ျားဆယ်ယောက်မှာ ဆယ်ယောက်စလုံးက စိတ်လှုပ်ရှားစွာနဲ့ ယန်ကျိုးလို့ ဖြေကြလိမ့်မယ်။
ဒီနေ့ကမ္ဘာမှာ အညစ်ပတ်ဆုံးနဲ့ အကျည်းတန်ဆုံးနေရာ ဘယ်မှာလဲလို့ မေးရင် မိန်းမဆယ်ယောက်မှာ ဆယ်ယောက်စလုံးက ရွံရှာတဲ့ အမူအရာနဲ့ ယန်ကျိုးလို့ ဖြေကြလိမ့်မယ်။
ငွေတစ်သိန်းကို ခါးမှာပိုက်ပြီး ကြိုးကြာစီးလို့ ယန်ကျိုးကို ဆင်းသက်တာဟာ လူ့ဘဝရဲ့ အပျော်ရွှင်ဆုံး အရာပဲ။
ညနေစောင်းတော့ ယန်ကျိုးမြို့ထဲက ဆောင်ကြာမြိုင်တွေ အကုန်လုံး စည်ကားလာကြတယ်၊ အဲ့ဒီထဲမှာ အစည်ကားဆုံးကတော့ လီချွမ်ခန်းမပဲ။
"ဟွန့်၊ မကြာသေးခင်က ရောက်လာတဲ့ ပန်းပွင့်လေးဆိုတဲ့ကောင်မလေးကို အားကိုးနေတာ မဟုတ်လား။ တစ်ယောက်ယောက်က သူ့ကို ပထမဆုံး သိမ်းပိုက်ပြီးတဲ့နောက် ဒီလောက် ဆွဲဆောင်မှု ရှိဦးမလား စောင့်ကြည့်ရဦးမယ်"ပြည့်တန်ဆာခန်းမပိုင်ရှင် အဘွားကြီးတစ်ယောက်က တောက်ပြောင်တဲ့ အဝတ်အစားတွေနဲ့ မြင်းစီးလာတဲ့ အရှင်တွေ လီချွမ်ခန်းမဆီ တည့်တည့်သွားနေတာကို ကြည့်ပြီး မြေပြင်ပေါ် တံတွေးထွေးချလိုက်ကာ မုန်းတီးစွာ ပြောလိုက်သည်။
အဲ့ဒီ တောက်ပြောင်တဲ့ အဝတ်အစားတွေနဲ့ မြင်းစီးလာတဲ့သူတွေကတော့ ဝေရှောင်ပေါင်နဲ့ စုန့်ချင်းရှုတို့ အဖွဲ့ပဲ၊ လီချွမ်ခန်းမရဲ့ တံခါးဝကို ဝင်လိုက်တာနဲ့ ဆောင်ကြာမြိုင်က ဧည့်ကြိုတွေက မျက်လုံးတောက်ပသွားပြီး အလျင်အမြန် ကြိုဆိုလိုက်ကြသည်။
ဝေရှောင်ပေါင်က ငွေတုံးတစ်တုံး ပစ်ပေးလိုက်ပြီး စုန့်ချင်းရှုကို လက်ညှိုးထိုးကာ "ငါတို့ ဝေအရှင် အတွက် အကောင်းဆုံးနေရာ ရှာပေး"
ဧည့်ကြိုက စုန့်ချင်းရှုကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ကာ "ဟုတ်ကဲ့ ဟုတ်ကဲ့၊ အရှင်တို့ ကျေးဇူးပြုပြီးကျွန်တော့်နောက်က လိုက်ခဲ့ပါ" လို့ ပြောပြီး လူတွေကို သာယာလှပပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ခေါ်သွားပြီး ထိုင်ခိုင်းတယ်။ အစေခံတွေကို သစ်သီးနဲ့ အရက် အစားအစာတွေ ပြင်ခိုင်းပြီး ချိုသာစွာ ပြောလိုက်သည်။ "အရှင်တို့ ခဏလောက် အရက်နဲ့ အမြည်းကို သုံးဆောင်လိုက်ပါဦး၊ ခဏနေရင် ယွီယွီ(ပန်းပွင့်လေး)မိန်းကလေး ထွက်လာပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူ့ရဲ့ မျက်နှာသာကို ရနိုင်မလားဆိုတာ အရှင်တို့ရဲ့ စွမ်းရည်ပေါ်မှာ မူတည်ပါတယ်"
"မင်း အရင်ဆင်းသွားတော့" ဝေရှောင်ပေါင်က စိတ်မရှည်စွာ လက်ဝှေ့ယမ်းပြီး ဧည့်ကြိုကို မောင်းထုတ်လိုက်သည်။ ခဏကြာတော့ စုန့်ချင်းရှုကို တိုးတိုးလေး ပြောလိုက်သည် "စုန့်အစ်ကိုကြီး၊ ကျွန်တော် ခဏ အိမ်သာသွားလိုက်ဦးမယ်"
"ပန်းပွင့်လေး မကြာခင် ထွက်လာတော့မှာ..." စုန့်ချင်းရှု အံ့ဩသွားတယ်၊ သူ ဒီအချိန်မှ အိမ်သာသွားမယ်လို့ မထင်ထားဘူး။
"ကိစ္စမရှိဘူး၊ ငါ ပြန်လာမှ ကြည့်မယ်၊ မင်းတို့လည်း ငါ့နောက်ကို လိုက်မလာနဲ့၊ မဟုတ်ရင် လူသိသွားလိမ့်မယ်" ဝေရှောင်ပေါင် ပြောပြီးတာနဲ့ ဗိုက်ကို ဖိပြီး စင်္ကြံဘက်ကို အမြန် ပြေးသွားသည်။
မမြင်နိုင်လောက်တဲ့နေရာ အရောက် ဝေရှောင်ပေါင် ကိုယ်ကို မတ်လိုက်ပြီး ပြုံးလိုက်သည် "အရင်ဆုံး သိုလှောင်ခန်းထဲကနေ စိတ်ကြွဆေးပါတဲ့ အရက်နည်းနည်း ယူလိုက်ဦးမယ်"
ဝေရှောင်ပေါင် ထွက်သွားပြီး မကြာခင်မှာပဲ ခန်းမထဲမှာ ဆူညံသံတွေ ပွက်လောညံသွားသည်။
"ပန်းပွင့်လေး ထွက်လာပြီ"
"ဘယ်ယောက်ျားက ကံကောင်းပြီး သူ့မရဲ့ ဧည့်သည်ဖြစ်မလဲ မသိဘူး"
"ပန်းပွင့်လေး မျက်နှာလေးက ပြုံးလိုက်တိုင်း အရမ်း ဆွဲဆောင်မှု ရှိတာပဲ"
စုန့်ချင်းရှု မော့ကြည့်လိုက်တော့ အစေခံမလေးတွေက နန်းတွင်းဝတ်စုံနဲ့ လှပတဲ့ မိန်းမပျိုလေးတစ်ယောက်ကို အပေါ်ထပ်ကနေ ဖြည်းဖြည်းချင်း ခေါ်လာတာကို တွေ့လိုက်ရသည်၊ တကယ်ကို ခြေလှမ်းတိုင်းမှာ ညင်သာပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကက မသိမသာ ဆွဲဆောင်မှုတွေ ထုတ်ပေါ်နေတာကြောင့် စုန့်ချင်းရှု စိတ်ထဲ တုန်လှုပ်သွားသည်။
စုန့်ချင်းရှုရဲ့ အကြည့်ကို သတိထားမိပုံရတဲ့ လှပတဲ့ မိန်းမပျိုလေးက လှည့်ကြည့်လိုက်သည်၊ သူမရဲ့ မျက်ခုံးက ပန်းချီကားထဲကလို လှပပြီး အထူးသဖြင့် သူမရဲ့ လှပတဲ့ မျက်လုံးတစ်စုံက ကြည်လင်တဲ့ မျက်နှာပြင်မှာ ရေကြည်တွေ စီးနေသလို ထင်ရပြီး နှလုံးသားကို ဆွဲဆောင်နိုင်တဲ့ အကြည့်တွေနဲ့ တကယ်ကို ဆွဲဆောင်မှု အပြည့်ရှိသည်
"ဒီမိန်းမက အပျိုစင်ဖြစ်မယ်လို့ ငါ ဘယ်လိုမှ မယုံဘူး" စုန့်ချင်းရှု ချက်ချင်း ခေါင်းငုံ့လိုက်ပြီး နှလုံးခုန်နှုန်း မြန်လာသည်၊ တကယ်လို့ သူမက အပျိုစင်လေးဆိုရင်တောင် ဒီလောက် ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ မိန်းမတွေရဲ့ ဆွဲဆောင်မှုကို အစွမ်းကုန် ထုတ်ပြနိုင်တာက မွေးရာပါ ဆွဲဆောင်မှုရှိတဲ့ မိန်းမပဲလို့ ဆိုရမယ်။
မသိလိုက်ခင်မှာပဲ လှပတဲ့ မိန်းမပျိုလေးဟာ ခန်းမထဲက ပိတ်ကားနောက်ကို ဝင်သွားပြီး ဖြည်းဖြည်းချင်း ထိုင်လိုက်တယ်။ ဆောင်ကြာမြိုင်ပိုင်ရှင်အဘွားကြီးက အခွင့်အရေးကို လက်မလွှတ်ဘဲ ချက်ချင်း အော်ဟစ်လိုက်တယ် "အိုး... အရှင်တို့၊ သခင်လေးတို့၊ ပန်းပွင့်လေး ရောက်နေပါပြီ၊ အရင်အတိုင်းပဲ၊ ဘယ်သူက သူ့ရဲ့ မေးခွန်းသုံးခုကို ဖြေနိုင်မလဲ၊ အဲ့ဒီလူကို ပန်းပွင့်လေးက သူ့အခန်းထဲကို ဖိတ်ခေါ်ပြီး စကားပြောပါလိမ့်မယ်"
"ဒီရက်တွေ အများကြီးကြာသွားပြီ ပထမမေးခွန်းကိုတောင် ဘယ်သူမှ မဖြေနိုင်သေးဘူး၊ မင်းတို့ လီချွမ်ခန်းမက တမင်သက်သက် လိမ်နေတာ မဟုတ်ဘူးလား?" လူဝသူဌေးတစ်ယောက် အော်ဟစ်လိုက်တော့ ပတ်ဝန်းကျင်က လူတွေ တိတ်တဆိတ် ခေါင်းညိတ်ကြသည်။
"မင်းတို့ မဖြေနိုင်တာက တခြားလူတွေလည်း မဖြေနိုင်ဘူးလို့ မဆိုလိုဘူး။ ပန်းပွင့်လေးရဲ့ မေးခွန်းက ဒီလောက်လွယ်ရင် ဟာသ ဖြစ်နေမှာပေါ့?" အခုပြောလိုက်တဲ့သူက သတင်းကြားပြီး မကြာသေးခင်ကမှ အနီးအနားကနေ ရောက်လာတဲ့ လူငယ်စာပေသမားတစ်ယောက်ဖြစ်ပြီး သူ့စကားကို အခုမှရောက်တဲ့ လူအများစုက သဘောတူကြသည်။
"ဟဲဟဲ၊ မင်းတို့ တော်တယ်ဆိုရင် သွားစမ်းကြည့်ပါလား?" ခပ်ဝဝကုန်သည်က နှာခေါင်းရှုံ့ပြီး လှောင်ပြောင်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။
"ပန်းပွင့်လေး မေးခွန်းထုတ်ပေးပါဦး" စောစောက စကားပြောတဲ့သူက လှပတဲ့ မိန်းမပျိုလေးကို ညင်ညင်သာသာ ဦးညွှတ်လိုက်တယ်။
အတွင်းက ပန်းပွင့်လေးက ညင်ညင်သာသာ ပြန်ဦးညွှတ်လိုက်ပေမယ့် ဘာမှ မပြောဘူး၊ အဲ့ဒီအချိန်မှာ သူ့ဘေးက အစေခံငယ်လေးတစ်ယောက် ထရပ်ပြီး ပြောလိုက်တယ် "အားလုံး နားထောင်ကြပါ၊ ငါတို့သခင်မရဲ့ ပထမမေးခွန်းက ဂီတ၊စာပေ၊ ပန်းချီ မဟုတ်သလို သမိုင်းအကြောင်းလည်း မဟုတ်ဘူး၊ ကိန်းဂဏန်းအကြောင်းပဲ မေးမှာ။ သခင်မက သူ့မြတ်နိုးတဲ့ ပိုးသားပဝါလေးကို ဓားနဲ့ အပိုင်းပိုင်း ခွဲချင်တယ်၊ လူတိုင်းသိတဲ့အတိုင်း ဓားတစ်ချက်က ပဝါကို နှစ်ပိုင်းခွဲနိုင်တယ်၊ နှစ်ချက်က အများဆုံး လေးပိုင်း၊ သုံးချက်က ခုနစ်ပိုင်း... မေးချင်တာက ဓားအချက်တစ်ရာ ပြီးရင် ပန်းပွင့်လေးရဲ့ ပဝါက အများဆုံး အပိုင်းဘယ်လောက်ဖြစ်သွားနိုင်မလဲ?"
ဒီမေးခွန်း ထွက်လာတာနဲ့ တစ်ပြိုင်နက် ခန်းမထဲက လူတွေ အကုန်လုံး ခေါင်းငုံ့ပြီး စဉ်းစားနေကြသည်၊ ဘေးနားက ဒိုလုံ မျက်လုံးတွေ တောက်ပလာပြီး လေးထောင့်ပဝါ တစ်ထည် ထုတ်လိုက်ပြီး ဓားနဲ့ အပိုင်းပိုင်း ခွဲကြည့်နေတယ်။ ဘယ်လောက်ပဲ လှီးဖြတ်နေပါစေ၊ ခဏကြာတော့ ပဝါရဲ့ အချို့နေရာတွေက သေးငယ်ပြီး ပုံပျက်ပန်းပျက် ဖြစ်ကုန်တော့ ဆက်ပြီး မခွဲနိုင်တော့ဘူး၊ ဒေါသတကြီး ဓားကို ပစ်ချလိုက်ပြီး "ခွေးမသား၊ ဘာမေးခွန်းလဲ" လို့ အော်ဟစ်လိုက်တယ်။
သွမ့်ယွိက စာပေနှံစပ်တဲ့သူမို့ အဓိပ္ပာယ်နက်နဲတဲ့ စကားတွေ၊ ဗုဒ္ဓဘာသာကျမ်းဂန်တွေ ဘာတွေ မေးရင် အဖြေကို ချက်ချင်း ပေးနိုင်ပေမယ့် ကိန်းဂဏန်းအကြောင်း မေးတော့ နားမလည်နိုင်ဘူး။
သွမ့်ယွိနဲ့ မတူဘဲ ဝမ်ယွီယန်က စာအုပ်အတော်များများ ဖတ်ဖူးတယ်၊ သိုင်းကျမ်းတွေ ဒါမှမဟုတ် ကွန်ဖြူးရှပ်ကျမ်းဂန်တွေတင် မကဘူး၊ ကိန်းဂဏန်းဆိုင်ရာ စာအုပ်တွေလည်း အများကြီး လေ့လာဖူးတယ်၊ "ကိုးခန်းတွက်နည်း"၊ "ကျိုးပိဂဏန်းသင်္ချာ" စတာတွေကိုလည်း အမြဲ လေ့လာလေ့ရှိတယ်၊ ဒီမေးခွန်းကို ကြားတော့ စိတ်ထဲမှာ အကြိမ်ပေါင်းများစွာ စဉ်းစားပြီး မကြာခင် အဖြေရသွားတော့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။
သွမ့်ယွိက ဝမ်ယွီယန်ကို ခိုးကြည့်နေရင်း သူမ မျက်နှာမှာ အပြုံးပေါ်လာတာကို တွေ့တော့ အံ့ဩသွားပြီး "ဝမ်မိန်းကလေး တွက်ပြီးပြီလား?" လို့ မေးလိုက်တယ်၊ သိုင်းပညာဆိုရင် ကိစ္စမရှိပေမယ့် သူတို့ မေးနေတာက ဂဏန်းသင်္ချာအကြောင်းမို့ သွမ့်ယွိ သူ့ချစ်သူရှေ့မှာ မျက်နှာပျက်သွားပြီး စိတ်ဓာတ်ကျသွားတယ်။
သွမ့်ယွိရဲ့ စကားကို ကြားတော့ ဒိုလုံ၊ ကျန်းခမ်းနန်၊ ကျောက်ချီရှန်းတို့ ချက်ချင်း ဝိုင်းလာပြီး ချီးကျူးတဲ့လေသံနဲ့ "ဝမ်မိန်းကလေး၊ အဖြေကို ကျွန်တော်တို့ကို ပြောပြပါလား" လို့ ပြောကြတယ်။
ဝမ်ယွီယန် မျက်နှာလေး ရဲနေပေမယ့် ခေါင်းကို ခိုင်ခိုင်မာမာ ခါယမ်းလိုက်တယ်၊ ဖမ်းခေါ်ခံလာရအပြင် သူတို့က တခြားမိန်းကလေးကို ဒုက္ခပေးမှာကို ဘယ်လို ကူညီပေးနိုင်မှာလဲ။
စုန့်ချင်းရှုကတော့ တည်ငြိမ်အေးဆေးစွာနဲ့ ထိပ်ဆုံးမှာ ထိုင်ပြီး လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်နေတယ်၊ ရွှေရှန်းက သူ့ပုံစံကို မြင်တော့ မျက်လုံးလေး လည်သွားပြီး "ရှင်လည်း အဖြေကို တွက်ပြီးပြီလား?" လို့ သိချင်စိတ်နဲ့ မေးလိုက်တယ်။
"နောက်ဆိုရင် အရင်ဆုံး သခင်လို့ ခေါ်ဖို့ မမေ့နဲ့၊ ယဉ်ကျေးမှု မရှိဘူး" စုန့်ချင်းရှုက သူမကို မျက်စောင်းထိုးလိုက်ပေမယ့် သူမရဲ့ စကားကို တိုက်ရိုက် မဖြေဘူး။
ရွှေရှန်း စိတ်ထဲ တင်းသွားပြီး စုန့်ချင်းရှုကို အလွန်မုန်းသွားသည်၊ ခေါင်းကို လှည့်ပြီး ပိတ်ကားနောက်က ပန်းပွင့်လေးကို ကြည့်လိုက်တော့ လှည့်စားသောအပြုံးတစ်ချက် ပေါ်လာပြီး ရုတ်တရက် အော်လိုက်သည်။ "ငါ့သခင်လေး တွက်ပြီးသွားပြီ!"