"ကြားတာတော့ ဒီသခင်လေးက ကမ္ဘာ့အကောင်းဆုံး ဓားသိုင်း အကြောခြောက်သွယ်နတ်ဓားသိုင်းကို တတ်တယ်တဲ့၊ ဒီ ဝမ်မိန်းကလေးကလည်း ကမ္ဘာ့သိုင်းပညာအားလုံးကို သိတယ်ဆိုတော့ ဧကရာဇ်က မင်းတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုမှာ သေချာတယ်" ဝေရှောင်ပေါင်က ဝမ်ယွီယန်ကို လုံးဝ မခွဲနိုင်တော့ စိတ်ထဲ မခံမရပ်နိုင်ဖြစ်ပြီး "မင်း ဘယ်လို တာလီမင်းသားပဲဖြစ်ဖြစ်၊ ငါ့နယ်မြေ မြို့တော်ကို ပြန်ရောက်ရင် မင်းကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကြည့်ကြသေးတာပေါ့?" လို့ စိတ်ထဲ ညှိုးထားလိုက်တယ်။
ကျူးမိုကျိက လွတ်ပေးဖို့ရည်ရွယ်ချက်မရှိဘူး၊ ဝေရှောင်ပေါင်ရဲ့ စကားက သူ့စိတ်ကို ဖမ်းစားသွားတယ် "စုန့်သခင်လေး ဘယ်လိုထင်လဲ?"
"ကျွန်တော် ဘာမှ မပြောလိုပါဘူး" စုန့်ချင်းရှုက လှည့်ပြီး ဝမ်ယွီယန်ကို တစ်ချက်ကြည့်လိုက်တယ် "ဝမ်မိန်းကလေး စိတ်ချပါ၊ အရင်တုန်းက ကျွန်တော့်ကို အများကြီးကူညီပေးဖူးတာကြောင့် သေချာပေါက် ကာကွယ်ပေးပါ့မယ်"
ဝမ်ယွီယန် အားတင်းပြီး ပြုံးလိုက်တယ်၊ စုန့်ချင်းရှုအနေနဲ့ ဝေရှောင်ပေါင်နဲ့ သစ္စာဆိုထားတဲ့ ညီအစ်လည်းဖြစ် သူ့ရဲ့ သိုင်းပညာက ကျူးမိုကျိကို မယှဉ်နိုင်ဘူးဆိုတာ သိတော့ အဲ့ဒီလို ပြောနိုင်တာဟာ အကောင်းဆုံး ကြိုးစားမှုပဲဆိုတာသိသည်။
"ဆရာတော် ကြားတာတော့ မကြာသေးခင်ကမှ ဝေသခင်လေးဟာ စုန့်နိုင်ငံနဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ ကြားတယ်၊ ရက်စွဲကို တွက်ကြည့်ရင် အခု ယန်ကျင်းကို ပြန်တဲ့လမ်းမှာ ရှိနေသင့်တယ်၊ ဘာလို့ ဂူဆူးအနီးမှာ ရောက်နေတာလဲ?"
ဝေရှောင်ပေါင် မျက်နှာမှာ အနေရခက်တဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်၊ စုန့်ချင်းရှုက သွေးဓားအဘိုးအိုရဲ့ လိုက်လံသတ်ဖြတ်မှုနဲ့ ရှန်းတုန်းက ယွမ်ချန်းကျီရဲ့ စောင့်ကြည့်နေတဲ့ အကြောင်းများကိုပြောပြလိုက်သည်။
ကျူးမိုကျိ အဲ့ဒါကို ကြားပြီးနောက် ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးတစ်ခု ပေါ်လာသည် "အခု ဆရာတော်နဲ့ စုန့်သခင်လေး ဘေးမှာရှိနေတော့ ဘယ်လို အန္တရာယ်ရှိတဲ့ နေရာကိုမဆို သွားနိုင်တယ်၊ ဝေသခင်လေး စိတ်ချပါ"
စုန့်ချင်းရှုလည်း ထိုနည်းတူ ခံစားရတယ်၊ စိတ်ထဲမှာ တွေးလိုက်တယ်၊ သူတော်စင်အဆင့် ကျွမ်းကျင်သူ ကိုယ်တိုင် လာသတ်တာ မဟုတ်ရင်၊ ကျူးမိုကျိရဲ့ အားကောင်းတဲ့ အကူအညီနှင့်အတူ သူ့ကိုယ်တိုင်ပါ ပေါင်းလိုက်ရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး။
ဝေရှောင်ပေါင် ချက်ချင်း စိတ်ဓာတ်တက်ကြွလာပြီး ဂုဏ်ယူစွာ တွေးလိုက်တယ် "ငါ ဝေရှောင်ပေါင်ဟာ ဘာသိုင်းပညာမှ မတတ်ပေမယ့် ကံကောင်းထောက်မစွာနဲ့ သိုင်းပညာအဆင့်မြင့်တဲ့ မိတ်ဆွေတွေ အများကြီးရှိတယ်၊ ဟားဟားဟား..."
မုဝမ်ချင်းက စုန့်ချင်းရှုရဲ့ နောက်မှာ အမြဲရပ်နေတဲ့ လှပတဲ့ မိန်းကလေးကို အစောကြီးကတည်းက သတိထားမိပြီး မေးလိုက်တယ် "အ....ရှုးေ... စုန့်အစ်ကိုကြီး၊ ဒါက ဘယ်သူလဲ?"
သူမက စုန့်ချင်းရှုရဲ့ ဇနီးလို့ ခုနက ကြားထားတဲ့ ရွှေရှန်းက မျက်လုံးကစားလိုက်ပြီး အကြံတစ်ခု ရသွားတယ်၊ ချစ်စရာကောင်းတဲ့ အမူအရာနဲ့ စုန့်ချင်းရှုရဲ့ လက်မောင်းကို ဆွဲပြီး အလွန်ချိုမြိန်တဲ့ အသံနဲ့ ပြောလိုက်တယ် "စုန့်အစ်ကို၊ ဒီအစ်မက ဘယ်သူလဲ?"
တကယ်တော့ ရွှေရှန်းက သူတို့နှစ်ယောက်က လင်မယားဖြစ်နေတော့ အခုလို အခြေအနေကို တဖက်က မိန်းမက မြင်ရင် စုန့်ချင်းရှုကို အလွှတ်ပေးမှာ မဟုတ်ဘူးလို့ တွေးသည်။ အဲ့ဒီအချိန်ဘာမှ ပြန်ရှင်းပြလို့မရတဲ့နောက် အကောင်းဆုံးနည်းလမ်းဖြေရှင်းဖို့က သူမကို မောင်းထုတ်လိုက်တာပဲ။
တကယ်ပဲ မုဝမ်ချင်း မျက်နှာ ဖြူဖျော့သွားပြီး ချက်ချင်း ထရပ်လိုက်သည်၊ ဘယ်သူတားဆီးတာကိုမှ ဂရုမစိုက်ဘဲ လှည့်ထွက်သွားသည်။
သွမ့်ယွိက ထွက်ခွါသွားတဲ့ သူမရဲ့ သွယ်လျတဲ့ နောက်ကျောကို ငေးကြည့်နေပြီး စိတ်ထဲမှာ ဘယ်လို ခံစားချက်မှန်း မသိဘူး "ညီမဝမ်ချင်း နည်းနည်း ပြောင်းလဲသွားတဲ့ပုံပဲ..."
လူအားလုံး လှည့်၍ စုန့်ချင်းရှုကို စိုက်ကြည့်လိုက်ကြပြီး ဘာလို့ နောက်ကလိုက်မသွားတာလဲလို့ အံ့ဩနေကြသည်။ စုန့်ချင်းရှု ခေါင်းခါပြီး အရက်ခွက်ကို မြှောက်လိုက်တယ် "ရှန်းအာလေး၊ သခင့်အတွက် အရက်ထည့်ပေးပါ"
ရွှေရှန်းနဲ့ တချို့လူတွေ မျက်နှာချင်းဆိုင် ကြည့်နေကြပြီး သူဒေါသမထွက်တာကို ဘယ်လိုမှ မျှော်လင့်မထားဘူး။ တကယ်တော့... ကြည့်ရတာ ပျော်နေတဲ့ပုံပေါက်နေသလိုပဲ....။
စုန့်ချင်းရှုက တကယ်ပျော်နေသည်၊ ရွှေရှန်းရဲ့ မတော်တဆ လုပ်ရပ်ကြောင့် မုဝမ်ချင်းရဲ့ စိတ်ထဲမှာ သူ့အတွက် နေရာတစ်ခု ရှိနေတယ်ဆိုတာ သိလိုက်ရတာကြောင့် ဖြစ်သည်။ သူမကိုယ်တိုင်တောင် သတိမထားမိသေးတာဖြစ်နိုင်သည်။
ဘာလို့ မလိုက်သွားလဲဆိုတာက သူ့အတွေးနဲ့သူရှိသည်၊ အရင်ဘဝက အတွေ့အကြုံအရ စုန့်ချင်းရှုက မိန်းမတွေ စိတ်ဆိုး၊ စိတ်ကောက်လို့ အလိုလိုက်ပြီး ချော့လိုက်ရင် သူတို့ရဲ့ မာနကို နှစ်ဆ တိုးစေလိမ့်မယ်ဆိုတာ ကိုသိသည်၊ လိုချင်တာကို အရင်မပေးဘဲ နောက်မှ ပေးတဲ့ နည်းလမ်းကို စုန့်ချင်းရှုက ကျွမ်းကျင်စွာ သုံးတတ်တယ်၊ မုဝမ်ချင်း စိတ်အေးသွားရင် သူ့ကို ဆုံးရှုံးမှာ စိုးရိမ်လာလိမ့်မည်။
အဖွဲ့သားတွေ မြောက်ဘက်ကို ခရီးဆက်ကြသည်၊ မန်ချူးနယ်မြေထဲကို ရောက်သောအခါ တော်ဝင်အစောင့်တပ်ရဲ့ အကြီးအကဲ ဒိုလုံက အစောကြီးကတည်းက စောင့်နေသည်။
"ဒိုအစ်ကိုကြီး၊ ခင်ဗျား ဘာလို့ ဒီမှာရှိနေတာလဲ" ဝေရှောင်ပေါင်က မိတ်ဆွေဟောင်းကိုတွေ့တာကြောင့် ဝမ်းသာအားရ မေးလိုက်သည်။
"ဝေညီလေး၊ မင်း ထွက်သွားပြီး မကြာခင်မှာပဲ ဧကရာဇ်က မင်းဘေးမှာ အစောင့်အရှောက် မလုံလောက်မှာ စိုးရိမ်ပြီး ငါ့ကို စစ်သည်သုံးထောင်နဲ့ မင်းကို ကြိုဖို့ အထူးစေလွှတ်လိုက်တာ" ဒိုလုံက လက်သီးဆုပ်ပြီး မြောက်ဘက်ကို ဦးညွှတ်တယ် "လူအင်အားများလွန်းလို့ စုန့်နိုင်ငံထဲကို ဝင်ဖို့အဆင်မပြေတာကြောင့်မဟုတ်ရင် အစ်ကိုက မင်းကို အစောကြီးကတည်းက လာကြိုနေပြီ"
"ဝေသခင်လေး..." အဲ့ဒီအချိန်မှာ ရင်းနှီးတဲ့ အသံနှစ်ခု ကြားလိုက်ရသည်၊ တကယ်တော့ ကျန်းခမ်းနန်နဲ့ ကျောက်ချီရှန်းတို့ နှစ်ယောက်ပဲ။
"မင်းတို့?" ဝေရှောင်ပေါင်က နှစ်ယောက်ကို အံ့ဩတကြီး ကြည့်လိုက်တယ်၊ နှစ်ယောက်စလုံး တကယ်တော်တဲ့သူတွေ မဟုတ်ပေမယ့် မြှောက်ပင့်တာတော့ ကျွမ်းကျင်သည်၊ ဒါပေမဲ့ ဝေရှောင်ပေါင်က သူငယ်ချင်းလို့ သဘောထားတာကြောင့် ဒီနှစ်ယောက်ပါတဲ့ သံတမန်အဖွဲ့တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေခဲ့သည်။
"ကျွန်တော်တို့က သခင့် အမိန့်ကို နာခံပြီး မြောက်ဘက်ကို တောက်လျှောက်သွားခဲ့ကြတယ်၊ မြစ်ကို ကျော်ပြီး မကြာခင်မှာပဲ ဒိုအုပ်ချုပ်ရေးမှူးကို တွေ့ခဲ့တယ်၊ သူက သခင်လေး လုပ်ကြံခံရတဲ့ အကြောင်းကို သိပြီးနောက် သတင်းကို မပြန့်စေဖို့၊ သခင်လေး သံတမန်အဖွဲ့ထဲမှာ ရှိနေတယ်လို့ ဟန်ဆောင်ပြီး လူဆိုးတွေကို လှည့်စားဖို့၊ အန္တရာယ်ကင်းကင်းနဲ့ ရောက်လာအောင် ကာကွယ်ဖို့ အထူးမှာကြားတယ်" ကျန်းခမ်းနန်နဲ့ ကျောက်ချီရှန်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အသက်ဘေးက လွတ်မြောက်ခဲ့တဲ့အတွက် ဝမ်းသာနေကြသည်။
"ဒီတစ်ခါ စုန့်အစ်ကိုကြီးနဲ့ တိဗက်က ဆရာတော်ကျူးမိုကျိတို့ လမ်းတစ်လျှောက် ကူညီစောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်" ဝေရှောင်ပေါင်က သူတို့နှစ်ယောက်ကို ဒိုလုံနဲ့ မိတ်ဆက်ပေးသည်။ "သူတို့နှစ်ယောက်စလုံး သိုင်းလောကမှာ နာမည်ကျော်ကြားတဲ့ ကျွမ်းကျင်သူတွေပါ၊ ဧကရာဇ်သာ တွေ့ရင် အရမ်းဝမ်းသာမှာ သေချာတယ်"
"ဒီ တိဗက်ဆရာတော်ကိုတော့ ထားလိုက်ပါတော့၊ ဒီ မျက်နှာဖြူလေးကရော ဘာကို ကျွမ်းကျင်တာလဲ?" ဒိုလုံ စိတ်ထဲမှာ တီးတိုးပြောပြီး သူ့ကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
"စုန့်သခင်လေး ကျွန်တော်တို့ ဝေညီလေးကို လမ်းတစ်လျှောက် ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်" ဒိုလုံက ဟန်ဆောင်ပြုံးကာစုန့်ချင်းရှုကို လက်ကမ်းပေးလိုက်သည်။
စုန့်ချင်းရှု အံ့ဩသွားပေမယ့် လက်ဆွဲနှုတ်ဆက်လိုက်တယ်၊ ဒိုလုံ မျက်နှာ ချက်ချင်း ပြောင်းသွားသည်၊ တကယ်တော့ သူ့လက်မှာ ဘယ်လောက်ပဲ အားထည့်ထည့်၊ တစ်ဖက်လူက ပြုံးပြုံးလေး ကြည့်နေတယ်၊ ဒိုလုံ နောက်ဆုံးတော့ သူ အမှားလုပ်မိမှန်း သိသွားပြီး မျက်နှာပျက်လျက် လက်ကို ပြန်ရုပ်သိမ်းလိုက်တယ်။ “စုန့်သခင်လေးရဲ့ သိုင်းပညာက တကယ်ကို မြင့်မားတာပဲ”
"အိုး၊ မင်းတို့ကို တွေ့မှပဲ အိမ်ပြန်ရောက်တဲ့ ခံစားချက်ရတယ်" ဝေရှောင်ပေါင်က တင်းမာနေတဲ့ အခြေအနေကို သတိမထားမိဘဲ ဒိုလုံကို ဆွဲပြီး သက်ပြင်းချလိုက်တယ် "ဒီအနီးအနားမှာ ပျော်စရာကောင်းတဲ့ နေရာတွေ ရှိသေးလား၊ ဒီရက်ပိုင်း ခရီးကလည်းပင်ပန်းတော့ ငါ အရမ်းပျင်းနေပြီ" ဝေရှောင်ပေါင်ကို အရင်က စုန့်ချင်းရှုတို့ ကာကွယ်ပေးခဲ့ပေမယ့် အချိန်သိပ်မကြာသေးတော့ စိတ်ထဲမှာ အမြဲတမ်း စိုးရိမ်နေခဲ့သည်၊၊ ဒိုလုံတို့လို သူငယ်ချင်းဟောင်းတွေကို တွေ့တော့မှာပဲ စိတ်သက်သာရာ ရသွားသည်။
"ဝေညီလေး၊ မင်းပြောမှ ငါ သတိရသွားတယ်" ဒိုလုံ မျက်ခုံးပင့်ပြီး ပြုံးလိုက်တယ် "ယန်ကျိုးမြို့ထဲက လီချွမ်ခန်းမ(ဆောင်ကြာမြိုင်)မှာ မကြာသေးခင်က အရမ်းလှပတဲ့ ပန်းလေး ရောက်လာတယ်၊ အနုပညာကိုသာရောင်းပြီး ခန္ဓာကိုယ်ကို မရောင်းဘူးလို့ ကြော်ငြာထားတော့ ယန်ကျိုးမြို့က ယောက်ျားတွေ သူ့ကို အရမ်း စိတ်ဝင်စားနေကြတယ်၊ ဒါပေမဲ့ အခုချိန်ထိ ဘယ်သူမှ သူ့အခန်းထဲကို ဝင်ခွင့်မရသေးဘူးလို့ ကြားတယ်၊ ဝေညီလေး သွားရင် အောင်မြင်မှာ သေချာတယ်"
"ပန်းပွင့်လေး၊ အနုပညာကိုသာရောင်းပြီး ခန္ဓာကိုယ်ကို မရောင်းဘူး?"
ဝေရှောင်ပေါင်က ရွတ်ဆိုနေပေမယ့် စိတ်ထဲမှာတော့ မကျေမနပ်ဖြစ်နေသည် "ဒီဘိုးဘိုးက လီချွမ်ခန်းမမှာမွေးလာတာ၊ အထဲက အခြေအနေကို မသိဘူးလို့ ထင်နေလား? အရင်က လူတွေ ပေးတဲ့ငွေ မလုံလောက်လို့ ဈေးတင်ချင်တာပဲ မဟုတ်လား? ဘယ်ပြည့်တန်ဆာမက ငွေကို မကြိုက်ဘူးလဲ... ဟွန့်၊ အဲ့ဒီအချိန်ကျရင် အမေယန်ကိုပြောပြီး ဆေးထည့်ထားတဲ့ အရက်တိုက်ခိုင်းလိုက်ရင် သူမ ခြေထောက်နှစ်ချောင်းမကားပဲနေမယ်လို့ ငါ မယုံဘူး"
ဝေရှောင်ပေါင် စိတ်မကောင်းဖြစ်သွားသည်။၊ ကံမကောင်းစွာနဲ့ သူ့အမေကို မြို့တော်ကို ခေါ်သွားပြီးပြီ၊ မဟုတ်ရင် သူ့အမေကိုသာ လုပ်ခိုင်းရင် ဘယ်သူမှ မသိဘဲ လုပ်လို့ရမယ်။
"ဒါပေမဲ့ အဲ့ဒီ ပန်းပွင့်လေးက သာမန် ပြည့်တန်ဆာတွေနဲ့ မတူဘူး" ဝေရှောင်ပေါင် မယုံတာကို မြင်တော့ ဒိုလုံ အလျင်အမြန် ရှင်းပြတယ် "သူက မေးခွန်းသုံးခု ထုတ်ထားတယ် အကုန်မှန်မှ အပေါ်ထပ်ကို ဖိတ်ကြားခံရမယ်၊ မဟုတ်ရင် မင်းမှာ ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ သူ မင်းကို လှည့်တောင် ကြည့်မှာ မဟုတ်ဘူး"
"ဒိုအစ်ကိုကြီး၊ ဘာမေးခွန်းတွေလဲ ပြောပြပါဦး" ဝေရှောင်ပေါင် စိတ်ထဲမှာ ဆဲနေပေမယ့် ပြည့်တန်ဆာလုပ်နေပြီး ဒီလောက် ဂျီကျနေတာကို အရမ်းမုန်းတယ်၊ ငါ မဖြေနိုင်တာ သေချာတယ်။
"ဒါက......" ဒိုလုံ မျက်နှာ အနေရခက်သွားသည် "ငါ မမှတ်မိတော့ဘူး"
"ကောင်းပြီလေ၊ သွားကြည့်ရအောင်" ဝေရှောင်ပေါင်က လူတွေကို ဆွဲပြီး လီချွမ်ခန်းမကို သွားဖို့ ပြင်လိုက်တယ်။
"ဝမ်မိန်းကလေးက အပျိုလေးပဲ၊ မင်းနဲ့ အဲ့ဒီ ညစ်ပတ်တဲ့ နေရာကို ဘယ်လို သွားနိုင်မှာလဲ?" ဘေးနားက သွမ့်ယွိ မကျေနပ်ဖြစ်ပြီး ချက်ချင်း တားဆီးလိုက်သည်။ ဘေးက ဝမ်ယွီယန်လည်း မျက်နှာလေး နီရဲနေပြီး လုံးဝ မသွားချင်ဘူး။
ရွှေရှန်းလည်း မျက်နှာငယ်လေးနဲ့ စုန့်ချင်းရှုကို မျက်ရိပ်ပြတယ်၊ စုန့်ချင်းရှုက ရယ်မောပြီး လှည့်ထွက်သွားကာ သူမကို တမင် မကြည့်တော့ဘူး။
ကျူးမိုကျိလည်း အနေရခက်နေတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူက ရဟန်းတစ်ပါးပဲ၊ လီချွမ်ခန်းမလို နေရာမျိုးကို သွားတာ မသင့်တော်ဘူး။
ဝေရှောင်ပေါင်က ဟားဟား လို့ ရယ်လိုက်ပြီး သွမ့်ယွိကို တစ်ချက်ကြည့်လိုက်တယ် "မင်းတို့ကို အပြင်မှာ ထားခဲ့လို့ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ? ဝမ်မိန်းကလေးကိစ္စလည်း လွယ်ပါတယ်၊ ယောက်ျားလေးလို ဝတ်ခိုင်းလိုက်ရုံပဲ၊ ဘယ်သူမှ သိမှာ မဟုတ်ဘူး"
"ဆရာတော်အတွက် အဆင်မပြေဖြစ်နိုင်သလား?" စုန့်ချင်းရှုက ကျူးမိုကျိရဲ့ မျက်နှာမှာ ဝေခွဲမရတဲ့ အမူအရာကို သတိပြုမိတယ်။
"အဆင်ပြေပါတယ်၊ ကာမဂုဏ်ကို ရှောင်တာဟာ စိတ်ကို ထိန်းချုပ်တာပါ၊ ဒီလောက်တော့ ဆရာတော် နားလည်ပါတယ်"
တကယ်တော့ ကျူးမိုကျိက ဝေရှောင်ပေါင်ကနေ ခန်းရှီနဲ့ ဆက်ဆံရေးတည်ဆောက်ရမှာ၊ မသွားရင် တဖက်က အထင်လွဲသွားမှာကို ကြောက်နေတာ။
"လာကြစမ်း၊ မိန်းကလေးနှစ်ယောက်အတွက် သန့်ရှင်းတဲ့ အဝတ်အစားတစ်စုံစီ ပြင်ပေးလိုက်" ဒိုလုံက အခြေအနေကို မြင်တော့ စစ်သားတွေကို အမြန်ခေါ်လိုက်တယ်။
ဝမ်ယွီယန် နှုတ်ခမ်းလေးကို ခပ်ဖွဖွ ကိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားပြီး သွမ့်ယွိကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်ကာ စစ်သားများနဲ့အတူ လိုက်သွားသည်၊ သွမ့်ယွိ သူမ၏ အဲ့ဒီအကြည့်ကြောင့် နှလုံးသား တုန်လှုပ်သွားပြီး အရမ်း နောင်တရနေသည် "အဲ့ဒီတုန်းက ဦးလေးနဲ့ အဖေက မင်းကို သိုင်းသင်ခိုင်းတာကို မင်း မသင်ခဲ့လို့ အခု ဝမ်မိန်းကလေး ဒီလို ဒုက္ခရောက်ရတာပဲ"
ရွှေရှန်းက စုန့်ချင်းရှု ဘာမှ မပြောတာကို မြင်တော့ အံကြိတ်ပြီးလျက် နှုတ်ခမ်းစူပြီး တဲထဲကို ပြေးဝင်သွားတယ်။
ခဏကြာတော့ မိန်းကလေးနှစ်ယောက် တဲထဲမှ ထွက်လာသောအခါ သူတို့နှစ်ယောက်ကိုကြည့်ပြီး ယောက်ျားတွေအများကြီး တံတွေးမျိုချတာကို တွေ့လိုက်ရသည်။ စုန့်ချင်းရှုက စာပေသမားလို ဝတ်စားထားတဲ့ မိန်းကလေးနှစ်ယောက်ရဲ့ ချောမောနွဲ့နှောင်းတဲ့ အသွင်အပြင်ကို မြင်တော့ စိတ်ထဲမှာ တုန်လှုပ်သွားသည် "အရင်ဘဝက ဘာလို့ ယောကျ်ားချင်း ချစ်ကြိုက်တာတွေ အများကြီး ရှိခဲ့လဲဆိုတာ အခုမှ နားလည်တော့တယ်"
လူတစ်စုဟာ လီချွမ်ခန်းမဆီ တရုန်းရုန်းနဲ့ သွားနေကြတယ်၊ ဒိုလုံက တစ်ဆိုင်လုံးကို ငှားဖို့ ရည်ရွယ်ထားပေမယ့် ဝေရှောင်ပေါင်က လက်ကာပြပြီး တားလိုက်တယ် "ယောက်ျားတွေ ပြည့်တန်ဆာဆိုင်ကို သွားတာ ပျော်စရာကောင်းတဲ့ အငွေ့အသက်ကို လိုချင်လို့၊ ငါတို့ နည်းနည်းပဲ ရှိရင် တိတ်ဆိတ်ငြိမ်သက်နေမှာပေါ့၊ အဲ့ဒါဆို ဘာပျော်စရာ ရှိတော့မှာလဲ?"
"ဝေညီလေး ပြောတာ မှန်တယ်!" ဒိုလုံ ခဏလောက် အံ့ဩသွားပြီး ချက်ချင်း သဘောပေါက်တဲ့ အပြုံးတစ်ခု ပေါ်လာတယ်။
လျှောက်သွားရင်း ဝေရှောင်ပေါင် မျက်လုံး လည်သွားပြီး လှည့်ကြည့်ကာ စုန့်ချင်းရှုကို ပြောလိုက်တယ် "စုန့်အစ်ကိုကြီး၊ ကျွန်တော်တို့ အဝတ်အစား တွေလဲဝတ်လိုက်ရင်ကောင်းမလား”