အခန်း ၆ သွေးအန်တဲ့ထိ ဒေါသထွက်
"ဘယ်သူလဲ!" စုန့်ချင်းရှုနဲ့ မတူဘဲ ကျိုးကျစ်လော့က အခုအချိန်မှာ အတော်လေး ကျွမ်းကျင်တဲ့ သိုင်းသမားတစ်ယောက် ဖြစ်နေပြီ။ သူမက ချက်ချင်း ထထိုင်ပြီး တစ်ဖက်လူရဲ့ နောက်ကျောကို စိုက်ကြည့်လိုက်တယ်။ ပြီးတော့ ယင်ကိုးပါးအရိုးဖြူလက်သည်းရဲ့ အစပြုပုံစံကို ပြင်ဆင်ပြီး တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေတယ်။
"ကျစ်လော့၊ ငါပါ" မျက်နှာဖုံးစွပ်ထားတဲ့ လူက လှည့်လာပြီး မျက်နှာဖုံးကို ချွတ်လိုက်တော့ မင်ဘာသာရေး ခေါင်းဆောင် ကျန်းဝူကျိ ဖြစ်နေတယ်။
"ကျန်းခေါင်းဆောင်က ညသန်းခေါင်ယံမှာ ကျွန်မတို့ လင်မယားရဲ့ အိပ်ခန်းထဲကို ဘာရည်ရွယ်ချက်နဲ့ ဝင်လာတာလဲ!" ကျိုးကျစ်လော့ အေးစက်စက် အသံနဲ့ ပြောပေမယ့် သူ့ရဲ့ တစ်ကိုယ်လုံးက စွမ်းအင်တွေက ဖြည်းဖြည်းချင်း ပျောက်သွားတယ်။ ကျန်းဝူကျိကို သူမက ကာကွယ်ဖို့ မလိုပါဘူး။
"ကျစ်လော့၊ တခြားလူတွေက မင်းတို့ လင်မယားအကြောင်းကို မသိပေမယ့် ငါက မသိဘူးလို့ မထင်နဲ့" ကျန်းဝူကျိက ကုတင်နှစ်ခုခွဲပြီး အိပ်နေတဲ့ နှစ်ယောက်ကို ကြည့်ပြီး ညင်ညင်သာသာ ပြောလိုက်တယ်။
သူက သူမနဲ့ စုန့်ချင်းရှုတို့ လင်မယားအစစ် မဟုတ်ဘူးဆိုတာကို သိသွားတော့ ကျိုးကျစ်လော့က စိတ်ထဲမှာ ပျော်ရွှင်ရမလား၊ ဒေါသထွက်ရမလားဆိုတာကို မခွဲခြားနိုင်တော့ပါဘူး။ ဒါကြောင့် အေးစက်စက်နဲ့ ပြောလိုက်ပါတယ် "ကျွန်မတို့ လင်မယားအကြောင်းကို ကျန်းခေါင်းဆောင်က စိတ်ပူနေစရာ မလိုပါဘူး"
ကျန်းဝူကျိက ဖြည်းဖြည်းချင်း လျှောက်လာပြီး ခါးသီးစွာနဲ့ ပြောလိုက်တယ် "ကျစ်လော့၊ မင်း ငါ့ကို အရမ်းစိတ်ဆိုးနေမှန်း ငါသိပါတယ်။ ဒီရက်တွေမှာ မင်းကို လာမတွေ့တာက ဘုန်းကြီးသုံးပါးကို တိုက်ခိုက်ပြီးတဲ့နောက်မှာ ငါ့ရဲ့ စွမ်းအင်တွေ ထိန်းမရတော့လို့ ဒီရက်ပိုင်းတွေမှာ ပြန့်ကျဲနေတဲ့ စွမ်းအင်တွေကို စုစည်းနေတာပါ..."
"အိုး၊ ရှင် အခု ဘယ်လိုနေလဲ" ကျိုးကျစ်လော့က မျက်ခုံးပင့်ပြီး သူ့ရဲ့ အဖြေကို မစောင့်ဘဲ အလျင်အမြန် သူ့ရဲ့ လက်ကောက်ဝတ်ကို ဆွဲပြီး သွေးခုန်နှုန်းကို စမ်းလိုက်တယ်။
"နည်းနည်းလေးပဲ ထိန်းနိုင်သေးတယ်။ ငါ အတင်းဖိနှိပ်ထားတယ်။ သန့်ရှင်းသောမီးအမိန့်နဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားတဲ့အပြောင်းအလဲက အနောက်ပိုင်းဒေသရဲ့ တကယ်ကို ထူးဆန်းတဲ့ သိုင်းပညာတွေပဲ။ ဂရုမစိုက်ရင် သတိမထားရင် စွမ်းအင်တွေ ထိန်းမရတော့ဘူး" ကျိုးကျစ်လော့ကို မျက်နှာချင်းဆိုင်တော့ ကျန်းဝူကျိက သိုင်းသမားတစ်ယောက်ရဲ့ ကာကွယ်မှု မရှိဘဲ သူမကို သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းခွင့်ပေးလိုက်တယ်။
"ရှင့်ရဲ့ အသက်ရှူနှုန်းက အရင်ကထက် အများကြီး အားနည်းနေတာပဲ" ကျိုးကျစ်လော့က အခု ကျန်းဝူကျိက အရင်ကနဲ့ နည်းနည်း မတူဘူးလို့ ခံစားလိုက်ရတယ်။ ဒါပေမယ့် စွမ်းအင်တွေ ထိန်းမရတော့လို့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်နေတာလို့ တွေးပြီး သိပ်ဂရုမစိုက်ပါဘူး။
"ကျစ်လော့၊ မင်းက ငယ်ငယ်လေးကတည်းကနေ အခုထိ ငါ့ကို ဂရုစိုက်တုန်းပဲ" ကျန်းဝူကျိက စိတ်လှုပ်ရှားပြီး သူမရဲ့ လက်နှစ်ဖက်ကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်လိုက်တယ်။
သူတို့နှစ်ယောက် ဟန်မြစ်ကမ်းမှာ ပထမဆုံး တွေ့ခဲ့တဲ့ အကြောင်းကို တွေးမိတော့ ကျိုးကျစ်လော့က အိပ်မက်ထဲ ရောက်သွားသလို ခံစားလိုက်ရတယ်။ မော့ကြည့်လိုက်တော့ ကျန်းဝူကျိရဲ့ မျက်လုံးတွေကလည်း သူ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
သူတို့နှစ်ယောက်က ဒီလိုပဲ အပြန်အလှန် စိုက်ကြည့်နေကြတယ်။ ခဏလောက်တော့ သူတို့နှစ်ယောက်လုံး သတိလက်လွတ်သွားကြတယ်။
သူတို့နှစ်ယောက်လုံး မထင်ထားတာက အိပ်ရာပေါ်မှာ မေ့မြောနေရမယ့် စုန့်ချင်းရှုက အခု အခြေအနေ အားလုံးကို အေးစက်စက်နဲ့ စိုက်ကြည့်နေတယ်။ သူက အကြောတွေကို အပိတ်ခံရပြီးတဲ့နောက်မှာ အမည်မသိတဲ့ ကိုယ်တော်က သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ချန်ထားခဲ့တဲ့ စွမ်းအင်အနည်းငယ်က တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပြီး မေ့မြောနေတဲ့ အခြေအနေကနေ နိုးလာတယ်။ ဒါပေမယ့် ဒါက သူ့ရဲ့ သွေးကြောတွေကို အားဖြည့်ဖို့ ချန်ထားခဲ့တဲ့ စွမ်းအင်အနည်းငယ်ပဲ ဖြစ်တယ်။ ကျန်းဝူကျိကလည်း ကမ္ဘာပေါ်မှာ အတော်ဆုံး သိုင်းသမားတစ်ယောက် ဖြစ်နေတော့ တခြားသွေးကြောတွေကို ဘယ်လိုမှ ပြန်ဖွင့်လို့ မရဘူး။ စုန့်ချင်းရှုက အခု သတိရနေပေမယ့် တစ်ကိုယ်လုံး လှုပ်လို့ မရပါဘူး။
ကျိုးကျစ်လော့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်ပြီး ကျန်းဝူကျိက မနေနိုင်တော့ဘဲ ခေါင်းငုံ့ပြီး သူမရဲ့ ချယ်ရီနှုတ်ခမ်းလေးကို နမ်းဖို့ ကြိုးစားလိုက်တယ်။
ကျန်းဝူကျိရဲ့ မျက်နှာက ပိုပိုပြီး နီးလာတာကို ကြည့်ပြီး ကျိုးကျစ်လော့က နှလုံးခုန်နှုန်း မြန်လာတဲ့ ခံစားချက်ကို ပြန်ခံစားလိုက်ရတယ်။ ဒီအချိန်မှာ သူမက ကျန်းဝူကျိကို အရမ်းချစ်တာကို ဒီဘဝမှာ ဘယ်တော့မှ မေ့လို့ မရတော့ဘူးဆိုတာကို သိလိုက်ရတယ်။
သူတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေ ထိတော့မယ့် အချိန်မှာ ကျိုးကျစ်လော့က ခေါင်းကို ဘေးကို လှည့်လိုက်ပြီး ကျန်းဝူကျိရဲ့ ရင်ဘတ်ကို တွန်းထုတ်လိုက်တယ်။ ပြီးတော့ သုံးပေလောက် နောက်ဆုတ်လိုက်ပြီး သူမရဲ့ မျက်နှာလေးက အနည်းငယ် နီမြန်းသွားတယ်။ ပြီးတော့ သူ့ကို ဒေါသထွက်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ပြောလိုက်တယ် "ရှင့်မှာ ရှင့်ရဲ့ မင်းသမီးကျောက်မင် ရှိနေပြီး ကျွန်မလည်း တခြားသူရဲ့ ဇနီး ဖြစ်နေပြီ။ ရှင် ဒီလိုလုပ်နေတာ ဘာကို ရည်ရွယ်တာလဲ!"
"ငါ မသိဘူး" ကျန်းဝူကျိက ဝမ်းနည်းစွာနဲ့ ခေါင်းခါလိုက်တယ် "ငါ မင်းကို တကယ်ချစ်တယ်။ မင်းနဲ့ ဝေးဝေးနေပြီး ဘေးလူ ဖြစ်သွားမှာကို မခံစားနိုင်ဘူး"
ကျန်းဝူကျိက သူမကို ချစ်တယ်လို့ ပြောတာကို ကြားတော့ ကျိုးကျစ်လော့ရဲ့ နှလုံးသားက တုန်လှုပ်သွားပြီး နှုတ်ခမ်းကို ကိုက်လိုက်တယ် "ဒါဆို ကျောက်မင်ကော"
"ငါသူ့ကိုလည်း ချစ်တယ်" စုန့်ချင်းရှုက အမြဲတမ်း ဆုံးဖြတ်ချက် မပြတ်သားတဲ့ ကျန်းဝူကျိက ဒီတစ်ခါမှာ ဒီလောက် ပြတ်သားလိမ့်မယ်လို့ မထင်ထားပါဘူး။ ကျိုးကျစ်လော့က ဒေါသတကြီးနဲ့ ရယ်လိုက်တယ် "ဒါဆို ရှင် ကျွန်မကို ဘာလို့ လာရှာတာလဲ!"
ကျန်းဝူကျိက သူ့ရဲ့ အင်္ကျီကို ဆွဲဖြဲပြီး အဲဒီတုန်းက ကောင်းကင်ဓားနဲ့ အထိုးခံခဲ့ရတဲ့ ရင်ဘတ်က အမာရွတ်ကို ထုတ်ပြလိုက်တယ် "ကျစ်လော့၊ မင်းရဲ့ အရိပ်က အဲဒီကောင်းကင်ဓားရဲ့အမာရွတ်လိုပဲ ငါ့ရဲ့ နှလုံးသားထဲမှာ ထာဝရ စွဲထင်နေတယ်။ မင်းအပေါ် ငါ့ရဲ့ စိတ်ရင်းက ဘယ်တော့မှ မပြောင်းလဲပါဘူး။ အဲဒီတုန်းက မင်းနဲ့ စုန့်သခင်တို့ လက်ထပ်တဲ့ သတင်းကို ကြားတော့ သေချင်စိတ်တောင် ပေါက်သွားခဲ့တယ်"
အဲဒီမှိန်ဖျော့တဲ့ အမာရွတ်လေးကို လက်ချောင်းလေးနဲ့ ပွတ်သပ်ရင်း ကျိုးကျစ်လော့က ကောင်းကင်ဓားထိပ်နဲ့ ထိုးခဲ့တဲ့ မိန်းကလေးရဲ့ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ပုံရိပ်ကို ပြန်မြင်ယောင်လာပြီး စိတ်မကောင်းဖြစ်သွားသည်။ ညင်ညင်သာသာ သက်ပြင်းချရင်း "ဒါဆို အဲဒီတုန်းက ဘာလို့ မလာခဲ့တာလဲ။ ကျွန်မနဲ့ ချင်းရှုတို့က ရှင်လာမလားဆိုတာကို လောင်းကြေးထပ်ပြီး လက်ထပ်ခဲ့တာ။ ဒါပေမဲ့ ငါ ရှုံးသွားတယ်ဆိုတာ ရှင်သိလား" လို့ ပြောပြီး ဝမ်းနည်းစွာ ပြုံးလိုက်သည်။
"အဲဒီတုန်းက ငါ အရမ်းအ,ခဲ့တာ။ စုန့်သခင်က မင်းကို အရမ်းချစ်တယ်ဆိုတော့ မင်းလက်ထပ်ပြီးရင် အရမ်းပျော်ရွှင်မယ်လို့ ထင်ခဲ့တာ" လို့ ကျန်းဝူကျိက ပြောပြီး ကျိုးကျစ်လော့ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းဖို့ လက်ကို ဆန့်လိုက်သည်။ ဒါပေမဲ့ ကျိုးကျစ်လော့က မသိစိတ်က ရှောင်လိုက်တော့ ကျန်းဝူကျိက စိတ်မကောင်းစွာနဲ့ "မင်းလက်ထပ်ပြီးတဲ့နောက်မှာ ငါ့နှလုံးသားက နေ့တိုင်း ဆုတ်ဖြဲခံနေရသလို ခံစားရမှ အချစ်ရေးမှာ အလျှော့ပေးလို့မရဘူးဆိုတာ သိလာတာ"
သူက ဒီနေ့လောက် စိတ်ရင်းမှန်နဲ့ သူ့ကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။ ကျိုးကျစ်လော့ရဲ့ နှလုံးသားက ခံစားချက်ပေါင်းစုံနဲ့ ရှုပ်ထွေးသွားတယ်။ ပျော်ရွှင်မှုနဲ့အတူ သူက လက်ထပ်ပြီးပြီဆိုတာကို တွေးမိတော့ ဝမ်းနည်းစွာနဲ့ "ဒီအချိန်မှာ အဲဒီစကားတွေ ပြောနေလို့ ဘာအကျိုးရှိမှာလဲ။ ငါက စုန့်ကတော်ဖြစ်နေပြီ" ။
"ဟေ့၊ မင်းစုန့်ကတော်ဖြစ်နေတာသိရင် သူ့ကို အမြန်ဆုံး မောင်းထုတ်လိုက်လေ!" လို့ စုန့်ချင်းရှု စိတ်ထဲမှာ အော်ဟစ်နေ... သူ့ဇနီးရဲ ရင်ခုန်နေစိတ်လှုပ်ရှားနေတဲ့ပုံကို ကြည့်ပြီး ဒေါသက လျော့မသွားသေးဘူး။
"မင်းတို့က နာမည်ပဲ ရှိတာပါ" လို့ ကျန်းဝူကျိက ဒေါသတကြီးနဲ့ ပြောလိုက်သည် "ငါ့နှလုံးသားထဲမှာ မင်းက ဟန်မြစ်ကမ်းဘေးက စင်ကြယ်ပြီး သဘောကောင်းတဲ့ မိန်းကလေးပဲ"
(ဘာသာပြန်သူ-နဂါးနိုင်ဓားမှာ ကျန်းဝူကျိငယ်ငယ်ကနေမကောင်းဖြစ်တုန်း ဟန်မြစ်ကမ်းဘေးမှာ ကျစ်လော့က အစားနဲ့ ရေတိုက်ခဲ့ပါတယ်)
"ဝူကျိအစ်ကို" လို့ ကျိုးကျစ်လော့က မျက်ရည်တွေနဲ့ ပြောပြီး ပုခုံးလေးတွေ တုန်ခါရင်း ငိုလိုက်သည်။
ကျန်းဝူကျိက လက်မနဲ့ သူမရဲ့ ပါးပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ ဒီတစ်ခါတော့ ကျိုးကျစ်လော့က မငြင်းဆန်တော့ဘူး။
ဒီမြင်ကွင်းကို မျက်ရည်ဝိုင်းပြီး ကြည့်ရင်း စုန့်ချင်းရှုက စူပါမန်းဖြစ်ချင်နေသည်။ သူ့မျက်လုံးထဲက လေဆာတွေနဲ့ ကျန်းဝူကျိကို အမှုန့်ဖြစ်အောင် လုပ်ပစ်ချင်နေသည်။
စုန့်ချင်းရှုဟာ ကျိုးကျစ်လော့က ကျန်းဝူကျိကို ပြင်းပြင်းထန်ထန် တွန်းထုတ်ပြီး နှင်ထုတ်လိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်ခဲ့ဘူး။ ကျိုးကျစ်လော့ရဲ့ မျက်နှာမှာ ရှက်ရွံ့တဲ့အမူအရာနဲ့ စိုးရိမ်တကြီး မျှော်လင့်နေတဲ့ မျက်လုံးတွေ ရှိနေသည်။
"ဒီမိန်းမယုတ်!" စုန့်ချင်းရှုဟာ အခုလေးတင်က ကျန်းဝူကျိကို ဆဲဆိုနေတုန်းပဲ၊ အခုတော့ ကျိုးကျစ်လော့ကို စိတ်ဆိုးလာတယ်။ နေ့ခင်းတုန်းက သူ့လက်ကလေးနဲ့ သူ့ကို နည်းနည်းလေးထိလိုက်တာနဲ့ လန့်နိုးသွားတယ်၊ အခုတော့ အလိုက်သိသလိုလို အလိုလိုက်သလိုလိုနဲ့ ဘာတွေလုပ်နေတာလဲ။
ခဏလောက် မျက်လုံးတွေ ဝေဝါးသွားပြီးနောက် ကျိုးကျစ်လော့က သွားလေးတွေနဲ့ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ခိုင်ခိုင်မာမာ နောက်တစ်လှမ်းဆုတ်လိုက်သည်။ စိတ်တွေ ရှုပ်ထွေးနေတော့ ခြေထောက်ကို သတိမထားမိဘဲ တစ်ခုခုနဲ့ တိုက်မိပြီး ခန္ဓာကိုယ်က ဟန်ချက်ပျက်ပြီး နောက်က ကုတင်ပေါ်ကို လဲကျသွားသည်။
"သတိထား!" ကျန်းဝူကျိက အော်လိုက်ပြီး သူ့ကို ဖမ်းဖို့ အလျင်အမြန် ပြေးသွားပေမဲ့ ကျိုးကျစ်လော့က မသိစိတ်က ပိတ်ဆို့ဟန့်တားလိုက်တော့ နှစ်ယောက်လုံး ဟန်ချက်ပျက်ပြီး ကုတင်ပေါ်ကို လဲကျသွားကြတယ်။
အခန်းထဲမှာ စားပွဲက ကာထားလို့ စုန့်ချင်းရှုက ဘာတွေဖြစ်နေလဲ မသိလိုက်ဘူး။ ကျိုးကျစ်လော့က သူ့ကိုယ်သူ ပံ့ပိုးပေးသလိုမျိုး ကုတင်ပေါ်ကို လဲကျသွားပြီး ကျန်းဝူကျိက သူ့အပေါ်ကို ဖိလိုက်တာကိုပဲ မြင်လိုက်ရတယ်။ ဒေါသထွက်ပြီး ရင်ထဲမှာ သွေးတွေ ဆူပွက်လာပြီး မကြာသေးခင်ကမှ သက်သာလာတဲ့ ဒဏ်ရာကြောင့်ပါ မေ့မြောသွားသည်။
နှစ်ယောက်သား ကုတင်ပေါ်ကို လဲကျပြီး မျက်လုံးချင်းဆုံလိုက်ကြတော့ ပြောမပြတတ်တဲ့ ချစ်ခင်စရာကောင်းတဲ့ ခံစားချက်တွေ ပေါ်လာတယ်။
ကျန်းဝူကျိရဲ့ လက်က သူမခါးက ပိုးကြိုးနားကို တဖြည်းဖြည်း ချဉ်းကပ်လာတာကို မြင်တော့ ကျိုးကျစ်လော့က ရုတ်တရက် သတိဝင်လာပြီး သူ့လက်ကို ပိတ်ဆို့လိုက်ပြီး ချက်ချင်း ထထိုင်လိုက်သည်။ တုံ့ဆိုင်းပြီး "မလုပ်နဲ့၊ ချင်းရှုက..." ။ သူက သူ့ခင်ပွန်းကို ကြည့်ချင်ပေမဲ့ ကျန်းဝူကျိက သူမရှေ့မှာ ကာထားလို့ မမြင်ရဘူး။
"စိတ်ချပါ၊ သူ့ရဲ့ ခန္ဓာကိုယ်က အရေးကြီးတဲ့ သွေးကြောတွေကို ငါပိတ်ပြီးပြီ။ သူ ဘာမှ သိမှာ မဟုတ်ဘူး" ကျန်းဝူကျိက သူ့ရဲ့ ခွန်အားကို ယုံကြည်ပြီး လှည့်ကြည့်ဖို့တောင် မရည်ရွယ်ဘူး။ သူတို့နှစ်ယောက်ရဲ့ အပြုအမူတွေက စုန့်ချင်းရှုရဲ့ မျက်လုံးထဲကို ရောက်နေပြီဆိုတာ လုံးဝ မသိလိုက်ဘူး။
ကျန်းဝူကျိရဲ့ စကားကို ကြားတော့ ကျိုးကျစ်လော့ရဲ့ ခေါင်းထဲမှာ စိုးရိမ်စိတ်လျော့သွားသည်။ အဲဒါကို မြင်တော့ ကျန်းဝူကျိက သူမလက်အား ဘေးကို ဖယ်လိုက်ပြီး ခါးပတ်ကလေးကို ဆွဲလိုက်သည်။ ဖြည်းဖြည်းလေး ဆွဲတော့မယ့်အချိန်မှာ ကျိုးကျစ်လော့က ရုတ်တရက် သတိဝင်လာပြီး ဖျတ်ခနဲ ခုန်ဆင်းလိုက်သည်။
စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ဆွဲယူပြီး ရေတစ်ခွက်လုံးကို ကျန်းဝူကျိရဲ့ မျက်နှာပေါ်ကို ပက်လိုက်ပြီး နှတ်ခမ်းကိုသွားလေးတွေနဲ့ ဖိကိုက်လိုက်ပြီးနောက် "ဝူကျိအစ်ကို၊ ကိုယ့်ကိုယ်ကို ထိန်းပါ" ကျန်းဝူကျိဟာ ရုတ်တရက် အံ့အားသင့်သွားပြီး လက်ဖက်ရည်ရေတွေက သူ့ပါးပြင်ပေါ်ကနေ စီးကျပြီး အိပ်ရာခင်းပေါ်ကို တစ်စက်ချင်း ကျသွားသည်။ ရှက်ရွံ့စွာနဲ့ ကျိုးကျစ်လော့ကို ကြည့်နေသည်။
"ဘာလို့ မရှောင်တာလဲ" လှည့်ကြည့်တော့ သူ့ရဲ့ ပုံစံကို မြင်ပြီး ကျိုးကျစ်လော့က စိတ်မသက်မသာ ဖြစ်သွားပြီး ညင်ညင်သာသာ မေးလိုက်သည်။
"ငါက မင်းအပေါ် အခွင့်အရေးယူ မိုက်မဲမိခဲ့တာ။ ဒီလက်ဖက်ရည်တစ်ခွက်က ဘာများလဲ" ကျန်းဝူကျိက မျက်နှာပေါ်က လက်ဖက်ခြောက်တွေကို သုတ်လိုက်ပြီး ခါးသက်စွာ ပြောလိုက်သည်။
ကျိုးကျစ်လော့က သက်ပြင်းချလိုက်ပြီး "ဝူကျိအစ်ကို၊ အခု ကျွန်မက စုန့်ရဲ့ ဇနီး ဖြစ်နေပြီ။ ရှင် ကျွန်မကို တကယ် ချစ်တယ်ဆိုရင် ကျွန်မကို လက်ထပ်ဖို့ သဘောတူရင် တစ်လောကလုံးရဲ့ အရှက်ရစေမယ့် အရာတွေကို ကျောခိုင်းပြီး အခုလက်ရှိခင်ပွန်းကို စွန့်ပြီး ရှင်နဲ့ လက်ထပ်မယ်။ မင်္ဂလာဦးညမှာ ရှင်... ရှင် ကျွန်မကို ဘာလုပ်ချင်လဲ၊ ကျွန်မကို ဘာပြောပြော လိုက်လျောမယ်" ။ ဒီစကားကို ပြောပြီးတော့ ကျိုးကျစ်လော့ရဲ့ မျက်နှာပူနေသည်။
ကျန်းဝူကျိက စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ပြီး သူမလက်ကလေးကို ဆုပ်ကိုင်ဖို့ လုပ်လိုက်သည်။ "ကျစ်လော့၊ ငါ မင်းကို ဇနီးအဖြစ် လက်ထပ်မှာပါ" ။
ကျိုးကျစ်လော့ မသိစိတ်က နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး လည်ပင်းကို ဖုံးအုပ်လိုက်ပြီး "ကျွန်မက လက်ထပ်ပြီးရင် ရှင်ကို ဘာလုပ်လုပ် ခွင့်ပြုမယ်လို့ ပြောတာပါ။ အခု မဟုတ်ဘူး။ အခု ကျွန်မက စုန့်ရဲ့ ဇနီးပါ။ ကျန်းခေါင်းဆောင်၊ ကိုယ့်ကိုယ်ကို ထိန်းပါ" ။
ကျိုးကျစ်လော့ဟာ တကယ်တော့ စိတ်နည်းနည်း လှုပ်ရှားသွားသည်။ ဒါပေမဲ့ ရုတ်တရက် လေအေးတစ်ချက် တိုက်လာတော့ သူတို့နှစ်ယောက်ရဲ့ နာမည်တွေက မသေချာသေးဘူးဆိုတာကို သတိရသွားတယ်။
သူသာ စုန့်ရဲ့ ဇနီးအနေနဲ့ သူ့ကို ခန္ဓာကိုယ်ကိုပေးအပ်လိုက်ရင် နောက်ပိုင်းမှာ သူက သူ့မကို မိန်းမကောင်း မဟုတ်ဘူးလို့ ထင်ပြီး သူမကို အထင်သေးသွားနိုင်တယ်။
ချစ်နေတဲ့ မိန်းမတွေဟာ အမြဲတမ်း စိုးရိမ်ပူပန်တတ်ပြီး နောင်မှာ ဒုက္ခဖြစ်စေမယ့် အရာလေးတွေကိုတောင် ကြောက်တတ်ကြတယ်။
"ဟုတ်ပါပြီ၊ ငါက စိတ်လောမိသွားတာပါ" ကျန်းဝူကျိက သူမရဲ့ အတွေးတွေကို မသိလိုက်ဘူး။ သိခဲ့ရင် ကျိုးကျစ်လော့ကို စိတ်ပြေပျောက်အောင် လုပ်လိုက်ရင် သူမ လိုက်လျောမှာ သေချာတယ်။ နောက်တချိန်ကျ သိခဲ့ရင် သွေးအန်ပြီး နောင်တရမှာ သေချာတယ်။
"ဝူကျိအစ်ကို၊ ရှင် ကျွန်မကို တကယ် လက်ထပ်ချင်တာလား" ကျိုးကျစ်လော့က ပျော်ရွှင်စွာနဲ့ ရှက်ရွံ့စွာ ထပ်မေးလိုက်သည်။
"ဟုတ်တာပေါ့! ငါ မင်းကို ဇနီးအဖြစ် လက်ထပ်ချင်တယ်" ကျန်းဝူကျိက သူ့ဘေးကို လျှောက်သွားပြီး သူ့ပခုံးကို ညင်ညင်သာသာ ဖက်လိုက်သည်။ ဒီတစ်ခါတော့ ကျိုးကျစ်လော့က မငြင်းဆန်တော့ဘူး။ တစ်ကိုယ်လုံး အရည်ပျော်သွားသလိုမျိုး ကျန်းဝူကျိရဲ့ ကိုယ်ပေါ်ကို မှီလိုက်ပြီး သက်ပြင်းချလိုက်သည်။ "ဝူကျိအစ်ကို၊ ကျွန်မ နောက်ပိုင်း ဘယ်လို မျက်နှာနဲ့ နေရမှာလဲ..." ဒီ နွေးထွေးတဲ့ အခိုက်အတန့်မှာ နှစ်ယောက်လုံးက ကျောက်မင်အကြောင်းကို မပြောမိအောင် ရှောင်လိုက်ကြတယ်။
နှစ်ယောက်သား တိတ်ဆိတ်စွာ ခဏလောက် နေလိုက်ကြပြီး ကျိုးကျစ်လော့က မျက်နှာချင်းဆိုင်က ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ စုန့်ချင်းရှုကို မြင်လိုက်တော့ အခု သူက စုန့်ရဲ့ ဇနီးဖြစ်နေပြီဆိုတာကို တွေးမိပြီး ရင်ထဲမှာ နာကျင်သွားစွာနဲ့ သက်ပြင်းချလိုက်သည်။ "ချင်းရှု ကျွန်မ တောင်းပန်ပါတယ်”
"ကျစ်လော့၊ ငါတို့ကအရင် ချစ်သူတွေဖြစ်ခဲ့ကြတာ။ မင်း သူ့ကို တစ်ခါမှ မချစ်ခဲ့ဘူး။ သူ့အပေါ် တောင်းပန်စရာ ဘာရှိလို့လဲ" လို့ ကျန်းဝူကျိက နှစ်သိမ့်လိုက်သည်။
"ဒါပေမဲ့ ကျွန်မတို့က အမြဲတမ်း ဒီလို ခိုးကြောင်ခိုးဝှက် မနေနိုင်ဘူးလေ" ကျိုးကျစ်လော့က သူ့ရဲ့ ဖက်တွယ်မှုကနေ ရုန်းထွက်ပြီး မျက်လုံးကို လှည့်လိုက်ပြီး စုန့်ချင်းရှုရဲ့ မျက်နှာကို ကြည့်လိုက်တော့ မျက်နှာက အေးစက်သွားသည်။ "ဒါဆို ကျွန်မ သူ့ကို သတ်လိုက်ရမလား။ ရှင် ကျောက်မင်ကို သတ်ပြီး ပြန်လာခဲ့။ အဲဒီလိုဆိုရင် နောက်ပိုင်းမှာ ကျွန်မတို့ နေ့တိုင်း ချိန်းတွေ့တာကို ဘယ်သူမှ မနှောင့်ယှက်နိုင်တော့ဘူး" ။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ" ကျန်းဝူကျိက လန့်သွားတယ်။ သူက ကျိုးကျစ်လော့ကို ကြိုက်ပေမဲ့ ကျောက်မင် ကို စွန့်ပစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
"ဝူကျိအစ်ကို၊ ကျွန်မ ရှင့်ကို နောက်နေတာပါ" ကျိုးကျစ်လော့က ကောက်ကျစ်စွာ ပြုံးလိုက်သည်။ "ကျွန်မက ခင်ပွန်းအပေါ် အပြစ်ဖြစ်အောင် လုပ်ပြီးသားပါ။ သူ့အသက်ကို ထပ်ပြီး ဖျက်ဆီးလိုက်ရင် သမိုင်းထဲက ဆိုးယုတ်တဲ့ မိန်းမတွေနဲ့ ဘာများကွာတော့မှာလဲ။ ရှင်သာ အခုလေးတင်က သဘောတူလိုက်ရင် ရှင်နဲ့ ထပ်ပြီး မပေါင်းရဲတော့ဘူး။ ရှင်က ဆီမင်ချင်း ဖြစ်ချင်နေတာလား။ ကျွန်မ ပန်ဂျင်လျန် မဖြစ်ချင်ဘူး"
ကျန်းဝူကျိဟာ အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်ပြီး "ငါ့ရဲ့ ကျစ်လော့လေးက တကယ်ကို အကောင်းဆုံးပဲ..." ။
နောက်နေ့ မနက်ခင်း နေရောင်ခြည်က အခန်းထဲကို ဝင်လာတော့ စုန့်ချင်းရှု နိုးလာပြီး အခန်းထဲမှာ ဘယ်သူမှ မရှိဘူးဆိုတာကို တွေ့လိုက်သည်။ မျက်နှာချင်းဆိုင်က ကုတင်ကလည်း သပ်ရပ်နေပြီး ဘာအရာမှ မကျန်ခဲ့ဘူး။ သက်ပြင်းချလိုက်ပြီး စိတ်ထဲမှာ ထူးဆန်းနေသည်။ "မနေ့ညက အိပ်မက်တစ်ခုပဲလား" လို့ တွေးလိုက်သည်။
ရုတ်တရက် စုန့်ချင်းရှုရဲ့ မျက်နှာက ပြောင်းလဲသွားသည်။ အနည်းငယ်ပဲ ကွာပေမဲ့ စုန့်ချင်းရှုက မနေ့က အိပ်ရာခင်း မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ဘာလို့ အိပ်ရာခင်းကို ပြောင်းလဲတာလဲဆိုတာကို စုန့်ချင်းရှုက အေးစက်စွာ ပြုံးလိုက်သည်။
သူက မနေ့ညက အိပ်ရာခင်းက လက်ဖက်ရည်ရေတွေနဲ့ စိုသွားလို့ ကျိုးကျစ်လော့က အထူးတလည် ပြောင်းလဲခဲ့တာဆိုတာကို မသိလိုက်ဘူး။
"ချင်းရှု၊ နိုးလာပြီလား" ကျိုးကျစ်လော့က ရေဇလုံတစ်လုံးကို ကိုင်ပြီး ဝင်လာတယ်။ စုန့်ချင်းရှု နိုးလာတာကို တွေ့တော့ မျက်နှာသုတ်ပဝါကို ညှစ်ပြီး ပေးလိုက်သည်။
စုန့်ချင်းရှုက သူ့ကို စိတ်ပျက်စွာ ကြည့်လိုက်ပြီး သူက မနေ့ညက သူ့ကို သစ္စာဖောက်ပြီး အခုမှာ အပြစ်ရှိတဲ့ စိတ်ကြောင့် အရင်ကထက် ပိုပြီး နူးညံ့သိမ်မွေ့နေတာလို့ တွေးလိုက်သည်။
"အိပ်ရာခင်းကို ဘာလို့ ပြောင်းလဲတာလဲ" စုန့်ချင်းရှုက မျက်နှာသုတ်ပဝါကို မသိဟန်ဆောင်ပြီး မေးလိုက်သည်။
ကျိုးကျစ်လော့က နောက်ကို ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "မတော်တဆ ညစ်ပတ်သွားလို့ ပြောင်းလိုက်တာပါ" ။
"အိုး..." စုန့်ချင်းရှုက ထပ်ပြီး မမေးတော့ဘူး။ သူက အရမ်း ဖိအားပေးဖို့ မရဲဘူး။ သူသာ မနေ့ညက ကျိုးကျစ်လော့က သူ့ကို သတ်ဖို့ ကြံစည်ခဲ့တာကို သိရင် အခုပြောခဲ့တဲ့ စကားကိုတောင် ပြောရဲမှာ မဟုတ်ဘူး။
ကျိုးကျစ်လော့က ရေသွားသွန်တဲ့အချိန်မှာ စုန့်ချင်းရှုက သူ့ရဲ့ လှုပ်ရှားမှုကို ကြည့်လိုက်တော့ မိန်းမပျိုရဲ့ အသွင် ပျောက်ကွယ်သွားပြီး ရင့်ကျက်တဲ့ပုံစံကြောင့် စိတ်ထဲမှာ စိတ်မသက်မသာ ဖြစ်သွားတယ်။
ဖြစ်ပြီးသွားတဲ့အရာတွေကို ရင်ဆိုင်ရမယ်။ စုန့်ချင်းရှုက ဘယ်တော့မှ ရှောင်ပြေးတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ သူက အခု ကျိုးကျစ်လော့ရဲ့ တပည့်တစ်ယောက်ကိုတောင် မနိုင်သေးဘူးဆိုတာကို တွေးမိတယ်။ အထူးသဖြင့် အလွန်အင်အားကြီးတဲ့ ကျန်းဝူကျိကို ဘယ်လိုယှဉ်နိုင်မှာလဲ။ သူ့ဘေးမှာရှိတဲ့ ကျိုးကျစ်လော့ရဲ့ နူးညံ့တဲ့ အသွင်အပြင်အောက်မှာ ရက်စက်ကြမ်းကြုတ်တဲ့ နှလုံးသားတစ်ခု ရှိနေသည်။ မတော်တဆတခုခုဖြစ်ခဲ့ရင် လက်စားမချေနိုင်တဲ့အပြင် အသက်ပါ ဆုံးရှုံးနိုင်တယ်။
စဉ်းစားနေတုန်းမှာ ကြည်လင်တဲ့ ရယ်မောသံတစ်ခု ဝင်လာတယ်။ "စုန့်အစ်ကိုက အခု မျက်နှာရွှင်လန်းနေတာပဲ။ ဒဏ်ရာက သက်သာလုနီးပါး ဖြစ်နေပြီထင်တယ်" ။
စုန့်ချင်းရှုက မော့ကြည့်လိုက်တော့ ကျန်းဝူကျိက တိုက်ရိုက် ဝင်လာတာကို တွေ့လိုက်သည်။ မနေ့ညက သူက ကျိုးကျစ်လော့ရဲ့ ကိုယ်ပေါ်မှာ လွတ်လပ်စွာ လှုပ်ရှားခဲ့တာကို တွေးမိတော့ စုန့်ချင်းရှုရဲ့ မျက်လုံးထဲမှာ သွေးကြောတွေ တုန်ခါသွားပြီး အေးစက်စွာ ပြောလိုက်သည်။ "မင်း ဘာလာလုပ်တာလဲ" လို့ မေးလိုက်သည်။
ဒီနေရာမှာရှိတဲ့ လူတွေအားလုံးက စုန့်ချင်းရှုနဲ့ ကျန်းဝူကျိတို့က သဘောထားမတိုက်ဆိုင်ဘူးဆိုတာကို သိကြတယ်။ ဒါကြောင့် သူ့ရဲ့ လေသံကို အံ့သြမနေကြဘူး။