"မင်း စကားမပြောလည်း ဘယ်သူမှ မင်းကို ငတုံးလို့မထင်ဘူး" ရွှေရှန်းက နှာခေါင်းရှုံ့လိုက်ပြီး "ကျွန်မ ခဏလောက် အိပ်ဦးမယ်။ ရှင့်ကို သတိမပေးဘူးလို့ မပြောနဲ့နော်၊ ရှင် အော်လို့ အစောင့်တွေ ရောက်လာရင် ကျွန်မ သေမှာ သေချာတယ်၊ ဒါကြောင့် ရှင့်ကို ဓားနဲ့ အရင် ထိုးသတ်ပြီး အတူတူ သေသွားမယ်" ရွှေရှန်းက သူ့ဖိနပ်ထဲက ထုတ်ထားတဲ့ ဓားကို မြှောက်ပြလိုက်တယ်။
သူ့ရှေ့က တောက်ပနေတဲ့ ဓားမြှောင်ကို ကြည့်ပြီး စုန့်ချင်းရှုက ထူးဆန်းစွာ မေးလိုက်တယ် "ဒါဆို ခုနက ဘာလို့ ငါ့ကို ဓားနဲ့ တစ်ချက်တည်း မထိုးသတ်လိုက်တာလဲ၊ မင်းရဲ့ လျှို့ဝှက်ချက် ပေါက်ကြားမှာ ပိုပြီး မကြောက်ဘူးလား?"
ရွှေရှန်း မျက်နှာလေး နီရဲသွားပြီး စိတ်ထဲမှာ တွေးနေတယ် ၊ ဒီလူက စကားပြောတာ နည်းနည်း ဆိုးပေမယ့် ငါ့အပေါ် တော်တော်လေး ကောင်းတယ်၊ ငါ ဘယ်လို လုပ်ရက်မှာလဲ...
"အာ၊ ငါ သိပြီ" စုန့်ချင်းရှုက အော်လိုက်တယ် "မင်း ငါ့ကို ငယ်ရွယ်ချောမောပြီး သိုင်းပညာလည်း တော်တယ်လို့ မြင်ပြီး မင်းရဲ့ နှလုံးသားလေးကို ငါ့အတွက် တိတ်တဆိတ် ပေးအပ်လိုက်တာသေချာတယ်”
ရွှေရှန်းက သူ့ရဲ့ ရုတ်တရက် အော်သံကြောင့် လန့်သွားပြီး သူ့ရဲ့ ရမ်းသမ်းပြောနေတာကို ကြားတော့ ရယ်ရမလို ငိုရမလို ဖြစ်သွားတယ်။ တကယ်ကို သည်းမခံနိုင်တော့လို့ သူ့ရင်ဘတ်ထဲက ပန်းထိုးထားတဲ့ ပဝါလေးကို ဆွဲထုတ်ပြီး စုန့်ချင်းရှုရဲ့ ပါးစပ်ထဲ ထည့်လိုက်တယ်။
"နောက်ဆုံးတော့ တိတ်ဆိတ်သွားပြီ..." ရွှေရှန်းက သက်ပြင်းရှည်ကြီးချကာ နူးညံ့တဲ့ အိပ်ရာပေါ်မှာ လှဲလိုက်ပြီး စောင်ကို လုံအောင်ခြုံကာ စိတ်သက်သာစွာဖြင့်အိပ်စက်လိုက်တယ်
အိပ်မက်ထဲမှာ ရွှေရှန်းက အေးနေတယ်လို့ ခံစားရပြီး မသိစိတ်က နောက်ဘက်က နွေးထွေးတဲ့ နေရာတစ်ခုကို မှီလိုက်တယ်။ အဲ့ဒါက နွေးထွေးတဲ့ ဝက်ဝံသားရေ ကုတ်အင်္ကျီလို့ ခံစားရလို့ ခန္ဓာကိုယ်ကို ဖုံးအောင် ဆွဲယူပြီး သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်တယ်။
နောက်နေ့ မနက်အစောပိုင်းမှာ အော်သံတစ်ခုက မိုးသောက်ယံရဲ့ တိတ်ဆိတ်မှုကို ဖျက်ဆီးလိုက်တယ်။ ရွှေရှန်း နိုးလာတော့ စုန့်ချင်းရှုက ဘယ်အချိန်က သူ့နောက်မှာ အိပ်နေမှန်း မသိလိုက်ဘူး။ သူ့မခေါင်းက စုန့်ချင်းရှုလက်မောင်းပေါ်မှာ အိပ်နေပြီး သူ့မခန္ဓာကိုယ်က ငှက်ကလေးလို သူ့ရင်ခွင်ထဲမှာ တိုးဝင်နေတယ်။ သူ့မကို ပိုပြီး စိတ်ပျက်စေတာက သူမလက်က စုန့်ချင်းရှုလက်ကြီးကို ဆွဲထားတာပဲ...
သူမခါးပေါ်တင်ထားတဲ့ ခြေထောက်ကို တွန်းဖယ်လိုက်ပြီး ရွှေရှန်း မျက်နှာဖြူဖျော့သွားကာ စုန့်ချင်းရှုကို လက်ညှိုးထိုးပြီး "မင်း...မင်း...မင်း..." အဲ့ဒီအချိန်မှာ သူမ စကားတစ်ခွန်းတောင် ပြီးအောင် မပြောနိုင်တော့ဘူး။
"ရွှေမိန်းကလေး၊ ငါ မင်းကို သတိပေးပြီးသားပဲ၊ အိပ်ရာမှားသွားမှာ စိုးရိမ်တယ်လို့" စုန့်ချင်းရှုက မျက်လုံးဖွင့်ပြီး သူ့ကို အပြစ်ကင်းတဲ့ မျက်နှာနဲ့ ကြည့်လိုက်သည်။
"မင်းကို ငါ အကြောပိတ်ထားတာ မဟုတ်ဘူးလား? ငါ မင်းကို ချည်ထားပြီးသားလည်း..." ရွှေရှန်းက မယုံနိုင်တဲ့ ပုံစံနဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
"မင်း ဒါကို ရှာနေတာလား?" စုန့်ချင်းရှုက သူ့ရင်ဘတ်ထဲက အပြာရောင်ဖျော့ဖျော့ ဖဲကြိုးတစ်ချောင်းကို ဆွဲထုတ်လိုက်တယ်။ အဲ့ဒါက မနေ့က ရွှေရှန်းက သူ့အဝတ်အစားကနေ ဖြည်ချပြီး သူ့လက်နှစ်ဖက်ကို ချည်ထားတဲ့ ခါးပတ်ပဲ။ နှာခေါင်းနဲ့ နမ်းပြီး "ငါက ကျွမ်းကျင်သူလေ၊ နည်းလမ်းတော့ ရှိတာပေါ့"
ရွှေရှန်းက အလျင်အမြန် ဆွဲယူပြီး ရှုပ်ပွနေတဲ့ အဝတ်အစားတွေကို အလျင်အမြန် ပြင်ဆင်နေတာကို မြင်တော့ စုန့်ချင်းရှုက ခေါင်းကို လက်နဲ့ ထောက်ပြီး အိပ်ရာပေါ်မှာ ဘေးတိုက် လှဲနေရင်း သူ့ကို အေးအေးဆေးဆေး ကြည့်ပြီး "ရွှေမိန်းကလေး၊ တကယ်တော့ မင်း ဒီလောက် စိုးရိမ်နေစရာ မလိုဘူး၊ မနေ့ညက ငါက လျူရှာဟွေထက်တောင် လျူရှာဟွေ ဖြစ်ခဲ့တာ၊ ဘာမှ မလုပ်ခဲ့ဘူး၊ ဒါပေမဲ့..."
(ဘာသာပြန်သူ-လျူရှာဟွေက တရုတ်သမိုင်းပုံပြင်တစ်ခုမှဖြစ်ပြီး အေးသောတစ်ညတွင် အမျိုးသမီးကို မည့်သည့်ကာစိတ်မှမရှိပဲ ခန္ဓာကိုယ်နဲ့ နွေးအောင် တညလုံးပွေ့ဖက်ပေးခဲ့သည်)
"ဒါပေမဲ့ ဘာလဲ?" ရွှေရှန်း မျက်လုံးက အေးစက်သွားပြီး စိုးရိမ်တကြီး သူ့ကို စိုက်ကြည့်နေတယ်။
"ဒါပေမဲ့ မနေ့ညက တစ်ယောက်ယောက်က ငါ့ရင်ခွင်ထဲကို အတင်းတိုးဝင်ပြီး လက်ကို ဆွဲပြီး သူ့ရင်ဘတ်ကို ကိုင်ခိုင်း..."
"တော်ပါတော့!" ရွှေရှန်း ရှက်ရွံ့ဒေါသထွက်ပြီး အံတင်းတင်းကြိတ်လျက် မျက်ရည်များ တလိမ့်လိမ့် ကျလာသည်။
ရွှေရှန်းရဲ့ မျက်လုံးအဝိုင်းကြီးတွေမှာ မျက်ရည်တွေ ပြည့်နေတဲ့ ပုံစံက ကြည့်ကောင်းပေမယ့် စုန့်ချင်းရှုက သူမ ဆက်ပြီး ဝမ်းနည်းနေတာကို မကြည့်ရက်ဘူး "ဟေ့၊ အစေခံကကိုယ့်သခင်ကို အိပ်ရာနွေးပေးတာ ဘာဆန်းလဲ? မြန်မြန်လာ၊ သခင်ကို အဝတ်အစား လဲပေး"
ရွှေရှန်းက သူ့ကို မုန်းတီးတဲ့ မျက်လုံးနဲ့ တစ်ချက်ကြည့်ပြီး အိပ်ရာပေါ်က ခုန်ဆင်းကာ နောက်ကို လှည့်ပြီး သူ့ကို လုံးဝ ဂရုမစိုက်တော့ဘူး။
စုန့်ချင်းရှုလည်း စိတ်မဆိုးဘဲ အဝတ်အစားတွေ သပ်ရပ်အောင် ပြင်ပြီး "ရွှေမိန်းကလေး၊ မနေ့ညက မသတ်ခဲ့တဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်၊ ငါ ဆုံးဖြတ်လိုက်ပြီ..."
"ငါ့ကို လွှတ်ပေးလိုက်တော့မလို့လား?" ရွှေရှန်းက အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။
"မင်းကို လွှတ်ပေးဖို့ စိတ်ကူးတော့ ရှိတယ်၊ ဒါပေမဲ့ အရမ်းချစ်စရာကောင်းတဲ့ အစေခံမလေးတစ်ယောက်ရဲ့ ပြုစုခံရတဲ့ ခံစားချက်ကို တကယ်ကို ခံစားကြည့်ချင်တယ်၊ နှစ်ခုကို ချိန်ဆကြည့်ပြီး မင်း ငါ့ကို ကောင်းကောင်း ပြုစုပေးတဲ့အချိန်မှ မင်းကို လွှတ်ပေးမယ်လို့ ငါ ဆုံးဖြတ်လိုက်တယ်" စုန့်ချင်းရှုက သူ့ကို ပြုံးရယ်ပြုံးရယ်နဲ့ ကြည့်နေတယ်။
"အရှက်မရှိဘူး!" ရွှေရှန်းရဲ့ မျက်နှာလေးမှာ အေးစက်သော အလွှာတစ်ခု ထပ်မံ ဖုံးလွှမ်းသွားသည်။
"မင်းရဲ့ အတွေးတွေက ညစ်ပတ်နေတာ" စုန့်ချင်းရှုက မကျေနပ်စွာ အော်လိုက်တယ် "အစေခံမလေးဆိုတာ မြင့်မြတ်တဲ့ အလုပ်တစ်ခုပဲနော်? မြန်မာမှာ အရမ်း နားထောင်လို့ကောင်းတဲ့ နာမည်တစ်ခုရှိတယ်၊ အဲ့ဒါကတော့ အိမ်ဖော်မလေး၊ အိမ်အကူတို့.." စုန့်ချင်းရှုက အတိတ်ကို ပြန်တွေးနေတဲ့ ပုံစံမျိုးနဲ့ ခဏအကြာ သတိပြန်ဝင်လာပြီး ဆက်ပြောတယ် "မင်းကို ညအိပ်ဖော် အစေခံမလေး လုပ်ခိုင်းတာမှ မဟုတ်တာ၊ ဘာလို့ အဲ့လောက် စိုးရိမ်နေတာလဲ?"
ရွှေရှန်း သေချာစဉ်းစားကြည့်တော့ မနေ့ညက သူမ စုန့်ချင်းရှုကို အကြောပိတ်ပြီး ကြိုးနဲ့တုပ်ခဲ့တာတွေအားလုံးက သူမကို ကူညီဖို့ ဟန်ဆောင်နေခဲ့တာပဲဆိုတာ နားလည်သွားတယ်။ နှစ်ဦးသားရဲ့ သိုင်းပညာက အရမ်းကွာခြားတော့ သူမ ထွက်ပြေးဖို့ မဖြစ်နိုင်ဘူးထင်တယ်..."မင်းကို ငါ ကောင်းကောင်း ပြုစုပေးတာ မပေးတာက မင်းစကားတစ်ခွန်းနဲ့ ဆုံးဖြတ်လို့ရတာပဲ၊ မင်း အမြဲတမ်း မကောင်းဘူးဆိုပြီး ငါ့ကို တစ်သက်လုံး ပြုစုခိုင်းနေတော့မှာလား?" ရွှေရှန်းက ရုတ်တရက် မော့ကြည့်ပြီး အေးစက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
စုန့်ချင်းရှုက သူမရဲ့ အေးစက်တဲ့ အသံကြောင့် လုံးဝ မထိခိုက်သွားဘဲ သူမရဲ့ လေသံက လျော့သွားတာကို သတိထားမိပြီး ဝမ်းသာအားရ ပြောလိုက်တယ် "ငါက အမြဲတမ်း ရိုးသားတဲ့ လူငယ်လေးပဲ... အဲ... မင်း ဘာမျက်နှာမျိုး လုပ်နေတာလဲ၊ မျက်လုံးမလှန်နဲ့တော့၊ မင်း မယုံရင် ငါ နောက်ထပ် အချိန်ကာလတစ်ခု သတ်မှတ်ပေးမယ်၊ အများဆုံး ခြောက်လပဲ၊ မင်းကို လွှတ်ပေးမယ်၊ ခြောက်လမပြည့်လည်း မင်း ငါ့ကို ကောင်းကောင်း ပြုစုပေးပြီး ငါ့ကို စိတ်ကျေနပ်စေတယ်ဆိုရင် အရင် လွှတ်ပေးလို့ရတယ်"
"ကောင်းပြီ!" ရွှေရှန်းက အေးစက်စွာ ပြောလိုက်တယ်။
"မင်းကို လိမ်ရင် ခွေးပေါက်စဖြစ်ပါစေ" စုန့်ချင်းရှုက ခုံပေါ်မှာ ခန့်ညားစွာ ထိုင်ပြီး သူ့လက်မောင်းကို ပုတ်လိုက်တယ် "အိုး၊ လာ သခင်ကို နှိပ်ပေးဦး၊ မနေ့ညက တစ်ယောက်ယောက်ရဲ့ ခေါင်းအုံးခံထားရလို့ အခု ကျင်လည်ကျင်တယ်၊ နာလည်းနာတယ်"
မနေ့ညက နူးညံ့နွေးထွေးတဲ့ ခေါင်းအုံးလေးကို တွေးမိတော့ ရွှေရှန်း မျက်နှာလေး နီရဲသွားပြီး ရှက်ရွံ့စွာ လျှောက်လာကာ နှုတ်ခမ်းလေး စူပြီး "ဟော၊ ဒီနေရာလား?"
"အောက် နည်းနည်းလေး၊ ဟုတ်တယ်...ဟုတ်တယ်...အားနည်းနည်းလေး၊ အင်း~" စုန့်ချင်းရှုက သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးပူနဲ့ တိုက်ထားသလိုမျိုး တင်းရင်းသွားပြီး အဆင်မပြေတာ တစ်ခုမှ မရှိတော့ဘူးလို့ ခံစားလိုက်ရတယ်။ သူ့ရဲ့ အမွေးအမှင် သုံးသောင်းခြောက်ထောင်က လူဆမ်သီးစားပြီးတဲ့နောက်(လူပုံစံအသီး) သက်တောင့်သက်သာ မရှိတာ တစ်ခုမှ မရှိတော့ဘူး။
ဒါပေမဲ့ ဒါက ရွှေရှန်း အနှိပ်ကောင်းလို့ မဟုတ်ဘူး။ ဘယ်လိုပဲကောင်းကောင်း စုန့်ချင်းရှု အရင်ဘဝက နာမည်ကြီးတဲ့ အနှိပ်ခန်းတွေကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။
စုန့်ချင်းရှုရဲ့ သက်တောင့်သက်သာ ခံစားရတဲ့ အဓိက အကြောင်းအရင်းက ရွှေရှန်းရဲ့ အဆင့်အတန်းကြောင့်ပဲ။ သူမက အရှင်သမီးလေးတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းက ကြမ်းတမ်းတဲ့ အလုပ်တွေ မလုပ်ဖူးပေမဲ့ သူ့အတွက် ပခုံးနှိပ်ပေးရတာကို တွေးကြည့်ရင် အရမ်း ပျော်စရာကောင်းတယ်။
"သခင်မလေး ဒါမှမဟုတ် မင်းသမီးလေးတွေက ငါ့ကို နှိပ်ပေးရင် ဘယ်လို ခံစားရမလဲ မသိဘူး..." အဲ့ဒီအချိန်မှာ စုန့်ချင်းရှု စိတ်က တခြားနေရာ ရောက်သွားတယ်။
ဝေရှောင်ပေါင်က ရွှေရှန်းကို စုန့်ချင်းရှုရဲ့ နောက်မှာ တည်တည်ငြိမ်ငြိမ် ရပ်နေတာကို မြင်တော့ မျက်လုံးတွေ ပြူးကျသွားမတတ် ဖြစ်သွားသည်။စုန့်ချင်းရှုကို ဆွဲခေါ်ကာ ရယ်မောပြီး "စုန့်အစ်ကိုကြီးက တကယ်ကို ကျွမ်းကျင်တဲ့သူပဲ၊ တစ်ညတည်းနဲ့ ဒီငရုတ်သီးစိမ်းလေးကို အနိုင်ယူလိုက်တာ တကယ်ကို အံ့သြစရာပဲ"
ဝေရှောင်ပေါင်က သိုင်းပညာ မတတ်ဘူး၊ ရွှေရှန်းကိုလည်း သက်သက်ရှောင်ပြီးပြောတာမဟုတ်တာကြောင့် သူ့စကားတွေကို ရွှေရှန်း အကုန်ကြားသွားတယ်။ ရွှေရှန်းက ဝေရှောင်ပေါင်ရဲ့ နောက်က ရယ်စရာကောင်းတဲ့ ဆံပင်ကို ကြည့်ပြီး နှစ်ယောက်လုံးကို လည်ပင်းညှစ်သတ်ချင်စိတ်တွေ တဖွားဖွား ပေါ်လာတယ်။
မနက်စာစားပြီးတော့ ကျန်းခမ်းနန်နဲ့ ကျောက်ချီရှန်းတို့က သံတမန်အဖွဲ့ကို ဦးဆောင်ပြီး ပေကျင်းကို ပြန်တဲ့လမ်းကို ခန့်ညားထည်ဝါစွာ စတင်ထွက်ခွါသွားခဲ့ကြသည်။ ဝေရှောင်ပေါင်က စုန့်ချင်းရှုနဲ့အတူ နောက်ဖေးတံခါးကနေ တိတ်တဆိတ် ထွက်သွားပြီး ဂူဆူးကို ခရီးဆက်ခဲ့သည်။
"အိုး၊ မြင်းရထားလည်း မရှိဘူး၊ မြင်းကောင်းလည်း မရှိဘူး၊ ဒီခရီးက ဘယ်လောက်ဝေးမှာလဲ၊ ရှောင်အာ၊ ငါ မင်းကို အရမ်းလွမ်းတယ်" ခဏလောက် လျှောက်ပြီးတာနဲ့ ဝေရှောင်ပေါင်က ညည်းညူလိုက်တယ်။
"တကယ်ကို အသုံးမကျဘူး!" ရွှေရှန်းက မထီမဲ့မြင်စွာ ညည်းညူလိုက်တယ်။ ဒီဆိုးရွားတဲ့ အရာတွေ အားလုံးက သူ့ကြောင့်ပဲ ဖြစ်လာတာဆိုတော့ ရွှေရှန်းက သူ့ကို မျက်နှာသာပေးမှာမဟုတ်တာသေချာပါတယ်။
"အနံဆိုးတဲ့ ကလေးမ၊ မင်း ဘာပြောလိုက်တာလဲ?" ဝေရှောင်ပေါင်က သူမကို ဒေါသတကြီးစိုက်ကြည့်ပြီး ဆဲဆိုပွဲ စတင်လိုက်တယ်။
ဒီနေရာမှာ စကားလုံးရာဂဏန်းလောက် ချန်ထားခဲ့သည်.......
ရွှေရှန်းဆိုတာ အပျိုစင်လေးတစ်ယောက်၊ လမ်းဘေးမှာ ကြီးလာတဲ့ ဝေရှောင်ပေါင်ကို ဘယ်လို ယှဉ်နိုင်မှာလဲ။ မကြာခင်မှာပဲ ဒေါသကြောင့် ပါးနှစ်ဖက်လုံး နီရဲသွားပြီး မျက်လုံးမှာ မျက်ရည်တွေ ပြည့်လာကာ ဓားနဲ့ ထခုတ်ချင်စိတ်တွေ ဖြစ်လာတယ်။
စုန့်ချင်းရှုက ဘေးမှာ နားထောင်နေရင်း စုပ်တသပ်သပ်ဖြစ်နေတယ်။ ဝေရှောင်ပေါင်ရှေ့မှာ သူမရဲ့ အားနည်းမှုက တကယ်ကို အရှက်ရစရာဖြစ်စေတယ်။
စုန့်ချင်းရှုက နှစ်ဦးလုံးရှေ့မှာ သူ့ရဲ့ စွမ်းရည်ကို ပြသချင်တာကြောင့် ချောင်းဟန့်သံ ပေးပြီး နှစ်ဦးလုံးရဲ့ ဆဲဆိုပွဲကို ရပ်တန့်သွားစေလိုက်တယ်။ ဝေရှောင်ပေါင်အတွက်က သူ့ရဲ့ အရေးပါမှုကို ပိုပြီး တိုးမြှင့်ချင်တာကြောင့်ဖြစ်ပြီး ရွှေရှန်းအတွက်ကတော့ အမျိုးသမီးရှေ့မှာ ယောက်ျားတစ်ယောက်ရဲ့ ပြသချင်တဲ့ သဘာဝပဲဖြစ်တယ်။
"ဒီလိုသွားရင် အရမ်းနှေးနေလိမ့်မယ်၊ မင်းတို့ ငါ့အနားကို ကပ်လာခဲ့၊ ငါ မင်းတို့ကို ဂူဆူးကို ခေါ်သွားမယ်" စုန့်ချင်းရှုက ခေါ်လိုက်တယ်။
နှစ်ဦးလုံးက မယုံကြည်နိုင်စွာ လျှောက်လာတော့ စုန့်ချင်းရှုက ဘယ်ဘက်လက်နဲ့ ရွှေရှန်းရဲ့ ခါးသေးသေးလေးကို ဖမ်းဆုပ်ပြီး ညာဘက်လက်နဲ့ ဝေရှောင်ပေါင်ရဲ့ ပခုံးကို ဆွဲလိုက်တယ်။ ခြေရာမဲ့သဲပြင်လျှောက်လမ်းခြင်းကိုယ်ဖော့ပညာကို သုံးပြီး သုံးဦးလုံး လေထဲမှာ မီးခိုးငွေ့မျှင်လို အဝေးကို အလျင်အမြန် ပျောက်ကွယ်သွားတယ်။
စုန့်ချင်းရှုရဲ့ လက်မောင်းထဲ သူမခန္ဓာကိုယ် ရောက်သွားတော့ ရွှေရှန်း မအော်လိုက်နိုင်ခင်ပဲ သုံးဦးလုံးရဲ့ ကြောက်မက်ဖွယ် အရှိန်အဟုန်ကို သတိပြုမိသွားတယ်။ သူ့နောက်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားတဲ့ သစ်ပင်တွေကို ကြည့်ပြီး ရွှေရှန်း ရှုပ်ထွေးတဲ့ မျက်လုံးနဲ့ စုန့်ချင်းရှုရဲ့ ဘေးတိုက်မျက်နှာကို တစ်ချက် လှည့်ကြည့်လိုက်သည် “သူ့အစ်ကိုဝမ်းကွဲက အရည်အချင်းရော ရုပ်ရည်ရော သိုင်းပညာရော သူ့ထက် အများကြီး နိမ့်ကျတယ်”... အိုး၊ ရွှေရှန်း မင်း ဘာတွေ တွေးနေတာလဲ...
ဘေးမှာ ရွှေရှန်းရဲ့ ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေနဲ့ မတူဘဲ ဝေရှောင်ပေါင်က "ဟေး" လို့ အော်ပြီး အရမ်းစိတ်လှုပ်ရှားနေတယ်။ စိတ်ထဲမှာ တွေးနေတယ် ၊ ငါ့မှာ ဒီလောက်ကောင်းတဲ့ သိုင်းပညာရှိရင် နောက်ပိုင်းမှာ ထွက်ပြေးရင် ဘယ်သူက ငါ့ကို ဖမ်းနိုင်မှာလဲ?
ဝေရှောင်ပေါင်ဟာ စဉ်းစားမိတာနဲ့ ချက်ချင်း လုပ်တတ်တဲ့သူတစ်ယောက်မို့ ချက်ချင်း မေးလိုက်တယ် "စုန့်အစ်ကိုကြီး၊ မင်းရဲ့ ကိုယ်ဖော့ပညာကို ငါ့ကို သင်ပေးလို့ရမလား?"
စုန့်ချင်းရှုက ခါးသီးစွာ ပြုံးပြီး "ဒီ သိုင်းပညာက အတွင်းအား အရမ်းကုန်တဲ့အတွက် အတွင်းအား အခြေခံ မရှိတဲ့ ဝေညီလေး သင်ယူလို့ မရဘူး"
"အိုး~" ဝေရှောင်ပေါင်ရဲ့ စိတ်ပျက်အားငယ်တဲ့ ပုံစံက မျက်နှာမှာ အထင်းသား ပေါ်နေတယ်။ လှည့်ကြည့်လိုက်တော့ စုန့်ချင်းရှုက ရွှေရှန်းကို သူ့ရင်ခွင်ထဲမှာ ညင်ညင်သာသာ ပွေ့ထားပြီး သူ့ကိုတော့ ပခုံးကိုပဲ ဆွဲထားတာကို သတိထားမိပြီး မကျေမနပ်နဲ့ တွေးလိုက်သည် "ဒီမျက်နှာဖြူကောင်လေးက သူ့သိုင်းပညာကို မသင်ပေးချင်တာလား"
စုန့်ချင်းရှုဟာ အရင်ဘဝကလည်း လူတွေရဲ့ စိတ်နေသဘောထားကို အကဲခတ်ရာမှာ ကျွမ်းကျင်သူတစ်ယောက်ပါ။ ခုနက စကားပြောပြီးတာနဲ့ မကျေနပ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ပြီး ချက်ချင်း ဖြည့်စွက်ပြောလိုက်တယ် "တကယ်တော့ ငါက ကမ္ဘာမှာ အကောင်းဆုံး သိုင်းပညာတစ်ခုကို တွေးနေသည်၊ အတွင်းအား မလိုဘဲ သုံးလို့ရတယ်၊ ဝေညီလေးအတွက် အရမ်းသင့်တော်တယ်"
"အဲ့ဒါ ဘာလဲ?" ဝေရှောင်ပေါင် ချက်ချင်း စိတ်ဝင်စားသွားတယ်။
ရှန်းရှင်းဘိုင်ပြန့် (လျင်မြန်စွာ ပြောင်းလဲနိုင်သော ခြေလှမ်းများ)" စုန့်ချင်းရှုက စကားလုံးများကို ဖြေးညင်းစွာ ထုတ်ပြောလိုက်တယ်။ "သံဓားဂိုဏ်းရဲ့ ထိပ်တန်းသိုင်းပညာ၊ ပိုပြီး တိုက်ဆိုင်တာက ငါတို့ တိုက်ခိုက်ရမယ့် ယွမ်ချန်းကျီက အဲ့ဒါကို တတ်မြောက်ထားတယ်"
"ဒါဆို ကောင်းတာပေါ့၊ အခွင့်ကောင်း ရတုန်းယူလိုက်မယ်" ဝေရှောင်ပေါင်က ရယ်မောပြီး "နောက်ပိုင်း သူ့ကို ဖမ်းမိရင် ဒီ သိုင်းပညာကို မေးမြန်းဖို့ သေလုမြောပါး ရိုက်နှက်ပြီးနှိပ်စက်ရမယ် "
"ဝေညီလေးက တကယ်ကို ဉာဏ်ကောင်းတာပဲ၊ နှုတ်ကထွက်တဲ့ စကားလုံးတိုင်းက တကယ်ကို တန်ဖိုးရှိတယ်”
"စုန့်အစ်ကိုကြီး၊ အဲ့ဒီ စကားပုံတွေက ကျွန်တော့်ကို သိပေမယ့် ကျွန်တော်က သူတို့ကို မသိဘူး။ ဒါက အရင်က ပုံပြင်ပြောတဲ့သူတွေဆီက ကြားဖူးတာ"