"ဇနီး၊ မင်း..." စုန့်ချင်းရှုက မုဝမ်ချင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"အရူးလေး၊ သိုင်းပညာရှင်ကြီး!" မုဝမ်ချင်းသည် သူ့ကို လက်ညှိုးထိုးကာ ဒေါသတကြီး တုန်ယင်နေပြီး ဤနှစ်ရက်အတွင်း သူ မည်မျှ လှည့်စားခံခဲ့ရပြီး အမြတ်ထုတ်ခံခဲ့ရသည်ကို တွေးနေသည်။
"မိန်းကလေးမူ၊ တကယ် စိတ်မကောင်းပါဘူး" အခြေအနေက ဒီအထိ ရောက်လာတော့ ဖုံးကွယ်ထားဖို့ မလိုတော့ဘူးဆိုတာ သိသွားတဲ့ စုန့်ချင်းရှုက ခါးသီးစွာ ပြုံးလိုက်တယ်။
"ရှင့်လို သိုင်းပညာရှင်တစ်ယောက်က ကျမလို သာမန်လူတစ်ယောက်ကို လှည့်စားရတာ ပျော်စရာကောင်းလား?" မုဝမ်ချင်းရဲ့ အသံက ပိုအေးစက်လာတယ်။
"တော်တော် ပျော်စရာကောင်းတယ်လို့ ထင်တယ်" စုန့်ချင်းရှုက စိတ်ထဲမှာ ဒီလို တွေးနေပေမဲ့ ပါးစပ်ကတော့ မပြောရဲဘူး "
မိန်းကလေး အသဲကွဲ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့လုပ်နေတာတွေ့တော့ စိတ်ပူပြီး အကြံပေးချင်ပေမဲ့ မိန်းကလေးက သူစိမ်းဆိုရင် လွယ်လွယ်နဲ့လက်မခံမှာ ကြောက်လို့ ဒီနည်းလမ်းကို သုံးလိုက်တာပါ"
ဒီတစ်ခါတော့ မုဝမ်ချင်းရဲ့ ဝမ်းနည်းစရာအကြောင်းကို ထပ်ပြောမိသွားတယ်။ သူမရဲ့ နှုတ်ခမ်းလေးက လှုပ်သွားပြီး မျက်လုံးထဲမှာ မျက်ရည်တွေ ဝိုင်းလာတာကို တွေ့လိုက်ရတယ်။
မုဝမ်ချင်းသည် အပြင်ပန်းတွင် အေးစက်ပြီး ရက်စက်သော်လည်း အမှန်တကယ်တွင် သူမသည် အရွယ်ရောက်စ မိန်းကလေးငယ်လေးမျှသာဖြစ်သည်။ ယခင်ဘဝမှာဆိုလျှင် သူမ၏ အသက်အရွယ်သည် တက္ကသိုလ်ပင် မရောက်သေးပေ။ စုန့်ချင်းရှုသည် ထိုအတွေးများကို ဖြတ်ခနဲ တွေးမိလိုက်သော်လည်း သူမကို မည်သို့ နှစ်သိမ့်ရမည်ကို မသိခဲ့ပေ။
ခဏအကြာတွင် မုဝမ်ချင်းသည် လှည့်ကြည့်ကာ လက်ချောင်းထိပ်ဖြင့် မျက်နှာကို ညင်သာစွာ သုတ်လိုက်ပြီး အသံတိုးတိုးဖြင့် "ရှင့်နာမည် အမှန်က ဘာလဲ?" ဟု မေးလိုက်သည်။
သူမရဲ့ နုနယ်တဲ့ လက်ချောင်းလေးတွေကို သတိထားမိတော့ စုန့်ချင်းရှု ချက်ချင်း လည်ချောင်းခြောက်လာပြီး အလျင်အမြန် ပြန်ဖြေလိုက်တယ် "မိန်းကလေးမူ၊ ကျွန်တော်က စုန့်ချင်းရှုပါ"
"စုန့်သူရဲကောင်းရဲ့ အကူအညီကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ သွားတော့မယ်" မုဝမ်ချင်းက အေးစက်စွာ ပြောပြီး လှည့်ထွက်သွားတယ်။ သူမ အလွန်ဒေါသထွက်နေသောကြောင့် သူမရဲ့ ယခင် အကျင့်အတိုင်းဆိုရင် မြှားနဲ့ ပစ်သတ်မှာ သေချာပေမဲ့ ခုနက သူ့ရဲ့ မယုံနိုင်လောက်တဲ့ သိုင်းပညာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတော့ အဲ့ဒီအကြံကို စွန့်လွှတ်လိုက်တယ်။
" သွားတော့မှာလား" စုန့်ချင်းရှုက တိုးတိုးလေး ပြောပြီး ခွဲခွါရန် အနည်းငယ်တွန့်ဆုတ်နေမိသည်။ မိန်းမလှလေးက သူ၏ဖုန်းကွယ်ထားမှုကို သိသွားသောကြောင့် သူမကိုဘယ်လိုတားရမလဲ မသိတော့ပါ။ သူ၏ ပင်ကိုယ်စရိုက်အရ သွမ့်ယွိလို့ ဇွတ်အတင်း လိုက်နေမှာ မဟုတ်ဘူး။
စုန့်ချင်းရှု၏ တီးတိုးပြောဆိုသံကို ကြားသောအခါ မုဝမ်ချင်း၏ နားရွက်များ နီရဲသွားပြီး ရုတ်တရက် ခြေလှမ်းများ ရပ်တန့်ကာ လှည့်ကြည့်ပြီး စုန့်ချင်းရှုကို တည့်တည့် စိုက်ကြည့်ကာ "ရှင့် မျက်နှာကို သန့်ရှင်းလိုက်၊ ကျွန်မ အသက်ကယ်တင်ရှင်ရဲ့ မျက်နှာကိုတောင် မသိရဘူးဆိုတာ မဖြစ်သင့်ဘူး"
"ဘာတွေဖြစ်နေတာလဲ?" မုဝမ်ချင်းရဲ့ မာနကြီးတဲ့ စရိုက်ကို သိတဲ့ စုန့်ချင်းရှုက သူမရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းလို့ မရတော့ဘဲ ဘေးနားက စမ်းချောင်းလေးဆီ ပြေးသွားပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို ဆေးကြောလိုက်တယ်။ ပြီးတော့ ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်ကို ခေါင်းစည်းနဲ့ စည်းလိုက်တယ်။
ကြည်လင်သန့်ရှင်းသွားသော စုန့်ချင်းရှုကို ကြည့်ရင်း၊ မုဝမ်ချင်း၏ ဖြူဖွေးသော မျက်နှာလေးတွင် အနည်းငယ်မျှသော နီရဲရောင်လေး ပေါ်လာသည်။ "ကောင်းပြီ၊ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီ" ဟု ပြောပြီး လျင်မြန်စွာ လှည့်ထွက်သွားသည်။
သူမဟာ ငါ့ရဲ့ ကျောက်စိမ်းလို ချောမွေ့ဖြူစင်တဲ့မျက်နှာနဲ့ ရဲရင့်တဲ့ပုံစံကြောင့် စွဲလန်းသွားတာများလား။ စုန့်ချင်းရှုသည် စိတ်ထဲတွင် အံ့ဩသွားသည်။
မူလ စုန့်ချင်းရှုသည် သိုင်းလောကတွင် နာမည်ကျော်ကြားသော ချောမောသည့် လူငယ်သူရဲကောင်းတစ်ဦး ဖြစ်သည်။ ယခုအခါ သူ၏ သိုင်းပညာအဆင့်မြင့်လာသောကြောင့် လျှို့ဝှက်နက်နဲပြီး တည်ငြိမ်လေးနက်သော အရှိန်အဝါသည် သူ့ကို ပို၍ပင် ဆွဲဆောင်မှု ရှိစေသည်။ မနက်တိုင်းအိပ်ရာထ မှန်ကြည့်တဲ့အခါ သူပထမဆုံး ပြောတဲ့ စကားက "ငါ့ရဲ့ ရုပ်ရည်ချောမောမှုက ငါကို့ နောက်တစ်ခါ ပြန်နိုးထစေခဲ့တာပဲ "
မုဝမ်ချင်း တဖြည်းဖြည်း ဝေးသွားသည်ကို ကြည့်ရင်း စုန့်ချင်းရှု ခေါင်းခါယမ်းကာ စိတ်ထဲ၌ ခါးသက်သက် ပြုံးလိုက်သည်။ မုဝမ်ချင်းသည် မူရင်းဝတ္ထုထဲ၌ အချစ်ကြီးသူအဖြစ် နာမည်ကြီးကာ သူမ၏ အစ်ကိုတော် သွမ့်ယွိကို တစ်သက်လုံး ချစ်မြတ်နိုးခဲ့သူဖြစ်၍ အခြား ယောက်ျားတွေကို စိတ်ဝင်စားမှာမဟုတ်ဘူး။
သို့သော် သူမ၏ သွယ်လျသော ကိုယ်လုံးကို ကြည့်ရင်း စုန့်ချင်းရှုသည် မသိစိတ်ဖြင့် "ငါ ကျန်းနန်ကို ပြန်မယ်" ဟု ရေရွတ်လိုက်သည်။
မုဝမ်ချင်းဟာ အရင်အတိုင်းပဲ ဝေးရာကို ဆက်လျှောက်နေပြီး သူမရဲ့ ကိုယ်လုံးမှာ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိတာကို မြင်တော့ စုန့်ချင်းရှုက အလျင်အမြန် ထပ်ဖြည့်ပြောလိုက်တယ် "သွမ့်ယွိကို တိဗက် ဆရာတော် ကူမိုကျီက ဖမ်းသွားပြီး ဂူဆူးက မူရုံဘိုရဲ့ ဂူမှာ မီးရှို့မယ်လို့ ပြောတယ်"
ဒီတခါတော့ မုဝမ်ချင်း၏ ကိုယ်လုံးသည် တုန်ယင်သွားပြီး ခဏရပ်သွားသည်။ ဆက်လျှောက်သွားပြီး နောက်ဆုံးတွင် စုန့်ချင်းရှု၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
"သူမရဲ့ နှလုံးသားထဲမှာ ငါ့နေရာက သွမ့်ယွိဆိုတဲ့ကောင်ချောလေးလောက်မရှိဘူးထင်တယ် !" စုန့်ချင်းရှုသည် စိတ်မကောင်းစွာ ညည်းညူလိုက်ပြီး သူကိုယ်တိုင်လည်း ချောမောခန့်ညားသူတစ်ယောက်ဖြစ်ကြောင်း လုံးဝ သတိမထားမိနိုင်တော့ပေ။
သို့သော် မုဝမ်ချင်းသည် သွမ့်ယွိကို ကယ်တင်ရန် ကျန်းနန်သို့ သွားမည်ဟု သူ သေချာသွားခဲ့သည်။
(ဘာသာပြန်သူ- ဂူဆူးမြို့သည် ကျန်းနန်ဒေသတွင်ပါဝင်ပြီး ယခုခေတ်တွင် ဆူးကျိုးမြို့ဟုခေါ်သည်)
စုန့်ချင်းရှုသည် သူမ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်ခြင်းမရှိပေ။ ကူမိုကျီသည် တစ်ခါတစ်ရံတွင် အနည်းငယ် ယုတ်မာသော်လည်း ယေဘုယျအားဖြင့် ဘုန်းကြီးတစ်ပါးဖြစ်သောကြောင့် ယွမ်ကျုံးဟဲကဲ့သို့ အကျင့်ဆိုးများမရှိသလို မုဝမ်ချင်းကဲ့သို့ နူးညံ့သော မိန်းကလေးကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်မည်မဟုတ်ပေ။
သူမကို ကျန်းနန်သို့ လွှတ်လိုက်ရခြင်း၏ အကြောင်းရင်းမှာ စုန့်ချင်းရှုကိုယ်တိုင် ကျန်းနန်သို့ သွားရန် စီစဉ်ထားပြီးသောကြောင့် ဖြစ်သည်။
ဤနှစ်ရက်အတွင်း သူသည် မိမိ၏ အနာဂတ်ကို အစီအစဉ်ဆွဲနေခဲ့သည်။ ကမ္ဘာ့ ထိပ်တန်းသိုင်းပညာစုဆောင်းရန် အစောပိုင်းက တွေးထားခဲ့သော်လည်း ယခုအခါ မဖြစ်နိုင်တော့ကြောင်း သူ သိရှိခဲ့သည်။ သို့သော် ယခုအခါ သူ၏ သိုင်းပညာသည် တကယ်တမ်း လုံလောက်နေပြီဖြစ်သည်။ အထူးသဖြင့် ယနေ့ ဖုန်းချင်းယန်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲသည် သူ့ကို ယုံကြည်မှု အပြည့်ရှိစေခဲ့ပြီး သိုင်းလောကရှိ နာမည်ကြီးလူဆိုး ရက်စက်ကြမ်းကြုတ်သူများကို သူကိုယ်တိုင် သွားမစွလျှင် မိမိကိုယ်ကို ကာကွယ်ရန် လုံလောက်နေပြီဖြစ်သည်။
ထို့ပြင် သူ၏ သိုင်းပညာ တဖြည်းဖြည်း မြင့်မားလာသည်နှင့်အမျှ စုန့်ချင်းရှု၏ ရည်မှန်းချက်သည်လည်း တဖြည်းဖြည်း ကြီးမားလာခဲ့သည်။ သူ၏ ယခင်ဘဝမှ ကြွယ်ဝသော အတွေ့အကြုံများက ဤကဲ့သို့သော ခက်ခဲသော ကာလ၌ သိုင်းပညာ မည်မျှပင် မြင့်မားစေကာမူ အာဏာရှိသူများ၏ လက်အောက်ခံ ပုံရိပ်တစ်ခုသာ ဖြစ်ကြောင်း သူအား စောစီးစွာ နားလည်စေခဲ့သည်။ ကော်ကျင့်ကဲ့သို့ပင်။ နှိုင်းယှဉ်ကြည့်လျှင် သူသည် မင်ဂိုဏ်း၏ ခေါင်းဆောင် ကျန်းဝူကျီကို ပို၍ အားကျခဲ့သည်။ သူ၏ လက်အောက်တွင် သန်းနှင့်ချီသော တပည့်များရှိပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသော အာဏာပိုင်တစ်ဦးဖြစ်ကာ စစ်အင်အားလည်း တောင့်တင်းပြီး ကမ္ဘာကိုပင် စိုးမိုးနိုင်ခြေရှိသည်။
သို့သော် သူနှင့် မိမိ၏ အမည်ခံ ဇနီးတို့၏ မရှင်းလင်းသော ဆက်ဆံရေးကို တွေးမိသောအခါ စိတ်အနှောင့်အယှက် ဖြစ်လာသည်။ သူသည် လီယွီကဲ့သို့ ကံဆိုးသော လူမိုက်တစ်ဦး ဖြစ်လိုခြင်းမရှိပေ။ ကျန်းဝူကျီသည် ကမ္ဘာကို စိုးမိုးပြီးနောက် ဘယ်အချိန် စိတ်ပြောင်းသွားပြီး ကျိုးကျစ်လော့ကို အနောက်နန်းတော်သို့ ခေါ်ဆောင်သွားမည်ကို သူ မသိနိုင်ဘူး။ ထိုအချိန်တွင် သူ တားဆီးရန် မည်သည့်နည်းလမ်းမျှ မရှိပေ။
ထို့ပြင် စုန့်ချင်းရှုသည် ယခင်ဘဝ၌ စီးပွားရေး အင်ပါယာတစ်ခုကို ကိုယ်တိုင် တည်ထောင်ခဲ့ပြီး လူအများအပြား၏ ကံကြမ္မာကို မိမိလက်ထဲတွင် ထားရှိသော အာဏာရှိသူတစ်ဦး၏ ခံစားချက်ကို အသားကျနေခဲ့သည်။ ယခုအခါ သူသည် သိုင်းလောက၌ သေးငယ်သော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သောကြောင့် ထိုကဲ့သို့သော အခန်းကဏ္ဍပြောင်းလဲမှုကို သူ အလွန် အသားမကျပေ။ ထို့ကြောင့် သူ့ကိုယ်ပိုင် အင်အားစုတစ်ခု တည်ထောင်ဖို့ စောစောစီးစီး စိတ်ကူးထားပြီးသား ဖြစ်သည်။
အခုလို ကမ္ဘာကြီး ပရမ်းပတာ ဖြစ်နေတဲ့အချိန်ဟာ အောင်မြင်မှုတွေ ရယူဖို့ အကောင်းဆုံး အချိန်ပဲ။ စုန့်ချင်းရှုဟာ မူရုံဖခင်နဲ့သားလိုမျိုး လက်တွေ့မကျတဲ့၊ ညံ့ဖျင်းတဲ့နည်းလမ်းတွေနဲ့ နိုင်ငံရေး အမြတ်ထုတ်သူ မဟုတ်ဘူး။ သူဟာ အစီအစဉ်တွေကို စောစောစီးစီး ရေးဆွဲထားပြီးသား ဖြစ်တယ်။
အာဏာ၏ အနှစ်သာရကား အဘယ်နည်း။ ပထမအချက်မှာ စစ်အင်အား၊ ဒုတိယအချက်မှာ လူ့စွမ်းအားအရင်းအမြစ် အာဏာဖြစ်သည်။ တကယ်တမ်း အရေးကြီးဆုံးမှာ ဘဏ္ဍာရေး အာဏာဖြစ်သည်။ လူအများအပြားသည် သင့်အား မှီခိုစားသောက်ရန် လိုအပ်သောအခါ သင်သည် ကြီးမားသော အာဏာကို ရရှိလာမည်မှာ သဘာဝကျသည်။
သို့သော် သင်သည် သင်၏ ပိုင်ဆိုင်မှုများကို အဓမ္မ သိမ်းယူခြင်းမှ ကာကွယ်ရန် အင်အားမရှိပါက အာဏာသည် ရယ်စရာကောင်းသော ပူဖောင်းတစ်ခုသာ ဖြစ်လိမ့်မည်။
စုန့်ချင်းရှုသည် သိုင်းကျမ်းစာအုပ်များ ရှာဖွေခြင်းကို အောင်မြင်ရန် မဖြစ်နိုင်တော့ကြောင်း သိသောအခါ သူသည် ချက်ချင်း ကမ္ဘာ့ပေါ်ရှိရတနာများကို ရှာဖွေရန် အာရုံစိုက်လိုက်သည်။
ကမ္ဘာပေါ်တွင် မြှုပ်နှံထားသော သိုင်းကျမ်းစာအုပ်များသည် မူရင်းဝတ္ထု၏ ဇာတ်လိုက်များသာ ပိုင်ဆိုင်သော အရာများဖြစ်၍ သူသည် မူရင်းဇာတ်လိုက်များနှင့် ကံကြမ္မာကို လုယူနိုင်မည် မဟုတ်ပေ။ သို့သော် မူရင်းဝတ္ထုများသည် အနည်းနှင့်အများ တူညီသော အချက်တစ်ခုရှိသည်၊ ၎င်းမှာ ဇာတ်လိုက်အားလုံးသည် ဝတ္ထုထဲတွင် ပေါ်လာသော ရွှေငွေရတနာများကို မထိတွေ့ခဲ့ခြင်းပင်! ကျင်းယုံသည် ဇာတ်ကောင်များ၏ ငွေကြေးကို ဖုန်မှုန့်ကဲ့သို့ သဘောထားသော 'မြင့်မြတ်သော ဂုဏ်သိက္ခာ' ကို ပြသရန် ရည်ရွယ်ခဲ့တာဖြစ်နိုင်သည်။ ဒါပေမဲ့ အဲ့ဒါက စုန့်ချင်းရှုအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့သည်။
မူရင်းဇာတ်လိုက်များနှင့် ရတနာများကို လုယက်ရန် မလိုအပ်သောကြောင့် စုန့်ချင်းရှု၏ စိတ်ထဲမှာ ချက်ချင်း လွတ်လပ်သွားသလိုခံစားလိုက်ရပြီး ယခုကမ္ဘာပေါ်ရှိ ရတနာများကို ပြန်လည်သုံးသပ်စီစဉ်ကြည့်လိုက်သည်။ ဂိုချန်နန်းတော်၏ လျှို့ဝှက်ရတနာသည် အနောက်ဒေသ အဝေးကြီးတွင် ရှိသည့်အပြင် ကျန်းဝူကျီ၏ နယ်မြေဖြစ်သောကြောင့် ယာယီအားဖြင့် မစဉ်းစားတော့ပေ။ ယွီဘီအိမ်တော် အနီးရှိ ချွမ်းဝမ်၏ ရတနာသည် အလွန်ဝေးကွာပြီး မန်ချူးနယ်မြေတွင် တည်ရှိသောကြောင့် တွေ့ရှိခဲ့လျှင်ပင် သယ်ဆောင်ရန် ခက်ခဲလိမ့်မည်။ လေးဆယ့်နှစ်ခန်းပါ ကျမ်းစာ၏ ရတနာသည် ပို၍ပင် ခက်ခဲသည်။ ရှစ်ပိုင်းနှင့် လေးဆယ့်နှစ်ခန်းပါ ကျမ်းစာကို စုဆောင်းရန် ခက်ခဲသည်ကို မပြောနှင့် လျူဒင်တောင်သည် မန်ချူး၏ နဂါးသွေးကြောတည်ရှိရာနေရာဖြစ်သောကြောင့် မန်ချူး၏ မျက်စိနှင့် နားကို လှည့်စား၍ ရတနာများကို ခိုးယူရန် လုံးဝ မဖြစ်နိုင်ပေ။
(ဘာသာပြန်သူ- ရှစ်ပိုင်းနှင့် လေးဆယ့်နှစ်ခန်းပါ ကျမ်းစာသည် the deer and the cauldron ဇာတ်လမ်းမှဖြစ်သည်။)
ကျန်းကျိုးမြို့ရှိ ထျန်းနင်ကျောင်းတော်၏ ရတနာသည် ရှာဖွေရန် အလွန်လွယ်ကူသော်လည်း ၎င်းသည် လင်ထွေ့ဆီ၏ နယ်မြေဖြစ်ပြီး စစ်ပွဲထိန်းချုပ်နယ်မြေတွင် တည်ရှိသောကြောင့် စုန့်ချင်းရှုသည်လည်း မြက်ကို လှုပ်ခတ်၍ မြွေကို ကြောက်လန့်စေလိုခြင်း မရှိပေ။
စဉ်းစားရင်း စဉ်းစားရင်း နောက်ဆုံးတွင် စုန့်ချင်းရှုသည် ကျင်းလင်မြို့ရှိ တာ့ကုန်းဖန်၏ ရတနာကို အာရုံစိုက်လိုက်သည်။
ကျင့်လင်မြို့ရှိ တာ့ကုန်းဖန်၏ ရတနာသိုက်သည် ရှာဖွေရန် လွယ်ကူရုံသာမက အခြားရတနာသိုက်များကဲ့သို့ နောက်ဆုံးအချိန်အထိ မပေါ်ပေါက်လာခြင်းမျိုးလည်း မဟုတ်ဘဲ ဇာတ်လမ်းထဲမှ ဇာတ်ကောင်များက ရှာဖွေတွေ့ရှိရန် အလားအလာများသည်။
အခြားသူများက သူ့ထက်ဦးသွားမည်ကို ရှောင်ရှားရန် စုန့်ချင်းရှုသည် ကျင့်လင်သို့ ချက်ချင်းသွားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် မသိစိတ်ဖြင့် မုဝမ်ချင်းကို ကျန်းနန်ဒေသသို့ သွားရန် လှည့်စားခဲ့ပြီး မကြာမီ ပြန်တွေ့နိုင်ဖွယ်ရှိသည်။
“နွေဦးလေသည် သတင်းကောင်းသယ်ဆောင်လာ၏၊ ဆောင်းဦးလသည် အဆုံးမရှိ၊ ချစ်သူကို လွမ်းဆွတ်တမ်းတသော တစ်နေ့တာသည် နှစ်နှင့်အမျှ ကြာသကဲ့သို့ ခံစားရသည်..."
(ဘာသာပြန်သူ-ကဗျာတွေ၊ သိုင်းကျမ်းတွေဘာသာပြန်ရတာ မလွယ်ဘူး)
စုန့်ချင်းရှုသည် ကျိုးပေါ်ထုံးနှင့် ချိုချန်ရန်တို့ တိုက်ခိုက်ရင်း မိုင်ပေါင်းများစွာ ပြေးလွှားခဲ့သည်ကို ပြန်လည်သတိရလိုက်သည်။ ယခု သူ၏ ကိုယ်ဖော့ပညာလေ့ကျင့်ရန် ဟွာတောင်မှ ကျင့်လင်အထိ မိုင်ထောင်ပေါင်းများစွာကို မြင်းမစီး၊ လှည်းမစီးဘဲ ကိုယ်ဖော့ပညာကို အသုံးပြုကာ သွားခဲ့သည်။
သူ၏ အတွင်းအားမှာ အလွန်အားကောင်းသော်လည်း ခြေရာမဲ့သဲပြင်လျောက်လှမ်းခြင်း ကိုယ်ဖော့ပညာဖြင့် အရှိန်အဟုန်ပြင်းစွာ ပြေးခဲ့ပြီး မိုင်အနည်းငယ်အကြာတွင် အလွန်ပင် ပင်ပန်းလာခဲ့တာကြောင့် အံ့အားသင့်သွားခဲ့သည်။ သာမန် ကိုယ်ဖော့ပညာဖြင့် ခရီးသွားလျှင် ဤမျှမြန်ဆန်မည်မဟုတ်သော်လည်း မိုင်ရာနှင့်ချီ၍ ပြေးနိုင်မည်မှာ သေချာသည်။ သို့သော် ခြေရာမဲ့သဲပြင်ပေါ်လှောက်လှမ်းခြင်းကို အသုံးပြုသောအခါတွင်မူ ကြာရှည်မခံနိုင်ပေ။ ဝေယိရှောင်သည် ရေတို ပြေးရာတွင်သာ ကျွမ်းကျင်ပုံရသည်။
နောက်ရက်အနည်းငယ်ကြာသောအခါ စုန့်ချင်းရှု၏ စိတ်ထဲတွင် ရုတ်တရက် အသိဉာဏ်ဝင်လာပြီး သူ၏ အတွင်းအားကို အသုံးပြုရာတွင် ပို၍ အာရုံစိုက်လာခဲ့သည်။ သူ၏ စေ့စပ်သော စီစဉ်မှုအောက်တွင် တစ်ကြိမ် အရှိန်အဟုန်ပြင်းစွာ ပြေးနိုင်သည့် အကွာအဝေးသည် မိုင်တစ်ရာကို ကျော်လွန်သွားခဲ့သည်။
နောက်ပိုင်းတွင် စုန့်ချင်းရှုသည် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ ခြေရာမဲ့သဲပြင်ပေါ်လှောက်လှမ်းခြင်းဖြင့် ခဏတာ ပြေးပြီးနောက် များသောအားဖြင့် နာရီဝက်ခန့် အချိန်ယူကာ သာမန် ကိုယ်ဖော့ပညာသို့ ပြောင်းလဲပြီး အတွင်းအားကို ပြန်လည်ဖြည့်တင်းခဲ့သည်။ အဆင်ပြေပြီဟု ခံစားရသောအခါ ခြေရာမဲ့သဲပြင်ပေါ်လှောက်လှမ်းခြင်းကို ဆက်လက် အသုံးပြုခဲ့သည်။ ဤနည်းဖြင့် သူသည် တစ်ကြိမ် ပြေးနိုင်သည့် အကွာအဝေးသည် တဖြည်းဖြည်း ပို၍ ရှည်လာခဲ့သည်။
ရက်ပေါင်းများစွာ ကိုယ်ဖော့ပညာဖြင့် အစွမ်းကုန် စိန်ခေါ်မှုများ ပြုလုပ်ပြီးနောက် စုန့်ချင်းရှု၏ အတွင်းအားသည်လည်း သိသိသာသာ တိုးတက်လာခဲ့ပြီး သူ၏ ပုံမှန် လေ့ကျင့်မှုဖြင့် တိုးတက်လာသည့် အရှိန်ထက်ပင် ပိုမြန်လာခဲ့သည်။ စုန့်ချင်းရှုသည် သူ၏ ခန္ဓာကိုယ်တွင်းရှိ စစ်မှန်သော ချီများ ပြည့်လျှံနေသည်ကို သိရှိသောအခါ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု သိလိုက်သည်။ သူသည် နတ်မြတ်စွမ်းအင်(ချီ)နှင့် ယင်ကိုးပါးစွမ်းအင်(ချီ)တို့ အတူယှဉ်တွဲနိုင်ရေး ပြဿနာကို ဖြေရှင်းနိုင်သည်နှင့် အတွင်းအားသည် မကုန်မခန်းနိုင်သော အဆုံးမရှိသော အခြေအနေသို့ ရောက်ရှိလိမ့်မည်။
ငါးရက် သို့မဟုတ် ခြောက်ရက်အကြာတွင် ခရီးလမ်းတစ်လျှောက် ဖုန်များပေကျံနေသော စုန့်ချင်းရှုသည် နောက်ဆုံးတွင် ကျင့်လင်မြို့၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ "မိုင်နှစ်ထောင်ကို ငါးရက် သို့မဟုတ် ခြောက်ရက် ကြာခဲ့တယ်၊ ငါ့အရင်ဘဝက ရထားထက် အများကြီး ပိုနှေးတယ်" ဟု သူ တွေးလိုက်သည်။ သို့သော် သူ၏ အရှိန်သည် ဤဘဝတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို မသိခဲ့ပေ။ ဤကမ္ဘာတွင် သတင်းအချက်အလက် အမြန်ဆုံး ပျံ့နှံ့နိုင်သော မြေပြင်စာပို့စနစ်သည် နိုင်ငံတစ်နိုင်ငံ၏ အင်အားကို အသုံးပြုကာ အကောင်းဆုံး မြင်းများကို စီးပြီး နေ့ဘက်တွင် ခေါင်းလောင်းတီးကာ ညဘက်တွင် မီးရှူးတန်ဆောင်ထွန်းညှိပြီးသွားသည်။ တိုက်မိပြီး လူသေလျှင် လုံးဝ တာဝန်မယူဘူး။ စခန်းတစ်ခုပြီးတစ်ခု မြင်းများလဲကာ လူများလဲကာ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ မရပ်မနား နေ့ရောညပါ ခရီးသွားကြသည်။ ထိုအထဲတွင် အရေးပေါ်သတင်းအဖြစ် သတ်မှတ်ထားသောအမြန်ဆုံးသတင်း ပို့ဆောင်မှုသည် တစ်ရက်လျှင် မိုင်ငါးရာထက် မပိုပေ။ သို့သော် စုန့်ချင်းရှုသည် ခြေထောက်နှစ်ဖက်တည်းဖြင့် တစ်ရက်လျှင် မိုင်လေးရာနီးပါး သွားနိုင်ခဲ့သည်။
"ငါ့ခန္ဓာကိုယ်ထဲက စစ်မှန်တဲ့ စွမ်းအင်တွေကို ယင်နဲ့ယန်ကို ညီညွတ်အောင် လုပ်နိုင်ပြီး ခြေရာမဲ့သဲပြင်ပေါ်လှောက်လှမ်းခြင်းရဲ့ အမြင့်ဆုံးအရှိန်ကို အချိန်တိုင်း ထိန်းထားနိုင်ရင် ငါ့ယခင်ဘဝက လေယာဉ်ထက် သိပ်မနှေးလောက်ဘူးထင်တယ်" စုန့်ချင်းရှုသည် ပင်ပန်းနေသော ခြေထောက်များဖြင့် မြို့ထဲသို့ လျှောက်သွားရင်း စိတ်ထဲတွင် တွေးတောနေသည်။ သူတွေးလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်သည်။ "ဒီရှေးခေတ်က အရာအားလုံး ကောင်းတယ်၊ ခရီးသွားနှုန်းက အရမ်းနှေးတာပဲ၊ လှည်းတွေဘာတွေက လူကို အန်ချင်လောက်အောင် နှေးတယ်"
မြို့တွင်းရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုပြီး တာ့ကုန်းဖန်၏ တည်နေရာကို စားပွဲထိုးလေးအား သတိမထားမိစေဘဲ မေးမြန်းခဲ့သည်။ ဝလင်အောင်စားသောက် မျက်နှာသစ်ကာ သန့်ရှင်းရေးလုပ်ပြီး ညဉ့်နက်သည်အထိ စောင့်ဆိုင်းနေခဲ့သည်။
(ဘာသာပြန်သူ-ချင်မင်းဆက်ကို မန်ချူးများမှတည်ထောင်ထားခြင်းဖြစ်သည်။)