အခန်း ၄၂ တောက်ပချိုမြိန်သောအပြုံး
ယွမ်ကျုံးဟဲဟာ အခု အသက်ရှင်ချင်ရင် တခြားနည်းလမ်း မရှိဘူး။ သူက ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။ စုန့်ချင်းရှုရဲ့ ကျိန်စာကို နားထောင်ပြီး သူလည်း ကျိန်စာတစ်ခု ကျိန်လိုက်တယ်။ "ကျွန်တော်က နောက်ကို မိန်းမတွေကို ဒုက္ခပေးရင် ကောင်းကင်က မိုးကြိုးပစ်ပြီး သေပါစေ။" သူ့ရဲ့ စိတ်ထဲမှာ ရယ်လိုက်တယ်။ ကောင်းကင်က မိုးကြိုးပစ်ပြီး သေတာလား။ ကမ္ဘာပေါ်မှာ ဒီလို သေတာမျိုးရှိလား။
စုန့်ချင်းရှုဟာ သူ့ရဲ့ ကျိန်စာထဲက လှည့်ကွက်ကို သတိထားမိပေမဲ့ ဂရုမစိုက်ဘူး။ ကျင်းယုံရဲ့ သိုင်းဝတ္ထုတွေထဲမှာ ကတိကို ဖောက်ဖျက်တဲ့သူတွေဟာ နောက်ဆုံးမှာ အကျိုးဆက်တွေကို ခံစားရမယ်ဆိုတဲ့ ဥပဒေတစ်ခု ရှိတယ်ဆိုတာကို သူသိတယ်။ ယွမ်ကျုံးဟဲဟာ ကောင်းကင်က မိုးကြိုးပစ်ပြီး သေမယ်လို့ ကျိန်စာ ကျိန်ထားလို့ နောက်ကို အဆိုးတွေ လုပ်ရင် ကောင်းကင်ရဲ့လက်ထဲက လွတ်မှာ မဟုတ်ဘူး။
နှစ်ယောက်လုံး ကျိန်စာ ကျိန်ပြီး ယွမ်ကျုံးဟဲဟာ ခဏလောက် တုံ့ဆိုင်းပြီး ခြေရာမဲ့ သဲပြင်ပေါ် လျောက်လှမ်းခြင်းသိုင်း ပညာရပ်ကို ပြောပြလိုက်တယ်။
စုန့်ချင်းရှုဟာ နားထောင်လေ မျက်လုံးတွေ ပိုတောက်ပလာလေ ဖြစ်တယ်။ ယွမ်ကျုံးဟဲရဲ့ စကားတွေ အားလုံး ပြီးသွားတဲ့ အချိန်မှာ စုန့်ချင်းရှုဟာ ခန္ဓာကိုယ် အရမ်းပေါ့ပါးသွားတာကို ခံစားလိုက်ရတယ်။ ချောက်ကမ်းပါးရဲ့ ပေပေါင်းများစွာအကွာက တောင်စောင်းကို ကြည့်ပြီး စိတ်ထဲမှာ လှုပ်ရှားသွားတယ်။ ခြေထောက်ကို ကန်လိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဓားတစ်လက်လို လျှင်မြန်စွာနဲ့ ပြေးထွက်သွားတယ်။ ယွမ်ကျုံးဟဲဟာ မျက်တောင်တစ်ခတ်အတွင်းမှာ စုန့်ချင်းရှုဟာ တောင်စောင်းကို ရောက်သွားတာကို တွေ့လိုက်ရတယ်။ သူက ပြန်လှည့်လိုက်ပြီး ခြေထောက်နဲ့ တစ်ချက်ထောက်လိုက်ပြီး လျှပ်စီးလို အမြန်ပြန်ရောက်လာတယ်။
"မင်းက လူလား သရဲလား!" ယွမ်ကျုံးဟဲဟာ စုန့်ချင်းရှုကို ကြည့်လိုက်ပြီး ထိတ်လန့်နေတယ်။ သူက စုန့်ချင်းရှုဟာ ခြေရာမဲ့ သဲပြင်ပေါ်မှာ လမ်းလျှောက်ခြင်းကို ဒီလောက်မြန်မြန် တတ်မြောက်ပြီး သူ့ရဲ့ ကိုယ်ဖော့ပညာက သူ့ထက် အများကြီး သာလွန်သွားမယ်လို့ မထင်ထားဘူး။
"ကောင်းပြီ၊ ဒီနေ့ စိတ်ကောင်းဝင်နေလို့ မင်းရဲ့ အသက်တစ်ချောင်းကို ချမ်းသာပေးလိုက်မယ်။" စုန့်ချင်းရှုဟာ အရမ်းပျော်သွားပြီး ယွမ်ကျုံးဟဲကို အကြောပိတ်ထားခြင်းအား ပြန်ဖွင့်ပေးလိုက်တယ်။ သူက လက်ကို ဝှေ့ယမ်းပြီး "မင်းသွားတော့။ မင်းကို တစ်ခုပြောလိုက်မယ်။ ကောင်းကင်ကြီးက မင်းကို ကြည့်နေတယ်။ မင်းရဲ့ ကတိကို မှတ်ထားပါ။"
ယွမ်ကျုံးဟဲဟာ မြေပြင်ပေါ်က သူ့ရဲ့ ငွေခြေသည်းတွေကို ကောက်ယူပြီး စုန့်ချင်းရှုကို ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။ "မင်းရဲ့ ပါရမီက အရမ်းထူးခြားတယ်။ နောက်ဆိုရင် ကမ္ဘာပေါ်မှာ မင်းရဲ့ ကိုယ်ဖော့ပညာက ပထမဖြစ်လာလိမ့်မယ်။" လို့ ပြောပြီး စိတ်ပျက်စွာနဲ့ တောင်အောက်ကို ဆင်းသွားတယ်။
စုန့်ချင်းရှုက ကိုယ်ဖော့ပညာရပ်မှာ ဒီလောက် ပါရမီရှိမယ်လို့ မထင်ထားဘူး။ ခြေရာမဲ့ သဲပြင်ပေါ်မှာ လမ်းလျှောက်ခြင်း ကိုယ်ဖော့ပညာက သူ့နဲ့ အရမ်းကိုက်ညီတယ်။ နောက်ဆိုရင် သူက ဒီပညာကို အောင်မြင်တဲ့ အဆင့်ကို ရောက်အောင် လေ့ကျင့်နိုင်မှာ သေချာတယ်။
သူ့ရဲ့ တခြား သိုင်းပညာတွေမှာ သိပ်မလိုက်ဖက်ဘူးလို့ထင်ပြီး သူ့ရဲ့ ကိုယ်ဖော့ပညာနဲ့ စိတ်ညှို့ပညာရပ်က သူ့နဲ့ အသင့်တော်ဆုံးဖြစ်နေတော့ စုန့်ချင်းရှုရဲ့မျက်နှာက နည်းနည်းထူးဆန်းသွားတယ်။
အနားက မုဝမ်ချင်းဟာ ညည်းညူပြီး သတိပြန်ရလာတယ်။ စုန့်ချင်းရှုဟာ သူ့ရဲ့ အရူးပုံစံကို ပြောင်းပြီး သူမရဲ့ ဘေးမှာ ထိုင်ပြီး သူမကို ပြုံးပြီး ကြည့်နေတယ်။
မုဝမ်ချင်းဟာ သတိပြန်ရလာပြီး သတိမေ့ခင် ယွမ်ကျုံးဟဲရဲ့ အကြောပိတ်ခြင်းကို ခံခဲ့ရတာကိုတွေးမိပြီး စိတ်ထဲမှာ ဝမ်းနည်းသွားတယ်။ သူမဟာ သွမ့်လန်အတွက် သေရမယ်လို့ တွေးလိုက်သည်။
မျက်လုံးဖွင့်လိုက်တော့ စုန့်ချင်းရှုရဲ့ မျက်နှာက သူ့မျက်စိရှေ့မှာ နီးကပ်စွာ ပြုံးနေတာကို ကြောင့် လန့်ပြီး အော်လိုက်တယ်။ စုန့်ချင်းရှုဟာ သူမကြောင့် လန့်သွားပြီး သုံးပေအကွာမှာ ထိုင်လိုက်တယ်။
မုဝမ်ချင်းဟာ သတိပြန်ရလာပြီး သူ့ကို ကြည့်လိုက်သည်။ သူမရဲ့ ခန္ဓာကိုယ်ပေါ်က ရင်းနှီးတဲ့ အဝတ်အစားတွေကို မြင်တော့ မသေချာစွာနဲ့ မေးလိုက်တယ်။ "မင်းက ခုနက အရူးလေးလား။"
"ဟုတ်တယ်၊ ဟုတ်တယ်၊ လှပတဲ့ အစ်မလေး၊ မင်းက ငါ့ကို မှတ်မိသေးတာလား။" စုန်ချင်ရှုဟာ ချက်ချင်း ပျော်ရွှင်သွားပြီး သူမရဲ့ အနားကို ပြန်ကပ်သွားတယ်။
"အာ~ မလာနဲ့!" မုဝမ်ချင်းဟာ အော်လိုက်တယ်။ သူမဟာ ရုတ်တရက် ယွမ်ကျုံးဟဲကို သတိရပြီး သူမရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်တယ်။ သူမရဲ့ အဝတ်အစားတွေက သပ်သပ်ရပ်ရပ် ရှိနေပြီး ဘာမှ မဖြစ်ခဲ့ဘူးလို့ ထင်တယ်။ ထူးဆန်းစွာနဲ့ မေးလိုက်တယ်။ "ခုနက ပိန်ပိန်ရှည်ရှည် လူက ဘယ်ရောက်သွားလဲ။" သူမဟာ စုန်ချင်ရှုက လူရိုင်းလေး ထင်လို့ ယွမ်ကျုံးဟဲကို ပြောရင် နားမလည်မှာစိုးလို့ သူ့ရဲ့ ရုပ်ရည်ကို ပြောပြလိုက်တယ်။
"အိုး၊ မင်းပြောတဲ့သူက ငါ့ကြောင့် ထွက်ပြေးသွားတယ်။" စုန်ချင်ရှုဟာ ရိုးသားစွာ ပြုံးပြီး ပြောလိုက်တယ်။
"မင်း?" မုဝမ်ချင်းဟာ သံသယရှိတဲ့ မျက်လုံးနဲ့ သူ့ကို ကြည့်လိုက်သည်။ သူ့ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ အရူးပုံစံကို မြင်တော့ သူမရဲ့ စိတ်ထဲမှာ မယုံကြည်နိုင်ဘူး။
"မင်း မယုံဘူးလား။" စုန်ချင်ရှုဟာ သူမရဲ့ ဘာတွေးနေတယ်ဆိုတာသိတာကြောင့် လက်သီးကို မြှောက်လိုက်တယ်။ "ငါက အရမ်းအားကောင်းတယ်။ ငယ်ငယ်ကတည်းက တောင်ပေါ်မှာ ကြီးလာပြီး ဝက်ဝံတွေနဲ့ လူဝံကြီးတွေနဲ့ အမြဲတမ်း တိုက်ခိုက်တယ်။ ငါက နွားတစ်ကောင်ကိုတောင် လက်သီးတစ်ချက်ထဲနဲ့ ထိုးပြီးအနိုင်ယူနိုင်တယ်။" သူက ဝါကြွားချင်တဲ့ ကလေးတစ်ယောက်လို မေးစေ့ကို မော့လိုက်တယ်။
"ကြွားဝါနေတာ!" မုဝမ်ချင်း နှာခေါင်းရှုံ့ပြီး ခေါင်းကို လှည့်လိုက်ကာ သူ့ကို မကြည့်တော့ဘူး။
"ဒါဆို ငါ မင်းကို ထိုးပြမယ်လေ" လို့ စုန့်ချင်းရှုက စော်ကားခံရသလို မျက်နှာပျက်ပြီး စိတ်မရှည်စွာပဲ အင်္ကျီလက်ကို လိပ်တင်ကာ ဘေးနားက သစ်ပင်ကြီးကို လက်သီးနဲ့ ထိုးလိုက်တယ်။
ဒုန်းခနဲ မြည်သံနဲ့အတူ မုဝမ်ချင်းရဲ့ မယုံကြည်နိုင်တဲ့ အကြည့်အောက်မှာ လူတစ်ဖက်စာလောက်ရှိတဲ့ သစ်ပင်ကြီးဟာ နှစ်ပိုင်းကျိုးသွားတယ်။ သူမဟာ မျက်လုံးပြူးပြီး သူ့ကို ကြည့်လိုက်သည်။
စုန်ချင်ရှုဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။ ခုနက လက်သီးက ယင်ကိုးပါးသိုင်းကျမ်းထဲက မဟာနတ်ဆိုးနှိမ်နင်းခြင်းလက်သီးပဲ။ အရမ်းကြမ်းတမ်းတယ်။ ဒါပေမဲ့ ကျန်းဝူကျိရဲ့ အလင်းတောင်ထိပ်က ဒဏ်ခုနှစ်ဆင့်လက်သီးက ဒီသစ်ပင်ကို အမှုန့်ဖြစ်အောင် ထိုးနိုင်ပေမဲ့ သူထိုးတာက နှစ်ပိုင်းပဲ ကျိုးသွားတယ်။ နှိုင်းယှဉ်ကြည့်ရင် ကွာခြားချက်က အတော်ကြီးတယ်။
စိတ်ကို ပြန်တည်ငြိမ်ပြီး စုန်ချင်ရှုဟာ မုဝမ်ချင်းကို ပြုံးပြီး ပြန်ကြည့်လိုက်သည်။ "ဘယ်လိုလဲ၊ ငါ တော်တယ် မဟုတ်လား။"
မုဝမ်ချင်းဟာ အံ့အားသင့်ပြီးနောက်မှာ သူ့ရဲ့ မျက်နှာပေါ်က မျက်နှာဖုံးကို ဖယ်ထားတာကို သတိထားမိတယ်။ မျက်နှာက ညစ်ပတ်ပေမဲ့ ချောမောတဲ့ ရုပ်ရည်ကိုမြင်နိုင်သေးတာကြောင့် သူမဟာ အသံတိုးတိုးလေးနဲ့ မေးလိုက်တယ်။ "မင်းရဲ့ မျက်နှာဖုံးက ဘယ်လိုဖြစ်ပြီး ကျွတ်သွားတာလဲ။"
"အမေက ငါ့မျက်နှာဖုံးကို ချွတ်တဲ့ မိန်းကလေးကို ငါ လက်ထပ်ရမယ်လို့ ပြောတယ်။" စုန့်ချင်းရှုက တမင်တကာ ခဏရပ်လိုက်ပြီး အဲ့ဒီအပြုံးက မုဝမ်ချင်းကို ကြောက်စရာကောင်းသလို ခံစားရစေတယ်။ "ဒါပေမဲ့ ငါ့အမေက မိန်းကလေးတွေက ရှက်တတ်တယ်လို့ ပြောတယ်။ သူတို့က ရှက်တတ်တယ်...ရှက်တတ်တယ်...အဲ့ဒီစကားလုံးကို ဘယ်လိုပြောရမလဲ မသိဘူး။ အရမ်းခက်တယ်..." စုန့်ချင်းရှုဟာ တမင်တကာ စဉ်းစားနေတဲ့ ပုံစံမျိုး လုပ်လိုက်တယ်။
"အရှက်အကြောက်ကြီးတာ!" မြေပြင်ပေါ်မှာ လဲနေတဲ့ မုဝမ်ချင်းဟာ စိတ်မရှည်စွာနဲ့ ပြောလိုက်တယ်။
စုန်ချင်ရှုဟာ မျက်လုံးကို တောက်ပစေပြီး "ဟုတ်တယ်၊ ငါ့အမေက အရှက်အကြောက်ကြီးတယ်လို့ ပြောခဲ့တာ။ ငါက အစ်မလေးက အရမ်းလှတော့ အရှက်အကြောက်ကြီးလိမ့်မယ်ထင်တယ်။ စိတ်ထဲမှာ ငါ့ကို ကြိုက်နေပေမဲ့ မျက်နှာဖုံးကို အရင် ချွတ်ဖို့ ရှက်နေမှာ သေချာတယ်။ ငါက ယောက်ျားလေးဆိုတော့ အသေးအမွှား ကိစ္စလေးကို မင်းအတွက် လုပ်ပေးလိုက်တာပဲ”
"မင်း ဘာတွေပြောနေတာလဲ!" မုဝမ်ချင်းဟာ အရမ်းဒေါသထွက်သွားတယ်။ "ဘယ်သူက မင်းကိုစိတ်ထဲက ကြိုက်လို့လဲ။"
"မဟုတ်ဘူးလား။" စုန့်ချင်းရှုဟာ နားမလည်တဲ့ မျက်နှာနဲ့ "ဇာတ်လမ်းထဲမှာတော့ အဲ့လိုပဲ ပြောတာပဲလေ၊ လူဆိုးတွေက တောထဲမှာ လှပတဲ့ မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးသွားတဲ့အခါ၊ အဲ့ဒီအချိန်မှာ လူငယ်သူရဲကောင်းတစ်ယောက် ပေါ်လာတယ်၊ အဲ့ဒါ ငါပဲပေါ့! လူဆိုးတွေကို အနိုင်တိုက်ထုတ်ပြီး မိန်းကလေးကို ကယ်တင်လိုက်တော့ အဲ့ဒီမိန်းကလေးက သူ့ကိုယ်သူ ပေးအပ်သင့်တာပေါ့?" အဲ့ဒီမိန်းကလေးက သူ့ကို လက်ထပ်ရမှာ မဟုတ်ဘူးလား။"
"ဘယ်သူက မိန်းကလေးကို ကယ်တင်ပြီးရင် သူ့ကိုယ်သူ ပေးအပ်ရမယ်လို့ ပြောတာလဲ!" မုဝမ်ချင်း ရှက်လည်းရှက် ဒေါသလည်းထွက်နေတယ်။ သူမက ဆရာမနဲ့ နှစ်ယောက်တည်း အမြဲနေခဲ့ပြီး သွမ့်ယွီကလွဲလို့ တခြားလူငယ်ယောက်ျားတွေကို မမြင်ဖူးဘူး။ အခု စုန့်ချင်းရှုကြောင့် စိတ်ရှုပ်ထွေးသွားပြီး ဘယ်လို ပြန်ပြောရမှန်းတောင် မသိတော့ဘူး။ "နောက်ပြီး၊ နောက်ပြီး၊ မင်းက ဘယ်လို လူငယ်သူရဲကောင်းမျိုးလဲ!"
"ဝါး ..ဝါးး " စုန့်ချင်းရှု မြေကြီးပေါ် လူးလှိမ့်ပြီး ငိုနေတယ်။ "အမေပြောတာ မှန်တယ်၊ မင်းက ငါ့ကို ရုပ်ဆိုးတယ်လို့ ထင်နေတာ သေချာတယ်။ ဇာတ်လမ်းထဲက လူငယ်သူရဲကောင်းတွေလောက် ငါ မချောဘူးပေါ့"
မုဝမ်ချင်း လှည့်ကြည့်လိုတဲ့အခါ စုန့်ချင်းရှု ငိုနေတာကို မြင်တော့ စိတ်မကောင်းဖြစ်သွားပြီး "အဲ့လို မဟုတ်ပါဘူး" လို့ နှစ်သိမ့်လိုက်တယ်။
သူမရဲ့ စကားကို ကြားတော့ စုန့်ချင်းရှု ချက်ချင်း ထရပ်လိုက်ပြီး "ဒါဆို မင်း ငါ့ရဲ့ ဇနီး ဖြစ်ချင်တယ်ပေါ့?" လို့ မေးလိုက်တယ်။
မုဝမ်ချင်း သူ့စကားကြောင့် လည်ချောင်းထဲ တစ်ခုခု ဆို့သွားသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ အခု ညနေစောင်းလာပြီ၊ ဒီတောထဲမှာ ယောက်ျားလေးနဲ့ မိန်းကလေး နှစ်ယောက်တည်း၊ သူမလည်း သွေးကြောတွေကို ပိတ်ခံထားရပြီး လှုပ်မရတော့ဘူး။ သူ မကောင်းကြံရင် ဒုက္ခရောက်တော့မှာပဲလို့ တွေးမိပြီး လှပစွာ ပြုံးလိုက်ကာ ညင်သာတဲ့ အသံနဲ့ "အရူးလေး၊ မင်း ငါ့ရဲ့ သွေးကြောတွေကို အရင်ဖွင့်ပေးပါလား၊ ပြီးမှ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့" လို့ ပြောလိုက်တယ်။
မုဝမ်ချင်းရဲ့ မျက်နှာက အစကတည်းက တင်းမာနေခဲ့ပေမဲ့ အခု ရုတ်တရက် ပြုံးလိုက်တာက ရေခဲတွေ အရည်ပျော်သွားသလို၊ ပန်းတွေ အားလုံး တစ်ပြိုင်တည်း ပွင့်လာသလိုပဲ။စုန့်ချင်းရှု သူ့ရင်ဘတ်ထဲမှာ လေးလံတဲ့တူတစ်ခုနဲ့ အထုခံလိုက်ရသလို ခံစားလိုက်ရပြီး စိတ်ထဲမှာ နောင်တရသွားတယ်။ "ငါက သူ့ကို စနောက်ချင်ခဲ့တာ၊ ဒါပေမဲ့ ငါ့ကိုယ်ငါ (သာယာသွားရင်)ပြဿနာထဲ ဆွဲထည့်မိရင် အကျိုးအမြတ် မရှိတော့ဘူး"