အခန်း ၄၁၉: မြူခိုးများအောက်မှ အမှန်တရား (၄)
အဝေးမှ ကျန်းဝူကျိ၏ စကားကို ကြားသောအခါ ကျောက်မင် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး စုန့်ချင်းရှု၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိသည်။
"ဟေး၊ ဟေး မင်းယောက်ျား အရှက်မရှိတာနဲ့ ငါ့ကို လာဆိတ်နေတာလား" စုန့်ချင်းရှုက ပါးစပ်က နောက်ပြောင်နေသော်လည်း မျက်လုံးများကမူ အဝေးမှ ဇရပ်ကို စူးစိုက်ကြည့်နေပြီး ကျိုးကျစ်လော့၏ အဖြေကို စိုးရိမ်တကြီး စောင့်မျှော်နေသည်။
ကျိုးကျစ်လော့သည် ကျန်းဝူကျိကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ မျက်နှာပေါ်တွင် နီလိုက်၊ ဖြူလိုက် ဖြစ်သွားသည်။ သူ ဤသို့ ပြောလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ အေးစက်စွာ ပြန်ပြောလိုက်သည် "ရှင်က ကျွန်မခင်ပွန်းမှ မဟုတ်တာ၊ ရှင် စိတ်ရှိတာ မရှိတာ ကျွန်မ လုံးဝ ဂရုမစိုက်ဘူး"
ကျန်းဝူကျိ ကြောင်သွားသည်။ သူမ ဤမျှ ပြတ်ပြတ်သားသား ဖြေကြားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ကောင်းတယ်(မိုက်တယ်)!" ဘေးမှ စုန့်ချင်းရှု ကျေနပ်လွန်း၍ လက်ခုပ်ပင်တီးချင်သွားသည်။ ကျောက်မင်၏ သေးသွယ်နူးညံ့သော ခါးလေးကို ပြန်ဆွဲဆိတ်လိုက်သည်။
"ရှင်က လူယုတ်မာပဲ" ကျောက်မင် မျက်ရည်ကျလုနီးပါး နာကျင်သွားပြီး မျက်လုံးများထဲတွင် အရည်များလဲ့သွားသည်။ သို့သော် သူမ၏ အာရုံအများစုမှာ ကျန်းဝူကျိ အပေါ်တွင် ရှိနေသဖြင့် ပြန်လည်မတုံ့ပြန်နိုင်သေးပေ။
"ကျစ်လော့...၊ မင်း အတိတ်က ဟောင်ကျိုးမြို့က ကိစ္စကြောင့် စိတ်ဆိုးနေမှန်း ငါ သိပါတယ်…"
ကျန်းဝူကျိ စကားမဆုံးမီ ကျိုးကျစ်လော့ ဖြတ်ပြောလိုက်သည် "အတိတ်က အကြောင်းအရာတွေကို ကျွန်မ ထပ်မပြောချင်တော့ဘူး၊ ဂိုဏ်းချုပ်ကျန်းက ရှောင်မင်မင်းသမီး (ကျောက်မင်) ကို ရွေးချယ်ခဲ့ပြီးပြီပဲ…"
ကျန်းဝူကျိ ရုတ်တရက် ပြောလိုက်သည် "ကျစ်လော့၊ မင်း မသိသေးဘူးလား၊ မင်းကြောင့် ငါနဲ့ မင်မင် (ကျောက်မင်) လမ်းခွဲခဲ့ကြပြီးပြီ"
စုန့်ချင်းရှု ဘေးမှ မိန်းမလှလေးကို အံ့အားသင့်စွာ ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည် "တကယ်လား"
ကျောက်မင် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ပြန်မဖြေပေ။
ကျိုးကျစ်လော့လည်း လန့်သွားသည် "ကျွန်မကြောင့်လား"
ကျန်းဝူကျိ ခေါင်းညိတ်ပြီး ခါးသီးစွာ ပြုံးလိုက်သည် "သူမက အရမ်း ဉာဏ်ကောင်းတာ မင်း သိသားပဲ။ အတိတ်က ရှောင်ရှစ်တောင်ပေါ်မှာ ညတိုင်း မင်းကို ငါ လာတွေ့ခဲ့တာကို လျှို့ဝှက်ထားတယ် ထင်ပေမဲ့ သူမကို မဖုံးကွယ်နိုင်ခဲ့ဘူး"
ကျိုးကျစ်လော့ ကျောက်မင်၏ စရိုက်ကို ကောင်းကောင်းသိသည်။ ကျန်းဝူကျိ၏ လိမ်ညာမှုကို သူမ သည်းခံနိုင်မည် မဟုတ်ကြောင်း သိသည်။ မိမိကြောင့် သူတို့နှစ်ဦး စိတ်ဝမ်းကွဲသွားရသည်ကို တွေးမိပြီး ကျိုးကျစ်လော့ စိတ်မကောင်း ဖြစ်သွားသည် "ရှင် သူမကို သေချာ ရှင်းပြလိုက်ရင် ပြီးတာပဲကို"
"အဲ့ဒီတုန်းက မင်း ပြောခဲ့တယ်လေ၊ သူမနဲ့ အတူတူ ငါ့ရဲ့…" ကျိုးကျစ်လော့၏ မျက်နှာ မည်းမှောင်သွားသည်ကို မြင်သောအခါ ကျန်းဝူကျိသည် 'ဇနီးမယားအဖြစ် အတူပေါင်းသင်းမည်' ဟူသော စကားကို ပြန်မျိုချလိုက်ရသည်။ "အရင်တုန်းက ငါ ရွေးချယ်ရမှာကို အမြဲတမ်း ရှောင်တိမ်းနေခဲ့တယ်။ မင်း၊ ကျောက်မင်၊ ရှောင်ကျောင်း၊ ကျူးအာ… အားလုံးက ငါ့အပေါ် သံယောဇဉ် ကြီးမားကြတယ်။ ငါ ဘယ်သူ့ကို ရွေးရမလဲဆိုတာ အမြဲတမ်း တွန့်ဆုတ်နေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ငါ နားလည်သွားပြီ။ မင်းတို့အားလုံးက ထူးချွန်တဲ့ မိန်းမတွေချည်းပဲ၊ ငါ ဘာလို့ တစ်ယောက်တည်းကိုပဲ ရွေးရမှာလဲ။ ငါ ရှောင်ကျောင်းနဲ့ ကျူးအာကို ဆုံးရှုံးခဲ့ရပြီးပြီ၊ ဒါကြောင့် မင်းတို့ထဲက တစ်ယောက်ကိုမှ ထပ်မဆုံးရှုံးချင်တော့ဘူး"
"ဒီ အရှက်မရှိတဲ့ စကားတွေက ငါ့စတိုင်နဲ့ တော်တော် တူနေပါလား" စုန့်ချင်းရှု စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ ဘေးမှ ကျောက်မင်လည်း မျက်မှောင်ကြုံ့နေပြီး ဘာတွေ တွေးနေမှန်း မသိရပေ။
"ငါးနဲ့ ဝက်ပေါင်၊ နှစ်ခုစလုံး လိုချင်လို့ မရဘူး၊ ဂိုဏ်းချုပ်ကျန်းက လောဘကြီးလွန်းနေပြီ" ကျိုးကျစ်လော့ အေးစက်စွာ ပြောလိုက်သည်။
"ငါးနဲ့ ဝက်ပေါင် ဘာလို့ နှစ်ခုစလုံး မရနိုင်ရမှာလဲ။ ငါ မင်းတို့ကို ချစ်တယ်၊ မင်းတို့ကလည်း ငါ့ကို ချစ်တယ်၊ ဘာဖြစ်လို့ အတူတူ မနေနိုင်ရမှာလဲ" ကျန်းဝူကျိ ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။
"ဟုတ်တယ်၊ အရင်တုန်းက ကျွန်မ ရှင့်ကို ကြိုက်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက် ရေစက်ကုန်သွားပြီ၊ အတူတူ ရှိဖို့ မဖြစ်နိုင်တော့ဘူး" ကျိုးကျစ်လော့ ကျန်းဝူကျိကို အံ့ဩတကြီး ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည် "ရှင် ပြောင်းလဲသွားသလိုပဲ၊ အရင်တုန်းက နူးညံ့သိမ်မွေ့ပြီး ရိုးသားတဲ့ ဝူကျိကိုကို မဟုတ်တော့ဘူး"
စုန့်ချင်းရှု ခေါင်းညိတ်လိုက်ပြီး ဘေးမှ ကျောက်မင်ကို တိုးတိုးလေး မေးလိုက်သည် "မင်းရော အဲ့ဒီလို ခံစားရလား"
ကျောက်မင်၏ မျက်နှာထား အေးစက်နေပြီး ပြန်မဖြေပေ။ စုန့်ချင်းရှု စိတ်ပျက်လက်ပျက်ဖြင့် ဆက်လက် ကြည့်ရှုနေလိုက်သည်။
ကျန်းဝူကျိ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း မကြာမီ ပုံမှန်ပြန်ဖြစ်သွားသည် "လူတိုင်း နေ့တိုင်း ပြောင်းလဲနေတာပဲလေ၊ ဒါ ဘာထူးဆန်းလို့လဲ။ ညီမကျိုးလည်း ပြောင်းလဲသွားတာပဲ မဟုတ်လား။ အရင်တုန်းက စုန့်ချင်းရှုကို လုံးဝ မကြိုက်ခဲ့ပေမဲ့၊ အခုကျတော့… အခုကျတော့ သူနဲ့ ပတ်သက်ပြီး သံယောဇဉ်တွေ ဖြစ်နေပြီမလား…"
ကျိုးကျစ်လော့ ဟွန့်ခနဲ အသံပြုလိုက်သည် "ကျွန်မကိစ္စ ရှင် ဝင်ပါစရာ မလိုဘူး"
ကျန်းဝူကျိ ဂရုမစိုက်ဘဲ ဆက်ပြောသည် "စုန့်ချင်းရှုအကြောင်း ပြောရရင်ရော၊ သူ မပြောင်းလဲဘူးလား။ အရင်တုန်းက သူ့သိုင်းပညာက ဘာမှ မဟုတ်ဘူး၊ ရှောင်ရှစ်တောင်ပေါ်မှာဆိုရင် တစ်ကိုယ်လုံး သွေးကြောတွေပြတ်သွားသေးတယ်။ ဒါပေမဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာပဲ ရုတ်တရက် နာမည်ကျော်ကြားလာပြီး သိုင်းလောကရဲ့ အထွတ်အထိပ် သိုင်းပညာရှင် ဖြစ်လာခဲ့တယ်"
စုန့်ချင်းရှု မျက်နှာ တည်ကြည်သွားသည်။ သူ မူလ စုန့်ချင်းရှု၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ကူးပြောင်းလာခြင်းသည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သည်။ မိမိက ကျန်းဝူကျိ ပြောင်းလဲသွားကြောင်း ခံစားမိသကဲ့သို့ အခြားသူများလည်း မိမိ၏ ကြီးမားသော ပြောင်းလဲမှုကို ခံစားမိနေသည် မဟုတ်လော။
ကျိုးကျစ်လော့ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ သူမတွင်လည်း အလားတူ သံသယများ ရှိနေသည်။ သို့သော် မသိစိတ်ဖြင့် ပြန်ဖြေလိုက်သည် "ရှင် အရင်တုန်းက ပြောဖူးတယ်လေ၊ ရှင့်ရဲ့ 'ယန်ကိုးပါးသိုင်း' ကိုလည်း ခွန်းလွန်တောင်ပေါ်က တစ်နေရာမှာ ရှာတွေ့ခဲ့တာပဲ။ ရှင် ကံကောင်းမှု ရနိုင်ရင် တခြားလူတွေလည်း ရနိုင်တာပဲ။ ပြီးတော့ ကျွန်မ အရင်တုန်းက သူ့ကို 'ယင်ကိုးပါးသိုင်းကျမ်း' သင်ပေးခဲ့ဖူးတယ်၊ သူ အခုလို အောင်မြင်မှု ရတာ ထူးဆန်းတာမှ မဟုတ်တာ"
"ကောင်းပြီလေ၊ သူ့သိုင်းပညာက ကံကောင်းမှုကြောင့် ရလာတယ်ပဲ ထားပါတော့" ကျန်းဝူကျိ ခွက်ထဲမှ ဝိုင်ကို မော့သောက်လိုက်သည် "ဒါပေမဲ့ သူ့စရိုက်ကရော? ငါ မှတ်မိသလောက် အရင်တုန်းကဆိုရင် စုန့်ချင်းရှုက မင်းကို အရိုးထိအောင် ချစ်ခဲ့တာ၊ တခြားမိန်းမတွေကို လှည့်တောင်မကြည့်ခဲ့ဘူး။ ကျောက်မင်လို ပြိုင်ဘက်ကင်း အလှလေးတောင် သူ့စိတ်ကို မလှုပ်ရှားစေနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခု သူက…"
ကျန်းဝူကျိ အေးစက်စွာ ရယ်မောလိုက်သည် "သူ့ဘေးမှာ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေတယ်၊ သိုင်းလောကထဲမှာ သူ မိန်းမပွေရှုပ်တဲ့ သတင်းတွေ နေရာအနှံ့ ပျံ့နှံ့နေတယ်။ ယွမ်ကျုံးဟဲ၊ ထျန်းပေါ်ကွမ်း တို့လို လူယုတ်မာတွေနဲ့ ဘာမှ မခြားဘူး။ သူက အတိတ်တုန်းက မင်းအပေါ် သစ္စာရှိခဲ့တဲ့ စုန့်ချင်းရှု ဟုတ်သေးရဲ့လား"
ကျန်းဝူကျိ၏ စကားကို ကြားသောအခါ ကျောက်မင် ဘေးမှ ယောက်ျား၏ ခန္ဓာကိုယ်ကို လက်ညှိုးဖြင့် ထိုးလိုက်သည် "လူယုတ်မာလေး၊ ရှင်က ကျွန်မကို မျက်စိထဲမထည့်ဘူးဆို"
"မင်းက ငါ့စိတ်ကို မလှုပ်ရှားစေနိုင်ဘူးလို့ ဘယ်သူကပြောလဲ။ ဒီလောက် လှပတဲ့ မိန်းမပျိုလေးကို ဘယ်ယောက်ျားက မကြိုက်ဘဲ နေမလဲ" စုန့်ချင်းရှု သူမ၏ နူးညံ့သော ပါးပြင်လေးကို လက်ချောင်းဖြင့် ဖွဖွလေး ပွတ်သပ်လိုက်သည်။ သူမ၏ အသားအရေ နူးညံ့ချောမွေ့မှုကို ချီးကျူးရင်း စိတ်ထဲတွင် တိတ်တဆိတ် ဖြည့်စွက်တွေးလိုက်သည် 'အထူးသဖြင့်… မင်းက ကျန်းဝူကျိရဲ့ ချစ်သူ ဖြစ်နေလို့လေ'
ကျောက်မင် မသိစိတ်ဖြင့် နောက်သို့ ယိမ်းလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည် "တွေ့တာနဲ့ ကိုင်ဖို့ပဲ စဉ်းစားနေတယ်၊ လူယုတ်မာကြီး"
"အစားကို ကြိုက်သလို စားလို့ရပေမဲ့ စကားကို ကြိုက်သလို ပြောလို့ မရဘူးနော်" စုန့်ချင်းရှု လက်ညှိုးလေး လှုပ်ခါပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် "မင်းက လူယုတ်မာ၊ လူယုတ်မာနဲ့ ပြောနေပေမဲ့ ငါက အများဆုံး ကိုင်ရုံပဲ ကိုင်တာပါ၊ ဘယ်တုန်းက မင်းကို ယုတ်မာဖူးလို့လဲ"
"လူဆိုးကောင်" ကျောက်မင် မျက်စောင်းထိုးလိုက်ပြီး သူနှင့် ငြင်းခုံမနေတော့ဘဲ ဆက်လက် နားထောင်လိုက်သည်။
ဇရပ်ထဲတွင် ကျိုးကျစ်လော့လည်း ကျန်းဝူကျိ၏ စကားကြောင့် နာကျင်သွားပုံရသည်။ သူမလည်း စုန့်ချင်းရှုဘေးတွင် အခြားမိန်းမများ ရှိနေသည်ကို အကြိမ်ကြိမ် တွေ့ခဲ့ရသည်။ သို့သော် သူမအမြင်တွင် စုန့်ချင်းရှု၏ ပုံမှန်မဟုတ်သော အပြုအမူများသည် အတိတ်က ရှောင်ရှစ်တောင်ပေါ်တွင် မိမိနှင့် ကျန်းဝူကျိတို့၏ မရေရာသော ဆက်ဆံရေးကို တွေ့ရှိလိုက်ရပြီး ဝမ်းနည်း ဒေါသထွက်ကာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်တော့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆထားသည်။
ရှောင်ရှစ်တောင်ပေါ်မှ ဆင်းလာပြီး မကြာမီ သူမ ‘ဆယ်မျိုးစပ်အကြောပျော့ဆေး' မိပြီး တစ်ကိုယ်လုံး အားအင်မရှိဘဲ သူ့စိတ်ကြိုက်… ဖြစ်ခဲ့ရသည့် ညကို ပြန်တွေးမိပြီး ကျိုးကျစ်လော့၏ မျက်နှာ နီလိုက်ဖြူလိုက် တလှည့်စီဖြစ်သွားသည်။
"သူ မိန်းမရှုပ်တာဖြစ်စေ၊ သစ္စာရှိတာဖြစ်စေ၊ ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ၊ ဂိုဏ်းချုပ်ကျန်း စိတ်ပူစရာ မလိုပါဘူး" ကျိုးကျစ်လော့ စိတ်ရှုပ်ထွေးစွာဖြင့် မတ်တပ်ရပ်လိုက်သည် "အခု မိုးချုပ်နေပြီ၊ ဂိုဏ်းချုပ်ကျန်းမှာ တခြားကိစ္စ မရှိတော့ရင် ကျွန်မ ပြန်ခွင့်ပြုပါဦး"
ကျန်းဝူကျိ ဆိုးသွမ်းစွာ ပြုံးလိုက်သည် "ကျစ်လော့၊ မင်းစိတ်ထဲမှာ ငါ မရှိတော့ရင် ငါ့ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး ညသန်းခေါင်ကြီး ဘာလို့ လာတွေ့ရတာလဲ"
ကျိုးကျစ်လော့ အေးစက်စွာ ပြန်ဖြေလိုက်သည် "ကျွန်မက ဘာပဲဖြစ်ဖြစ် အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်လေ။ ပြီးတော့ ဂိုဏ်းချုပ် တစ်ယောက် အနေနဲ့၊ ဂုဏ်သိက္ခာကို ထည့်စဉ်းစားရမယ်။ ဒီည လာခဲ့တာက၊ ငယ်ငယ်ကတည်းက သိကျွမ်းခဲ့တဲ့ သံယောဇဉ်ကို ထောက်ထားပြီး၊ ရှင် ဘာကိစ္စ ရှိလဲ ဆိုတာ လာကြည့်တာ။ ရှင် ပြောနေတာတွေက ဒီ ဟောင်းနွမ်းနေတဲ့ ဇာတ်လမ်းတွေပဲ ဆိုရင်တော့၊ နောင်ဆိုရင် မတွေ့တာ ပိုကောင်းမယ်။"
ကျိုးကျစ်လော့ ကျန်းဝူကျိနှင့် ပြတ်ပြတ်သားသား စည်းခြားလိုက်သည်ကို မြင်သောအခါ စုန့်ချင်းရှု၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဘေးမှ ကျောက်မင်လည်း မနေနိုင်ဘဲ သူ့ကို လှည့်ကြည့်လိုက်သည်။
ကျိုးကျစ်လော့နှင့် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့သော ကျောက်မင်သည် အတိတ်က ကျိုးကျစ်လော့ ကျန်းဝူကျိအပေါ် ထားရှိသော သံယောဇဉ်ကို ကောင်းကောင်း သိသည်။ မထင်မှတ်ဘဲ ယခု သူမသည် မျက်စိရှေ့မှ ဤယောက်ျား အတွက်၊ အတိတ်က အချစ်ဟောင်းကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်သည်။ ဒီ ကောင်စုတ်မှာ အဲ့ဒီလောက်တောင် ဆွဲဆောင်မှု ရှိနေလို့လား။
"ကျစ်လော့၊ မင်း တကယ်ပဲ ရက်စက်တော့မှာလား" ကျိုးကျစ်လော့ ထွက်ခွာရန် ပြင်နေသည်ကို မြင်သောအခါ ကျန်းဝူကျိ အလိုလို လက်လှမ်းဆွဲလိုက်သည်။
စုန့်ချင်းရှု မျက်မှောင်ကြုံ့လိုက်ပြီး ထွက်သွားရန် ပြင်လိုက်စဉ် ပခုံးပေါ်တွင် လက်သေးသေးလေး တစ်ဖက် လာရောက် ဖိနှိပ်သည်ကို ခံစားလိုက်ရပြီး ကျောက်မင် ပြောလိုက်သည်ကို ကြားလိုက်ရသည် "ရှင် ဒီမှာ အရင် ပုန်းနေ၊ ကျွန်မ ထွက်သွားမယ်၊ ခဏနေ ကျွန်မခေါ်မှ ထွက်လာခဲ့"
စုန့်ချင်းရှု ပြန်စဉ်းစားလိုက်သည်။ ဤမိန်းမနှစ်ယောက် ရှေ့မှောက်တွင် ကျန်းဝူကျိ လျှို့ဝှက်ချက် တစ်ခုခု ထုတ်ပြောလာနိုင်သည်ဟု တွေးမိပြီး ခေါင်းညိတ် သဘောတူလိုက်သည်။
ကျန်းဝူကျိ လက်လှမ်းလာသည်ကို မြင်သောအခါ ကျိုးကျစ်လော့ ဘေးသို့ ရှောင်တိမ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်သည် "ဂိုဏ်းချုပ်ကျန်း ကိုယ့်ကိုယ်ကိုယ် လေးစားပါ"
ကျန်းဝူကျိ၏ မျက်လုံးထဲတွင် အံ့ဩသည့် အရိပ်အယောင် ပေါ်လာသည် "ညီမကျိုး၊ မတွေ့တာ ကြာပြီ၊ မင်းရဲ့ 'ယင်ကိုးပါးသိုင်းကျမ်း' က ဒီလောက် မြင့်မားသွားလိမ့်မယ်လို့ မထင်ထားဘူး"
ပြောရင်းနှင့် သူမအနားသို့ ထပ်မံ တိုးကပ်ရန် ကြံရွယ်လိုက်စဉ် ရုတ်တရက် အဝေး သစ်ပင်ကြီးပေါ်မှ ဟွန့်ခနဲ အသံတစ်သံ ကြားလိုက်ရသည်။ ကျန်းဝူကျိ ကြောင်သွားပြီး စုန့်ချင်းရှုတို့ ရှိရာဘက်သို့ လှည့်ကြည့်ကာ ဒေါသတကြီး မေးလိုက်သည် "ဘယ်သူလဲ!"
ကျောက်မင် စုန့်ချင်းရှုကို ခေါင်းညိတ်ပြလိုက်ပြီး ကိုယ်ဟန်ပေါ့ပါးစွာ ခုန်ဆင်းသွားကာ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည် "ကျွန်မပဲ"
ကျောက်မင်၏ ရုပ်ရည်ကို မြင်လိုက်ရသောအခါ ကျိုးကျစ်လော့ လန့်သွားသည်။ ဘေးမှ ကျန်းဝူကျိ၏ မျက်နှာ ပျက်သွားသည်ကို သတိပြုမိပြီး စိတ်ထဲတွင် အံ့ဩသွားသည် 'ရှောင်ရှစ်တောင်ပေါ်တုန်းက သူတို့နှစ်ယောက် အတော်လေးချစ်နေကြတာ မဟုတ်ဘူးလား၊ အခု ဘာလို့ သူတို့နှစ်ယောက်ကြားက အခြေအနေက ထူးဆန်းနေရတာလဲ'
ကျန်းဝူကျိ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု လျင်မြန်စွာ ပေါ်လာသည် "မင်မင်၊ နောက်ဆုံးတော့ မင်းကို ပြန်တွေ့ရပြီ။ အဲ့ဒီနေ့က မင်း ဘာလို့ နှုတ်မဆက်ဘဲ ထွက်သွားရတာလဲ"
ကျောက်မင်သည် လက်နောက်ပစ်ကာ ဇရပ်ထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည် "ဒီမေးခွန်းကို ရှင့်ကိုယ်ရှင် ပြန်မေးသင့်တယ်"
"ကိုယ့်ကိုယ်ကိုယ်?" ကျန်းဝူကျိ အားတင်း ပြုံးလိုက်သည် "ငါ့ကိုယ်ငါ ဘာမေးရမှာလဲ"
ဘေးမှ ကျိုးကျစ်လော့ အနေရခက်သွားပြီး အေးစက်စွာ ပြောလိုက်သည် "ရှင်တို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောကြပါ၊ ကျွန်မ အရင် သွားတော့မယ်"
"နေပါဦး" ကျောက်မင် သူမကို လှမ်းတားလိုက်ပြီး အဓိပ္ပါယ်နှစ်ခွဖြင့်ပြောလိုက်သည် "နင် ထွက်သွားရင် တစ်ယောက်ယောက်က စိတ်ပျက်သွားလိမ့်မယ်"
ကျိုးကျစ်လော့သည် သူမ ဆိုလိုသည်မှာ စုန့်ချင်းရှု ဖြစ်ကြောင်း မသိပေ။ ကျောက်မင်က ကျန်းဝူကျိကို ပြုံးစိစိဖြင့် ကြည့်နေသည်ကို မြင်သောအခါ သူမကို လှောင်ပြောင်နေသည်ဟု ထင်မှတ်ပြီး ဟွန့်ခနဲ အသံပြုကာ လှည့်ထွက်သွားလေသည်။
"ကျွန်မတို့ ဆက်ပြောမယ့် ကိစ္စတွေက ကျိုးမိန်းကလေးနဲ့လည်း သက်ဆိုင်နေတယ်၊ ကျိုးမိန်းကလေး ဆက်နေပြီး နားထောင်သင့်တယ်" ကျောက်မင် အေးဆေးစွာ ပြောလိုက်သည်။
ကျိုးကျစ်လော့၏ ခြေလှမ်း ရပ်တန့်သွားသည်။
ကျောက်မင် သူမကို ဂရုမစိုက်တော့ဘဲ ကျန်းဝူကျိဘက်သို့ လှည့်ကြည့်လိုက်သည်။ အတိတ်က ချစ်သူ၏ ချောမောသော မျက်နှာကို ကြည့်ရင်း ရင်ထဲတွင် နာကျင်သွားသည် "ကျန်းဝူကျိ၊ ကျွန်မ ဒီတစ်ခေါက် လာတာ ရှင့်ကို မေးခွန်း သုံးခု မေးချင်လို့"
ကျန်းဝူကျိ နူးညံ့စွာ ပြုံးလိုက်သည် "မင်း သိချင်ရင် သုံးခု မကလို့၊ အခုသုံးဆယ်၊ သုံးရာ ဖြစ်ပါစေ၊ ငါ မင်းကို တစ်ခုချင်းစီ ဖြေပေးပါ့မယ်"
ကျောက်မင် မျက်နှာသေဖြင့် ကျိုးကျစ်လော့ကို လှမ်းကြည့်လိုက်သည် "ဂိုဏ်းချုပ်ကျိုး၊ ကျန်းဝူကျိ အရင်တုန်းက ဒီလို လေလုံးထွားတဲ့ လေသံမျိုးနဲ့ စကားပြောတတ်သလား"