အခန်း ၃၉ ကလေးရဲ့အလိမ်ခံလိုက်ရတဲ့ အော့မေဂိုဏ်းခေါင်းဆောင်
"မင်ဂိုဏ်းက ကျန်းဝူကျိနဲ့ယှဉ်ရင်ရော ဘယ်လိုလဲ။" စုန့်ချင်းရှုက ဒီနာမည်ကို ပြောတော့ ကျိုးကျစ်လော့နဲ့ သူတို့ရဲ့ ချစ်ကြည်နူးတဲ့ ပုံရိပ်တွေကို တွေးမိပြီး စိတ်အနှောင့်အယှက် ဖြစ်သွားတယ်။
"ကျန်းဂိုဏ်းချုပ်ရဲ့ ကောင်းကင်ရွေ့လျားခြင်း သိုင်းပညာက အံ့သြဖို့ ကောင်းတယ်။ အရင်တုန်းက ကွမ်မင်တောင်မှာ ဂိုဏ်းကြီး ခြောက်ခုရဲ့ သိုင်းသမားတွေကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တယ်။ မင်းရဲ့ သိုင်းပညာက ကျန်းဂိုဏ်းချုပ်နဲ့ ယှဉ်ရင် အားနည်းနေသေးတယ်။" ခူရုံဆရာတော်က ခဏလောက် စဉ်းစားပြီး သူ့ရဲ့ အဖြေကို ပေးလိုက်တယ်။
"အခု ဆရာတော် သိပြီလား။ ကျွန်တော်က ဘာလို့ အကြောခြောက်သွယ်နတ်ဓားသိုင်းကို လိုချင်သေးလဲဆိုတာ။" စုန့်ချင်းရှုက ခါးသက်စွာ ရယ်လိုက်တယ်။ ဒီစကားကို ပြောလိုက်တာနဲ့ အကြောခြောက်သွယ်နတ်ဓားသိုင်းက သူ့အတွက် မရနိုင်တော့ဘူးဆိုတာကို သိလိုက်တယ်။ ဒါပေမဲ့ သူက ဒီလိုလူမျိုးပဲ။ တခါတလေမှာ မရိုးသားတဲ့ လုပ်ရပ်တွေ လုပ်ပေမဲ့ သူ့မှာ ကိုယ်ပိုင် ဂုဏ်သိက္ခာနဲ့ မာန ရှိတယ်။ တခါတလေမှာ သူက မရိုးမသား မလုပ်ချင်ဘူး။ လိမ်ညာဖို့လည်း ရှက်တယ်။
သူ့ရဲ့ စကားကို ကြားတော့ ခူရုံက ဗုဒ္ဓရဲ့အမည်ကို ရွတ်ဆိုလိုက်တယ်။ "လူငယ်လေးက ရိုးရိုးသားသားပြောတော့ မင်းက ရိုးသားတဲ့ လူတစ်ယောက်ဆိုတာကို သိလိုက်တယ်။ ဒါပေမဲ့ ငါတို့ရဲ့ ဂိုဏ်းရဲ့ အကြောခြောက်သွယ်နတ်ဓားသိုင်းက အပြင်လူတွေကို မသင်ပေးဘူး။ ငါက ရာစုနှစ်ပေါင်းများစွာ သွမ့်ရဲ့ အပြစ်သား မဖြစ်ချင်ဘူး။ နားလည်ပေးပါ"
"ကျွန်တော် နားလည်ပါတယ်။ ဒီည ဆရာတော်တို့ကို အနှောင့်အယှက် ပေးမိလို့ ခွင့်လွှတ်ပေးပါ။" စုန့်ချင်းရှုက ပြောပြီး ရယ်မောကာ လှည့်ထွက်သွားတယ်။
ဆရာတော်တွေကလည်း မတားတော့ဘူး။ စုန့်ချင်းရှု ထွက်သွားတာကို ကြည့်ပြီး ဘင်ချန်က တွေးလိုက်သည်။ ဒီကစပြီး သိုင်းလောကမှာ ပြဿနာတွေ များလာတော့မှာပဲ။
ကောင်းကင်နဂါးကျောင်းက ထွက်လာပြီးနောက် စုန့်ချင်းရှုက စိတ်ထဲမှာ နောင်တရနေတယ်။ အဲဒီ ရဟန်းအိုတွေကို စိတ်ဝင်စားအောင် လုပ်နိုင်ခဲ့ပြီးမှ ဘာလို့ မာနကြီးနေရတာလဲ။ ဒါပေမဲ့ ဒီအတွေးက ခဏလေးပဲ။ စိတ်ထဲမှာ မရှင်းရင် အကြောခြောက်သွယ်နတ်ဓားသိုင်း ရလို့ ဘာလုပ်မှာလဲ။ သူက သူ့ကိုယ်သူ နှစ်သိမ့်လိုက်တယ်။ ကမ္ဘာပေါ်မှာ အံ့သြဖို့ ကောင်းတဲ့ သိုင်းပညာတွေ အများကြီး ရှိတယ်။ ဘာလို့ တစ်ခုတည်းကိုပဲ လိုချင်နေရမှာလဲ။
ဒီလို တွေးလိုက်တာနဲ့ စုန့်ချင်းရှုက ပြန်ပြီး ပျော်သွားတယ်။ ပြီးတော့ စိတ်အားထက်သန်စွာနဲ့ သိုင်းကျမ်းတွေကို ဆက်ရှာဖို့ ထွက်လာခဲ့တယ်။
မြောက်ပင်လယ်နတ်ဘုရားသိုင်းပညာ၊ လှိုင်းခုန်ခြေလှမ်းနဲ့ အဲဒီ အကြောခြောက်သွယ်နတ်ဓားသိုင်းကတော့ မရတော့ဘူး။ ကျန်တဲ့ သိုင်းကျမ်းတွေကို သေချာ စဉ်းစားရမယ်။ ယန်ကိုးပါးသိုင်းပညာက ခွန်လွန်တောင်မှာ ရှိတယ်။ ရှာရတာ မလွယ်ဘူး။ ပြီးတော့ ငါ့မှာ နတ်မြတ်ကျမ်းနဲ့ ယင်ကိုးပါးသိုင်းကျမ်း ရှိတော့ ယန်ကိုးပါသိုင်းက သူ့အတွက် သိပ်အသုံးမဝင်ဘူး။ ပြီးတော့ အဲဒါက ကျန်းဝူကျိရဲ့ သိုင်းပညာပဲ။ တွေးလိုက်တာနဲ့ စိတ်ပျက်တယ်။ စုန့်ချင်းရှုက ခွန်လွန်တောင်ကို သွားဖို့ စိတ်ကူးကို မြန်မြန် ဖျက်လိုက်တယ်။
တောင်ပိုင်းပင်လယ်က ဆံဖြူနတ်ဘုရားကျမ်းကတော့ ဝါးတိုးဝါးနိုင်လွန်းတယ်။ ပင်လယ်က အရမ်း ကျယ်တယ်။ သူရဲကောင်းကျွန်းကို မရောက်ခင်မှာ ငါးဗိုက်ထဲ(ငါးစာ) ရောက်သွားမှာပဲ။ ခေါင်းခါပြီး ဒီအစီအစဉ်ကို ဖျက်လိုက်တယ်။
မကောင်းဆိုးဝါးဓားကျမ်း ... အမ်၊ နောက်တစ်ခု။
မန်တိုအိမ်တော်ရဲ့ ဟန်ရှီခန်းမမှာ ရုပ်မဲ့သိုင်း ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ယန်ကိုးပါးသိုင်းကျမ်းတောင် သူ့အတွက် အသုံးမဝင်ဘူးဆိုတော့ ရုပ်မဲ့သိုင်းငယ်က ဘာလုပ်မှာလဲ။ မြန်မြန် ပယ်ချလိုက်တယ်။
ရှေးသင်္ချိုင်းဂူဂိုဏ်းရဲ့ ကျောက်စိမ်းနှလုံးသားဓားကွက်က သင်လို့မရဘူး။ ဘယ်ဘက်လက်နဲ့ စက်ဝိုင်းဆွဲ၊ ညာဘက်လက်နဲ့ စတုရန်းဆွဲ။ စုန့်ချင်းရှုက အကြိမ်အနည်းငယ် စမ်းကြည့်တယ်။ သဲပြင်က စက်ဝိုင်းမဟုတ်၊ စတုရန်းမဟုတ်တဲ့ ပုံနှစ်ခုကို ကြည့်ပြီး စိတ်ထဲကနေ မကျေမနပ် ရေရွတ်လိုက်တယ်။ ငါ ဒီလောက် ဉာဏ်ကောင်းတာတောင် ဘယ်ညာလက်နှစ်ဖက် သိုင်းကွက်ကို မသင်နိုင်ဘူး။ ဒါဆိုရင် ကျောက်စိမ်းမယ်နှလုံးသားဓားကွက်ကိုလည်း လေ့ကျင့်လို့ မရတော့ဘူး။ ပြီးတော့ ဒီလိုပုံမကျတဲ့ ဓားကွက်က ငါ့ရဲ့ တည်ကြည်ခန့်ညားတဲ့ အသွင်အပြင်နဲ့ မလိုက်ဘူး။
ဓားတစ်လက်ရယ် ၊နှင်းလို ဖြူစင်တဲ့ဝတ်စုံရယ် ကောင်းကင်မှာပျံသန်းနေတဲ့ အင်မော်တယ်လို။ အဲဒါက ယောက်ျားတွေ အားလုံး လိုချင်တဲ့ အသွင်အပြင်ပဲ။
အခု သူ့ရဲ့ ပန်းတိုင်က Condor ချိုင့်ဝှမ်းက တုကူးရဲ့ အမွေအနှစ်နဲ့ ဟွာရှန်းရဲ့ တုကူးဓားကိုးကွက်ပဲ။
ဒဏ္ဍာရီထဲက နတ်ဘုရားဆန်တဲ့ ဓားသိုင်းကို တွေးလိုက်တာနဲ့ စုန့်ချင်းရှု စိတ်တွေ တက်ကြွလာပြီး ညတွင်းချင်း ခရီးဆက်ခဲ့တယ်။
ဟူပေပြည်နယ်၊ ရှန်းယန်မြို့ပြင်က ချောက်နက်ထဲမှာ စုန့်ချင်းရှုက မတော်တဆ နင်းမိတဲ့ အနံ့ဆိုးတဲ့ ငှက်ချေးကြောင့် မျက်နှာပျက်သွားပြီး တံတွေးထွေးလိုက်တယ်။ "ဒီ ရူးကြောင်ကြောင် ငှက်ကြီးက ချေးပါရင်တကယ်များတာပဲ!"
အဲဒီအရာကို အခြေခံပြီး စုန့်ချင်းရှုက တုကူးရဲ့ သင်္ချိုင်းကို တွေ့လိုက်တယ်။ ကျောက်တုံးပုံကို ကြည့်ပြီး နံရံပေါ်က ခွန်အားကြီးတဲ့ စကားတွေကို ကြည့်ပြီး စုန့်ချင်းရှုက တော်တော်ကြာ တိတ်ဆိတ်သွားပြီး နောက်ဆုံးမှာ သူက ကျိန်ဆဲလိုက်တယ်။ ဒီအသုံးမကျတဲ့စာတွေက ဘာလုပ်ရမှာလဲ၊ မင်း သိုင်းကျမ်းတစ်အုပ်လောက် ချန်ထားခဲ့ပါလား
ရန်ကော်က ဘာလို့ သံမဏိ ဓားကြီး တစ်လက်နဲ့ လပေါင်း အနည်းငယ်အတွင်းမှာ သိုင်းပညာက အရမ်း ကောင်းသွားပြီး ယင်ခီရှီ၊ ရှောင်ရှန်းဇီကို ချက်ချင်း သတ်နိုင်ပြီး ရွှေဘီးအမတ်ကို အနိုင်ယူနိုင်ခဲ့တာလဲ။ ဓားသင်္ချိုင်းကို အကုန်ရှာပေမဲ့ ဘာလျှို့ဝှက်သိုင်းကျမ်းကိုမှ မတွေ့ဘူး။
"သူခိုးဆိုတာ ဗလာနဲ့ မပြန်ဘူး။ မဟုတ်ရင် နောက်တစ်ခါကံဆိုးလိမ့်မယ်
စုန့်ချင်းရှုက တုကူးရဲ့ သစ်သား ဓားကို ကောက်ပြီး နောက်ကျောမှာ သိမ်းလိုက်တယ်။ ရုတ်တရက် သတိရသွားပြီး တံတွေးနှစ်ချက် ထွေးလိုက်တယ်။ သွမ့်ယွီဆိုတဲ့ကောင်က ငါ့ရဲ့ ကံကောင်းခြင်းတွေကို လုယူသွားတာနဲ့ တူတယ်။ ကန့်သတ်မဲ့ကျောက်စိမ်းဂူ (Wuliang Jade Cave) ကို သွားပြီးကတည်းက ငါ ဘာမှ မရခဲ့ဘူး!"
"ဟွာရှန်းတောင် ရဲ့ ဆင်ခြင်ခြင်းချောက်ကမ်းပါး ကို သွားရင် ဘာမှ မရဘူးဆိုတာ ငါ မယုံဘူး!" လို့ စုန့်ချင်းရှုစိတ်ထဲကနေ ပြင်းပြင်းထန်ထန် ဆုံးဖြတ်ပြီး နေ့ရောညပါ ခရီးဆက်ခဲ့တယ်။
ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးတဲ့ ဒုန်းထင်းရေကန်က ဘိုင်မာကျောင်း ဆေးဘုရင်အိမ်ကြီးမှာ ဟူဖေးနဲ့ ချန်လင်ဆူတို့က မျက်လုံးပြူးလျက် ရှေ့က လှပတဲ့ အမျိုးသမီးကို ကြည့်နေကြတယ်။ "ဒီလှပတဲ့ အဒေါ်က တကယ်ကို စုန့်အစ်ကိုရဲ့ မိန်းမလား" လို့ မေးလိုက်တယ်။
ကျိုးကျစ်လော့က စိတ်ထဲမှာ မကျေနပ်ပေမဲ့ ပြုံးပြီး ပြောလိုက်တယ်။ "ဟုတ်တယ်၊ မောင်လေး။ ချင်းရှုက တကယ်ကို အဒေါ်ရဲ့ ခင်ပွန်းပဲ။ သူရဲ့ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် အဒေါ်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ တစ်ယောက်တည်း ကမ္ဘာလှည့်ပြီး ကုသဖို့နည်းလမ်း ရှာနေတယ်။ အဒေါ်က စုန့်ကျိုးက သမားတော်ရှီနဲ့ ခိုင်ဖုန်းက ဖျင်ယိကျိကို သွားတွေ့ပြီးပြီ။ မကြာသေးခင်ကမှ ချင်းရှု ဒီဆေးဘုရင်ရွာ အနီးအနားမှာ ပေါ်လာတယ်လို့ ကြားလို့ အတော်လေး ရှာဖွေပြီးမှ ရောက်လာတာ။ ညီလေးနဲ့ ညီမလေး၊ သူ ဘယ်သွားလဲဆိုတာ အဒေါ်ကို ပြောပြပါလား?"
အမှန်တော့ ကျိုးကျစ်လော့ က စုန့်ချင်းရှုကို ဘယ်နေရာမှ ရှာမတွေ့လို့ နောက်ဆုံးတော့ ဆေးဘုရင်ရွာကို ရောက်လာတာ။ ဒါပေမဲ့ သူမဟာ အဆိပ်လက် သမားတော်ဘုရင် ရဲ့ နာမည်ကို ကြောက်ရွံ့တာကြောင့် အတင်းအဓမ္မ မလုပ်ရဲဘဲ လိမ္မာပါးနပ်စွာ လိမ်လည်ခဲ့တယ်။
"ဟွန့်၊ စုန့်အစ်ကိုကြီးက တကယ်ကို ရိုးသားတဲ့လူကောင်းလို့ ထင်နေတာ၊ အိမ်မှာ ဇနီး ရှိပြီးသားကို ဘာလို့ ငါ့အမေကို လာပတ်သက်နေတာလဲ!" လို့ ဟူဖေးလေးက စိတ်ဆိုးမာန်ဆိုး ပြောလိုက်တယ်။
"ဟုတ်တယ် ဟုတ်တယ်၊ အဲ့ဒီတုန်းက သူ့မျက်လုံးတွေက ငါ့ကို စိုက်ကြည့်နေတာ၊ အဲ့ဒီကတည်းက သူက ဘယ်လိုမှ ကောင်းတဲ့လူ မဟုတ်ဘူးဆိုတာ သိလိုက်တယ်" ဘေးနားက ချန်လင်ဆူက လက်ခုပ်တီးပြီး ထောက်ခံတယ်။
"ဒါဆိုရင် သူ ဘယ်သွားလဲဆိုတာ အဒေါ်ကို ပြောပြနိုင်မလား?" ဘာကြောင့်မှန်းမသိပေမဲ့ ကလေးနှစ်ယောက် စုန့်ချင်းရှုကို ဆဲဆိုနေတာကို နားထောင်ရင်း ကျိုးကျစ်လော့ စိတ်ထဲမှာ ပျော်ရွှင်မှု တစ်မျိုး ခံစားလိုက်ရတယ်။
"သူက ဆရာ့ဆီက နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ဂျင်ဆင်းက လူသေကို ရှင်စေနိုင်တယ်၊ ကျိုးနေတဲ့ အရိုးနဲ့ ပြတ်သွားတဲ့ အကြောတွေကို ပြန်ကောင်းစေနိုင်တယ်လို့ ကြားပြီး အဲ့ဒါကို ရှာဖို့ ချန်ပိုင်တောင်ကို အူကြောင်ကြောင်နဲ့ ထွက်သွားတာ" လို့ ဟူဖေးက ရယ်မောပြီး ပြောလိုက်တယ်။
ချန်လင်ဆူရဲ့ မျက်လုံးတွေ တောက်ပသွားပြီး သူမလည်း လိုက်ပြီး ပြောလိုက်တယ်။ "ငါ့ဆရာက အဲ့ဒီတုန်းက နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ဂျင်ဆင်းက ဒဏ္ဍာရီထဲမှာပဲ ရှိတယ်လို့ ပြောပြီး သူ့ကို သိပ်ပြီး မျှော်လင့်ချက်မထားဖို့ပြောခဲ့တယ်။ ဒါပေမဲ့ သူ နားထောင်ပြီးတာနဲ့ ညတွင်းချင်း အရှေ့မြောက်ဘက်ကို ထွက်သွားတာပဲ"
စုန့်ချင်းရှုရဲ့ လမ်းကြောင်းကို သိသွားပြီးနောက် ကျိုးကျစ်လော့ စိတ်ထဲမှာ အလွန်ဝမ်းသာသွားပြီး ကလေးနှစ်ယောက်ကို အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်တယ်။ ဘေးက မြင်းကောင်းတစ်ကောင်ပေါ် ခုန်တက်ပြီး အရှေ့မြောက်ဘက်ကို အလျင်အမြန် ထွက်ခွာသွားတယ်။ စိတ်ထဲမှာ စုန့်ချင်းရှုကို တွေ့ရင် အရှင်မထားတော့ဘူးလို့ တွေးနေသည်။
ကျိုးကျစ်လော့ အတော်ဝေးဝေး ရောက်သွားတာကို မြင်တော့ ချန်လင်ဆူက မဲ့ပြုံးလေးနဲ့ ဟူဖေးကို တစ်ချက် လှည့်ကြည့်လိုက်သည်။ "ဟူဖေးအစ်ကို၊ အဲ့ဒီ အမျိုးသမီးကို ဘာလို့ လိမ်ညာပြောတာလဲ?"
ဟူဖေး လက်နှစ်ဖက်ကို ပိုက်ပြီး လူကြီးပုံစံနဲ့ ဟန်လုပ်လိုက်တယ်။ "သူတို့က ငါတို့ကို ကလေးတွေမို့ လိမ်လို့ရတယ်လို့ ထင်နေတာ။
စုန့်အကိုကြီးရဲ့ မိန်းမလို့ ပြောနေပေမဲ့ သူ့မျက်လုံးထဲမှာ အမုန်းတွေ ပြည့်နေတာ ငါ မသိဘူးလို့ ထင်နေလား?
ငါ ဘယ်လိုကြောင့် စုန့်အကိုကြီး ဘယ်သွားလဲဆိုတာ သူ့ကို အမှန်အတိုင်း ပြောရဲမှာလဲ?"
မိန်းမချင်း ကိုယ်ချင်းစာနာစိတ်နဲ့ ချန်လင်ဆူက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။ "သူပြောတာ အမှန်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ? စုန့်ဦးလေးက စပြီး ဖောက်ပြန်ပြီး သူမက လက်စားချေချင်နေတာဆိုရင် ဘယ်လိုလုပ်မလဲ?"
ဟူဖေးက ရှက်ပြုံးနဲ့ "စုန့်အကိုကြီးနဲ့ ငါ့အမေနဲ့ အတူရှိနေတာ၊ ဒီမိန်းမက တကယ်ကို မကောင်းတဲ့ ရည်ရွယ်ချက် ရှိရင် ငါ့အမေက မသိဘဲနဲ့ စုန့်အကိုကြီးကို ကာကွယ်ပေးမှာ သေချာတယ်။ တကယ်လို့ တိုက်ခိုက်ကြရင် ငါ့အမေ ဒဏ်ရာရရင် ဘယ်လိုလုပ်မလဲ? ပြဿနာတစ်ခု ပိုလာတာထက် မရှိတာက ပိုကောင်းတယ်။ သူ့ကို လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရှေ့မြောက်ဘက်ကို လိမ်ညာပြီး ပို့လိုက်တာ ပိုကောင်းတယ်၊ ဟဲဟဲ......"
"ဟူဖေးအစ်ကို၊ မင်း ပိုဆိုးလာပြီ" လို့ ချန်လင်ဆူက ချိုသာတဲ့ အသံလေးနဲ့ ရယ်မောလိုက်တယ်။
"အွန်း၊ မင်းဆီက သင်ယူခဲ့တာ မဟုတ်ဘူးလား......"
အဲ့ဒီလိုနဲ့ ကလေးနှစ်ယောက်ရဲ့ လှည့်စားခံရပြီး သနားစရာ အော့်မေဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ အရှေ့မြောက်ဘက်က နှင်းတွေထူထပ်တဲ့ဒေသကို ရောက်သွားခဲ့တယ်......