အခန်း (၃၈) ယင်ကိုးပါးသိုင်းကျမ်းနဲ့ အကြောခြောက်သွယ်နတ်ဓားသိုင်း
စုန့်ချင်းရှုက လက်ဝါးရဲ့ တန်ပြန်အားကို သုံးပြီး လေထဲမှာ ပေအနည်းငယ် ရွှေ့လိုက်တယ်။ အောက်က ကိုယ်တော်ငါးပါးရဲ့ ဓားစွမ်းအင်ကို ရှောင်လိုက်တယ်။ သူတို့ အတွင်းအား ပြန်စုစည်းနေတဲ့ အချိန်မှာ နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ရဲ့ "နဂါးလေဟုန်စီး" ကို အပေါ်ကနေ အောက်ကိုတိုက်ခိုက်လိုက်တယ်။ ကိုယ်တော်တွေက အလျင်အမြန် လက်ဝါးနဲ့ ခုခံလိုက်ကြတယ်။ လက်ဝါးချင်း ထိလိုက်တဲ့ အချိန်မှာ အတွင်းဒဏ်ရာ အနည်းငယ် ရသွားကြသည်။
စုန့်ချင်းရှုက ကံကောင်းတယ်လို့ အော်လိုက်တယ်။ ကံကောင်းထောက်မစွာ ဒီလူတွေရဲ့ အတွင်းအားက အားနည်းတယ်။ သူတို့က ဓားတစ်ချက် သုံးပြီးတိုင်း စက္ကန့်အနည်းငယ်ကြာ အတွင်းအား ပြန်စုစည်းရတယ်။ ဓားကွက်တွေနဲ့ ကာကွယ်လို့ ရပေမဲ့ သူက အပေါ်ကနေ တိုက်ခိုက်လို့ သူ့ရဲ့ လက်ဝါးအားက နှစ်ဆလောက် အားကောင်းတယ်။ ဒါကြောင့် သူတို့က သတိမထားဘဲ သူ့ရဲ့ လက်ဝါးချက်ကြောင့် ဒဏ်ရာရသွားကြသည်။ ဒါပေမဲ့ သူ့ရဲ့ သွေးကလည်း ဆူပွက်နေတာကြောင့် အတွင်းအားကို တိတ်တဆိတ် ထိန်းညှိနေရသည်။
"ရပ်တော့!" ခူရုံဆရာတော်က နောက်ဆုံးမှာ လှည့်လာတယ်။ သူ့ရဲ့ မျက်နှာက စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်း တစ်ဝက်က ကလေးလေးလို နူးညံ့ပြီး တစ်ဝက်က ခြောက်ကပ်နေတယ်။ "ကောင်းလိုက်တဲ့ နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက် ။ မင်းက ချောင်ဖုန်းလား။"
"တောင်ပိုင်း ရှောင်ဘုရင်ရဲ့ ဂုဏ်သတင်းကို ဒီလူငယ်က အမြဲတမ်း လေးစားခဲ့တယ်။ ကျွန်တော့်ရဲ့ နိမ့်ကျတဲ့ အရည်အချင်းနဲ့ ဘယ်လိုနှိုင်းယှဉ်ရဲမှာလဲ" စုန့်ချင်းရှုက အမှန်အတိုင်း ပြောလိုက်တယ်။ အခုနက နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ကို ချောင်ဖုန်း သုံးရင် မြန်လွန်းတဲ့အရှိန်ကြောင့် ခူရုံ ရှောင်နိုင်မှာ မဟုတ်ဘူး။ အားသုံးပြီး ခုခံရုံပဲ ရှိတယ်။ အခုနကလို အခွင့်ကောင်းမျိုးမှာ ကောင်းကင်မှာ ပျံသန်းတဲ့ နဂါးကို တစ်ချက်တည်း သုံးလိုက်ရင် လူငါးယောက်ရဲ့ လက်အရိုးတွေ ကျိုးသွားမှာ သေချာတယ်။ အခုလို မပြင်းထန်တဲ့ အတွင်းဒဏ်ရာတွေ ရမှာ မဟုတ်ဘူး။
"ဟုတ်သားပဲ။ လူငယ်လေး အခုနက လေထဲမှာ ပေအနည်းငယ် မြင့်အောင် ခုန်နိုင်တာက ဝူတန်ရဲ့ ထိပ်တန်းသိုင်းပညာ တိမ်တက်လှေကား ဖြစ်မယ်။ မြေပြင်ပေါ်မှာ အသုံးပြုတာက ဒဏ္ဍာရီထဲက ယင်ကိုးပါးသိုင်းကျမ်းရဲ့ 'မြွေအသွင်လှုပ်ရှားမှုသိုင်းပညာ' ဖြစ်ပုံရတယ်။" ခူရုံက တည်ငြိမ်စွာလက်အုပ်ချီထားတယ်။ "လူငယ်လေး ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်များတဲ့ သိုင်းပညာတွေကို တတ်မြောက်ထားတာ တကယ်ကို အံ့သြဖို့ ကောင်းတယ်။"
"ဆရာတော်က တကယ်ကို အသိဉာဏ် ကြွယ်ဝတာပဲ။" စုန့်ချင်းရှုက လေးစားစွာနဲ့ ပြောလိုက်တယ်။ "ကျွန်တော်က ဒီကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ပါဘူး။ တလီရဲ့ အကြောခြောက်သွယ်နတ်ဓားသိုင်းကို ကြည့်ချင်ရုံပါပဲ။" စိတ်ထဲမှာတော့ ကိုယ်တော်တွေက သူ့ရဲ့ သိုင်းပညာအဆင့်မြင့်လို့သာ ဒီလိုပြောတာလို့ တွေးနေသည်။ ဒီကမ္ဘာမှာတော့ ခွန်အားက အဓိကပဲ။
"အခု လူငယ်လေးရဲ့ ဆန္ဒကို ပြည့်ဝသွားပြီဆိုတော့ ပြန်လို့ရပါပြီ။" ခူရုံက မျက်နှာတည်တည်နဲ့ ဧည့်သည်ကို နှင်ထုတ်တဲ့ပုံစံ ပြောလိုက်တယ်။
"ဆရာတော်က ကျွန်တော် ယင်ကိုးပါးသိုင်းကျမ်းကို တတ်တယ်ဆိုတာကို သိပြီးပြီဆိုတော့ ယင်ကိုးပါးသိုင်းကျမ်းရဲ့ ဒဏ္ဍာရီကို ကြားဖူးမှာပါ။ ကျွန်တော် တည့်တည့်ပြောရရင် ယင်ကိုးပါးသိုင်းကျမ်းက ခင်ဗျားတို့ရဲ့ အကြောခြောက်သွယ်နတ်ဓားသိုင်းထက် နာမည်ပိုကြီးတယ်။ ဆရာတော်တို့ သဘောတူရင် ကျွန်တော်က ယင်ကိုးပါးသိုင်းကျမ်းနဲ့ အကြောခြောက်သွယ်နတ်ဓားသိုင်း ကျမ်းစာကို လဲလှယ်ပြီးကြည့်ချင်တယ်။ ကျွန်တော်က ယူသွားမှာ မဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။ ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တစ်ချက်လောက် ကြည့်ခွင့်ပေးပါ။" စုန့်ချင်းရှု စကားကို ဆွဲဆောင်မှု အပြည့်နဲ့ ပြောလိုက်တယ်။ အခုခေတ် သိုင်းသမားတွေနဲ့မတူတာက သူက အမြင်ကျဉ်းပြီး သိုင်းပညာကို မဝှက်ထားဘူး။ ပြီးတော့ ယင်ကိုးပါးသိုင်းကျမ်းက သူ့ရဲ့ သိုင်းကျမ်းမဟုတ်ဘူး။ ဒါကြောင့် လဲပြီးကြည့်လဲ ဘာဖြစ်လဲ။
ကိုယ်တော်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး စိတ်ဝင်စားတဲ့ အကြည့်တွေကို တွေ့လိုက်ကြတယ်။ ယင်ကိုးပါးသိုင်းကျမ်းက ရှောင်လင်ရဲ့ အကြောပြောင်းသိုင်းကျမ်း၊ ယန်ကိုးပါးသိုင်းကျမ်း ၊ အမှောင်ချောက်ကမ်းပါးက နေကြာကျမ်းတို့နဲ့အတူ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး သိုင်းကျမ်းလေးခုထဲက တစ်ခုပဲ။ အရင်တုန်းက အလယ်ပိုင်းက ထိပ်သီးသိုင်းသမားကြီးငါးယောက်က ယင်ကိုးပါးသိုင်းကျမ်းကို လုယူဖို့ ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ဟွာရှန်းတောင်မှာ သုံးရက်သုံးညအထိ သိုင်းပညာယှဉ်ပြိုင်ခဲ့ကြတယ်။
အဲဒီတုန်းက ကျူးမိုကျိက ပန်းခူးလက်ညှိုး(ပန်းများကိုထိခိုက်ခြင်းမရှိပဲခူးယူခြင်း ကနေဆင်းသက်)၊ ဒိုလော့လက်ချောင်း(မြန်မာ-ပေရွက်၊ သက္ကတ-pattra)၊ အသွင်မဲ့လက်ချောင်းသိုင်း သုံးခုနဲ့ လဲဖို့ လုပ်တော့ ကိုယ်တော်တွေက စိတ်ဝင်စားခဲ့တယ်။ အခု စုန့်ချင်းရှုရဲ့ ကမ်းလှမ်းချက်က ခူရုံဆရာတော်တောင်မှ စိတ်လှုပ်ရှားသွားတယ်။
"လူငယ်လေး၊ အရင်ရက်တွေက တိဘက်က သိုင်းဘုရင် ကျူးမိုကျိက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်။ ငါက သွမ့်မိသားစုရဲ့ သိုင်းပညာကို မကောင်းတဲ့လူတွေ ယူလို့မရအောင် ကျမ်းစာကို မီးရှို့ဖျက်စီးလိုက်တယ်။ မင်းအတွက် စိတ်မကောင်းပါဘူး။" ခူရုံဆရာတော်က နှစ်ပေါင်းများစွာ တရားထိုင်ခဲ့တာ၊ စိတ်ကို အမြန်ဆုံးတည်ငြိမ်အောင် ထားနိုင်ခဲ့တာကြောင့် ငြင်းလိုက်တယ်။
"ကျွန်တော် သိပါတယ်။" စုန့်ချင်းရှုက အံ့သြမသွားဘဲ ပြုံးပြီး ပြောလိုက်တယ်။ "ဒါပေမဲ့ ကိုယ်တော်တွေ အားလုံးက ဓားပညာ တစ်ခုစီကို သင်ယူထားတယ် မဟုတ်လား။ ကျမ်းစာကို ပြန်ရေးလို့ ရမယ်လို့ ထင်ပါတယ်။"
ကိုယ်တော်တွေက တုံ့ဆိုင်းနေတာကို တွေ့တော့ စုန့်ချင်းရှုက နောက်ထပ် ပြောလိုက်တယ်။ "ကိုယ်တော်တို့ ကျွန်တော့်ရဲ့ အတွင်းအားကို ဘယ်လိုမြင်လဲ"
ဘင်ချန်ဆရာတော်က ခဏလောက် စဉ်းစားပြီး အမှန်အတိုင်း ပြောလိုက်တယ်။ "မင်းရဲ့ အတွင်းအားက ငါတို့ထက် အများကြီး ပိုကောင်းတယ်။ ဆရာတော် ခူရုံနဲ့ ယှဉ်ရင်လည်း သိပ်မကွာဘူး။"
ခူရုံက ခေါင်းခါလိုက်တယ်။ "ဘင်ချန်၊ ငါ့ကို မကာကွယ်နဲ့။ ဒီလူငယ်လေးရဲ့ အတွင်းအားက ငါ့ထက် နည်းနည်း ပိုကောင်းတယ်။"
"ဆရာတော်တို့ မထူးဆန်းဘူးလား။" စုန့်ချင်းရှုက ပြုံးပြီး ပြောလိုက်တယ်။ "ကျွန်တော်က ငယ်ငယ်လေးနဲ့ အတွင်းအားကို လေ့ကျင့်တာ သိပ်မကြာသေးဘူး။ ဘာလို့ ဆရာတော်တို့ထက် ပိုကောင်းနေတာလဲ။"
"ယင်ကိုးပါးသိုင်းကျမ်းရဲ့ အကျိုးကျေးဇူးလား။" ကိုယ်တော်တွေက စိတ်လှုပ်ရှားပြီး မေးလိုက်တယ်။
"ဟုတ်တယ်။ ယင်ကိုးပါးသိုင်းကျမ်းမှာ အရိုးနဲ့အကြောကို သန်မာစေတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ အဲဒါက လေ့ကျင့်တဲ့သူရဲ့ အတွင်းအားကို သာမန်လူတွေထက် ပိုမြန်အောင် လေ့ကျင့်နိုင်စေတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အတွင်းအားက သာမန်ထက် နည်းနည်း ပိုကောင်းတယ်။" စုန့်ချင်းရှုက ခဏလောက် ရပ်ပြီး ကိုယ်တ်ေတွေရဲ့ မျက်နှာကို ကြည့်လိုက်သည်။ ပြီးတော့ ဆက်ပြောလိုက်တယ်။ "ကျွန်တော်က ဆရာတော်တို့ တစ်ယောက်စီက ဓားပညာ တစ်ခုစီကို လေ့ကျင့်ထားတာကို တွေ့လိုက်တယ်။ အတွင်းအား မလုံလောက်လို့ အကြောခြောက်သွယ်ကို အတူတူ မသုံးနိုင်ဘူးလို့ ထင်တယ်။ ကျွန်တော် မှန်လား။"
"ဟုတ်တယ်၊ အကြောခြောက်သွယ်နတ်ဓားသိုင်းကို သုံးဖို့ လိုအပ်တဲ့ အတွင်းအားက လူတွေရဲ့ စွမ်းအားထက် ကျော်လွန်တယ်။ ဒါကြောင့် ငါတို့က ဓားကွက်တခုစီကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တာ" လို့ ခူရုံက မျက်နှာသေနဲ့ ပြောလိုက်တယ်။
"အကြောခြောက်သွယ်နတ်ဓားသိုင်းရဲ့ အစွမ်းကို အပြည့်အဝ သုံးနိုင်ဖို့ အကြောခြောက်သွယ်ကို အတူတူ သုံးရမယ်ဆိုတာ ထင်ရှားပါတယ်။ ဆရာတော်တို့ရဲ့ ဓားကွက်က ကောင်းပေမဲ့ အလှည့်အပြောင်းလုပ်တဲ့ အချိန်မှာ အားနည်းချက်တွေ ရှိတယ်။ ဒါကြောင့် ကျွန်တော်က အခွင့်အရေး အသုံးချနိုင်သွားတာပဲ။ ဆရာတော်တို့က ယင်ကိုးပါးသိုင်းကျမ်းကို ရရင် မကြာခင်မှာ အနှိုင်းမဲ့ အတွင်းအားကို ရမှာပါ။ အဲဒီအချိန်ရောက်ရင် အကြောခြောက်သွယ်နတ်ဓားသိုင်းကို ကျွမ်းကျွမ်းကျင်ကျင် သုံးလို့ရပြီ။ ကျွန်တော်က ကျမ်းစာကို တစ်ချက်လောက် ကြည့်ချင်ရုံပါ။ အမွေးတိုင်တစ်တိုင်စာအတွင်း ပြန်ပေးပါ့မယ်။" စုန့်ချင်းရှုက ရိုးရိုးသားသား ပြောလိုက်တယ်။ ကိုယ်တော်တွေက ဒါကို ကောင်းတဲ့ အဆိုပြုချက်လို့ တွေးကြတယ်။
"ဆရာတော်၊ ဒီလူငယ်လေးက ဒီလောက် ရိုးသားနေတာဆိုတော့ အမွေးတိုင်တစ်တိုင်စာလောက် ကြည့်ခွင့်ပေးရင် မကောင်ဘူးလား" ဘင်ချန်က ဆရာတော်ခူရုံကို မေးလိုက်တယ်။ တခြား ကိုယ်တော်လေးပါးကလည်း ဒီလိုပဲ တွေးကြတယ်။ ဒီကမ္ဘာမှာ တစ်ချက်ကြည့်ရုံနဲ့ အကုန်မှတ်မိနိုင်တဲ့ လူတွေ ရှိပေမဲ့ အကြောခြောက်သွယ်နတ်ဓားသိုင်းကို အမွေးတိုင်တစ်တိုင်စာအတွင်းမှာ အကုန်မှတ်မိဖို့ မဖြစ်နိုင်ဘူး။
ခူရုံက တော်တော်ကြာ ငြိမ်နေပြီး စုန့်ချင်းရှုကို မေးလိုက်တယ်။ "မင်းက အခု သိုင်းပညာတွေ အများကြီး တတ်မြောက်ထားတယ်။ မင်းရဲ့ အသက်အရွယ်မှာ မင်းကို ယှဉ်နိုင်တဲ့ လူက နည်းတယ်။ တလီရဲ့ အကြောခြောက်သွယ်နတ်ဓါးသိုင်းကို ဘာလို့ လိုချင်နေတာလဲ" လို့ မေးလိုက်တယ်။ သူက စုန့်ချင်းရှုက တိုတောင်းတဲ့ အချိန်အတွင်းမှာ အကြောခြောက်သွယ်နတ်ဓါးသိုင်းကို မှတ်မိနိုင်တယ်လို့ မထင်ပေမဲ့ အလကားရတဲ့ နေ့လည်စာ မရှိဘူးဆိုတာကို သိသည်။ စုန့်ချင်းရှုက ယင်ကိုးပါးသိုင်းကျမ်းလို နတ်သိုင်းပညာကို ထုတ်ပေးတော့ တစ်ချက်ကြည့်ဖို့ပဲ မဖြစ်နိုင်ဘူး။ သူက အကြောခြောက်သွယ်နတ်ဓါးသိုင်းကို ခိုးဖို့ နည်းလမ်း ရှိရမယ်။
စုန့်ချင်းရှုက ခါးသက်စွာ ရယ်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ "သိုင်းလောကဝါရင့်တဲ့ ပုဂ္ဂိုလ်တွေကို ထားတော့။ ရွယ်တူလူငယ်တွေထဲမှာ ကျွန်တော့်ရဲ့ သိုင်းပညာက တောင်ပိုင်းဘုရင် ရှောင်ဖုန်းနဲ့ယှဉ်ရင် ဆရာတော် ဘယ်လိုထင်လဲ။"
ခူရုံဆရာတော်က ခဏလောက် တုံ့ဆိုင်းပြီး ခေါင်းကို ညင်ညင်သာသာ ခါလိုက်တယ်။ "ရှောင်ဘုရင်က အရင်တုန်းက အလယ်ပိုင်းသိုင်းလောကကို အုပ်စိုးခဲ့တယ်။ သိုင်းလောကမှာ သွေးချောင်းစီးစေခဲ့တယ်။ သူ့ရဲ့ နဂါးနိုင်သိုင်းဆယ့်ရှစ်ကွက်က ကမ္ဘာပေါ်မှာ အတုမဲ့ပဲ။ မင်းရဲ့ သိုင်းပညာက တော်ပေမဲ့ ရှောင်ဘုရင်ရဲ့ သိုင်းပညာနဲ့ ယှဉ်ရင် မင်းက အားနည်းနေသေးတယ်။"