အခန်း (၃၇) - ကောင်းကင်နဂါးကျောင်းကို ညဘက် ခိုးဝင်ခြင်း
"ကျန်းဝူကျိက နတ်ဘုရားသိုင်းပညာကို သင်ယူပြီး ကျမ်းစာကိုပြန်လည် မြှုပ်နှံကာ ချန်ထားခဲ့တယ်။ သွမ့်ယွီက လောဘကြီးတာပဲ။" စုန့်ချင်းရှု စိတ်ထဲကနေ ပြောပြီး ကျန်းဝူကျိကို တွေးမိတော့ သူ့ရဲ့ စိတ်အခြေအနေကပိုဆိုးသွားတယ်။
" ငါ မှတ်မိသလောက်တော့ အဲဒီ ပန်းချီကားထဲက နတ်သမီးပုံက အဝတ်အစား မပါဘဲ ခန္ဓာကိုယ်ပေါ်က အရေးကြီးတဲ့ အပ်စိုက်မှတ်တွေကို ဖော်ပြထားတာပဲ" စုန့်ချင်းရှုက ဒီလိုတွေးလိုက်တော့ နားလည်တဲ့ သဘောနဲ့ အနည်းငယ် ပြုံးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ယောက်ျားချင်းပဲ၊ သူ့နေရာမှာဆိုရင်လည်း သေချာပေါက် သိမ်းထားမှာပဲ၊ တခြားသူတွေကို ကြည့်ခွင့်ပေးမှာ မဟုတ်ဘူး။
သွမ့်ယွီက မြောက်ပင်လယ်နတ်ဘုရားသိုင်းပညာ(ပေမိန်နတ်သိုင်း)နဲ့ ဆန်းကြယ်ခြေလှမ်းသိုင်း(လှိုင်းခုန်ခြေလှမ်းသိုင်း)ကို သင်ပြီးပြီဆိုတော့ သူက သဏ္ဍာန်မဲ့နတ်ဓားသိုင်းကို(အကြောခြောက်သွယ်နတ်ဓားသိုင်း) သင်ပြီးပြီလား မသိဘူး။ စုန့်ချင်းရှုက အဝေးကြီး လာခဲ့ရတာ အလကား မဖြစ်ချင်ဘူး။ ဒါကြောင့် ကောင်းကင်နဂါးကျောင်းကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။
ယင်ကိုးပါးသိုင်းကျမ်းရဲ့ အရိုးကို သံမဏိဖြစ်စေခြင်း အပိုင်းက သာမန်လူတွေထက် အတွင်းအားကို ပိုပြီး မြန်မြန် လေ့ကျင့်နိုင်စေတယ်။ အခု စုန့်ချင်းရှုမှာ ယင်ကိုးပါးသိုင်းကျမ်းနဲ့ နတ်မြတ်ကျမ်း ရှိတော့ သူ့ရဲ့ အတွင်းအားက အကြောခြောက်သွယ်နတ်ဓားသိုင်းကို သုံးဖို့ လုံလောက်တယ်လို့ တွေးထားတယ်။
တလီက လူတွေက ဗုဒ္ဓဘာသာကို ယုံကြည်ကြတယ်။ သူက ကောင်းကင်နဂါးကျောင်းကို သွားမယ်လို့ ပြောတော့ လူတွေက လမ်းညွှန်ပေးကြတယ်။ ဒါပေမဲ့ စုန့်ချင်းရှုက ကောင်းကင်နဂါးကျောင်း အပြင်ကို ရောက်တဲ့ အချိန်မှာ ညနေစောင်းနေပြီ။
"အခု သိုင်းလောက ဂိုဏ်းတွေ အားလုံးက သူတို့ရဲ့ အကောင်းဆုံးသိုင်းပညာတွေကို လျှို့ဝှက်ထားကြတယ်။ အကြောခြောက်သွယ်နတ်ဓားသိုင်းကို သွမ့်မိသားစုရဲ့ သာမန် တပည့်တွေကိုတောင် မသင်ပေးကြဘူးဆိုတော့ ငါ့ကိုလည်း ငှားပေးမှာ မဟုတ်ဘူး။ စုန့်ချင်းရှုက စဉ်းစားလိုက်တယ်။ သူ့ရဲ့ တစ်ချက်ကြည့်ရုံနဲ့ တတ်မြောက်တဲ့ စွမ်းရည်က အသုံးမဝင်တော့ဘူး။ ဒါကြောင့် သူက ခိုးဝင်ရတော့မယ်။ သူက ခိုးယူဖို့ စိတ်မပူဘူး။ မဟုတ်ဘူး ခိုးတာမဟုတ်ဘူး။ ဖတ်ကြည့်ရု့ပဲ ၊ စာဖတ်သူတွေကို သူခိုးလို့ ခေါ်လို့လား။
ကောင်းကင်နဂါးကျောင်းရဲ့ ခြံစည်းရိုးကို ပတ်ပြီး တိတ်ဆိတ်တဲ့ နေရာကို ရှာလိုက်တယ်။ ပြီးတော့ ညင်ညင်သာသာ ခုန်လိုက်တယ်။ စုန့်ချင်းရှုက အသံမထွက်ဘဲ အတွင်းထဲကို ရောက်သွားတယ်။ လမ်းမှာ သူ့ရဲ့ ခြေရာကို ဖုံးကွယ်ပြီး ရှာဖွေနေတယ်။ ချင်တူယောင်ထိုင်၊ ကောင်းကင်မဲ့နယ်မြေ၊ သုံးပါးပေါင်းတစ်ဆူနန်းတော်၊ တူရှီတာနတ်ဘုရားကျောင်း၊ မိုးပန်းကျောင်း၊ ပညာဉာဏ်စင်္ကြန်ကို ဖြတ်ပြီး သစ်သားအိမ်လေးတွေဆီကို ရောက်သွားတယ်။ လမ်းမှာ တွေ့ခဲ့တဲ့ တောက်ပတဲ့ အဆောက်အအုံတွေနဲ့ မတူဘူး။ စုန့်ချင်းရှုက စာအုပ်ထဲက ခူရုံရဲ့ တရားထိုင်တဲ့ နေရာ ဖြစ်နိုင်တယ်။
စုန့်ချင်းရှုက အမိုးပေါ်ကို သတိထားပြီး ခုန်တက်လိုက်တယ်။ အုတ်ကြွပ်တစ်ချပ်ကို ညင်ညင်သာသာ ဖယ်လိုက်တော့ စုန့်ချင်းရှုမျက်မှောင်ကြုံသွားတယ်။
အိမ်ထဲမှာ ကိုယ်တော်ခြောက်ပါးက ပတ်ပတ်လည်မှာ အခင်းတွေပေါ်မှာ ထိုင်နေတယ်။ သူတို့ရဲ့ မျက်နှာတွေက တည်ငြိမ်နေပြီး အသက်ရှူတာက ဖြည်းညှင်းနေတယ်။ သူတို့က အလွန် ကျွမ်းကျင်တဲ့ သိုင်းသမားတွေဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။
"ဒီတစ်ခါတော့ ခက်ပြီ" စုန့်ချင်းရှုက မသိစိတ်က သက်ပြင်းချလိုက်တယ်။ "ကောင်းကင်နဂါးကိုယ်တော်ခြောက်ပါးက ဒီမှာ အကုန်လုံး ရှိနေတယ်။ ကျူးမိုကျိတောင် အတင်း မယူနိုင်ဘူးဆိုတော့ ငါ့အတွက် ပိုပြီး မျှော်လင့်ချက် မဲ့သွားပြီ။"
"မင်း ရောက်လာမှတော့ ဘာလို့ မထွက်လာသေးတာလဲ။" အိမ်ထဲမှာ နံရံကို မျက်နှာမူထားတဲ့ ကိုယ်တော်ရဲ့ စကားသံအဆုံးမှာ သူက လက်ကို မြှောက်လိုက်တာနဲ့ ပြင်းထန်တဲ့ ဓားစွမ်းအင်တစ်ခု ပျံသန်းလာတယ်။ စုန့်ချင်းရှုက အလွန်အံ့အားသင့်သွားပြီး ခြေထောက်ကို အားပြုကာ အိမ်ခေါင်မိုးကို ဖျက်ဆီးစေကာ ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် လှည့်ပတ်ပြီး အိမ်ထဲကို ဘေးကင်းစွာ ဆင်းသက်လိုက်တယ်။
"ကျွန်တော် ကိုယ်တော်တို့ကျောင်းကို ညဘက်မှာ လာရောက်မိတဲ့အတွက် ကိုယ်တော်များ ခွင့်လွှတ်ပေးကြပါ။" စုန့်ချင်းရှုက မြေပေါ်ကို ဆင်းတာနဲ့ ချက်ချင်း အရိုအသေပေးလိုက်တယ်။
အိမ်ထဲက ကိုယ်တော်တွေက မျက်လုံးတွေကို ဖွင့်ကာ သူ့ကို စောင့်ကြည့်နေကြတယ်။ ခူရုံဆရာတော်က နံရံကို မျက်နှာမူပြီး အေးစက်စွာ ရယ်လိုက်တယ်။ "မင်းရဲ့ စကားတွေက ရိုသေတယ်ဆိုပေမဲ့ မင်းရဲ့ လုပ်ရပ်တွေက သံသယဖြစ်စရာ ကောင်းတယ်။ ညဘက်ကြီး ဒီကို ဘာကိစ္စနဲ့ လာတာလဲ။"
စုန့်ချင်းရှုက ခဏလောက် တုံ့ဆိုင်းသွားတယ်။ ကျမ်းစာကို တိတ်တဆိတ် ယူဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သိသွားတယ်။ ဒါကြောင့် သူက ကျူးမိုကျိကို အတုယူပြီး လိမ်လည်ပြောဆိုလိုက်တယ်။ "ကျွန်တော်က သာမန်လူတစ်ယောက်ပါ။ ဒါပေမဲ့ ကျောင်းတော်ရဲ့ အကြောခြောက်သွယ်နတ်ဓားသိုင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဓားပညာဆိုတာကို ကြားဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဟွာရှန်းတောင်မှာ ဆရာကြီးဖုန်းချင်းယန်ရဲ့ တုကူးဓားကိုးကွက်ကို တွေ့လိုက်ရတယ်။ အဲဒါက တကယ်ကို အံ့သြဖို့ ကောင်းတယ်။ တုကူးဓားကိုးကွက်ထက် ပိုကောင်းတဲ့ ဓားပညာ ရှိမယ်လို့ မထင်ထားဘူး။ ဒီတစ်ခါ ကျောင်းကို လာတာက အကြောခြောက်သွယ်နတ်ဓားသိုင်း ကျမ်းစာကို ကြည့်ပြီး မှတ်မိထားတဲ့ တုကူးဓားကိုးကွက်နဲ့ နှိုင်းယှဉ်ချင်လို့ပါ။ ဘယ်ဓားပညာက ကမ္ဘာပေါ်မှာ အကောင်းဆုံးလဲဆိုတာကို သိချင်လို့ပါ။"
အိမ်ထဲက ကိုယ်တော်တွေက သူ့ရဲ့ စကားကို ကြားပြီး ဆွေးနွေးကြတယ်။ ဟွာရှန်းတောင်ဓားသူရဲကောင်း ဖုန်းချင်းယန်က နာမည်ကြီးပြီး ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး ဓားသမားလို့ နာမည်ကြီးတယ်။ သူ့ရဲ့ တုကူးဓားကိုးကွက်ကို ကိုယ်တော်တွေ အားလုံးက ကြားဖူးပြီးသား။ အခု စုန့်ချင်းရှုက ပြောတော့ နှိုင်းယှဉ်ကြည့်ချင်တဲ့သူတွေ ရှိလာတယ်။
ခူရုံကတော့ ငြိမ်နေပြီး သူ့ရဲ့ အသံကတော့ ခြောက်ကပ်နေတယ်။ "မင်းက အကြောခြောက်သွယ်နတ်ဓားသိုင်းကို ကြည့်ချင်တယ်ဆိုရင် ကျမ်းစာကို ကြည့်ဖို့ မလိုပါဘူး။ ကိုယ်တော်တွေက သိုင်းပညာမှာ အားနည်းပေမဲ့ အကြောခြောက်သွယ်နတ်ဓားသိုင်းရဲ့ အခြေခံလောက်ကိုတော့တတ်ကျွမ်းပါတယ်။ လူငယ်လေး လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်။"
ကြည့်ရတာ ကျူးမိုကျိက ကောင်းကင်နဂါးကျောင်းတော်ကို ရောက်ခဲ့ပြီးပြီ။ စုန့်ချင်းရှုက သက်ပြင်းချလိုက်တယ်။ သူက ဇာတ်လမ်းနောက်မှာ ကျန်ခဲ့တာပဲ။ ကိုယ်တော်တော်တွေက တိတ်တဆိတ် နေရာယူပြီး သူ့ကို အလယ်မှာ ဝိုင်းထားတာကို တွေ့တော့ သူက ခါးသီးစွာနဲ့ ပြုံးလိုက်တယ်။ " တလီမင်းသား သွမ့်ယွီက ကိုယ်တော်တို့ရဲ့ ကျောင်းတော်ကို လာရောက်ခဲ့တယ် ထင်တယ်။ အကြောခြောက်သွယ်နတ်ဓားသိုင်း မီးရှို့ခံရတယ်ဆိုတဲ့ ကောလာဟလက တကယ်ဖြစ်ပုံရတယ်။ ကျွန်တော်မျိုး ဒီခရီးမှာ အနှောင့်အယှက်တွေ အများကြီး ပေးခဲ့ပေမဲ့ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကိုယ်တော်ကြီးများ သနားကြင်နာသောအားဖြင့် ကျွန်တော့်ကို သွားခွင့်ပေးဖို့ မျှော်လင့်ပါတယ်။"
အိမ်ထဲက လူတွေက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ ဒီလို လျှို့ဝှက်တဲ့ ကိစ္စကို သူ ဘယ်လို သိလဲဆိုတာကို တွေးပြီး အံ့သြနေကြတယ်။ အရင်က ဘုရင် ဖြစ်ခဲ့တဲ့ ဘင်ချန်က တူဖြစ်သူ သွမ့်ယွီကို စိတ်ပူနေတယ်။ သူက စိတ်ပူပန်စွာနဲ့ ပြောလိုက်တယ်။ "ဒီလို လျှို့ဝှက်တဲ့ ကိစ္စကို မင်း ဘယ်လို သိလဲ။ ကျူးမိုကျိနဲ့ မင်းနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်။ ဒီမှာပဲ နေလိုက်တော့။" သူက စကားပြောပြီးတာနဲ့ လက်ညှိုးကို ထိုးလိုက်တယ်။ ဓားစွမ်းအင်က သူ့ဆီကို ပျံလာတယ်။
စုန့်ချင်းရှုက သူ့ကိုယ်သူ ပါးရိုက်ချင်စိတ်ပေါက်သွားတယ်။ နှုတ်ဆက်ပြီး ထွက်သွားရင် ပြီးတာပဲ။ ဘာလို့ လျှာရှည်ပြီး ဇာတ်လမ်းကို ပြောနေရတာလဲ။ အခုတော့ ဒုက္ခရောက်ပြီ။
စိတ်ထဲကနေ စိတ်ပျက်နေပေမဲ့ သူက မြန်မြန် ရှောင်လိုက်တယ်။ တခြားကိုယ်တော်တွေက ဘင်ချန်ကို ကူညီဖို့ လှုပ်ရှားလိုက်ကြတယ်။ ခဏလေးအတွင်း အိမ်ထဲမှာ ဓားစွမ်းအင်တွေ ပြည့်နှက်နေပြီး လေထဲမှာ ဓားသံတွေ ဆူညံနေတယ်။
စုန့်ချင်းရှုက အခြေအနေ မကောင်းတော့ဘူး။ အကြောခြောက်သွယ်နတ်ဓားသိုင်းက ပုံသဏ္ဌာန် မရှိဘူး။ ဒါပေမဲ့ ကံကောင်းထောက်မစွာ သူက လူတွေရဲ့ လက်ချောင်းတွေကို ကြည့်ပြီး ဓားကို ဘယ်လို သုံးလဲဆိုတာကို သိနိုင်တယ်။
ဓားစွမ်းအင်က မျဉ်းဖြောင့်အတိုင်း သွားတာကို တွေ့လိုက်တယ်။ လူတစ်ယောက်ချင်းစီရဲ့ လက်ချောင်းလှုပ်ရှားမှုတွေကို ကြည့်ပြီး အကြောခြောက်သွယ်နတ်ဓားသိုင်းက ဘယ်နေရာကနေ ထွက်လာမယ်ဆိုတာကို ခန့်မှန်းနိုင်တယ်။ ဒါကြောင့် မြေကြီးပေါ်မှာ လူးလိမ့်ပြီး ရှောင်နေရပေမဲ့ ဒဏ်ရာ မရဘူး။ အလယ်တန်း ရူပဗေဒဆရာကို ကျေးဇူးတင်ရမယ်။
"သိပ်ကောင်းတဲ့ လှုပ်ရှားမှုပညာပဲ!" ဘာမှ မလုပ်သေးတဲ့ ခူရုံဆရာတော်က ချီးကျူးလိုက်တယ်။ သူက လက်မနှစ်ဖက်ကို မြှောက်လိုက်ပြီး ရှောင်ရှန်းဓားသိုင်းကို သုံးလိုက်တယ်။
ခူရုံဆရာတော်ရဲ့ စွမ်းရည်က တခြား ကိုယ်တော်ငါးပါးထက် အများကြီး ပိုကောင်းတယ်။ တခြား ကိုယ်တော်ငါးပါးက ဓားစွမ်းအင်တွေနဲ့ တိုက်ခိုက်နေပေမဲ့ စုန့်ချင်းရှုက ယင်ကိုးပါးသိုင်းကျမ်းရဲ့ မြွေပုံစံ လှုပ်ရှားမှုသိုင်းပညာကို သုံးတော့ စုန့်ချင်းရှုကို ထိခိုက်အောင် မလုပ်နိုင်ကြဘူး။ ခူရုံက သူ့ကို လှည့်မကြည့်ပေဲ့ လှုပ်ရှားမှုသိုင်းပညာရဲ့ အားနည်းချက်ကို ဓားစွမ်းအားသုံးပြီး တိုက်ခိုက်လိုက်တယ်။
တခြား ကိုယ်တော်ငါးပါးရဲ့ ဓားစွမ်းအင်ကို မြေပေါ်မှာပတ်ပြီးရှောင်နေရတာကြောင့် ခူရုံရဲ့ ဓားနှစ်ချက်က ချောင်ပိတ်သွားစေတယ်။ ဒါကြောင့် စုန့်ချင်းရှုက စွန့်စားပြီး လေထဲကို ခုန်တက်လိုက်ရတယ်။
ခူရုံက အနည်းငယ် ပြုံးလိုက်တယ်။ သူက စုန့်ချင်းရှု လေထဲကို ခုန်တက်မယ်ဆိုတာကို သိထားတယ်။ နောက်ထပ် ဓားချက်နှစ်ချက်က အလျင်အမြန် ပျံသန်းလာတယ်။ ဒီအချိန်မှာ စုန့်ချင်းရှုက လေပေါ်မှာ ရှိနေပြီး အားယူစရာ နေရာ မရှိတော့ဘူး။ သူ့ရဲ့ ဓားချက်သာ ထိမှန်ရင် ပြင်းထန်တဲ့ ဒဏ်ရာ ရပြီး ဖမ်းခံရမှာ သေချာတယ်။
စုန့်ချင်းရှုက စိတ်လှုပ်ရှားသွားခြင်းမရှိပဲ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ညာဘက်ခြေထောက်နဲ့ ဘယ်ဘက်ခြေထောက်ရဲ့ ခြေချောင်းပေါ်ကိုနင်းလိုက်ပြီး လေထဲမှာ ပေအနည်းငယ် မြင့်အောင် ခုန်လိုက်ကာ ခူရုံရဲ့ ဓားနှစ်ချက်ကို ကွက်တိရှောင်လိုက်တယ်။ အုပ်စုလိုက် ဓားချက်တွေကို ဆက်ပစ်နေရင် သူ ဓားချက်ထိမှာ သေချာတယ်ဆိုတာ နားလည်သွားပြီး ချက်ချင်း တန်ပြန်တိုက်ခိုက်ဖို့ စတင်လိုက်တယ်။
ဘယ်ဘက်လက်ကို စက်ဝိုင်းပုံစံလှုပ်ရှားလိုက်ပြီး ညာဘက်လက်နဲ့ ရှေ့ကို ထိုးလိုက်တယ်။ အဲဒါက နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ရဲ့ "မာနနဂါးရဲ့နောင်တ" ပဲ။ ခူရုံက အားကောင်းတဲ့ အတွင်းအားလှိုင်းကို ခံစားလိုက်ရတယ်။ သူက ဓားစွမ်းအင်ကို သုံးပြီးခါစဆိုတော့ အတွင်းအားကို ပြန်မစုစည်းနိုင်သေးဘူး။ ဒါကြောင့် သူက ရှောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ ရှေ့က ထိုင်ခုံက လေလှိုင်းကြောင့် အမှုန့်တွေ ဖြစ်သွားတယ်။ သူက အရမ်း လန့်သွားပြီး "နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်လား?" လို့ အံ့သြတကြီး မေးလိုက်တယ်။