အခန်း ၃၆ ရတနာရှာဖွေရန်လမ်းကြောင်း
"ရေခဲပန်းလေး?" စုန့်ချင်းရှုက တိုးတိုးလေး ရေရွတ်ပြီး သူ့ရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း မှတ်ထားလိုက်တယ်။
သူက ဆက်လိုက်ရမလားဆိုတာကို စဉ်းစားနေတယ်။ ခြေလှမ်းတွေ လှမ်းပြီး နောက်ဆုံးမှာ ရပ်တန့်လိုက်တယ်။ လိုက်သွားရင် ဘာအကျိုးရှိမှာလဲ။
အခု စုန့်ချင်းရှုက ပိုပြီး သန်မာလာဖို့ တွန်းအားတွေ ရှိတယ်။ အရင်တုန်းက ကျိုးကျစ်လော့ရဲ့ နောက်ကွယ်က ဖိအားကြောင့် သန်မာချင်ခဲ့တယ်။ အခု အကြောင်းပြချက် အသစ်တစ်ခု ရသွားပြီ။ အနာဂတ်မှာ ရေခဲပန်းလေး(ပင်းရွဲ့အာ)နဲ့ အတူတူ နေနိုင်ဖို့။
ရန်ကော်နဲ့ ရှောင်လုံနွီတို့ရဲ့ အချစ်ရေးက ဘယ်လောက်ထိ ခက်ခဲလဲဆိုတာကို သူ ကောင်းကောင်း မှတ်မိတယ်။ ယန်ကော်က ကော်ကျင့်ရဲ့ လက်ချက်နဲ့ သေလုမြောပါး ဖြစ်ခဲ့တယ်။ အဲဒီကနေ သူတို့ နှစ်ယောက်ရဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းတွေ ဖြစ်လာတယ်။
အဲဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းက ဘာလဲ။ လူမှုရေး ထုံးတမ်းစဉ်လာတွေက လူတွေကို မမြင်နိုင်တဲ့ ဓားတွေလို သတ်နေတယ်လို့ ပြောလို့ရသလို ရန်ကော်ရဲ့ အစောပိုင်း အားနည်းမှုကြောင့်လည်း ဖြစ်နိုင်တယ်။
နောက်ပိုင်းမှာ ရန်ကော်က သိမ်းငှက်သူရဲကောင်း(condor hero)ဖြစ်လာကာ တုကူးဓားကြီးသိုင်း လေ့ကျင့်အောင်မြင်ပြီး မယုံနိုင်လောက်အောင် သန်မာလာတယ်။ ရှောင်လုံနွီက ကျောက်စိမ်းမိန်းမပျိုဓားသိုင်းကို အသုံးပြုပြီး ကျင့်ပြည်ထောင်ဘုရင်ကို ဆိုးဆိုးဝါးဝါးရှုံနိမ့်စေခဲ့တယ်။ ဒါကြောင့်သူတို့ကို ဘယ်သူက ဘာပြောရဲသေးလဲ။ ကော်ကျင်းနဲ့ ဟွမ်ရုံကလည်း ထုံးတမ်းစဉ်လာတွေနဲ့ ဘာမှ မပြောရဲတော့ဘူး။
စုန့်ချင်းရှုက ရန်ကော်နဲ့ ရှောင်လုံနွီတို့ရဲ့ လမ်းကို မလိုက်ချင်ဘူး။ ရေခဲပန်းလေး(ပင်းရွဲ့အာ)က အဆိပ်ဘုရင် အိမ်မှာ ဟူဖေးကို ရှာဖို့ သွားနိုင်သလို လျောင်တုန်းမှာ ရှိတဲ့ ကျောက် အိမ်တော်ကိုလည်း ပြန်နိုင်တယ်။ သူ့ကို ရှာတွေ့ဖို့ မခက်ဘူး။ အရေးကြီးဆုံးက သူ့ရဲ့ စွမ်းအားကို တိုးမြှင့်ဖို့ပဲ။
တောင်ထိပ်က ကျောက်တုံးကြီးပေါ်မှာ စုန့်ချင်းရှုက သူ မှတ်မိတဲ့ သိုင်းပညာတွေကို စဉ်းစားပြီး တင်ပျဉ်ခွေထိုင်လိုက်တယ်။ အရင်တုန်းက သွေးကြောတွေ ပျက်စီးနေပေမဲ့ နဂါးဓားနဲ့ ကောင်းကင်ဓားထဲက 'ယင်ကိုးပါးသိုင်းကျမ်း' နဲ့ နဂါးနိုင်သိုင်းဆယ်ရှစ်ကွက် လက်ဝါးသိုင်းပညာကို သေချာမှတ်ထားခဲ့တယ်။ အခု သူတို့ကို တကယ်ကို သုံးရတော့မယ်လို့ မထင်ထားဘူး။ နာရီဝက်လောက်ကြာတော့ စုန့်ချင်းရှုက မျက်လုံးတွေကို ဖွင့်လိုက်တဲ့ အချိန်မှာ သူ့ရဲ့ အတွင်းအားက ပိုပြီး အားကောင်းသွားတယ်။
စုန့်ချင်းရှုက ခဏလေးအတွင်းမှာ 'ယင်ကိုးပါးသိုင်းကျမ်း' နဲ့ နဂါးနိုင်သိုင်းဆယ့်ရှစ်ကွက် လက်ဝါးသိုင်းပညာကို လေ့ကျင့်နိုင်ပေမဲ့ သူက မပျော်နိုင်သေးဘူး။ သူက သိုင်းပညာ လျှို့ဝှက်ချက်တွေကို ချက်ချင်း လေ့ကျင့်နိုင်တာက အရမ်း အံ့သြဖို့ ကောင်းပေမဲ့ အခု သူက ဒီစွမ်းရည်ကို လေ့ကျင့်နိုင်ရုံပဲ ဆိုတာကို သိသွားတယ်။
သိုင်းပညာမှာလည်း ကိုက်ညီမှု ရှိတယ်။ သိုင်းပညာရှင်ရဲ့ စိတ်နေစိတ်ထားနဲ့ သိုင်းပညာရဲ့ ပုံစံ အံဝင်ဂွင်ကျဖြစ်မှသာ သိုင်းပညာရဲ့ စွမ်းအားကို အမြင့်ဆုံး အဆင့်အထိ သုံးနိုင်တယ်။
ဥပမာ စုန့်ချင်းရှုက နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ကိုလည်း သင်ယူထားပြီး ယင်ကိုးပါး အရိုးဖြူလက်သည်းကိုလည်း သုံးနိုင်တယ်။ ဒါပေမဲ့ ဒီ သိုင်းပညာ နှစ်ခုက သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ သိပ်မလိုက်ဖက်ဘူး။ ဒါကြောင့် နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ကို တူတူ သုံးရင်တောင် စုန့်ချင်းရှုရဲ့ စွမ်းအားက ကော်ကျင့်နဲ့ ဟွမ်ရုံတို့လောက် မကောင်းဘူး။ ထို့အတူပဲ ယင်ကိုးပါး အရိုးဖြူလက်သည်းကို သုံးရင်လည်း စုန့်ချင်းရှုရဲ့ စွမ်းအားက ကျိုးကျစ်လော့နဲ့ မေချောင်ဖုန်းတို့လောက် မကောင်းဘူး။
ယင်ကိုးပါးသိုင်းကျမ်းမှာ သိုင်းပညာ အများကြီး ရှိတယ်။ ယင်ကိုးပါး အရိုးဖြူလက်သည်း၊ မြွေဖြူ ကြာပွတ်သိုင်း၊ နတ်ဆိုးကို နှိမ်နင်းတဲ့ လက်ဝါးသိုင်း၊ နှလုံးသားကို ဖျက်ဆီးတဲ့ လက်ဝါးသိုင်း... စုန့်ချင်းရှုရဲ့ စိတ်နေစိတ်ထားနဲ့ လိုက်ဖက်တဲ့ သိုင်းပညာ မရှိဘူးလား။ ရှိပါတယ်။ စိတ်ညှို့သိုင်းပညာ။
စုန့်ချင်းရှုရဲ့ မျက်နှာက ထူးဆန်းသွားတယ်။ သူက ဒီ သိုင်းပညာကို ဘယ်လို အောင်မြင်အောင် လေ့ကျင့်ရမလဲ။ သူ့ရဲ့ စိတ်နေစိတ်ထားက တကယ်ကို မကောင်းတဲ့ လူဖြစ်ဖို့ သတ်မှတ်ထားတာလား။
ဒီ သိုင်းပညာမှာ သူက အရမ်း ယုံကြည်မှု ရှိတယ်။ ဒီကမ္ဘာပေါ်မှာ သူ့ထက် ပိုပြီး ကျွမ်းကျင်တဲ့ လူ မရှိလောက်ဘူး။ မပြင်ဆင်ထားရင် စိတ်ကို ထိန်းချုပ်ခံရမှာ သေချာတယ်။
သိုင်းပညာ ကိုက်ညီမှုအပြင် စုန့်ချင်းရှုမှာ တခြား ကြီးမားတဲ့ ပြဿနာတစ်ခု ရှိသေးတယ်။ အဲဒါက လက်တွေ့ တိုက်ခိုက်တဲ့ အတွေ့အကြုံ နည်းတာပဲ။ သူ့မှာ သိုင်းကွက်တွေ အကုန်လုံး ရှိပေမဲ့ ရန်သူရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်တဲ့အခါ ဘယ်သိုင်းကွက်နဲ့ ခုခံရင် ပိုပြီး သင့်တော်မလဲ၊ ပြီးတော့ ဘယ်သိုင်းကွက်နဲ့ ပြန်တိုက်ခိုက်ရမလဲဆိုတာကို သူ မသိဘူး။
"ငါက ဝမ်ယွီယန်နဲ့ ဆန့်ကျင်ဘက်ပဲ" လို့ စုန့်ချင်းရှုက ဝမ်းနည်းစွာ ပြုံးလိုက်တယ်။
"သူမရဲ့ အမြင်က အရမ်း ထက်မြက်ပေမဲ့ ကိုယ်တိုင် သိုင်းပညာ မတတ်ဘူး။ ငါက သိုင်းပညာ အများကြီး တတ်ပေမဲ့ အတွေ့အကြုံကအရမ်း နဲတယ်"
ဘာပဲဖြစ်ဖြစ် ငါက ကိုယ့်လမ်းကိုယ်ဖန်တီးမယ်၊ တိုက်ပွဲမှာ အရှိန်နဲ့ ခွန်အားကို အားကိုးပြီး ပါးနပ်တဲ့ လှည့်ကွက်တွေရဖို့ ဒီထက်ပို ကြိုးစားပြီး ရန်သူကို အနိုင်ယူမယ်။ ။ “ဟားဟား~" စုန့်ချင်းရှုက က ကောင်းကင်ကို မော့ပြီး အကြံကောင်းရသွားလို့ ကျေနပ်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
တောင်အောက်ကို ဆင်းတဲ့ လမ်းမှာ စုန့်ချင်းရှုက တစ်ခါတလေမှာ နတ်မြတ်သိုင်းကျမ်းကို လေ့ကျင့်ပြီး တစ်ခါတလေမှာ ယင်ကိုးပါအတွင်းအားကို လေ့ကျင့်တယ်။ တဖြည်းဖြည်း သူ့ရဲ့ မျက်နှာက ပိုပိုပြီး ရုပ်ဆိုးလာတယ်။ အဲဒီ အတွင်းအား နှစ်ခုက တစ်ခုက အရမ်း မာကျောခြင်းယန်ဖြစ်ပြီး တစ်ခုက အရမ်း နူးညံ့တဲ့ ယင်ဖြစ်တယ်။ လုံးဝ မကိုက်ညီဘူး။ နောက်ဆုံးမှာ ခန္ဓာကိုယ် ပေါက်ကွဲပြီး မသေချင်ရင် သိုင်းပညာ တစ်ခုကိုပဲ ရွေးပြီး လေ့ကျင့်လို့ရမယ်။
"သေစမ်း!" လို့ စုန့်ချင်းရှုက စိတ်မရှည်စွာ ပြောလိုက်တယ်။ အဲဒီ နတ်သိုင်းပညာ နှစ်ခုမှာ သူ့အားသာချက်နဲ့သူ ရှိတယ်။ ဘယ်တစ်ခုကို ရွေးရမလဲဆိုတာကို သူ မဆုံးဖြတ်နိုင်ဘူး။
ခဏလောက် စဉ်းစားပြီး သူက ထပ်မတွေးတော့ဘူး။ အဲဒီ အတွင်းအား နှစ်ခုကို ယာယီအားဖြင့် ဂရုမစိုက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီ အတွင်းအား နှစ်ခုက ချက်ချင်း အန္တရာယ် မဖြစ်နိုင်ဘူး။
တောင်အောက်ကို ဆင်းတဲ့ လမ်းမှာ သူက ဘယ်ကို သွားရမလဲဆိုတာကို စဉ်းစားနေတယ်။ တောင်အောက်ကို ရောက်တော့ စုန့်ချင်းရှုက ဆုံးဖြတ်ချက် ချလိုက်တယ်။ "ဝူလျန်ကျောက်ဂူကို သွားမယ်!" သူ့ရဲ့ အရင်ဘဝက ဖိုရမ်မှာ စကားတစ်ခွန်းကို သူ ကြားဖူးတယ်။ "ကျင်ယုံရဲ့ သိုင်းလောကကို အချိန်ခရီးသွားပြီး ယင်ကိုးပါး၊ ယန်ကိုးပါးသိုင်းကျမ်းနဲ့ လင်ပိုဝေပု(ဆန်းကြယ်ခြေလှမ်းသိုင်း၊သွမ့်ယွီလေ့ကျင့်သောသိုင်းပညာ)ကို မလေ့ကျင့်ရင် အချိန်ခရီးသွားတစ်ယောက်အနေနဲ့ မျက်နှာပြဖို့တောင်ရှက်တယ်" လို့ ပြောဖူးတယ်။ အခု သူက အဲဒီစကားကို နားလည်သွားပြီ။ သူက တစ်ချက်ကြည့်တာနဲ့ တတ်မြောက်နိုင်တဲ့ စွမ်းရည်ရှိပြီး ကမ္ဘာက သိုင်းပညာ အကုန်လုံးကို မလေ့ကျင့်ရင် ကောင်းကင်ကပေးတဲ့ လက်ေဆာင်နဲ့ မထိုက်တန်ရာကျတယ်။
ဝူလျန်ကျောက်ဂူ(ကန့်သတ်မဲ့ကျောက်စိမ်းဂူ)ထဲက မြောက်ပင်လယ်နတ်ဘုရားသိုင်းပညာ(ပေမိန်နတ်သိုင်း)က ထားလိုက်ပါတော့။ စုန့်ချင်းရှုမှာ နတ်မြတ်ကျမ်းနဲ့ ယင်ကိုးပါးအတွင်းအား ရှိတော့ သူ့ရဲ့ အတွင်းအားက အရမ်း အားကောင်းနေပြီ။ မြောက်ပင်လယ်နတ်ဘုရားသိုင်းပညာက ခန္ဓာကိုယ်ထဲက အတွင်းအားတွေကို အကုန် ဖယ်ထုတ်ရမှာဆိုတော့ သူ့အတွက် ကြက်ရိုးလိုပဲ၊ လှည့်ကြည့်ဖို့မတန်ဘူး။ ဒါပေမယ့် ဆန်းကြယ်လှမ်းက မတူဘူး။ အဲဒါက အသက်ကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းပဲ။
ဒီလို ရက်စက်တဲ့ကမ္ဘာကြီးက အရမ်း ကြောက်ဖို့ကောင်းတယ်။ အသက်ကို ကာကွယ်နိုင်တဲ့ သိုင်းပညာတွေဆိုတာမျိုးက များများရှိလေ ကောင်းလေပဲ။
တွေးရင်းနဲ့ ပိုပြီး စိတ်လှုပ်ရှားလာတယ်။ စုန့်ချင်းရှုက တလီကို အမြန် သွားဖို့ ဆုံးဖြတ်လိုက်တယ်။ လမ်းတလျောက် ကမ္ဘာပေါ်မှာ သူကို စောင့်နေတဲ့ သိုင်းပညာတွေ အများကြီး ရှိတယ်လို့ တွေးနေသည်။ ခွန်လွန်တောင်က ယန်ကိုးပါးနတ်ဘုရားသိုင်းပညာ၊ တုကူးဓားသင်္ချိုင်း၊ ဟွာရှန်းတောင်က တုကူးဓားကိုးကွက်၊ ရွှေမြွေဂူက ရွှေမြွေလျှို့ဝှက်ကျမ်း၊ ဖူကျန့်က မကောင်းဆိုးဝါးဓားကျမ်း..အဲ..အဲ ဒါမပါဘူး(ဘာသာပြန်သူ-ဒီသိုင်းကျမ်းက ကျားအင်္ဂါဖြတ်ပြီးမှလေ့ကျင့်ရတာပါ၊ နေကြာသိုင်းလိုပါပဲ)။
ဒီလို တွေးရင်းနဲ့ ရေခဲပန်းလေး ထွက်သွားလို့ ဝမ်းနည်းနေတဲ့ စိတ်က တဖြည်းဖြည်း ပျောက်သွားတယ်။
တောင်တွေကို ဖြတ် လူသူမရှိတဲ့ နေရာတွေကို ဖြတ်ပြီး ဝူလျန်ဓားဂိုဏ်းကို ရှာတွေ့သွားတယ်။ ဝူလျန်ကျောက်ဂူက ဝူလျန်ဓားဂိုဏ်းအနီးမှာ ရှိတယ်ဆိုတာကို စုန့်ချင်းရှုက သိပေမဲ့ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို မသိဘူး။ ဒါကြောင့် ကျောက်နံရံကို အခြေခံပြီး ပတ်ဝန်းကျင်ကို လိုက်ရှာရတယ်။
လဝက်လောက် အချိန်ကုန်သွားပြီးတဲ့နောက်မှာ ဝူလျန်ကျောက်ဂူကို ရှာတွေ့သွားတယ်။ "နတ်သမီးလေး၊ ငါ လာပြီ~" စုန့်ချင်းရှုက ပျော်ပျော်ရွှင်ရွှင်နဲ့ ဂူထဲကို ပြေးဝင်သွားတယ်။ အဲဒီအချိန်မှာ တခြားလူတွေ ရှိရင် အတွေးပေါင်းစုံ တွေးမိမှာ သေချာတယ်။
အဝေးကနေ နတ်သမီးကျောက်ရုပ်ထုကို တွေ့လိုက်ရတယ်။ အဲဒါက တကယ်ကို လူတစ်ယောက်နဲ့ တူတယ်။ အပေါ်မှာ ဝတ်ထားတဲ့ အဝါရောင် ပိုးထည်က တဖြည်းဖြည်း လှုပ်နေတယ်။ မျက်လုံးတွေက တောက်ပနေတယ်။ ကျောက်စိမ်းရဲ့ အနီရောင်ဖျော့ဖျော့အစင်းကြောင့် လူတစ်ယောက်လိုထင်မှတ်ရတယ်။
မှင်ရောင် မျက်လုံးတွေကို စိုက်ကြည့်နေရင်း စုန့်ချင်းရှုက နှလုံးခုန်သံကို ခံစားလိုက်ရတယ်။ "သွမ့်ယွီလိုမျိုး အူကြောင်ကြောင်ကောင်တောင် ချက်ချင်း သဘောကျသွားတာ မဆန်းပါဘူး။ တကယ်ကို ထူးဆန်းတယ်။"
သူ့ရဲ့ ရည်ရွယ်ချက်ကို တွေးပြီး စုန့်ချင်းရှုက အလှအပကို ခံစားဖို့ အချိန် မရှိဘူး။ သူက ကျောက်ရုပ်ရဲ့ အဝတ်အစားကို အမြန် မပြီး ခေါင်း ငုံ့ပြီး ဂရုတစိုက် ရှာလိုက်တယ်။
နောက်ဆုံးမှာ ထိုင်ခုံကို တွေ့လိုက်ရတယ်။ အဲဒီအပေါ်က အပေါက်ကို တွေ့တော့ စုန့်ချင်းရှုရဲ့ မျက်နှာက မကောင်းတော့ဘူး။ သူက လက်ကို ထည့်ပြီး ခဏလောက် ရှာကြည့်ပေမဲ့ ဘာမှ မတွေ့ဘူး။ နောက်ဆုံးမှာ သူက စိတ်လျှော့လိုက်တယ်။
ဒီကမ္ဘာက သွမ့်ယွီက အရင်ဦးသွားပုံရတယ်။ အရင်တုန်းက ဒီကမ္ဘာရဲ့ ဇာတ်လမ်းက မူရင်းဇာတ်လမ်းနဲ့ မတူတာကို သတိထားမိတော့ စုန့်ချင်းရှုက မျှော်လင့်ချက်လေး ရှိသေးတယ်။ သွမ့်ယွီက ဒီကို မရောက်သေးဘူးလို့ တွေးထားတယ်။ အခုတော့ အရာအားလုံးက သူ့ရဲ့ အတွေးတွေပဲ။