အခန်း ၃၅ စမ်းကြည့်မယ်
“စိတ်ညှို့ပညာက တကယ်ဒီလောက်အစွမ်းထက်တာလား”
“ကိုယ့်ထက် အားနည်းတဲ့လူ၊ ကိုယ့်ကို ဒုက္ခပေးတဲ့သူ ဒါမှမဟုတ်မကောင်းကြံနေတဲ့သူတွေ ထိန်းချုပ်တဲ့နေရာမှာ အရမ်းအသုံးဝင်တယ်။" စုန့်ချင်းရှုက ရှင်းပြလိုက်တယ်။ "ဥပမာ မရီးလို သိုင်းပညာ အားကောင်းပြီး စိတ်ကောင်းရှိတဲ့သူတွေအတွက် အသုံးမဝင်ဘူး။"
စုန့်ချင်းရှုက ကံကောင်းတယ်လို့ တွေးနေသည်။ အရင်က သွေးကြောတွေ ပျက်စီးသွားတော့ ယင်ကိုးပါးကျမ်းလိုမျိုး အရမ်းကောင်းတဲ့ သိုင်းပညာကို လေ့ကျင့်လို့ မရတော့ဘူး။ သူက စိတ်မပျက်ဘဲ ကျမ်းစာတွေကို ထပ်ခါထပ်ခါ လေ့လာခဲ့တယ်။ နောက်ဆုံးမှာ သူက စိတ်ညို့ခြင်းကို လေ့ကျင့်ဖို့ အတွင်းအားကိုလှည့်ပတ်စရာ မလိုဘူးဆိုတာကို တွေ့လိုက်တယ်။ ဒါက စိတ်စွမ်းအင်ကိုပဲ အသုံးပြုတာ။ အဲဒီအချိန်မှာ စုန့်ချင်းရှုက လေ့ကျင့်ဖို့ အခြေအနေ ပြည့်စုံရင် သိုင်းပညာကို ချက်ချင်း လေ့ကျင့်နိုင်တယ်ဆိုတာကို သိသွားတယ်။
"ငါ မယုံဘူး။ ဖုံးကွယ်ဖို့ ကြိုးစားနေတာလား။" ဟူအမျိုးသမီးရဲ့ အသံက အရမ်းချိုသာသွားတယ်။
"ဒါဆို စမ်းကြည့်ချင်လား။" စုန့်ချင်းရှုက ရုတ်တရက် နှလုံးခုန်နှုန်း မြန်လာပြီး သူမကို တည့်တည့် စိုက်ကြည့်လိုက်သည်။
ဟူအမျိုးသမီးက သူ့ကို ကြည့်လိုက်သည်။ သူ့ရဲ့ ပြင်းပြတဲ့ မျက်လုံးတွေကို မြင်တော့ စိတ်လှုပ်ရှားသွားပြီး မရည်ရွယ်ဘဲနဲ့ "စမ်းကြည့်မယ်"
"မရီး၊ ကျွန်တော့်ရဲ့ မျက်လုံးတွေကို ကြည့်ပါ။" လှပတဲ့ မိန်းကလေးရဲ့ ခွင့်ပြုချက်ကို ရသွားတော့ စုန့်ချင်းရှုက ယဉ်ကျေးမနေတော့ဘူး။
ဟူအမျိုးသမီးရဲ့ မျက်လုံးက သူ့ရဲ့ မျက်လုံးနဲ့ အကြည့်ချင်းဆုံသွားတာနဲ့ ရုတ်တရက် ကြီးမားတဲ့ လှိုင်းလုံးထဲကို ရောက်သွားသလို ခံစားလိုက်ရပြီး သတိက ဝေဝါးသွားတယ်။
"မရီး၊ ကျွန်တော့်ကို လာဖက်ပါ။" စုန့်ချင်းရှုက လုပ်ချင်တာတွေ အများကြီး ရှိပေမဲ့ စိတ်ကို ထိန်းထားတယ်။ အရမ်း လွန်လွန်ကျွံကျွံ မလုပ်ရဲဘူး။
"အင်း~" ဟူအမျိုးသမီးက ချိုမြိန်စွာ သဘောတူလိုက်သည်။ သူမက တကယ်ပဲ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး သူမရဲ့ လက်တွေကို ဆန့်လိုက်တယ်။ ပြီးတော့ စုန့်ချင်းရှုကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီး သူမရဲ့ ခေါင်းကို ရင်ဘတ်ပေါ်မှာ ဖြည်းဖြည်းချင်း မှီလိုက်သည်။
နွေးထွေးပြီး နူးညံ့တဲ့ ခန္ဓာကိုယ်ကို ဖက်ထားရတော့ စုန့်ချင်းရှုက အရမ်း လွန်သွားပြီလို့ တွေးလိုက်သည်။ သူက အလျင်အမြန် လက်ဖြောက်တီးလိုက်တယ်။ ဟူအမျိုးသမီးက သတိပြန်ဝင်လာပြီး သူတို့ နှစ်ယောက်ရဲ့ အနေအထားကို တွေ့တော့ ရှက်ရွံ့ပြီး ဒေါသတကြီးနဲ့ စုန့်ချင်းရှုကို တွန်းထုတ်လိုက်တယ်။
"ဒါက ကျွန့်တော့်အမှားပါ တောင်းပန်ပါတယ် ကျွန်တော့်အမှားပါ" စုန့်ချင်းရှုက ရှက်ရွံ့စွာနဲ့ ရှင်းပြလိုက်တယ်။
"ကျွန်တော်က နတ်မြတ်ကျမ်းကို လေ့ကျင့်ခဲ့တာကို မေ့သွားတယ်။ ကျွန်တော့်ရဲ့ အတွင်းအားက မရီးထက် နည်းနည်း ပိုမြင့်နေနိုင်တယ်။"
ဟူအမျိုးသမီးက သက်ပြင်းရှည်ကြီးချပြီး ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်လိုက်သည်။
"ချင်းရှု၊ မင်း စိတ်ညှို့ပညာကိုအသုံးပြုတာ အရမ်းကျွမ်းကျင်တယ်... အဲ့ဒါက တကယ်ကို မကောင်းတဲ့ အတတ်ပညာပဲ။ မင်းသာအဲ့ဒါကို လမ်းမှားပြီး မကောင်းတဲ့ဘက်မှာ အသုံးပြုရင် ကောင်းမွန်တဲ့ မိန်းကလေးတွေရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက်တောင် ဖျက်ဆီးမလဲ မသိဘူး။"
"မရီး နားလည်မှုလွဲနေပြီ။ ကျွန်တော်က အဲဒီလိုလူ မဟုတ်ပါဘူး။" စုန့်ချင်းရှုက အလျင်အမြန် ရှင်းပြလိုက်တယ်။ "သိုင်းပညာမှာ ကောင်းတာ မကောင်းတာ မရှိဘူး။ သိုင်းပညာကို သုံးတဲ့ လူတွေမှာပဲ ကောင်းတာ မကောင်းတာ ရှိတယ်။ ဒီ သိုင်းပညာကို ကော်ကျင်းနဲ့ ဟွမ်ရုံတို့လည်း သုံးတယ်။ မရီးက သူတို့ကိုလည်း မကောင်းတဲ့ လူတွေလို့ ပြောမလား။
"ကောင်းပြီ၊ ငါ မင်းကို အမြဲဘယ်လိုယုံရမလဲ။" ဟူအမျိုးသမီးက အနည်းငယ် ပြုံးလိုက်တယ်။ "ဒါပေမဲ့ မင်းက ငါ့ကို ကတိပေးရမယ်။" သူမရဲ့ စိတ်ထဲမှာ အရမ်း ရှက်နေတယ်။ သူက စိတ်မထိန်းနိုင်ရင် သူမကို အိပ်ရာထဲ ခေါ်သွားမှာ မဟုတ်ဘူးလား။
"မရီး စိတ်ချပါ။ ကျွန်တော်က မရီးအပေါ်မှာ ထပ်ပြီး မသုံးတော့ပါဘူး။" စုန့်ချင်းရှုက လေးနက်စွာ ကတိပေးလိုက်တယ်။
"ဒါဆို မရီး စိတ်ချသွားပြီ။" ဟူအမျိုးသမီးက ပြုံးလိုက်တယ်။ မနက်ခင်း နေရောင်ခြည်က သူမရဲ့ လှပတဲ့ မျက်နှာကို ထိတော့ စုန့်ချင်းရှုက ငေးကြည့်နေမိတယ်။
သူ့ရဲ့ စိုက်ကြည့်နေတဲ့ မျက်လုံးတွေကို သတိထားမိတော့ ဟူအမျိုးသမီးရဲ့ စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ပေါ်လာတယ်။
"ချင်းရှု၊ မရီး နှုတ်ဆက်ရတော့မယ်။"
စုန့်ချင်းရှုက နားထဲမှာ ကြည်လင်တဲ့ စကားလုံးတွေ ကြားလိုက်ရပေမဲ့ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ "မရီး၊ ကျွန်တော် မှားသွားပြီ။ မရီးကို မကောင်းတဲ့ နည်းလမ်းတွေနဲ့ မစနောက်သင့်ဘူး။"
"ဒါနဲ့ မဆိုင်ဘူး။" ဟူအမျိုးသမီးက သက်ပြင်းချလိုက်တယ်။
"ငါက မုဆိုးမတစ်ယောက်ပါ။ အရင်တုန်းက မင်းရဲ့ သွေးကြောတွေကို ကုသပေးဖို့ မင်းကို ကူညီရအောင်ဆိုပြီး အတူတူ သွားလာလို့ ရတယ်။ အခု မင်းရဲ့ သွေးကြောတွေက ပြန်ကောင်းသွားပြီ။ ငါ မင်းနဲ့ အတူတူ ဘယ်လို သွားလာလို့ ရမှာလဲ။"
"ဒါဆို ကျွန်တော့်ရဲ့ သွေးကြောတွေက ဘယ်တော့မှ ပြန်မကောင်းရင် ကောင်းမယ်။" စုန့်ချင်းရှုက ဒေါသတကြီး ပြောလိုက်တယ်။
"မင်းဘာလို့စိတ်ဆိုးနေတာလဲ။" သူက ကလေးလို ပြုမူနေတာကို တွေ့တော့ ဟူအမျိုးသမီးက ရယ်ချင်သွားတယ်။ သူမက ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ်။ "ချင်းရှု၊ ဒီရက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ငါတို့က သာမန် မတ်နဲ့ မရီးတွေထက် ပိုပြီး ရင်းနှီးသွားတယ်။"
"ငါတို့က နေလိုတောက်ပပြီး လလို ကြည်လင်သန့်ရှင်းတယ် ဆိုတော့ ဘာမှရှက်စရာ မရှိဘူး။" စုန့်ချင်းရှုက အလျင်အမြန် ပြောလိုက်တယ်။
"ငါက ရှက်စရာ ရှိတယ်လို့ ထင်ရင် ဘယ်လိုလုပ်မလဲ။" ဟူအမျိုးသမီးရဲ့ အဲဒီစကားက စုန့်ချင်းရှုကို တိတ်ဆိတ်သွားစေတယ်။ "..." အဲဒီစကားတစ်ခွန်းက သူတို့ နှစ်ယောက်ရဲ့ နှလုံးသားကို လှုပ်ခပ်သွားစေပြီး တိတ်ဆိတ်သွားစေတယ်။
"ချင်းရှု၊ မင်းရဲ့ စိတ်ကို မရီး နည်းနည်းတော့ ခန့်မှန်းမိတယ်။" ခဏလောက်ကြာတော့ ဟူအမျိုးသမီးက ဆက်ပြောလိုက်တယ်။
စုန့်ချင်းရှုက ပါးစပ်ဟဖို့ လုပ်တော့ ဟူအမျိုးသမီးက သူမရဲ့ လက်ချောင်းလေးနဲ့ သူ့ရဲ့ နှုတ်ခမ်းကို ညင်ညင်သာသာ ဖိလိုက်တယ်။ စုန့်ချင်းရှု ပြောစရာစကားတွေထောင်သောင်းမကရှိသော်လည်း သွယ်လျ ပျော့ပြောင်းတဲ့ လက်ချောင်းလေးတစ်ခုကြောင့် အားလုံးကို ဗိုက်ထဲကို ပြန်မြိုချလိုက်ပြီ။
"မင်း စိတ်မရှိပါနဲ့။ ငါပြောတာ နားထောင်ပါ။" စုန့်ချင်းရှုက ဘာမှ မပြောတော့ဘူး။
"ချင်းရှု၊ ငါတို့ နှစ်ယောက်က မဖြစ်နိုင်ဘူး။ ငါက မုဆိုးမတစ်ယောက်ပါ။ မင်းမှာ အနာဂတ်ကောင်းတွေ အများကြီး ရှိတယ်။ မင်းရဲ့ ကံကြမ္မာရေစက်ရှိတဲ့ မိန်းကလေးက မင်းကို စောင့်နေတယ်။" ဟူအမျိုးသမီးရဲ့ အသံက အရင်ကလိုပဲ နူးညံ့ပြီး ချိုသာတယ်။ ဒါပေမဲ့ စုန့်ချင်းရှု အရမ်း ကြောက်သွားတယ်။ သူက သူမကို ထာဝရ ဆုံးရှုံးရတော့မယ်ဆိုတာကို သိနေတယ်။
"ကျွန်တော် ဂရုမစိုက်ဘူး!" စုန့်ချင်းရှုက ဒေါသတကြီး အော်လိုက်တယ်။
"ဒါပေမဲ့ ငါ ဂရုစိုက်တယ်!" ဟူအမျိုးသမီးရဲ့ မျက်နှာက အခု အရမ်းလေးနက်သွားတယ် ပြီး စကားလုံး တစ်လုံးချင်းစီကို ပြောလိုက်တယ်။ "ကျွန်မက ဟူယိတောင်ရဲ့ ဇနီးပါ။ သူ သေသွားရင်တောင် ကျွန်မက ထာဝရ သူ့ရဲ့ ဇနီးပါပဲ”
ဟူအမျိုးသမီးက မကြာသေးမီက သူမရဲ့ နှလုံးသားထဲမှာ အနည်းငယ် ပြောင်းလဲလာတာသိပေမယ့် မရင်ဆိုင်ရဲခဲ့ဘူး။ အခု စိတ်ညို့ပညာရပ်အသုံးပြုတာက သူမကို သတိပေးလိုက်တော့ သူမက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်တယ်။
စုန့်ချင်းရှုက တိတ်ဆိတ်သွားတယ်။ ခေတ်သစ်က လူတစ်ယောက်အနေနဲ့ မုဆိုးမဆိုတာ ဘာမှ မဟုတ်ဘူး။ သူတို့ နှစ်ယောက် ချစ်ကြရင် အရာအားလုံးက ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကမ္ဘာမှာ လူတိုင်းက ထုံးတမ်းစဉ်လာနဲ့ ဂုဏ်သိက္ခာကို အလေးထားတယ်။ သူက ဟူအမျိုးသမီးကို သူ့လိုမျိုး လွတ်လွတ်လပ်လပ် နေဖို့ မတောင်းဆိုနိုင်ဘူး။
အရင်တုန်းက ဒီပြဿနာကို မစဉ်းစားဖို့ တမင်ရှောင်ခဲ့တယ်။ အခု စဉ်းစားကြည့်တော့ ဟူအမျိုးသမီးက သူ့နဲ့ အတူတူ နေဖို့ သဘောတူရင်တောင် သူတို့ နှစ်ယောက် ရင်ဆိုင်ရမယ့် လူမှုရေး ဖိအားက သူတို့ နှစ်ယောက် ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။
အရင်တုန်းက အခွင့်ကောင်းယူဖို့အတွက် စုန့်ချင်းရှုက သေသွားတဲ့ ဟူယိတောင်နဲ့ ညီအစ်ကို ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ သူ့မိန်းမကိုယူရင် ဟူအမျိုးသမီးတင် မဟုတ်ဘူး၊ စုန့်ချင်းရှုကိုယ်တိုင်လည်း ဂုဏ်သိက္ခာကျပြီး လူတိုင်းရဲ့ အမုန်းကို ခံရလိမ့်မယ်။
စုန့်ချင်းရှုက ရင့်ကျက်တဲ့ ယောက်ျားတစ်ယောက်ပါ။ တစ်ခါတလေ စိတ်မထိန်းနိုင်ပေမဲ့ ဘယ်တော့မှ အသိဉာဏ် မပျောက်ဘူး။ သူက ဟူအမျိုးသမီးရဲ့ ဆုံးဖြတ်ချက်ကို အမြန် နားလည်သွားတယ်။
အခု သူက ဟူယိတောင်နဲ့ ညီအစ်ကိုအဖြစ် သစ္စာဆိုခဲ့တာကို အရမ်း နောင်တရနေတယ်။
"နားလည်သွားပြီလား။" သူ့ရဲ့ မျက်နှာက တဖြည်းဖြည်း တည်ငြိမ်သွားတာကို တွေ့တော့ ဟူအမျိုးသမီးရဲ့ နှလုံးသားက နာကျင်သွားတယ်။ ဒါပေမဲ့ သူမကစိတ်ကိုတင်းပြီး မေးလိုက်တယ်။
"အင်း" စုန့်ချင်းရှုက ခါးသီးစွာ ခေါင်းညိတ်လိုက်တယ်။ "အခု ကျွန်တော်က ဖြစ်လာမယ့် မုန်တိုင်းကို ရင်မဆိုင်နိုင်ဘူး။ မရီးကိုလည်း မကာကွယ်ပေးနိုင်ဘူး။ ဒါပေမဲ့ မရီး စိတ်ချပါ။ တစ်နေ့မှာ လူတိုင်းက ကျွန်တော်တို့ နှစ်ယောက်ကို မကန့်ကွက်နိုင်အောင် ကျွန်တော်လုပ်မယ်။"
"ဘာတွေ လျှောက်ပြောနေတာလဲ။" ဟူအမျိုးသမီးက ရှက်ရွံစွာနဲ့ပြောလိုက်တယ်။ "မင်း ဘာတွေ တွေးနေလဲဆိုတာကို ဂရုမစိုက်ဘူး။ မင်း နားလည်သွားပြီဆိုရင် ငါ သွားတော့မယ်။"
"မရီး၊ ကျွန်တော် နောင်တရတယ်၊ စိတ်ညှို့ပညာကိုသုံးပြီးမရီးရဲ့နာမည်အရင်းကို မမေးလိုက်ရတာကိုနောင်တရတယ်" စုန့်ချင်းရှုက ရုတ်တရက် ခေါင်းမတ်ပြီး ပြုံးလိုက်တယ်။
ဟူအမျိုးသမီးက လန့်သွားပြီး မျက်လုံးတွေကို ချက်ချင်း မှိတ်လိုက်တယ်။ "ချင်းရှု၊ မင်း ဘာလုပ်မလို့လဲ။"
"မရီးကို နောက်နေတာပါ။" စုန့်ချင်းရှုက သက်ပြင်းချလိုက်တယ်၊ ငါတို့ရင်းနှီးနေတာကြာပြီ ဒါပေမယ့် "မရီးရဲ့ နာမည်အရင်းကို မသိရသေးတာကို တွေးပြီး နောင်တရတယ်။"
ဟူအမျိုးသမီးက ဒေါသတကြီးနဲ့ သူ့ကို ကြည့်လိုက်သည်။ "အရင်းနှီးဆုံး ဆွေမျိုးတွေကလွဲရင် မိန်းကလေးတွေက သူတို့ရဲ့ နာမည်အရင်းကို သူတို့ရဲ့ ခင်ပွန်းတွေကိုပဲ ပြောတယ်ဆိုတာကို သိလား။"
"ကျွန်တော် သိပါတယ်။" စိတ်တိုသွားပြီး သူ့ကို မျက်စောင်းထိုးလိုက်တယ်။ "မင်းနဲ့ စကားပြောရတာ အချိန်ကုန်တယ်။" သူမ လှည့်ထွက်သွားတယ်။
ဆယ်ပေလောက် လျှောက်ပြီးတဲ့နောက် သူမက နောက်ကို လှည့်ကြည့်လိုက်သည်။ စုန့်ချင်းရှုက သူ့ကို ငေးကြည့်နေတုန်းပဲဆိုတာကို တွေ့တော့ ဟူအမျိုးသမီးရဲ့ နှလုံးသားက ပျော့ပျောင်းသွားတယ်။ သူမက လက်ကို ပါးစပ်နားမှာ ကပ်ပြီး အော်လိုက်တယ်။ "အစ်ကိုဟူက ကျွန်မကို ရေခဲပန်းလေး(ပင်းရွဲ့အာ)လို့ ခေါ်တယ်။" ပြောပြီးတာနဲ့ ကိုယ်ဖော့သိုင်းကို သုံးပြီး ထွက်ပြေးပျောက်ကွယ်သွားတယ်။