အခန်း ၃၄ အရေးကြီးသော ကုသခြင်းဇာတ်ကွက်
စုန့်ချင်းရှုက သူ့ရဲ့ အင်္ကျီလက်ကို ဆွဲနေတာကို သတိထားမိလိုက်တယ်။ ခေါင်းကို ငုံ့ကြည့်တော့ ဟူအမျိုးသမီးက မျက်လုံးကိုဖွင့်ကာ အသံတိုးတိုးလေးနဲ့ ခိုင်မာစွာ ပြောလိုက်တယ်။ "ချင်းရှု၊ မလုပ်နဲ့၊ တခြား ယောက်ျားတွေ ငါ့ရဲ့ ခန္ဓာကိုယ်ကိုထိတာ မခံနိုင်ဘူး။ တခြား ယောက်ျားတွေ ငါ့ကို မထိဖို့ ကတိပေးပါ" စုန့်ချင်းရှုက တုံ့ဆိုင်းပြီး ခေါင်းညိတ်လိုက်တာကို မြင်တော့ ဟူအမျိုးသမီးက ပြုံးလိုက်တယ်။ ပြီးတော့ မျက်လုံးတွေက ဝေဝါးလာပြီး တိုးတိုးလေး ပြောလိုက်တယ်။ "မင်းက ဖေးအာကို ဂရုစိုက်ပေးပါ။ သူက မွေးကတည်းက အဖေမရှိတော့ဘူး။ အခု အမေလည်း မရှိတော့ဘူး။ အရမ်း သနားဖို့ ကောင်းတယ်..."
သူမရဲ့ အသံက တဖြည်းဖြည်း တိုးလာတာကို ခံစားမိတော့ စုန့်ချင်းရှုရဲ့ မျက်လုံးတွေက ဝေဝါးလာတယ်။ သူမက ဒီကမ္ဘာမှာ ငါ့အပေါ် အကောင်းဆုံးဆက်ဆံပေးတဲ့လူ ဖြစ်တယ်လို့ တွေးမိတော့ ဝမ်းနည်းလာပြီး သူမကို ပွေ့ဖက် ငိုကြွေးလိုက်တယ်.....။
တင်းကျန့်က ဘာလုပ်ရမှန်း မသိဘဲ ငိုနေတဲ့ စုန့်ချင်းရှုကို ကြည့်နေတယ်။ သူ့ရဲ့ စိတ်ထဲမှာ နောင်တတွေ ပြည့်နေတယ်။ လင်ရှမ်းဟွာကလည်း အရမ်း ဝမ်းနည်းနေတယ်။ သူတို့ နှစ်ယောက်က နောက်ဆုံးမှာ ချစ်သူတွေ ဖြစ်သွားပြီး မကြာခင်မှာ ဒီလို အဖြစ်အပျက် ဖြစ်သွားတယ်။ ဒါက သူမတို့ နှစ်ယောက်ရဲ့ ကတိကို ဖောက်ဖျက်လို့ ကောင်းကင်ဘုံက ပြစ်ဒဏ်ပေးနေတာလားလို့ တွေးနေပါတယ်။
ရုတ်တရက် ငိုသံတွေ တိတ်သွားတာကို သူတို့ နှစ်ယောက် သတိထားမိလိုက်တယ်။ ခေါင်းကို မော့ကြည့်တော့ စုန့်ချင်းရှုက ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး ရေခဲလို အေးစက်တဲ့ အသံနဲ့ ပြောလိုက်တယ်။ "နတ်မြတ်ကျမ်းရဲ့ နောက်တစ်ပိုင်းကို ငါ့ကို မြန်မြန် ရွတ်ပြ"
"သူက ဟူအမျိုးသမီးကို သူကိုယ်တိုင် ကယ်ဖို့ သင်ယူချင်တာလား" တင်းကျန့်ရဲ့ စိတ်ထဲမှာ ရုတ်တရက် အတွေးတစ်ခု ပေါ်လာတယ်။ သူက ပြောလိုက်တယ်။ "စုန့်သူရဲကောင်း၊ မင်းရဲ့ အရည်အချင်းက အရမ်းကောင်းတယ်ဆိုတာကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ နတ်မြတ်ကျမ်းက အရမ်း နက်နဲတော့ မင်းက ခဏလေးနဲ့ သင်ယူလို့ မရဘူး"
"ငါ့ကို ရွတ်ပြ၊ စကား အပိုတွေ မပြောနဲ့။ မြန်မြန်" စုန့်ချင်းရှုက အေးစက်စွာ ပြောလိုက်တယ်။
တင်းကျန့်က သူ့ရဲ့ မျက်နှာက ရူးသွပ်နေတာကို မြင်တော့ သူက စိတ်ထဲမှာ နတ်ဆိုးဝင်နေပြီလို့ သိသွားတယ်။ ဒါပေမဲ့ သူ့ကြောင့် ဒီလိုဖြစ်သွားရတာဆိုတော့ နတ်မြတ်ကျမ်းရဲ့ နောက်တစ်ပိုင်းကို ရွတ်ပြလိုက်တယ်။ "ကောင်းကင်နဲ့ မြေကြီးက စတင်ဖြစ်ပေါ်လာချိန်မှာ ယင်နဲ့ယန်က ပေါက်ဖွားလာတယ် မြေကြီးကယင်ဖြစ်ပြီး မြေကြီးက မွေးဖွားလာတဲ့ အရာကို ယင်ရဲ့ ယန်လို့ ခေါ်တယ်..."
တင်းကျန့်က ခပ်မြန်မြန်ပဲ ရွတ်ပြလိုက်တယ်။ စုန့်ချင်းရှုရဲ့ မျက်လုံးတွေက တဖြည်းဖြည်း တောက်ပလာတယ်။ တင်းကျန့်က နောက်ဆုံး စာကြောင်းကို ရွတ်ပြပြီးတာနဲ့ စုန့်ချင်းရှုက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်တယ်။
"မင်းတို့ နှစ်ယောက် မြန်မြန် ထွက်သွား"
"ဘယ်လို ဖြစ်နိုင်မှာလဲ" တင်းကျန့်က ထွက်သွားတဲ့အချိန်မှာ နောက်ကို လှည့်ကြည့်လိုက်သည်။ အရင်တုန်းက စုန့်ချင်းရှုက သွေးကြောတွေ ပျက်စီးနေတာကို သူ ရှင်းရှင်းလင်းလင်း သိသည်။ အခု သူက နတ်မြတ်ကျမ်းကို ရွတ်ပြပြီးတာနဲ့ သူ့ရဲ့ မျက်လုံးတွေက အရမ်း တောက်ပနေပြီး သူ့ရဲ့ ခန္ဓာကိုယ်ကလည်း နတ်မြတ်ကျမ်းကို စပြီး လေ့ကျင့်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။
"ငါ အိပ်မက်မက်နေတာလား" တင်းကျန့်က သူ့ရဲ့ ပေါင်ကို ဆွဲညှစ်လိုက်မိသည်။ နာကျင်မှုကို ခံစားမိတော့မှ ဒါ အိပ်မက် မဟုတ်ဘူး။
ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာ အရည်အချင်းကို အရမ်း ယုံကြည်မှုရှိတယ်။ ဆရာမရှိဘဲ ကိုယ်တိုင် လေ့လာပြီး ငါးနှစ်အတွင်း နတ်မြတ်ကျမ်းကို လေ့ကျင့်နိုင်ခဲ့တယ်။ အခု သူ့ထက် ပိုပြီး ထူးဆန်းတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ သူက ကျမ်းစာကို တစ်ခေါက် နားထောင်ရုံနဲ့ နတ်မြတ်ကျမ်းကို လေ့ကျင့်နိုင်ခဲ့တယ်။ ပြီးတော့ ဒီလူက အရင်တုန်းက သွေးကြောတွေ ပျက်စီးနေတဲ့ လူတစ်ယောက်လဲ ဖြစ်နေသေးတယ်။
"ဒါက ဂိမ်းတစ်ခုပဲဖြစ်နိုင်လား" သူ့ရဲ့ သွေးကြောတွေ ပြန်ကောင်းလာပြီး သူ့ရဲ့ စွမ်းအင်တွေ ပြည့်လာတာကို ခံစားမိတော့ အိမ်ထဲက စုန့်ချင်းရှုက ခါးသီးစွာ ရယ်လိုက်တယ်။ သိုင်းပညာ လျှို့ဝှက်ချက်ကို တစ်ခါ နားထောင်ရုံနဲ့ သိုင်းပညာ လေ့ကျင့်နိုင်တာကို စုန့်ချင်းရှုက သူ့ရဲ့ အရင်ဘဝက ဂိမ်းတွေထဲမှာပဲ တွေ့ဖူးတယ်။ ကစားသမားက သိုင်းကျမ်းကို ရပြီး လေ့ကျင့်ဖို့ အခြေအနေ ပြည့်စုံရင် Click တစ်ချက် နှိပ်ရုံနဲ့ သိုင်းပညာက အမြင့်ဆုံး အဆင့်ကို ရောက်သွားတယ်။
ခဏလောက် စောင့်ပြီး သူ့ရဲ့ နားထဲမှာ အေးစက်တဲ့ စနစ်ရဲ့ အသံ မကြားရတော့ စုန့်ချင်းရှုက သူ့ရဲ့ လက်ထဲက အမျိုးသမီးကို ကြည့်ပြီး ပျော်ရွှင်စွာ ရယ်လိုက်တယ်။ "ဂိမ်းပဲ ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ငါက အစစ်အမှန် လူတစ်ယောက်ပဲ။ ငါ့ရဲ့ မရီးကလည်း အစစ်အမှန် လူတစ်ယောက်ပဲ။ ဒါဆိုရင် လုံလောက်ပြီ"
ဗဟုသုတ ကြွယ်ဝတဲ့ ကမ္ဘာမြေက လူတစ်ယောက်အနေနဲ့ ဒီရှုပ်ထွေးတဲ့ ကမ္ဘာကို ရောက်လာပြီးတဲ့နောက် အရာအားလုံးကို သံသယ ဝင်နေတယ်။ သူက အတွေးအခေါ် ယူဆချက် အမျိုးမျိုးကို လျှို့ဝှက်စွာ စဉ်းစားနေတယ်။ သူရဲ့ စိတ်ထဲမှာ အမှန်ဆုံးလို့ ထင်တာက သူက ကားတိုက်ခံရပြီး သိပ္ပံပညာရှင်တွေက သူ့ကို လျှို့ဝှက် စမ်းသပ်မှု တစ်ခုအတွက် ခေါ်သွားတာ။ သူ့ရဲ့ အသိစိတ်ကို Virtual Reality(စစ်မှန်သောပုံရိပ်ယောင်) လိုမျိုး နည်းပညာနဲ့ ထုတ်ယူပြီး ဒီဇိုင်းဆွဲထားတဲ့ ဂိမ်းကမ္ဘာထဲကို ထည့်လိုက်တာ...
တကယ်တော့ စုန့်ချင်းရှုက အတွေးလွန်နေတာပါ။ အရမ်းကြီးမားတဲ့စကြဝဠာ နဲ့ယှဉ်ရင် ကမ္ဘာမြေရဲ့ သိပ္ပံပညာက သဲတစ်ပွင့်လောက်ပဲ ရှိတာပါ။ အံ့သြဖွယ် ဖြစ်ရပ်တွေကို ရှင်းပြဖို့ မလွယ်ဘူး။ ကံမကောင်းစွာဖြင့် (သို့မဟုတ် ကံကောင်းစွာဖြင့်) ဤကမ္ဘာသို့ ရောက်ရှိလာခြင်းမှာ ထိုထူးဆန်းသော အရာများထဲက တစ်ခုပဲ။ ပြီးတော့ ဒီရင်းနှီးပြီး ရှုပ်ထွေးတဲ့ ကမ္ဘာက ဘယ်လို ဖြစ်လာလဲဆိုတာကလည်း ရှင်းမပြနိုင်တဲ့အရာပါပဲ။
စုန့်ချင်းရှုက ဝိညာဉ်နဲ့ ကူးပြာင်းလာခဲ့တာဖြစ်တဲ့အတွက် သူ့ရဲ့ ဝိညာဉ် စွမ်းအားက ဒီကမ္ဘာက အခြားလူတွေထက် အဆပေါင်းများစွာ ပိုပြီး အားကောင်းပါတယ်။ ဒီကွာခြားချက်က သေးငယ်တယ်လို့ မထင်ပါနဲ့။ ဒါက အရည်အသွေး ကွာခြားချက်ကို ဖြစ်စေတယ်။ တခြားသူတွေက နှစ်ပေါင်းများစွာ လေ့ကျင့်မှ တတ်မြောက်နိုင်တဲ့ အရာတွေကို သူက ခဏလေးနဲ့ တတ်မြောက်နိုင်ပါတယ်။
"မရီး၊ ခွင့်လွှတ်ပါ" ခုဏကပဲ တခြား ယောက်ျားတွေက သူမရဲ့ ခန္ဓာကိုယ်ကို မထိဖို့ ကတိပေးခဲ့ပေမဲ့ သူက တခြား ယောက်ျား မဟုတ်ဘူး။ အရင်တုန်းက သူမရဲ့ အရိုးတွေကို ဆက်ပေးတဲ့ အချိန်မှာ ထိသင့်တဲ့နေရာရော မထိသင့်တဲ့နေရာတွေကိုရော ထိခဲ့ပြီးပြီ။ စုန့်ချင်းရှုက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမရဲ့ အင်္ကျီတွေကို ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်။
ဟူအမျိုးသမီး သူမ ခန္ဓာကိုယ်က ပိုပြီးအေးလာပြီး ပိုပြီးပေါ့လာတယ်လို့ ခံစားလိုက်ရတယ်။
အဆုံးမရှိတဲ့ အမှောင်ထဲမှာ ဖြည်းဖြည်းချင်း လွင့်မျောနေတယ်။ ရုတ်တရက် ကောင်းကင်မှာ အလင်းရောင်တစ်ခု ပေါ်လာပြီး နေမင်းက ဖြည်းဖြည်းချင်း ထွက်လာတယ်။
နေရောင်က သူမရဲ့ ခန္ဓာကိုယ်ကို ထိတော့ ဟူအမျိုးသမီးက ပိုပိုပြီး နွေးလာတယ်လို့ ခံစားရတယ်။ သူမရဲ့ ခန္ဓာကိုယ်ကလည်း ပိုပိုပြီး လေးလာတယ်။ "ငါ ဘယ်မှာလဲ"
ဟူအမျိုးသမီးက ဖြည်းဖြည်းချင်း မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူမရဲ့ စိတ်က ဖြည်းဖြည်းချင်း ပြန်ကောင်းလာတယ်။
ရုတ်တရက် သူမရဲ့ ခန္ဓာကိုယ်မှာ ဘာအဝတ်အစားမှ မရှိဘူးဆိုတာကို သိလိုက်ရတော့ သူမရဲ့ မျက်နှာက အရမ်း ရှက်သွားတယ်။
အဲဒီအချိန်မှာ နောက်က စုန့်ချင်းရှုရဲ့ အသံကို ကြားလိုက်ရတယ်။ "မရီး၊ မလှုပ်နဲ့။ ငါက နတ်မြတ်ကျမ်းကို လေ့ကျင့်နိုင်သွားပြီ။ မင်းကို ကုသပေးနေတယ်။ မင်းရဲ့ ဒဏ်ရာက အရမ်း ပြင်းထန်တော့ ကုသနေတာကို မပျက်စီးသွားစေနဲ့။"
ဟူအမျိုးသမီးက စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။ "တကယ်ကို ဒုက္ခအိုးပဲ။ အရင်တုန်းက သူ့ကို ကိုင်ခွင့်ပေးလိုက်တာ မလုံလောက်ဘူး။ အခု အကုန်လုံး မြင်သွားပြီ..."
လက်ဖဝါးကနေ နွေးထွေးတဲ့ အငွေ့အသက်လေးတွေ ထွက်လာတာကို သူမရဲ့ ကျောပြင်က ခံစားမိတော့ ဟူအမျိုးသမီးရဲ့ နှလုံးသားက တုန်လှုပ်သွားတယ်။ သူမက အံကြိတ်ကာ သူမရဲ့ ကံကြမ္မာကိုလက်ခံလိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။
တစ်ညလုံး ကုသပေးပြီးတဲ့နောက်....... နောက်ဆုံးတော့ ဟူအမျိုးသမီးကို သေမင်းလက်ကနေ ပြန်ခေါ်လာနိုင်ခဲ့တယ်။ သူတို့ နှစ်ယောက်က ဘုရားကျောင်းပျက်ရဲ့ တံခါးကို ဖွင့်လိုက်တော့ လင်ရှမ်းဟွာရဲ့ ကြင်နာတဲ့ အပြုံးနဲ့ တင်းကျန့်ရဲ့ အံ့သြတဲ့ မျက်နှာကို တွေ့လိုက်ရတယ်။
တင်းကျန့်က ရှက်နေတဲ့ ဟူအမျိုးသမီးကို ဂရုစိုက်ဖို့ အချိန်မရှိဘူး။ သူက စုန့်ချင်းရှုကို ဆွဲပြီး သူ့ရဲ့ အကြောင်းကို မေးလိုက်တယ်။ စုန့်ချင်းရှုက နတ်မြတ်ကျမ်းကို တကယ်ကို လေ့ကျင့်နိုင်သွားပြီဆိုတာကို သိသွားတော့ သူ့ရဲ့ မျက်နှာက ရှုပ်ထွေးသွားတယ်။ "မင်းကြီးထွားမလာခင် မင်းကို သတ်ပစ်ရမလားဆိုတာကို ငါ စဉ်းစားနေတယ်..."
စုန့်ချင်းရှုက စိတ်ထဲမှာ တုန်လှုပ်သွားတယ်။ တစ်ညလုံး ကုသပေးပြီးတဲ့နောက် သူ့ရဲ့ စွမ်းအင်တွေ အကုန်လုံး ကုန်သွားပြီး ဘာခုခံနိုင်စွမ်းမှ မရှိတော့ဘူး။
လင်ရှမ်းဟွာက ဒေါသတကြီးနဲ့ ရယ်မောပြီး ဆူလိုက်တယ်။ "တင်းအစ်ကို၊ မင်း စုန့်သခင်လေးကို မခြောက်ပါနဲ့။ မနေ့ညက မင်းက အမှားလုပ်ခဲ့လို့ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာတာပဲ" လို့ ပြောလိုက်သည်။
တင်းကျန့်က ရှက်ရွံ့စွာ ရယ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ပြီး ဒူးထောက်လိုက်တယ်။ "စုန့်ညီလေး၊ မနေ့ညက အစ်ကိုက မင်းကို သံသယဝင်ပြီး ကျေးဇူးကန်းခဲ့တယ်။ ဟူအမျိုးသမီးကိုလည်း သေလုမြောပါး ဖြစ်အောင် လုပ်ခဲ့တယ်။ မင်းတို့ကို တောင်းပန်ပါတယ်" သူက ဟူအမျိုးသမီးရဲ့ နာမည်ကို မသိဘူး။ သူတို့က မတ်နဲ့ မရီးလို့ ခေါ်နေတာကိုပဲ သိသည်။ ဒါပေမဲ့ သူတို့ နှစ်ယောက်ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ကြည့်ပြီး ကုသပေးတဲ့ အချိန်မှာ အဝတ်အစားတွေ အကုန်လုံး ချွတ်ရမယ်ဆိုတာကို တွေးတော့ တင်းကျန့်ရဲ့ မျက်နှာက ထူးဆန်းသွားတယ်။ သူက အလျင်စလိုနဲ့ ဟူအမျိုးသမီးလို့ပဲ ခေါ်လိုက်တယ်။
စုန့်ချင်းရှု မနေ့က သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ဟူအမျိုးသမီးက ဘာမှ မဖြစ်ခဲ့ဘူး။ သူကလည်း နတ်မြတ်ကျမ်းကို တတ်သွားပြီး သွေးကြောတွေလည်း ပြန်ကောင်းသွားတယ်။ အားလုံး အဆင်ပြေသွားတော့ သူ့ကို ကြည့်ရတာလည်း သဘောကျလာတယ်။ ဒါကြောင့် သူ့ကို အမြန် ထူမပေးလိုက်တယ်။
တစ်ညလုံး အချိန်က တစ်ဘဝစာလောက် ကြာသွားသလိုပဲ။ လေးယောက်လုံး စိတ်မကောင်းဖြစ်ပြီး စကားတွေ ပြောနေကြတယ်။
ခဏကြာတော့ တင်းကျန့်နဲ့ လင်ရှမ်းဟွာတို့က ဟူအမျိုးသမီးက ဘာမှ မဖြစ်တော့ဘူးဆိုတာကို သိသွားတော့ သူတို့ နှစ်ယောက်ကို နှုတ်ဆက်ပြီး ထွက်သွားကြသည်။
အဲဒီအချိန်မှာ စုန့်ချင်းရှုက သူတို့ကို ကျင်းကျိုးကို ပြန်မသွားဖို့ ထပ်သတိပေးရမလားဆိုတာကို စဉ်းစားနေတယ်။
မရည်ရွယ်ဘဲနဲ့ ဟူအမျိုးသမီးရဲ့ အားနည်းတဲ့ မျက်နှာကို မြင်တော့ သူ့ရဲ့ စိတ်ထဲမှာ ရက်စက်တဲ့ အတွေးတစ်ခု ပေါ်လာတယ်။ "သူတို့ရဲ့ ကံကြမ္မာအတိုင်း ပဲပေါ့။ သူတို့က ကျင်းကျိုးကို ပြန်သွားပြီး လင်ထွေ့ဆီရဲ့ လက်ချက်နဲ့ သေရင်လည်း သူတို့ရဲ့ အပြစ်ပဲ။ သူတို့က မရီးကို နာကျင်အောင် လုပ်ခဲ့တာပဲ"
သူတို့ နှစ်ယောက်ပဲ ကျန်တော့ ဟူအမျိုးသမီးက အရမ်း အနေရခက်သွားတယ်။ သူတို့ နှစ်ယောက်က ဘယ်လို စကားပြောရမလဲဆိုတာကို မသိတော့ဘူး။
စုန့်ချင်းရှုက ခေတ်သစ်လူတစ်ယောက်အနေနဲ့ မနေ့ညက ဖြစ်ခဲ့တာကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဟူအမျိုးသမီးက အရှက်ကြီးတဲ့သူ ဖြစ်မှာကို ကြောက်တယ်။ မတော်တဆ သူမကို စိတ်ဆိုးသွားအောင် လုပ်မိရင် ဒုက္ခရောက်လိမ့်မယ်။
နောက်ဆုံးမှာ ဟူအမျိုးသမီးက ဒီလို ရှက်စရာကောင်းတဲ့ တိတ်ဆိတ်မှုကို မခံနိုင်တော့ဘူး။ ဒါကြောင့် အရင်စပြီး မေးလိုက်တယ်။ "အဲဒီနေ့က သူတို့ နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို လင်ထွေ့စီ ဆီကနေ ဘယ်လို သဘောတူအောင် လုပ်ခဲ့တာလဲ"
စုန့်ချင်းရှုက ကြားလိုက်ရတော့ ရယ်ချင်သွားတယ်။ ဒီလောက်ကြာမှ မဆိုင်တဲ့ စကားတစ်ခွန်းကို မေးလိမ့်မယ်လို့ မထင်ထားဘူး။ သူ့ရဲ့ ရယ်ချင်တဲ့ စိတ်ကို ထိန်းပြီး ရှင်းပြလိုက်တယ်။ "ကျွန်တော်က လင်ထွေ့ဆီနဲ့ နှစ်ယောက်တည်း ရှိတဲ့အချိန်မှာ ယင်ကိုးပါးသိုင်းကျမ်းကို သုံးခဲ့တယ်။ စိတ်ညှို့တဲ့ပုံစံမျိုးပဲ သူ့ကို အထူး ညွှန်ကြားချက် ပေးတဲ့ အချိန်မှာ ကျွန်တာ် သင်ပေးထားတဲ့ စကားတွေကို တစ်လုံးမကျန် ပြောခဲ့တယ်။"
"?" ဟူအမျိုးသမီးက စိတ်ထဲမှာ လန့်သွားတယ်။