အခန်း (၃) - ချစ်ဇနီးကို ကာကွယ်ရန် ကြေညာခြင်း
ကံကောင်းစွာပဲ ကျန်းဝူကျိက ကျောက်မင်ကို ပိုသဘောကျပုံရတယ်။ မူလစုန့်ချင်းရှုတောင် ကျန်းဝူကျိက တကယ့်ကို လူကောင်းတစ်ယောက်လို့ ဝန်ခံရတယ်။ မူရင်းဝတ္ထုဇာတ်လမ်းအရဆိုရင် နှစ်ယောက်လုံး မကြာခင်မှာ သတိပြန်ဝင်လာပြီး ကျန်းဝူကျိက မကြာခင်မှာ ထွက်သွားလိမ့်မယ်။
ဒါပေမယ့် စုန့်ချင်းရှုကို အံ့အားသင့်စေတာက ကျန်းဝူကျိက သက်ပြင်းချပြီး "ကျစ်လော့!" လို့ စိတ်အားထက်သန်စွာ ခေါ်လိုက်တယ်။ ကျိုးကျစ်လော့ အံ့အားသင့်နေတုန်းမှာပဲ သူ့ရဲ့ ခါးကို ဖက်လိုက်ပြီး သူ့ရဲ့ ချယ်ရီနှုတ်ခမ်းလေးကို နမ်းဖို့ ခေါင်းငုံ့လိုက်တယ်။
ဒီတစ်ခါမှာ စုန့်ချင်းရှုတင်မကဘူး၊ ကျိုးကျစ်လော့တောင် အံ့အားသင့်သွားတယ်။ ဒါပေမယ့် သူမက မြန်မြန် သတိပြန်ဝင်လာပြီး ကျန်းဝူကျိရဲ့ လက်ထဲက ရုန်းထွက်ပြီး ရှောင်လိုက်တယ်။
"ဒါက ဇာတ်ညွှန်းနဲ့ မတူဘူး!" စုန့်ချင်းရှုက အိပ်ရာပေါ်မှာ မျက်လုံးပြူးပြီး ကျန်းဝူကျိကို ကြည့်နေသည်။ ခဏလောက်တော့ စိတ်ရှုပ်သွားတယ်။ ညသန်းခေါင်ယံမှာ ခင်ပွန်းရှိတဲ့ မိန်းမကို မြှူဆွယ်နေတာက မူရင်းဝတ္ထုထဲက စိတ်ထားကောင်းတဲ့ လူကောင်း ကျန်းဝူကျိ ဟုတ်ရဲ့လား။ အိမ်မှာ ကျောက်မင် မင်းသမီးက သူ့ကို ပြန်လာဖို့ စောင့်နေတာ မဟုတ်ဘူးလား။ ကျန်းဝူကျိ ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။
အပြင်ဘက်မှာ တပည့်တွေ လှည့်ကင်းလှည့်တဲ့ ခြေသံတွေ ကြားနေရတယ်။ ကျိုးကျစ်လော့က ရှက်ရွံ့ပြီး ဒေါသထွက်နေသည် "ကျန်းဝူကျိ! ရှင်... ရှင်..." ခဏလောက် ဘာပြောရမှန်း မသိတော့ဘူး။
"ကျစ်လော့၊ မင်းက ငယ်ငယ်လေးကတည်းက ငါ့ကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ မင်းရဲ့ ချစ်ခြင်းမေတ္တာကို ငါ ဘယ်လို မေ့နိုင်မှာလဲ။ အဲဒီတုန်းက ဟောင်ကျိုးမြို့မှာ ငါ့ရဲ့ ဖခင်အရင်းကို ကယ်တင်ဖို့ မဟုတ်ရင် မင်းက ငါ့ရဲ့ ဇနီး ဖြစ်နေလောက်ပြီ" ကျန်းဝူကျိက သက်ပြင်းချပြီး ကျိုးကျစ်လော့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်တယ်။
ကျိုးကျစ်လော့က ခဏလောက် စိတ်ရှုပ်သွားတယ်။ သူက ဟောင်ကျိုး မင်္ဂလာပွဲက အကြောင်းကို ပြောတော့ သူ့စိတ်ထဲမှာ မုန်းတီးမှုတွေ ပြည့်လာတယ် "ရှင်က ကမ္ဘာတစ်ဝှမ်းက သူရဲကောင်းတွေရှေ့မှာ ကျောက်မင်ဆိုတဲ့ မိစ္ဆာမလေးနောက်ကို လိုက်သွားတယ်။ ရှင်က ကျွန်မရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်တုန်းက ဂရုစိုက်ခဲ့လို့လဲ။ အခု ရှင်က ကျောက်မင်နဲ့အတူ ပျော်ရွှင်နေပြီး ကျွန်မက စုန့်ကတော် ဖြစ်နေပြီ။ ဒါကို ရှင်က အရင်က အကြောင်းတွေ လာပြောနေတာလား"
"ဒါက..." ကျန်းဝူကျိက ချက်ချင်း စကားလုံးတွေ ပျောက်ဆုံးသွားပြီး ဘာပြောရမှန်း မသိတော့ဘဲ ရပ်နေသည်။
သူ့ရဲ့ ပုံစံကို မြင်တော့ ကျိုးကျစ်လော့က အကြောင်းပြချက်မရှိဘဲ စိတ်ဆိုးသွားပြီး အသံကို မြှင့်တင်လိုက်တယ် "ကျန်းခေါင်းဆောင်၊ ကျွန်မတို့နှစ်ယောက်က ယောက်ျားလေးနဲ့ မိန်းကလေး၊ ညနက်သန်းခေါင်မှာ အတူရှိနေရင် ကောလာဟလတွေ ထွက်လာမှာ သေချာတယ်။ ရှင် မြန်မြန် သွားပါတော့"
ကျန်းဝူကျိက အံ့အားသင့်သွားပြီး တိုးတိုးလေး ပြောလိုက်သည် "နောက်ဆိုရင် မင်းရဲ့ တပည့်တွေကို ရှောင်ပြီး ငါ လာခဲ့ပါ့မယ်။ ငါတို့ ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့။ မင်းကို ပြောချင်တဲ့ စကားတွေ အများကြီး ရှိတယ်"
ကျန်းဝူကျိရဲ့ အရိပ်က အမှောင်ထဲမှာ ပျောက်သွားတာကို မြင်တော့ ကျိုးကျစ်လော့စိတ်က မတည်မငြိမ် ဖြစ်နေသည်။ ခြေထောက်တွေကို ပိုက်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်နေသည်။ ဘာကို တွေးနေမှန်း မသိပေမယ့် မျက်နှာပေါ်မှာ တစ်ခါတလေ ရှက်ရွံ့တဲ့ အပြုံးတွေ ပေါ်လာပြီး တစ်ခါတလေမှာ ဒေါသထွက်တဲ့ အရိပ်အယောင်လေးတွေ ပေါ်လာတယ်။
စုန့်ချင်းရှုက အဲဒီတော့မှ သူ့ရဲ့ ဇနီးအသစ်ကို သေချာကြည့်ခွင့် ရသွားသည်။ သစ်ခွပန်းလို လှပပြီး သန့်ရှင်းတယ်။ ဟန်ရေရဲ့ အလှကို စုစည်းထားပြီး အော့မေတောင်ရဲ့ အလှကို စုစည်းထားတာ သေချာတယ်။ မူရင်းဝတ္ထုထဲက "လှပပြီး သန့်ရှင်းတယ်၊ ရုပ်ရည်က အရမ်းလှတယ်" ဆိုတဲ့ မှတ်ချက်နဲ့ ထိုက်တန်တယ်။ အရင်ဘဝက "ကောင်းကင်ဓားနှင့် နဂါးဓား" တီဗီဇာတ်လမ်းတွဲတွေမှာ ကျိုးကျစ်လော့အဖြစ် သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေက ရှားပါးတဲ့ အလှပဂေးတွေပဲ။ ဒါပေမယ့် အခု သူ့ရှေ့က မိန်းမက ပိုပြီး ထူးချွန်နေပုံရတယ်။ ဂေါယွမ်ယွမ်ထက် နည်းနည်း ပိုနူးညံ့ပြီး ကျိုးဟိုင်မေ့ထက် နည်းနည်း ပိုအေးစက်တယ်။ မူရင်းဝတ္ထုထဲက စုန့်ချင်းရှုက သူ့ကို စွဲလမ်းပြီး တစ်ချိန်လုံး သူ့အကြောင်းကို တွေးနေတာ အံ့ဩစရာ မရှိဘူး။ မွန်ဂိုနိုင်ငံရဲ့ အလှဆုံး မိန်းမ ကျောက်မင်ကို ရပြီးတဲ့နောက်မှာတောင် သူ့ကို မေ့မရနိုင်ဘူး။
သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးညကို ပြန်စဉ်းစားမိတယ်။ ကျန်းဝူကျိက မင်္ဂလာပွဲကို လာမဖျက်တော့လို့ ဝမ်းနည်းကြေကွဲပြီး စုန့်ချင်းရှုကို လွှတ်ထားလိုက်တယ်။ ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်က အဲဒီအခွင့်အရေးကို အသုံးချပြီး ကျိုးကျစ်လော့ရဲ့ အပျိုရည်ကို ရယူနိုင်တယ်။ ဒါပေမယ့် အဲဒီတုန်းက စုန့်ချင်းရှုက မနာလိုစိတ်နဲ့ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကြောင့် အခွင့်ကောင်းကို အသုံးမချချင်ခဲ့ဘူး။
"တကယ်ကို အသုံးမကျတဲ့လူပဲ!" စုန့်ချင်းရှုက ချီးကျူးရင်းနဲ့ နည်းနည်း စိတ်ပျက်သွားသည်။
မိန်းမတစ်ယောက်ရဲ့ နှလုံးသားထဲမှာ တခြားယောက်ျားတစ်ယောက် ရှိနေပြီဆိုရင် မင်းက သူ့ရဲ့ နှလုံးသားထဲကို ပြန်ဝင်ဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒီယောက်ျားရဲ့ အရိပ်ကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းက သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ နှလုံးသားထဲကို ဝင်ဖို့ပဲ။ သူ့ရဲ့ ပထမဆုံး ယောက်ျားဖြစ်မှသာ သူ့ရဲ့ ပထမဆုံးအချစ်ကို သတိရနေတာကို လျော့ပါးအောင် လုပ်နိုင်မှာ။
"အဲဒီတုန်းက မင်းက အခွင့်ကောင်းကို အသုံးမချချင်ဘူး။ အခု တခြားယောက်ျားတွေ လက်ထဲ ရောက်တော့မယ်။ ငါ့ကိုလည်း စိတ်ဆင်းရဲစေတယ်။" စုန့်ချင်းရှုက အရင်လူကို စိတ်ထဲမှာ ဆဲနေသည်။ ပြီးတော့ စိတ်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုံးဖြတ်လိုက်တယ် "မင်းရဲ့ ခန္ဓာကိုယ်ကို ငါယူလိုက်လို့ တကယ်တောင်းပန်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအရဆိုရင် မင်းလည်း သေမှာပဲ။ ငါလုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော လျော်ကြေးက မင်းရဲ့ ဇနီးကို တခြားယောက်ျားတွေ လက်ထဲ မရောက်အောင် အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့ပဲ။ မင်းရဲ့ နာမည်နဲ့ ကမ္ဘာကို တုန်လှုပ်စေမယ်..."
နောက်ရက်အနည်းငယ်က မူရင်းဝတ္ထုဇာတ်လမ်းအတိုင်းပဲ ဖြစ်ပျက်သွားတယ်။ ကျိုးကျစ်လော့နဲ့ ကျန်းဝူကျိတို့က ရှောင်လင်ကျောင်းရဲ့ ရဟန်းသုံးပါးရဲ့ ရွှေကိုယ်ခံ့ညားနတ်ဆိုးကွင်းကို အတူတကွ ဖျက်ဆီးခဲ့တယ်။ ကျန်းဝူကျိ စိတ်ဖောက်ပြန်ပြီး ရူးသွပ်သွားတဲ့ အကြောင်းကိုလည်း လူအများက ပြောဆိုနေကြတယ်။
ကျိုးကျစ်လော့က ရှီဆွန်း(ရဲ့ရွှင်)ကို သတ်ပြီး အော့မေတောင်ကို ပြန်ဖို့ စီစဉ်ထားပေမယ့် အဲဒီညက ကျန်းဝူကျိက သူ့ကို ချစ်ကြောင်းဖွင့်ပြောတော့ အဲဒီအကြံကို ခဏ ရပ်လိုက်တယ်။
ခြင်္သေ့သတ်ပွဲအပြီးမှာ စုန့်ချင်းရှု ဒဏ်ရာပြင်းထန်လို့ ခရီးဆက်လို့ မရသေးဘူးဆိုပြီး ကျိုးကျစ်လော့က ရှောင်လင်ကျောင်းမှာ ဆက်နေခဲ့တယ်။ တပည့်အများစုကို အော့မေတောင်ကို ပြန်လွှတ်ပြီး နှစ်ယောက်လောက်ပဲ သူ့ကို ပြုစုဖို့ ထားခဲ့တယ်။ တပည့်တွေကတော့ ခေါင်းဆောင်က ယောက်ကျားကို တကယ် ဂရုစိုက်တာပဲလို့ ပြောနေကြတယ်။
စုန့်ချင်းရှုကတော့ အေးစက်စက်နဲ့ ကြည့်နေသည်။ ကျိုးကျစ်လော့ရဲ့ ရည်ရွယ်ချက်ကို သူ ခန့်မှန်းနိုင်တယ်။ ဒါပေမယ့် အဲဒီညကတည်းက ကျန်းဝူကျိက ဒီကို ပြန်မလာတော့ဘူး။ စုန့်ချင်းရှု တစ်ရက်ထက်တစ်ရက် သက်သာလာတာကို ကြည့်ပြီး ကျိုးကျစ်လော့ရဲ့ မျက်နှာက စိုးရိမ်လာတာကို သိသာလာတယ်။
အနက်ရောင် အရိုးဆက်ဆေးက အရိုးဆက်ဖို့ အကောင်းဆုံးဆေးပဲ။ ပြီးတော့ အဲဒီတုန်းက ကျန်းဝူကျိက ယန်ကိုးပါးစွမ်းအားနဲ့ ဆေးစွမ်းကို အရိုးထဲကို တိုက်ရိုက်ထည့်ပေးခဲ့တယ်။ ဒါကြောင့် ရက်အနည်းငယ်ကြာတော့ စုန့်ချင်းရှုက အိပ်ရာပေါ်က ဆင်းပြီး လမ်းလျှောက်နိုင်လာတယ်။ နည်းနည်း အားနည်းနေတာကလွဲရင် သာမန်လူတစ်ယောက်နဲ့ မခြားတော့ဘူး။
"ကျစ်လော့၊ ငါတို့ ဘာလို့ အော့မေတောင်ကို ပြန်မသွားသေးတာလဲ" စုန့်ချင်းရှုက ကျိုးကျစ်လော့ကို စမ်းသပ်တဲ့အနေနဲ့ မေးလိုက်တယ်။
"လမ်းမှာ စစ်ပွဲတွေ ဖြစ်နေလို့ ရှင် အပြည့်အဝ သက်သာမှ ငါတို့ ခရီးဆက်ကြတာပေါ့" ကျိုးကျစ်လော့ရဲ့ အသံက စိမ်းသက်နေသည်။
စုန့်ချင်းရှုက ခေတ်သစ် စီးပွားရေးလောကမှာ ရုန်းကန်ခဲ့ပြီး အခြေအနေကို ကြည့်တတ်ဖို့နဲ့ မျက်နှာပြောင်တိုက်တတ်ဖို့ သင်ယူခဲ့ပြီးပြီ။ အခု သူက မသန်စွမ်းတဲ့သူ ဖြစ်နေပြီ။ ပြီးတော့ အရင်ဘဝက တီဗီဇာတ်လမ်းတွဲတွေထဲက ကျိုးကျစ်လော့ရဲ့ ရက်စက်တဲ့ပုံရိပ်က သူ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲနေသည်။ ကျိုးကျစ်လော့က လက်ချောင်းလေး တစ်ချက်ခါရုံနဲ့ သူ့ကို ငရဲကို ပို့နိုင်တယ်ဆိုတာကို တွေးပြီး အားလုံးက သူ့လက်ထဲမှာပဲ ရှိတယ်ဆိုတာကို တွေးပြီး သူက သူမကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ထိ မိုက်မဲမှာ မဟုတ်ဘူး။ တကယ်လို့ သူမကို စိတ်ဆိုးသွားအောင် လုပ်မိရင် သူ့ကို ရက်ရက်စက်စက် သတ်ပြီး ကျန်းဝူကျိနဲ့ တိတ်တိတ်လေး ပျော်ရွှင်နေနိုင်တယ်။ ပြီးတော့ အပြင်လူတွေကို ဒဏ်ရာပြင်းထန်လို့ သေသွားတယ်လို့ ပြောနိုင်တယ်။ ဒီရက်ပိုင်းအတွင်းမှာ ကျိုးကျစ်လော့က ဇနီးကောင်းတစ်ယောက်လို ပြုမူနေတာကြောင့် ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူး။
ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ကို ကတိပေးထားတာကို တွေးပြီး စုန့်ချင်းရှုက ခါးခါးသီးသီး ပြုံးလိုက်တယ်။
သူခိုးက ရက်ပေါင်းတစ်ထောင် ခိုးနိုင်ပေမယ့် ခိုးခံရတဲ့သူကတော့ ရက်ပေါင်းတစ်ထောင် ကာကွယ်လို့ မရဘူး။ ကျိုးကျစ်လော့ရဲ့ အပျိုရည်ကို ကာကွယ်ဖို့ သူမရဲ့ အပျိုရည်ကို အရင်ဆုံး ယူရမယ်။
ဒါပေမယ့်... အခု သူ့မှာ ကြက်တစ်ကောင်တောင် မသတ်နိုင်တဲ့ အခြေအနေကို ကြည့်ပြီး စုန့်ချင်းရှုက ခါးခါးသီးသီး ပြုံးလိုက်တယ်။ သူက အခု အင်အားငါးပဲ ရှိတဲ့ အသုံးမကျတဲ့လူပဲ။ ကျိုးကျစ်လော့က သူ့ရှေ့မှာ စူပါဆိုင်းယန်တစ်ယောက်လိုပဲ။ (ဘာသာပြန်သူ -ဂိမ်းတခုထဲက အဆင့်တွေကို နှိုင်းယှဉ်ပြထားတာပါ)
အတင်းအကျပ် လုပ်ဖို့က မဖြစ်နိုင်ဘူး။
ဒီရက်ပိုင်းအတွင်းမှာ စုန့်ချင်းရှုက ကျိုးကျစ်လော့နဲ့ စကားပြောဖို့ အကြောင်းအရာတွေ ရှာနေသည်။ သူမက အေးစက်စက်နဲ့ တုံ့ပြန်တယ်။ ကိုယ်ခံပညာလောကအကြောင်း ပြောရင်တော့ သူမက တုန့်ပြန်မှုနည်းနည်း ပိုကောင်းတယ်။
စုန့်ချင်းရှုက သူမနဲ့ ရင်းနှီးဖို့ပဲ ရည်ရွယ်ထားပေမယ့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မတိုးတက်ဘူး။ မတော်တဆ စကားပြောရင်းနဲ့ သူက ဒီကမ္ဘာကို ပြန်ပြီး သိခွင့်ရသွားသည်။