"ကောင်းပြီ" စုန့်ချင်းရှုသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကြိုတင်ပြင်ဆင်ထားသော မြေပုံကို နေကြာဘိုးဘေးအား ပေးလိုက်သည်။
နေကြာဘိုးဘေး၏ မြေပုံကို ကိုင်ဆောင်ထားသော လက်များမှာ တုန်ယင်နေသည်။ သူသည် မြေပုံထဲမှ အစိတ်အပိုင်းအချို့ကို အလွတ်ကျက်မှတ်ထားပြီးဖြစ်ရာ အကြမ်းဖျင်းတစ်ချက်ကြည့်ရုံဖြင့် ဤသည်မှာ အစစ်အမှန်မြေပုံဖြစ်ကြောင်း သိလိုက်ရသည်။ ရင်ဘတ်ထဲသို့ ဂရုတစိုက်ထည့်ပြီးနောက် စုန့်ချင်းရှုကို ကြည့်ကာ "ကောင်လေး၊ အဘိုးကြီး ဒီနေ့ ပျော်နေတယ်၊ ငါ မင်းကို ကူညီပေးရမလား"
သူ၏ ခြောက်သွေ့နေသော မျက်နှာအသားအရေမှာ ထိန်းမနိုင်သိမ်းမရ လှုပ်ရှားနေသည်ကို မြင်သောအခါ စုန့်ချင်းရှုသည် နေကြာဘိုးဘေး၏ စိတ်ထဲတွင် မည်မျှလောက် စိတ်လှုပ်ရှားနေသည်ကို နားလည်လိုက်သည်။ အကယ်၍ မိမိက တောင်းဆိုပါက သူသည် ခန်းရှီကို ရင်ဆိုင်ရာတွင် ကူညီပေးမည်မှာ သေချာသည်။ သို့သော် စုန့်ချင်းရှုသည် ခေါင်းခါကာ ငြင်းဆန်လိုက်သည် "ဒါက ကျွန်တော်နဲ့သူကြားက ကိစ္စပဲ၊ ကျွန်တော် တစ်ယောက်တည်း သူနဲ့အပြတ်ရှင်းချင်တယ်"
နေကြာဘိုးဘေး တစ်ချက်ကြောင်သွားသည်၊ စုန့်ချင်းရှုက မိမိ၏စေတနာကို လက်မခံမည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူသည်လည်း ဒီအတိုင်း ပြောမိရုံသာ ပြောလိုက်ခြင်းဖြစ်သည်၊ ယခုအခါ သူ၏ စိတ်တစ်ခုလုံးမှာ မန်ချူးတို့၏ နဂါးသွေးကြောအပေါ်တွင်သာ ရောက်ရှိနေသဖြင့် "ကောင်းသားပဲ၊ ဒါဆို ဒီအဘိုးကြီး အရင်သွားပြီ" ဟု ဆိုလိုက်သည်။ စကားဆုံးသည်နှင့် ကိုယ်သည် မီးခိုးငွေ့တစ်မျှင် ကဲ့သို့ ပျောက်ကွယ်သွားသည်။
"နေကြာဘိုးဘေးနဲ့ ယှဉ်ရင် ငါ့ရဲ့ကိုယ်ဖော့ပညာက နည်းနည်းလိုသေးတယ်" စုန့်ချင်းရှု တစ်ချက်ကြောင်သွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
ညဉ့်နက်လာသောအခါ ခန်းရှီသည် အခန်းထဲတွင် တစ်ယောက်တည်း စာတမ်းများကို စစ်ဆေးနေရင်း ဦးနှောက်ထဲတွင် စဉ်းစားနေသည်။ အခုရှန့်ကျင်းကို ငါကိုယ်တော် လုံးဝထိန်းချုပ်နိုင်ပြီ၊ စစ်ထွက်သွားတဲ့ ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေလည်း ငါကိုယ်တော်ရဲ့ လက်ထဲမှာပဲ၊ ဒါ့အပြင် ဟုန်လီလည်း သေပြီ၊ သူရဲ့သားအချို့ကိုလည်း လူလွှတ်စောင့်ကြည့်ခိုင်းထားတယ်၊ အရာအားလုံးက အခြေကျသွားပြီ။ အဲ့ဒီဗိုလ်ချုပ်တွေ ငါကိုယ်တော်ရဲ့ အမိန့်တော်ကို ရရင် မထင်မှတ်တဲ့အရာမဖြစ်ပွားသရွေ့တော့ အားလုံး နာခံကြလိမ့်မယ်... အင်း၊ ဒါပေမဲ့ ပေါ့ဆလို့မဖြစ်ဘူး၊ ဟုန်လီရဲ့ လူယုံတွေ အခွင့်ကောင်းယူပြီး ပုန်ကန်မှာကို သတိထားရမယ်...
ခန်းရှီသည် စဉ်းစားရင်း တွေးရင်း စိတ်ရှုပ်ထွေးလာပြီး စုတ်(မင်)တံကို ပစ်ချကာ စာတမ်းများကို ဆက်လက်မစစ်ဆေးတော့ပေ။ ရုတ်တရက် မာချွမ်းဟွာကို သတိရသွားပြီး စိတ်ထဲတွင် တစ်ချက်လှုပ်ခတ်သွားသည်။ ယခင်က လောကကြီးအကြောင်း မသိနားမလည်သော မိန်းမပျိုလေးမှာ ယခုအခါ ဆွဲဆောင်မှုရှိသော အမျိုးသမီးငယ်တစ်ဦးအဖြစ် ကြီးပြင်းလာပြီဖြစ်သည်၊ အထူးသဖြင့် တစ်ဖက်လူ၏ ထူးခြားသော အဆင့်အတန်းကို တွေးမိသောအခါ ခန်းရှီသည် ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခု ပူလောင်လာသည်ကို ခံစားလိုက်ရသည်။
"ရှောင်ဒန်းဇီ၊ မာသခင်မလေးကို ခေါ်ခဲ့"
သို့သော် နှစ်ကြိမ်ဆက်တိုက်ခေါ်သော်လည်း အပြင်ဘက်မှ တုံ့ပြန်မှုမရှိသဖြင့် ခန်းရှီ ဒေါသထွက်လာသည်၊ “ဒီလူမိုက်ကျေးကျွန်၊ ခေါင်းပြတ်မှာ မကြောက်ဘူးလား”။ ရုတ်တရက် အမူအရာပြောင်းလဲသွားပြီး တိုင်၏အရိပ်ထဲမှ လူရိပ်ကို ကြည့်လိုက်သည်။
"ဧကရာဇ်မင်း၊ ခေါ်စရာမလိုတော့ပါဘူး၊ ရှောင်ဒန်းဇီက မကြားနိုင်တော့ဘူး" စုန့်ချင်းရှုသည် တစ်လှမ်းချင်း ထွက်လာသည်။
ခန်းရှီ၏ စိတ်ထဲတွင် လေးလံသွားသော်လည်း မျက်နှာတွင်မူ နွေးထွေးသော အပြုံးတစ်ခု ပေါ်လာသည် "အမတ်စုန့် ဒီလောက်ညဉ့်နက်မှ ငါကိုယ်တော်ကို ရှာတာ ဘာကိစ္စရှိလို့လဲ"
စုန့်ချင်းရှုသည် အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ညင်သာစွာ ရယ်မောလိုက်သည် "ဧကရာဇ်မင်းက သိရဲ့သားနဲ့ ဘာ့ကြောင့် မသိချင်ယောင်ဆောင်နေရတာလဲ"
ခန်းရှီ၏ မျက်နှာသည် ရုတ်တရက် အလွန်မည်းမှောင်သွားသည် "မင်း ငါကိုယ်တော်ကို ဒီလိုစကားမျိုးပြောတာ မရိုမသေမှုကျူးလွန်တာပဲဆိုတာ သိရဲ့လား"
"သိပါတယ်" စုန့်ချင်းရှုက သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ခန်းရှီသည် ကျောထဲတွင် အေးစက်သော အငွေ့အသက်တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး လေးနက်စွာဖြင့် "စုန့်ချင်းရှု၊ မင်းသာ အခု နောက်ပြန်ဆုတ်ရင် ငါကိုယ်တော် မင်းရဲ့အရင်က အကျိုးပြုခဲ့တာတွေကို ထောက်ထားပြီး ဘာမှမဖြစ်ခဲ့သလို ခွင့်လွှတ်ပေးနိုင်သေးတယ်"
ခန်းရှီ၏ စကားကို ကြားသောအခါ စုန့်ချင်းရှုက ပြုံးလိုက်သည် "ဒီအခြေအနေအထိ ရောက်နေပြီ၊ ငါ ပြန်ဆုတ်သွားမယ်လို့ မင်းထင်လို့လား"
ခန်းရှီသည် ဟုန်လီကို ရှင်းလင်းပြီးနောက် ယုံကြည်မှုမှာ မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိနေသည်၊ ဒေါသတစ်ခု စိတ်ထဲတွင် တိုးဝင်လာပြီး လက်ကို ဝှေ့ယမ်းကာ အေးစက်စွာဆိုသည်။ "သူ့ကို သတ်"
ခန်းရှီ၏ အမိန့်တစ်ခွန်းနှင့်အတူ အနက်ရောင်ဝတ်စုံနှင့် လူလေးယောက်သည် အမှောင်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး စုန့်ချင်းရှုကို အလယ်တွင် ဝိုင်းရံလိုက်ကြသည်။
"အမတ်စုန့်၊ မင်း တကယ်ပဲ ငါကိုယ်တော်လက်အောက်မှာ သိုင်းပညာရှင်မရှိဘူးလို့ ထင်နေတာလား" ခန်းရှီက အေးစက်စွာ နှာမှုတ်လိုက်သည် "မဟာချင်နိုင်ငံက ကျယ်ပြောပြီး ပစ္စည်းဥစ္စာကြွယ်ဝတယ်၊ နန်းတွင်းတစ်ခုလုံးရဲ့ အင်အားကိုသုံးပြီး တုနှိုင်းမဲ့တဲံ သိုင်းပညာကျမ်းအမျိုးမျိုးကို စုဆောင်းထားတယ်၊ ဒီလူအနည်းငယ်က ငယ်စဉ်ကတည်းက အပြင်းထန်ဆုံးလေ့ကျင့်မှုတွေကို ခံယူခဲ့ပြီး အကောင်းဆုံးသိုင်းပညာတွေကို လေ့ကျင့်ခဲ့တယ်၊ ဘယ်သူမဆို သိုင်းလောကကို ရောက်သွားရင် ရှောင်လင်၊ ဝူတန်ဂိုဏ်းချုပ်တွေထက် မနိမ့်ကျဘူး"
လူအနည်းငယ်၏ ကိုယ်ပေါ်မှ ထိုသတ်ဖြတ်လိုသော အရှိန်အဝါကို ခံစားမိသောအခါ စုန့်ချင်းရှုသည် မျက်မှောင်ကြုတ်လိုက်သည်၊ ခန်းရှီ၏ စကားကို ကြားပြီးနောက် အကြင်နာမဲ့စွာ လှောင်ပြောင်ရယ်မောလိုက်သည် "ရှောင်လင်ဂိုဏ်းချုပ်ကိုတော့ ကျွန်တော် မပြောရဲဘူး၊ ဝူတန်ဂိုဏ်းချုပ်ကတော့... ဟက်ဟက်၊ ဂိုဏ်းချုပ်ကျန်းက လက်တစ်ဖက်ထဲနဲ့တောင် သူတို့ကို လုံးဝအသာစီးရနိုင်တယ်"
အနက်ရောင်ဝတ်စုံနှင့် လူအနည်းငယ်သည် ကြားသည်နှင့် ဒေါသတကြီးဖြစ်သွားသည်၊ ခေါင်းဆောင်ဖြစ်သူက သူတို့ကို စိတ်အေးအေးထားရန် အချက်ပြလိုက်ပြီး လှောင်ပြောင်လိုက်သည် "ကျန်းသခင်ကြီး ဘယ်လိုလဲဆိုတာ ငါတို့ မပြောရဲဘူး၊ မင်းကိုတော့ ငါတို့ ညီအစ်ကိုတွေမျက်စိထဲမှာ အမှိုက်သာသာပဲ သဘောထားတယ်"
ယုကျန်းဇီသည် ငယ်စဉ်က မြွေရွှေဘုရင်ယွမ်ချန်းကျီနှင့် အနိုင်အရှုံးမရှိတိုက်ခိုက်ခဲ့ဖူးသည်။ ဟုန်လီထံတွင် ခိုလှုံပြီးနောက် မြို့တော်တွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။ သို့သော် အကြိမ်များစွာ စုန့်ချင်းရှုလက်တွင် လွယ်လွယ်ကူကူရှုံးနိမ့်ခဲ့သောကြောင့် သိုင်းလောကသားများက စုန့်ချင်းရှုကို ပို၍အဆင့်မြင့်သည်ဟု ထင်မြင်လာကြသည်။ သို့သော် ဤအနက်ရောင်ဝတ်စုံနှင့်လူအနည်းငယ်သည် ယုကျန်းဇီကို လွယ်လွယ်ကူကူသတ်ဖြတ်နိုင်ခဲ့သောကြောင့် စုန့်ချင်းရှုကို အထင်မကြီးပေ။
"အော်" စုန့်ချင်းရှု တစ်ချက်လန့်သွားသည်၊ ယုကျန်းဇီသည် သိုင်းလောကတွင် ထိပ်တန်းသိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ကိုယ်ဖော့ပညာလည်း ထူးချွန်သည်။ သူတို့လက်ထဲတွင် ဤသို့သေဆုံးသွားသည်မှာ အနည်းငယ် မယုံနိုင်စရာဖြစ်သည်
"ယုကျန်းဇီ ဒီအတိုင်းပဲ သေသွားတာလား"
တစ်ဖက်လူ၏ မျက်နှာတွင် မာနကြီးသော အရိပ်အယောင်တစ်ခု ပေါ်လာသည်ကို မြင်သောအခါ စုန့်ချင်းရှု၏ အမူအရာ လေးနက်သွားသည်၊ ဤလူအနည်းငယ်မှာ အမှန်တကယ်ပင် အနည်းငယ် ခက်ခဲပေလိမ့်မည်။
"နာမည်ပြောပါ၊ စုန့်က အမည်မသိလူတွေကို မသတ်ဘူး" စုန့်ချင်းရှုသည် ယခုအခါ ယခင်ကနှင့်မတူတော့ပေ၊ လျင်မြန်စွာ တည်ငြိမ်သွားပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
"ယမမင်းကို တွေ့တဲ့အခါ သူ့ကို ပြောလိုက်၊ မင်းကို သတ်တဲ့သူက ဝေမိုပဲ" စကားဆုံးသည်နှင့် ခေါင်းဆောင်ဖြစ်သူသည် ထိုနေရာမှ ပျောက်ကွယ်သွားသည်။
ဓားအလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီး ဝေမိုသည် မူလနေရာသို့ ပြန်ရောက်လာသည်၊ အောက်သို့စိုက်နေသော ဓားထိပ်တွင် တောက်ပနေသော သွေးစက်တစ်စက် တွဲကျနေသည်။
"မင်းရဲ့ဓားက မြန်တယ်" စုန့်ချင်းရှုက ပခုံးပေါ်မှ ဒဏ်ရာကို ကြည့်လိုက်သည်၊ လေသံမှာ အနည်းငယ် ချီးကျူးဟန်တူသည်။
ပထမတိုက်ကွက်တွင် အသာစီးရခဲ့သော်လည်း ဝေမို၏ မျက်နှာတွင် ဝမ်းသာမှုအရိပ်အယောင်မရှိဘဲ ခါးသီးစွာ ပြုံးလိုက်သည် "မင်းရဲ့ကိုယ်ဖော့ပညာက ပိုမြန်တယ်"
"မင်းရဲ့ သိုင်းကွက်က ဘယ်လိုခေါ်လဲ" စုန့်ချင်းရှုက စူးစမ်းစွာ မေးလိုက်သည်။
"ကောင်းကင်ပြင်မှ ကြယ်ကြွေခြင်း" ဝေမိုက လေသံမာမာဖြင့် ဆိုသည်၊ သူသည် နာမည်မကျော်ကြားသော်လည်း ရှားပါးသော သိုင်းပညာပါရမီရှင်တစ်ဦးဖြစ်ပြီး သိုင်းပညာကျမ်းအမျိုးမျိုးကို ပေါင်းစပ်ပြီးနောက် 'ကောင်းကင်ပြင်မှ ကြယ်ကြွေခြင်း' တိုက်ကွက်တစ်ခုကို တီထွင်ခဲ့သည်၊ ထို့နောက် မည်သူ့ကိုမဆို သတ်ရာတွင် တစ်ကွက်တည်းသာ လိုအပ်သည်၊ ယုကျန်းဇီကဲ့သို့ အင်အားကြီးသူပင်လျှင် ခြွင်းချက်မရှိပေ၊ သို့သော် နောက်ဆုံးတွင် စုန့်ချင်းရှုက ရှောင်တိမ်းသွားခဲ့သည်။
"တကယ်ပဲ ကြယ်ကြွေသလို မြန်တာပဲ" စကားပြောနေစဉ်မှာပင် စုန့်ချင်းရှု၏ လက်ထဲတွင် သစ်သားဓားတစ်ချောင်း ပေါ်လာသည် "ဒါဆိုရင်တော့ ခင်ဗျား ကျွန်တော့်ရဲ့ ဒီတိုက်ကွက်ကို အကဲဖြတ်ပေးပါဦး"
ဝေမိုသည် နောက်ထပ်မပေါ့ဆရဲတော့ဘဲ အလျင်အမြန် အခြားလူအနည်းငယ်ကို ခေါ်ကာ အတူတကွ တိုက်ခိုက်လိုက်ကြသည်။
စုန့်ချင်းရှုက ဓားကို ပေါ့ပေါ့ပါးပါး နောက်သို့ဝှေ့ယမ်းလိုက်သည်၊ အခြားအနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်၏ မျှော်လင့်ချက်ကင်းမဲ့သော မျက်လုံးများတွင် ပျံ့နှံ့နေသော ဓားအရိပ်များ ပေါ်လာသည်၊ သူတို့ ဘဝတစ်သက်တာလုံးမှ အကောင်းဆုံးသိုင်းပညာကို ထုတ်သုံးသော်လည်း ဓားစွမ်းအင် ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်ကို မတားဆီးနိုင်ခဲ့ပေ။
ဝေမိုသည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးများ နီမြန်းသွားပြီး ကျယ်လောင်စွာ အော်ဟစ်ကာ အတွင်းအားအပြည့်သုံးလိုက်သည်၊ ဝမ်းနည်းဒေါသထွက်မှုအောက်တွင် ဤဓားတစ်ချက်သည် ယခင်က အတိုင်းအတာကို ကျော်လွန်သွားသည်၊ စုန့်ချင်းရှု၏ သစ်သားဓားမှာ ယခုအခါ နောက်တွင် ရှိနေသေးသည်ကို ကြည့်ရင်း ဝေမိုသည် တစ်ဖက်လူ နောက်ထပ်မရှောင်တိမ်းနိုင်တော့ဟု ယုံကြည်သည်။
ရုတ်တရက် ဝေမို၏ အမူအရာ ကြီးမားစွာ ပြောင်းလဲသွားသည်၊ စုန့်ချင်းရှု၏ လက်ထဲမှ သစ်သားဓားသည် သဘာဝအတိုင်း ရှေ့သို့ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။
ရင်ဘတ်ပေါ်မှ သစ်သားဓားကို ငုံ့ကြည့်ရင်း ဝေမိုက မကျေမနပ်ဖြင့် "ဒီဓားသိုင်းက ဘာနာမည်လဲ"
"မကြာသေးမီကမှ နားလည်သဘောပေါက်လာတာ၊ နာမည်မပေးရသေးဘူး..." ဝေမို၏ နှမြောတသဖြစ်သော မျက်နှာကို မြင်သောအခါ စုန့်ချင်းရှုသည် စိတ်မကောင်းဖြစ်သွားသည်၊ ရုတ်တရက် ယခင်ဘဝမှ ကာတွန်းတစ်ခုကို သတိရသွားပြီး အလျင်အမြန်ပင် "ကောင်းပြီး၊ ဓား ၂၃ လို့ပဲ ခေါ်လိုက်မယ်"
"ဓား ၂၃၊ သိပ်ကောင်းတဲ့ဓားသိုင်းပဲ၊သိပ်ကောင်းတဲ့ဓားသိုင်းပဲ..." ဝေမို၏ မျက်လုံးများမှ အရောင်သည် နောက်ဆုံးတွင် မှေးမှိန်သွားသည်။
ထိပ်တန်းသိုင်းပညာရှင်လေးယောက် ဤမျှလွယ်ကူစွာ စုန့်ချင်းရှုလက်တွင် သေဆုံးသွားသည်ကို ကြည့်ရင်း ခန်းရှီသည် အလျင်အမြန် အတွင်းခန်းမဆောင်သို့ ပြေးဝင်သွားပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ "အဘိုးကြီး ကယ်ပါ၊ အဘိုးကြီး ကယ်ပါ..." အသံသည် ချက်ချင်း ရပ်တန့်သွားသည်၊ မည်သည့်အချိန်က စုန့်ချင်းရှု သူ၏ရှေ့တွင် ရပ်နေသည်မသိ၊ လက်ထဲမှ သစ်သားဓားမှာ သူ၏လည်ချောင်းထိပ်တွင် ထောက်ထားသည်။
"နေကြာဘိုးဘေးက မင်းကို ကယ်တင်ပေးလိမ့်မယ်လို့ မျှော်လင့်နေတာလား" စုန့်ချင်းရှု၏ မျက်နှာတွင် နှမြောတသဖြစ်သော အရိပ်အယောင်တစ်ခု ပေါ်လာသည် "သူက အချိန်အတော်ကြာကတည်းက မင်းရဲ့ မဟာချင်နဂါးသွေးကြောကို ရှာဖွေဖို့ ချန်ပိုင်တောင်ကို ထွက်ခွာသွားပြီ၊ "
"လေးဆယ့်နှစ်ခန်းကျမ်း" ခန်းရှီသည် ချက်ချင်း အဓိကအချက်ကို သဘောပေါက်သွားသည် "ဝေရှောင်ပေါင်ကို မင်း သတ်တာပဲ"
"ရှောင်ပေါင်ကို ကျွန်တော် မသတ်ဘူး၊ သူက တကယ်ပဲ ကျန်းနင်မင်းသမီးလက်ချက်နဲ့ သေဆုံးခဲ့တာပါ" စုန့်ချင်းရှုက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ကျန်းနင်သတ်တာနဲ့ မင်းသတ်တာ ဘာကွာလို့လဲ" ခန်းရှီက အေးစက်စွာ ရယ်လိုက်သည် "ကျန်းနင်ဆိုတဲ့ ငတုံးမ၊ သေသွားတာတောင် သူများလက်ကိုင်တုတ်အဖြစ် အသုံးချခံရတာကို မသိဘူး"
"ကြည့်ရတာ ဧကရာဇ်က ဒါတွေအားလုံးကို သံသယဝင်နေခဲ့တာပဲ" စုန့်ချင်းရှုက သစ်သားဓားကို သိမ်းလိုက်ပြီး ချီးကျူးလိုက်သည်။
ခန်းရှီသည် အာဏာရှင်တစ်ဦးဖြစ်ရာ အစပိုင်းတွင် ထိတ်လန့်ပြီးနောက် လျင်မြန်စွာ တည်ငြိမ်သွားသည်၊ ယခုအခါ သေဆုံးမည်မှာ သေချာနေပြီဖြစ်သော်လည်း အကျည်းတန်သောအမူအရာတစ်ခုမျှ မပြလိုပေ "ဟုတ်တယ်၊ ရှန်ဟိုင်ဂိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို ငါ ကြားကတည်းက အထဲမှာ တစ်ခုခုမှားနေမှန်း သိတယ်။ ငါ နောက်ပိုင်းမှာ သံတမန်အဖွဲ့ထဲက တခြားလူတွေကို အဲ့ဒီနေ့က အခြေအနေကို မေးမြန်းပြီး နောက်ကွယ်က လူကို အကြိမ်ကြိမ်တွက်ဆပြီးနောက် မင်းက တစ်ဦးတည်းသော ဖြစ်နိုင်ခြေပဲလို့ ကောက်ချက်ချခဲ့တယ်"
"ဧကရာဇ်က အဲ့ဒီတုန်းက ဘာလို့ ကျွန်တော့်ကို အရေးမယူခဲ့တာလဲ" စုန့်ချင်းရှုသည် ခန်းရှီ၏ ယခုလက်ရှိတည်ငြိမ်မှုကို အလွန်လေးစားသည်။
"ဘာပဲဖြစ်ဖြစ် မင်းက ရှားပါးတဲ့ အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ၊ ငါကိုယ်တော် မင်းကို ဖောက်ထွင်းမြင်နိုင်တယ်လို့ ထင်ခဲ့တာ။ မင်းကို အပြည့်အဝအသုံးချပြီးမှ ဝေရှောင်ပေါင်အတွက် လက်စားချေဖို့ ဖယ်ရှားပစ်မလို့ပဲ၊ ဒါက ငါကိုယ်တော်ရဲ့ ဘဝမှာ ကျူးလွန်ခဲ့တဲ့ အကြီးမားဆုံးအမှားဖြစ်လိမ့်မယ်လို မထင်ထားခဲ့ဘူး" ခန်းရှီသည် အလွန်နောင်တရနေဟန်တူသည်။
"ဧကရာဇ်မင်း နောင်တရစရာမလိုပါဘူး၊ မင်း တကယ်တော့ အောင်မြင်ပြီးသားပါ။ လူတစ်ယောက်ရဲ့ စကားတစ်ခွန်းကိုသာ မကြားခဲ့ရင် ငါ့ရဲ့ ကြံစည်မှုအားလုံးကို မင်းသိရှိနေပြီဆိုတာကို ငါ လုံးဝသဘောပေါက်မှာမဟုတ်ဘူး" စုန့်ချင်းရှုက ကြောက်လန့်စွာ ဆိုသည်။
"ဟားဟား၊ ငါကိုယ်တော်က ပထမဆုံးအကြိမ် တွေ့ကတည်းက မင်းက တစ်စုံတစ်ယောက်ရဲ့လက်အောက်မှာ မနေချင်မှန်း၊ တစ်နေ့မှာ ငါကိုယ်တော်ကို ပုန်ကန်လိမ့်မယ်ဆိုတာ သိခဲ့တယ်..." ခန်းရှီက ခါးသီးစွာ ပြုံးလိုက်သည် "ဒါပေမဲ့ အောင်မြင်သူက ဘုရင်၊ ရှုံးနိမ့်သူက ဓားပြပဲ၊ များများပြောလည်း အဓိပ္ပာယ်မရှိဘူး။
ဒါနဲ့ယှဉ်ရင် ငါကိုယ်တော် ပိုသိချင်တာက၊ မင်း အခု ငါကိုယ်တော်ကို သတ်လိုက်ရင် နည်းနည်းလေး ဂုဏ်သိက္ခာရတာကလွဲလို့ ဘာအကျိုးအမြတ်များ ရနိုင်ဦးမှာလဲ"
စုန့်ချင်းရှုသည် ခဏတာ တိတ်ဆိတ်နေပြီး ရင်ဘတ်ထဲမှ ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသော မျက်နှာဖုံးတစ်ခုကို ထုတ်ယူကာ မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်၊ စကားမပြောဘဲ ခန်းရှီကို တည်ငြိမ်စွာ ကြည့်နေသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊မင်းရဲ့ ကြံစည်မှုက နက်ရှိုင်းတယ်။ ပြင်ဆင်မှုက ပြည့်စုံတယ်။ မင်းကို ရှုံးရတာ မတရားဘူးလို့ မထင်ဘူး။"
" မျက်စိရှေ့မှ မိမိနှင့် တစ်ပုံစံတည်းတူညီသော မျက်နှာကို ကြည့်ရင်း ခန်းရှီ၏ အရိုးထဲမှ အဆုံးမဲ့သော အအေးဓာတ်တစ်ခု ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး အလိုလို တုန်ယင်လာသည်၊ ဤအခြေအနေသို့ ရောက်မှသာ သူ လုံးဝမျှော်လင့်ချက်ကင်းမဲ့သွားသည်။
"ဒါက အရင်က ဂူစူးမုရုံမျိုးနွယ်က ကောင်မလေးတစ်ယောက်က ကျွန်တော့်ကို သင်ပေးခဲ့တဲ့ ရုပ်ပြောင်းရုပ်လွှဲပညာပဲ။ ဒါက ယင်ကိုးပါးသိုင်းကျမ်း (ကျိုးယင်) နဲ့ ယန်ကိုးပါးသိုင်းကျမ်း (ကျိုးယန်) ထက် ပိုပြီး အသုံးဝင်တယ်လို့ ကျွန်တော် အမြဲ ယုံကြည်ခဲ့တယ်။ အရင်က ပင်းရွဲ့အာ မိမိကို ယန်ဇီဝူသို့ ဆေးကုသရန် ခေါ်ဆောင်သွားသည်ကို တွေးမိသောအခါ စုန့်ချင်းရှု၏ စိတ်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာသည်။
"စုန့်ချင်းရှု၊ ငါကိုယ်တော် မသေခင်မှာ တောင်းဆိုစရာတစ်ခုပဲ ရှိတယ်" ခန်းရှီ၏ မျက်နှာတွင် သွေးတစ်စက်မျှမရှိပေ၊ သူ၏အသံ မတုန်ယင်စေရန် အားအကုန်သုံးလိုက်ရသည်။
"သိပ်မလွန်လွန်းရင် ကျွန်တော် ခင်ဗျားကို ကတိပေးနိုင်ပါတယ်" မျက်စိရှေ့မှ ဤရန်သူလို၊ မိတ်ဆွေလို လူကို ကြည့်ရင်း စုန့်ချင်းရှုက စိတ်ရင်းမှန်ဖြင့် ဆိုသည်။
"ငါကိုယ်တော်အစား ဒီဧကရာဇ်ရာထူးကို ကောင်းကောင်းဆောင်ရွက်ပေးပါ" ခန်းရှီသည် နောက်ဆုံးတွင် တည်ငြိမ်သွားသည်။
စုန့်ချင်းရှု တစ်ချက်ကြောင်သွားသည်၊ ခန်းရှီ၏ နောက်ဆုံးစကားက ဤသို့ဖြစ်လိမ့်မည်ဟု ဘယ်လိုမှထင်မထားခဲ့ပေ၊ မေးမြန်းရန် ပြင်ဆင်လိုက်စဉ်မှာပင် ခန်းရှီက မြေကြီးပေါ်မှ ဓားတစ်ချောင်းကို ကောက်ယူလိုက်ပြီး အမာနထောင်လွှားနေသော အမူအရာဖြင့် "ဟားဟား၊ ငါကိုယ်တော်က ကောင်းကင်ဘုံရဲ့သားတော်ပဲ၊ ငါ့ အသက်ကို ကောင်းကင်ဘုံ ဒါမှမဟုတ် ငါ့ ကိုယ်တိုင်ပဲ ယူနိုင်တယ်။" ပြောပြီးနောက် ဓားကို ကိုင်ကာ ကိုယ့်လည်ချောင်းကို ကိုယ် ဖြတ်ကာ သေဆုံးသွားခဲ့သည်။