အခန်း ၂၈၃: မုန်တိုင်းမတိုင်မီ ငြိမ်သက်ခြင်း
"ဒုတိယနည်းလမ်းကတော့" စုန့်ချင်းရှုက ခဏရပ်ပြီး ကျောက်တံခါးနှင့် နံရံဆက်စပ်ရာနေရာသို့ မျက်လုံးရွှေ့လိုက်သည် "ဒီတစ်ခေါက် ကျွန်တော်တို့ကို လျှို့ဝှက်တိုက်ခိုက်တဲ့လူက နတ်နဂါးဂိုဏ်းက လူတွေတော့ မဟုတ်ဘူး"
"ဘာဖြစ်လို့လဲ" စူးချွမ်သည် မသိစိတ်ဖြင့် ဟုန်အန်းထုံက စုန့်ချင်းရှုနှင့် အိုးရန်ဖုန်းကို ကြံစည်နေသည်ဟု ထင်မှတ်ခဲ့သည်၊ မြွေနတ်ဂူနှင့် အရောင်ငါးမျိုး နတ်နဂါးမြွေမှာ နတ်နဂါးကျွန်း၏ အမှတ်အသားများပင်ဖြစ်သည်။ဒါပေမဲ့ စုန့်ချင်းရှု ငါ့ရဲ့ဖြားယောင်းခြင်းပညာမိနေပြီလို့ အရိပ်အမြွက်ပြပြီးပြီပဲ၊ မဟုတ်မှလွဲရော သူကဟာကွက်တစ်ခုခုတွေ့သွားလို့ ရှက်ရွံဒေါသထွက်သွားတာလား' စူးချွမ်၏ စိတ်ထဲတွင် မသေချာမရေရာဖြစ်နေပြီး စုန့်ချင်းရှု၏ စကားကိုကြားသောအခါ အလျင်အမြန်မော့ကြည့်ကာမေးသည်။
"အကယ်၍ နတ်နဂါးကျွန်းပေါ်က လူတွေသာဆိုရင် ဒီကျောက်တံခါးနဲ့ ငါတို့ကို ပိတ်လှောင်ဖို့ ဒီလောက်ထိအားထုတ်မှာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကျောက်တံခါးမှာ အားနည်းချက်တစ်ခုရှိတယ်"
အိုးရန်ဖုန်းသည် မူလကတည်းက ဉာဏ်ကောင်းသူဖြစ်ရာ စုန့်ချင်းရှု၏ မျက်လုံးများနောက်သို့ လိုက်ကြည့်ပြီး လျင်မြန်စွာ သဘောပေါက်သွားသည် "မင်း ဆိုလိုတာက တံခါးပတ္တာလား"
ကျောက်တံခါးနှင့် နံရံ၏ ဆက်စပ်ရာနေရာကို ကြည့်ရင်း အိုးရန်ဖုန်းသည် နောက်ဆုံးတွင် ဤကျောက်တံခါးနှင့် ရှင်တစ်ပိုင်းသေတစ်ပိုင်းဂူ၏ နဂါးဖြတ်ကျောက်တုံးတို့မှာ အခြေခံအားဖြင့် ကွာခြားကြောင်း မြင်တွေ့သွားသည်။
နဂါးဖြတ်ကျောက်တုံးသည် တစ်ခါချလိုက်သည်နှင့် နောက်ထပ်မဖွင့်နိုင်တော့ပေ၊ ထို့ကြောင့် ပေါင်သောင်းချီလေးသော ကျောက်တံခါးဖြင့် ဂူပေါက်ကို ပိတ်ဆို့ခြင်းသာဖြစ်သည်။ မျက်စိရှေ့မှ ဤကျောက်တံခါးမှာမူ အလေးချိန် ပေါင်သောင်းချီကျော်သော်လည်း ဖွင့်ပိတ်လွယ်ကူစေရန်အတွက် နဂါးဖြတ်ကျောက်တုံးကဲ့သို့ အပေါ်မှ ကျဆင်းလာသော ဖွဲ့စည်းပုံမဟုတ်ဘဲ သာမန်တံခါးကဲ့သို့ လွတ်လပ်စွာ ဖွင့်ပိတ်နိုင်သော ဖွဲ့စည်းပုံဖြစ်သည်။
သာမန်တံခါးသည် တံခါးပတ္တာလိုအပ်ပြီး ဤကျောက်တံခါးသည်လည်း ခြွင်းချက်မဟုတ်ပေ။ သူ၏တံခါးပတ္တာသည် ဘေးနံရံတွင် ထည့်သွင်းထားပြီး ဤနံရံသည် ခိုင်မာသောတောင်ကျောက်မဟုတ်ပေ။ ကျောက်တံခါးကို အပြင်မှသော့ခတ်ထားသောအခါ ဤတံခါးပတ္တာအနည်းငယ်သည် ဖောက်ထွက်ရန်နေရာဖြစ်လာသည်။
"အိုးရန်သခင်ကြီး၊ ခင်ဗျားနဲ့ကျွန်တော် ပူးပေါင်းပြီး အတွင်းအားအပြည့်သုံးကာ ဒီကျောက်တံခါးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြမယ်၊ ကျောက်တံခါးကတော့ ဘာမှမဖြစ်နိုင်ပေမဲ့ တံခါးပတ္တာကတော့ အကြိမ်ကြိမ်ဖျက်ဆီးတာကို မခံနိုင်လောက်ဘူး" စုန့်ချင်းရှုသည် မိမိတစ်ယောက်တည်း၏ အားဖြင့် ဤကျောက်တံခါးကို တိုက်ခိုက်ပါက တံခါးပတ္တာကို တုန်ခါပျက်စီးစေနိုင်မည်မဟုတ်ဟု တွက်ဆလိုက်သည်။
"ဒါက မင်း ငါ့ကို ပြန်လာကယ်တဲ့ အကြောင်းရင်းလား" အိုးရန်ဖုန်း၏ အမူအရာသည် ရုတ်တရက် အလွန်ထူးဆန်းသွားသည်။
"အိုးရန်သခင်ကြီးက ကျွန်တော့်ရဲ့ အသက်ကယ်တဲ့ရည်ရွယ်ချက်က မဖြူစင်ဘူးလို့တော့ မထင်လောက်ပါဘူးနော်" စုန့်ချင်းရှုက အနေရခက်စွာ ရယ်လိုက်သည်။
"ငါက မင်းကို မိုက်မဲလို့ပဲ ရယ်တာ၊ ဘာလို့ ဒီလောက်ဒုက္ခခံနေရမှာလဲ" အိုးရန်ဖုန်းက အေးစက်စွာ ရယ်လိုက်ပြီး စုန့်ချင်းရှု၏ ပူးပေါင်းဆောင်ရွက်မှုကို မစောင့်ဘဲ ထောင့်တစ်နေရာသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်၊ ထိုကြီးမားသော တံခါးပတ္တာများကို မကြည့်ဘဲ လက်ဝါးတစ်ဖက်ကို တံခါးပတ္တာအနီးမှ နံရံပေါ်သို့ ဖိကပ်လိုက်သည် "မင်း ထပ်တွန်းကြည့်"
စုန့်ချင်းရှုသည် ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် လက်ဝါးတစ်ဖက်ကို ကျောက်တံခါးပေါ်သို့ ရိုက်လိုက်သည်၊ နားထဲတွင် 'ဒုန်းဒုန်း ' ဟူသော အသံများ ကြားလိုက်ရပြီး ကျောက်တံခါးတစ်ခုလုံး လှုပ်ရှားစပြုလာသည်။ စုန့်ချင်းရှုသည် ဝမ်းသာအားရဖြင့် နဂါးနိုင်လက်ဝါးသိုင်း သုံးထပ်လှိုင်းကို ထုတ်သုံးလိုက်ပြီး 'မာနထောင်လွှားသောနဂါး၏ နောင်တ' သုံးချက်ကို တစ်ချက်တည်းအဖြစ် ပေါင်းစည်းကာ တွန်းထုတ်လိုက်သည်၊ 'ဘုန်း' ဟူသော အသံနှင့်အတူ ကြီးမားသော ကျောက်တံခါးသည် ဖြည်းညင်းစွာ အပြင်သို့ လဲကျသွားသည်။
နေရောင်ခြည်ကို မြင်တွေ့ရသောအခါ သေဘေးမှ လွတ်မြောက်လာသော စူးချွမ်သည် အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ မကြာမီမှာပင် အိုးရန်ဖုန်း၏ အသံထပ်မံထွက်ပေါ်လာသည် "တိုက်ရိုက်အတွင်းအားသုံးပြီး တံခါးပတ္တာအနီးက နံရံကို ဖြိုခွဲလိုက်ရင် ပြီးနေပြီ၊ မင်း ဘာလို့ အတင်းအဓမ္မလုပ်ဖို့ပဲ စဉ်းစားနေရတာလဲ"
စုန့်ချင်းရှုသည် အနည်းငယ် မျက်နှာပူသွားသည်၊ စောစောက ဦးနှောက်တစ်ချက် လိုက်မမှီနိုင်ဖြစ်သွားသည်၊ ဦးနှောက်ထဲတွင် တွေးနေသည်မှာ ကျောက်တံခါးပေါ်သို့ မည်မျှလောက်သော လက်ဝါးအားဖြင့် ရိုက်ခတ်မှသာ တံခါးပတ္တာအပေါ်ကို သက်ရောက်မလဲဟုဖြစ်သည်။ ပထမဆုံးတုံ့ပြန်မှုမှာ အိုးရန်ဖုန်းကို ကယ်တင်ပြီး သူတို့နှစ်ဦး၏ အားကို ပေါင်းစည်းရန်သာဖြစ်သည်။နောက်ပိုင်းတွင် စဉ်းစားသောအရာများသည် အိုးရန်ဖုန်းကို မည်သို့ကယ်တင်ရမည်၊ သို့မဟုတ် တစ်ဖက်လူကို စိတ်ရင်းဖြင့်ပူးပေါင်းဆောင်ရွက်စေရန် မည်သို့စည်းရုံးရမည်သာဖြစ်ပြီး တစ်ခဏတာပေါ့ဆမှုကြောင့် နှစ်ရှည်လများရူးသွပ်နေသူတစ်ဦး၏ အထင်သေးခြင်းခံလိုက်ရသည်။
.......................
"ဂိုဏ်းချုပ် သက်တော်ရာကျော်ရှည်ပါစေ။ လွှတ်လိုက်တဲ့လူတွေ ပြန်ရောက်ပါပြီ၊ နေရာတိုင်းမှာ သခင်မနဲ့ စုန့်ချင်းရှုရဲ့ အရိပ်အယောင်ကို မတွေ့ပါဘူး" နတ်နဂါးကျွန်းမှ တပည့်တစ်ဦးက ဟုန်အန်းထုံရှေ့တွင် ဒူးထောက်ကာ ဆိုလိုက်သည်။
"အနောက်ပိုင်းအဆိပ် အိုးရန်ဖုန်းကရော" သူတို့နှစ်ဦးစလုံး ပျောက်ဆုံးသွားသည်ကို ကြားသောအခါ ဟုန်အန်းထုံက အေးစက်စွာ နှာမှုတ်လိုက်သည်၊ မူလက နီမြန်းနေသော မျက်နှာတွင် အပြာရောင်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"သတင်းမရပါဘူး" ဟုန်အန်းထုံ၏ လေသံမကောင်းသည်ကို ခံစားမိသောအခါ နတ်နဂါးကျွန်းမှ တပည့်က အလျင်အမြန် ပြန်ဖြေသည် "ဂိုဏ်းချုပ်က အိုးရန်ဖုန်းကို ပြုစုဖို့ လွှတ်လိုက်တဲ့လူတွေ မနေ့ညက အားလုံးအသတ်ခံလိုက်ရပါတယ်၊ နောက်ပိုင်းမှာ တပည့်တစ်ဦးက အိုးရန်ဖုန်းနဲ့ စုန့်ချင်းရှုတို့ သစ်တောထဲမှာ ပြင်းထန်စွာ တိုက်ခိုက်နေတာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်၊ တပည့်တွေ မချဉ်းကပ်ရဲကြပါဘူး၊ အဲ့ဒီနောက်တော့ သူတို့နှစ်ယောက် ဘယ်ရောက်သွားလဲ မသိတော့ပါဘူး"
"နှစ်ဦးနှလုံး ထိခိုက်ဒဏ်ရာရ ပင်လယ်ထဲပြုတ်ကျပြီး ရေနစ်သေဆုံးသွားတာလား" ဟုန်အန်းထုံ၏ စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာသော်လည်း မကြာမီမှာပင် စိတ်တိုမှုဖြင့် အစားထိုးသွားပြီး လက်ပြကာ တပည့်ကို ထွက်သွားခိုင်းလိုက်သည်။
ဟုန်အန်းထုံ စိတ်ပျက်သည်မှာလည်း မဆန်းပေ၊ မူလက အိုးရန်ဖုန်းဆိုသည့် ကြီးမားသော လက်နက်ကို ပြင်ဆင်ထားပြီး သူသည် အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ပြီဟု ယုံကြည်မှုရှိခဲ့သည်။ နောက်ပိုင်းတွင် စူးချွမ်က အနောက်ပိုင်းအဆိပ်နှင့် တန်းတူညီမျှသော သိုင်းပညာရှင် စုန့်ချင်းရှုကို ခေါ်ဆောင်လာခဲ့သည်။ သူမ၏ အရိပ်အမြွက်အရ စုန့်ချင်းရှုသည် သူမ၏ပညာမိနေပြီဖြစ်သည်။ဟုန်အန်းထုန်သည် ဤသို့ဆိုလျှင် မိမိဘက်တွင် ဤသိုင်းပညာရှင်နှစ်ဦးရှိနေမှတော့ ဤဘေးကြီးကို ကျော်လွှားရန်မခက်ခဲတော့ဟု တွေးခဲ့သည်။
သို့သော် မထင်မှတ်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်အန်းထုံသည် တစ်ယောက်တည်းဖြစ်သွားပြန်သည်၊ အဖွဲ့အစည်းအသီးသီးမှ လာရောက်သော သံတမန်များကို တွေးမိသောအခါ တစ်ဦးစီတိုင်းမှာ မရိုးသားကြသဖြင့် ဟုန်အန်းထုံတွင် မကောင်းသော နိမိတ်တစ်ခု ခံစားလိုက်ရသည်။
"ဂိုဏ်းချုပ်၊ ဧည့်သည်တွေက ခန်းမဆောင်ကြီးမှာ စောင့်နေကြပါပြီ"
အပြင်ဘက်မှ တပည့်၏အသံကို ကြားသောအခါ ဟုန်အန်းထုံသည် လန့်နိုးသွားပြီး မျက်လုံးများမှာ ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သောအသွင်သို့ ပြန်လည်ရောက်ရှိသွားကာ တည်ငြိမ်စွာဖြင့် ခန်းမဆောင်ကြီးသို့ လျှောက်သွားသည်။
...
"ဟုန်ဂိုဏ်းချုပ်၊ ကျွန်တော် မထွက်ခွာမီမှာ ပေါင်မင်းသားက အထူးမှာကြားခဲ့ပါတယ်၊ ခင်ဗျားတို့က တရားခံ စူးချွမ်ကိုသာ အပ်နှံလိုက်ရင် ကျွန်တော်တို့ ချက်ချင်း နတ်နဂါးကျွန်းကနေ တပ်ဆုတ်ပေးမယ်၊ ဒီနေ့က နောက်ဆုံးရက်ပဲ၊ အပ်မလား၊ မအပ်ဘူးလား၊ ဂိုဏ်းချုပ် ခင်ဗျား စကားတစ်ခွန်းပဲပြောပါ"
ဆွေးနွေးပွဲခန်းမဆောင်ထဲတွင် ယုကျန်းဇီသည် မနေ့ညက အိုးရန်ဖုန်း၏ လိုက်လံသတ်ဖြတ်ခြင်းခံခဲ့ရသော ဆိုးရွားသောပုံစံကို ဖယ်ရှားပြီး ဟုန်အန်းထုံကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ငါ မအပ်ရင်ရော" ဟုန်အန်းထုံက အေးစက်စွာ ဆိုလိုက်သည်၊ သူသည် ယခင်က စူးချွမ်ကို စတေးရန် စိတ်ကူးမရှိခဲ့သည်တော့မဟုတ်၊ သို့သော် သူသည် နှစ်များစွာအတွင်း ဤလှပသော ဇနီးသည်ကို အလွန်ချစ်ခင်ခဲ့ရာ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်။
"ဒါဆိုရင်တော့ ခင်ဗျားရဲ့ကျွန်းက သွေးချောင်းစီးရတော့မှာပဲ" ယုကျန်းဇီက တဟားဟား ရယ်လိုက်သည်၊စကားထဲတွင် ခြိမ်းခြောက်သည့်အဓိပ္ပာယ်မှာ ထင်ရှားနေသည်။ "တစ်ယောက်ကို စတေးပြီး ကျွန်းတစ်ခုလုံးကို ကယ်တင်တာ၊ ခင်ဗျားက ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဒီလိုအရေးကြီးတဲ့ကိစ္စကိုတောင် မခွဲခြားနိုင်ဘူးလား။ ဒါမှမဟုတ် တချို့လူတွေက ကိုယ့်မိန်းမကို မစွန့်လွှတ်နိုင်ဘဲ ကိုယ်ကျိုးကြည့်နေတာလား..."
ဟုန်အန်းထုံသည် ဂိုဏ်းထဲတွင် အရှိန်အဝါကြီးမားရာ မည်သည့်အခါကမျှ ဤသို့သော လှောင်ပြောင်သည့်လေသံဖြင့် အပြောမခံခဲ့ဖူးပေ၊ ကြားသည်နှင့် ချက်ချင်း ဒေါသတကြီးဖြင့် တုန့်ပြန်ရန် ပြင်ဆင်လိုက်စဉ်မှာပင် တစ်ဖက်မှ စန်းကျယ်က ကြားဝင်ဖျန်ဖြေလိုက်သည် "ဟုန်ဂိုဏ်းချုပ်၊ ဒီနေ့က ရှန့်ကျင်းဘက်က ပေးတဲ့ နောက်ဆုံးရက်ပဲ။ နတ်နဂါးဂိုဏ်းရဲ့ ရှင်သန်ရေးနဲ့ ဆိုင်တယ်၊ စစ်တိုက်မလား၊ ငြိမ်းချမ်းမလား၊ ခင်ဗျားတို့နဂါးနတ်ကျွန်းတစ်ခုလုံး သဘောတူညီမှုရပြီလား။ ကျွန်တော် အရီဘူခါမင်းသားကိုယ်စား ခင်ဗျားတို့ဂိုဏ်းရဲ့ ဆုံးဖြတ်ချက်ကို အမြဲတမ်းထောက်ခံမှာပါ" ဟုဆိုကာ ရွှီရွှယ်ထင်ကို မသိမသာ မျက်စပစ်ပြလိုက်သည်။
ဟုန်အန်းထုံ၏ စိတ်သည် နွေးထွေးသွားသည်၊ မကြာသေးမီက စန်းကျယ်တို့မှာ အနည်းငယ် သံသယဖြစ်စရာကောင်းသော်လည်း တူညီသော အုပ်စုမှ မဟာမိတ်များဖြစ်ကြသည်၊ အရီဘူခါ၏ ထောက်ခံမှုရှိပါက ရှန့်ကျင်းဘက်က အနည်းငယ်တော့ ထောက်ထားရပေမည်။
"ကျွန်တော်တို့နိုင်ငံရဲ့ ဧကရာဇ်နဲ့ တောင်ပိုင်းစစ်သူကြီးက ဟုန်ဂိုဏ်းချုပ်ကို အလွန်လေးစားပါတယ်၊ ရှောင်ဖုန်းသခင်ကြီးက အခု မန်ချူး ဝူဆန်ကွေးနဲ့ တိုက်ခိုက်နေတယ်၊ အကယ်၍ ဂိုဏ်းချုပ်က ရှန့်ကျင်းနဲ့ စစ်ဖြစ်ခဲ့ရင် ကျွန်တော်တို့နိုင်ငံက ခင်ဗျားတို့ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ပြီး မန်ချူးတွေကို အတူတကွ ခုခံချင်ပါတယ်"
နိုင်ငံအသီးသီး၏ အကျိုးအပြစ်ဆက်စပ်မှုကို ရှင်းရှင်းလင်းလင်းမြင်သောအခါ ရဲလုနန်ရှန်းသည် နတ်နဂါးကျွန်း ဤမျှလွယ်ကူစွာ ပျက်စီးသွားစေရန်မလိုလားပေ။သို့မဟုတ်ပါက ဟုန်လီနှင့် ခန်းရှီတို့ စစ်ဖြစ်ပြီး မွန်ဂိုအတွက် ပြဿနာတစ်ခု နည်းသွားမည်ကို မလိုလားပေ။
ဤသို့တွေးမိသောအခါ ရဲလုနန်ရှန်းသည် ခန်းမဆောင်ကြီးထဲတွင် စုန့်ချင်းရှု၏ အရိပ်အယောင်ကို ထပ်မံရှာဖွေလိုက်သည်၊ ဘာမှမတွေ့သောအခါ လှပသော မျက်ခုံးများကြားတွင် စိုးရိမ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
တစ်ဖက်မှ သွေးဓားအဘိုးအိုနှင့် စန်းကျယ်တို့သည် မျက်လုံးချင်းဖလှယ်လိုက်သည်၊ စိတ်ထဲတွင် အလွန်ဒေါသထွက်သော်လည်း ထုတ်မပြောနိုင်ပေ၊ လျောင်နိုင်ငံသည် မွန်ဂို၏ မဟာမိတ်ဖြစ်ပြီး သူတို့ကိုယ်စားပြုသော မွန်ဂိုမှာမူ အပေါ်ယံတွင် ဟုန်အန်းထုံကို ထောက်ခံနေသည်။ ရဲလုနန်ရှန်းဤသို့ပြောသည်ကို ကြားသောအခါ လျောင်နိုင်ငံမှလူများနှင့် ကြိုတင်ညှိနှိုင်းမထားမိသည်ကို အနည်းငယ်နောင်တရသွားသည်။
ရွှီရွှယ်ထင်သည် စန်းကျယ်၏ အရိပ်အမြွက်ကို ရရှိပြီး ချီတုံချတုံဖြစ်ပြီးနောက် ထရပ်ကာ "ဂိုဏ်းချုပ်၊ လက်အောက်ငယ်သား ပြောစရာစကားတစ်ခွန်းရှိပါတယ်၊ ပြောသင့်မပြောသင့် မသိပါဘူး"
"ပြော" ဟုန်အန်းထုံက မျက်နှာမည်းမှောင်စွာဖြင့် နှာမှုတ်လိုက်သည်။
"အရင်က ဂိုဏ်းချုပ်က နတ်နဂါးဂိုဏ်းကို ကိုယ်တိုင်တည်ထောင်ခဲ့ပြီး ဂိုဏ်းချုပ်နောက်လိုက်ပါခဲ့တဲ့ ညီအစ်ကိုဟောင်း တစ်ထောင်နှစ်ဆယ့်သုံးယောက်ရှိတယ်၊ နှစ်များစွာ အသက်စွန့်ခဲ့ကြပြီး ယနေ့တိုင် အချို့ကတော့ ရန်သူလက်မှာ သေဆုံးခဲ့တယ်၊ အချို့က အမှားသေးသေးလေးတွေကြောင့် ဂိုဏ်းစည်းကမ်းအရ အဆုံးစီရင်ခံခဲ့ရတယ်၊ တွက်ချက်ကြည့်တော့ ကျန်နေတာ တစ်ရာတောင်မပြည့်တော့ဘူး၊ ဂိုဏ်းချုပ်နဲ့ကတော်က လူငယ်တပည့်များစွာကို ထပ်မံခန့်အပ်ခဲ့ပေမယ့် နဂါးနတ်ဂိုဏ်းက ယခင်ကလို ခမ်းနားထည်ဝါမှုမရှိတော့ဘူး..." ရွှီရွှယ်ထင်က တစ်လုံးချင်း ဖြည်းညင်းစွာ ပြောပြသည်၊ လေသံမှာ နက်ရှိုင်းပြီး တစ်ခါတစ်ရံ ရှိုက်သံပင်ပါဝင်သည်၊ ခန်းမဆောင်ထဲမှ အဘိုးကြီးအချို့ ကြားသောအခါ အတိတ်ကာလကို ပြန်လည်သတိရပြီး သက်ပြင်းချမိကြသည်။
ဟုန်အန်းထုံ၏ မျက်နှာသည် တဖြည်းဖြည်း မဲမှောင်လာသည်၊ ရွှီရွှယ်ထင်က ပြောလေလေ စိတ်ပါလေလေဖြစ်နေသည်ကို မြင်သောအခါ ပြင်းထန်စွာ နှာမှုတ်လိုက်သည် "အပြာရောင်နဂါးတမန်၊ အခု ငါတို့က ပြင်ပရန်သူကျူးကျော်တဲ့ကိစ္စကို ဆွေးနွေးနေတာ၊ မင်း အဓိပ္ပာယ်မရှိတာတွေ ဘာလို့ပြောနေရတာလဲ"
"ကျွန်တော်ပြောတာက ပြင်ပရန်သူကျူးကျော်တဲ့ကိစ္စပဲ" ရွှီရွှယ်ထင်၏ အမူအရာသည် ရုတ်တရက် စိတ်လှုပ်ရှားသွားသည် "ဂိုဏ်းချုပ် သိလား၊ ကျွန်တော်တို့လို အဘိုးကြီးတွေ အကြောင်းမဲ့ အဆုံးစီရင်ခံရတာက ဘယ်အချိန်ကတည်းက စခဲ့တာလဲ"
ဟုန်အန်းထုံ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရွှီရွှယ်ထင်က မုန်းတီးစွာဖြင့် "ဂိုဏ်းချုပ်က အဲ့ဒီမိန်းမကို လက်ထပ်ပြီးကတည်းကပဲ..."
"ပါးစပ်ပိတ်" ဟုန်အန်းထုံသည် ဒေါသတကြီးဖြစ်သွားသည်၊ ရွှီရွှယ်ထင်သည် သူ၏ဒေါသတကြီးအကြည့်ကို ခံလိုက်ရပြီး အနည်းငယ် ကြောက်လန့်သွားသည်၊ တစ်ခဏတာ စဉ်းစားထားသော စကားများမှာ ပြောမထွက်တော့ပေ။
"ရွှီညီအစ်ကို ပြောတာ မှန်တယ်" တစ်ဖက်မှ ဝူကင်းရသေ့က အခြေအနေကို မြင်သောအခါ အလျင်အမြန် ထွက်လာပြီး "အဲ့ဒီမိန်းမ ကျွန်းပေါ်ရောက်လာပြီးကတည်းက ဂိုဏ်းချုပ် ခင်ဗျား ပြောင်းလဲသွားတယ်၊ ကျွန်တော်တို့လို ညီအစ်ကိုဟောင်းတွေကို မေ့သွားပြီ။ သခင်မက လူငယ်တွေကို သုံးရတာကြိုက်တယ်၊ ငါတို့လို အဘိုးကြီးတွေကို မြင်ရင် မျက်စိနောက်တယ်၊ ဒါကြောင့် အမျိုးမျိုးသော ပြင်းထန်တဲ့ဂိုဏ်းစည်းကမ်းတွေ ချမှတ်ပြီး ငါတို့ နည်းနည်းလေးမှားတာနဲ့ အခွင့်ကောင်းယူပြီး သတ်ပစ်တယ်၊ ဂိုဏ်းချုပ် ခင်ဗျားကလည်း လက်ပိုက်အမြဲတမ်း ကြည့်နေခဲ့တယ်၊ ကျွန်တော်တို့လို ညီအစ်ကိုဟောင်းတွေ တကယ်ပဲ စိတ်ပျက်မိတယ်"
"ဒီအရှင်က အရည်အချင်းရှိသူကိုသာ မြှင့်တင်တယ်၊ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မမေးဘူး။အရည်အချင်းရှိပြီး ဒီဂိုဏ်းချုပ်ကို သစ္စာရှိရင် ငါဘယ်တော့မှမနှိမ့်ချခဲ့ဘူး။ ဝါရင့်တဲ့သူတွေက ဒီဂိုဏ်းချုပ်ကို သစ္စာရှိရင် သူတို့ကိုညီအစ်ကိုကောင်းအဖြစ် ဆက်လက်သဘောထားတယ်၊ ဘယ်တော့မှခွဲခြားဆက်ဆံမှာမဟုတ်ဘူး။ နဂါးနီတမန်၊ မင်းတွေးတာများသွားပြီ"
အကယ်၍ ပြင်ပရန်သူမရှိခဲ့ပါက ဟုန်အန်းထုန်၏ စိတ်ဓာတ်အရ ဤနှစ်ဦးက ဤသို့ထိပ်တိုက်ရင်ဆိုင်ဝံ့ပါက သူတို့အသတ်ခံရမည်မှာ ကြာပြီဖြစ်သည်။ အခြေအနေက မရှင်းလင်းသောကြောင့် ဟုန်အန်းထုန်၏ ရက်စက်မှု့နှင့်ပင်လျှင် စိတ်ရှည်စွာရှင်းပြရသည်။
"ဒါဆိုရင် အရင်က အသတ်ခံခဲ့ရတဲ့ ညီအစ်ကိုတွေအများကြီးက ဂိုဏ်းချုပ်ကို သစ္စာမရှိလို့လား" အနက်ရောင်နဂါးတမန် ကျန်းတန့်ယွဲ့က ဝမ်းနည်းစွာရယ်မောလိုက်သည်။ ဤစကားထွက်ပေါ်လာသည်နှင့် ခန်းမဆောင်ထဲမှ အဘိုးကြီးများစွာမှာ မကျေမနပ်ဖြစ်သော အရိပ်အယောင်များ ပေါ်လာသည်။ လူငယ်တပည့်များအားလုံးသည် မျက်နှာချင်းဆိုင်ကြည့်ကာ တင်းမာစွာဖြင့် ဓားကို ဆုပ်ကိုင်ထားကြသည်။
"ငါ အဲ့ဒီလိုမပြောဘူး" ဟုန်အန်းထုံက မျက်နှာထားတည်ငြိမ်စွာ ဆိုသည်။
"ကောင်းပြီ၊ သေဆုံးသူတွေက သေဆုံးသွားပြီ၊ ဒါပေမဲ့ အခု ကျွန်းပေါ်က ဂိုဏ်းသားထောင်ပေါင်းများစွာကတော့ ဂိုဏ်းချုပ်ရဲ့ စကားတစ်ခွန်းကြောင့်နဲ့ ဆက်ပြီး အသက်စွန့်လို့မဖြစ်ဘူး" ရွှီရွှယ်ထင်သည် သတိပြန်ဝင်လာပြီး ဆိုသည်။
"မင်း ဘယ်လိုလုပ်ချင်လဲ" ဟုန်အန်းထုံက အေးစက်စွာ ဆိုသည်။
စုန့်ချင်းရှုတို့သုံးဦးသည် မြွေနတ်ဂူမှ ထွက်လာချိန်တွင် ဆွေးနွေးပွဲခန်းမဆောင်ကြီးအနီးသို့ ရောက်သောအခါ အဖွဲ့အစည်းအသီးသီးသည် ကြံစည်မှုများစတင်နေပြီဖြစ်သည်။ သုံးဦးသားသည် မျက်နှာပြရန်မရည်ရွယ်ဘဲ ခန်းမဆောင်ကြီးအပြင်ဘက်တွင် ပုန်းအောင်းကာ အတွင်းမှအခြေအနေကို တိတ်တဆိတ်အကဲခတ်နေကြသည်။
"ကြည့်ရတာ မင်းရဲ့ယောက်ျားက မင်းကို တော်တော်ဂရုစိုက်ပုံပဲ" စုန့်ချင်းရှုက ဘေးမှ လှပသော ဂိုဏ်းချုပ်ကတော်ကို လှည့်ကြည့်ကာ တိုးတိုးလေး စနောက်လိုက်သည်။
...