အခန်း ၂၈၂: လောဘကင်းလျှင် မာန်တင်းနိုင်သည်
"အကြီးမားဆုံးပြဿနာ" စုန့်ချင်းရှုသည် တစ်ခဏတာ သူ၏မေးခွန်းကြောင့် ဆို့နင့်သွားသည်၊ ယခုလက်ရှိအခြေအနေကို ပြန်လည်သုံးသပ်ကြည့်ရာ နေရာတိုင်းတွင် ပြဿနာများရှိနေသကဲ့သို့ပင်။
"ကျွန်တော်က မန်ချူးနန်းတွင်းအတွက် အမှုထမ်းနေရတော့ ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်နေတာ ဖြစ်နိုင်တယ်"
စုန့်ချင်းရှုက သက်ပြင်းတစ်ချက်ချလိုက်သည်၊ ယခင်က သွေးကြောများအားလုံးပြတ်တောက်ပြီး သိုင်းပညာအားလုံးဆုံးရှုံးခဲ့ရသည်၊ ပို၍လှောင်ပြောင်စရာကောင်းသည်မှာ သိုင်းပညာအလွန်မြင့်မားပြီး လက်အောက်တွင် တပည့်ပေါင်းများစွာရှိသော ကျန်းဝူကျိနှင့် နက်ရှိုင်းသော ရန်ငြိုးရှိနေခြင်းပင်ဖြစ်သည်။ ယခင်က စုန့်ချင်းရှုသည် ဆရာဦးလေးမော့ရှန်းကူကို မှားယွင်းစွာ သတ်မိခဲ့ပြီး ခြင်္သေ့သတ်ညီလာခံတွင် သူတောင်းစားဂိုဏ်းမှ အကြီးအကဲနှစ်ဦးကို သတ်ခဲ့ရာ ဤအပြစ်နှစ်ခုကို သူ ထမ်းထားရသည်။ အော့မေဂိုဏ်းမှ ကျိုးကျစ်လော့ကပါ သူ့ကို လိုက်လံသတ်ဖြတ်သောအခါ စုန့်ချင်းရှုသည် သိုင်းလောကမှာ ကျယ်ပြန့်သော်လည်း မိမိအတွက် ခြေချစရာ နေရာပင်မရှိတော့ကြောင်း တွေ့ရှိခဲ့ရသည်။
သာမန်ပြည်သူတစ်ယောက်အဖြစ် နေထိုင်ပြီး နေရာတစ်ခုတွင် နာမည်ပြောင်းကာ တစ်သက်တာ ကုန်ဆုံးလိုက်လျှင် ပြီးဆုံးသွားမည်ဖြစ်သော်လည်း ထိုစဉ်က စုန့်ချင်းရှု၏ ရင်ထဲတွင် မကုန်ဆုံးနိုင်သော မကျေနပ်မှုနှင့် ဒေါသများ ပြည့်နှက်နေခဲ့ပြီး မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ ကျန်းဝူကျိကို လက်စားချေရန် ဆုံးဖြတ်ခဲ့ရာ နောက်ပိုင်းတွင် မန်ချူးနန်းတွင်းသို့ ဝင်ရောက်သည့် အစီအစဉ် ဖြစ်ပေါ်လာခဲ့သည်။
စုန့်ချင်းရှု၏ စွမ်းဆောင်ရည် တဖြည်းဖြည်း မြင့်မားလာသည်နှင့်အမျှ သူ၏ဘဝရည်မှန်းချက်မှာ လက်စားချေခြင်းတစ်ခုတည်းတွင်သာ မကန့်သတ်တော့ဘဲ ပိုမိုကြီးမားသော စိတ်ကူးများ ဖြစ်ပေါ်လာသည်။ ဤအချိန်တွင် သူသည် မန်ချူးနိုင်ငံမှ မိမိ၏ အဆင့်အတန်းမှာ အမှန်တကယ်တွင် အနှောင်အဖွဲ့တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ မန်ချူးသည် မွန်ဂို၊ ကျင်းနိုင်ငံတို့ကဲ့သို့ စုန့်နိုင်ငံနှင့် နက်ရှိုင်းသောရန်ငြိုးမရှိသော်လည်း မင်မင်းဆက်ကို ဖြုတ်ချခဲ့သောကြောင့် အလယ်ပိုင်းလွင်ပြင်ဟန်လူမျိုးတို့၏ စိတ်ထဲတွင် ပုံရိပ်မကောင်းပေ။ အကယ်၍ စုန့်ချင်းရှုက ချင်မင်းဆက်၏ သစ္စာခံတစ်ဦးဖြစ်လိုပါက ဤအရာအားလုံးသည် အရေးမကြီးပေ။ သို့သော် သူတွင် ပိုမိုကြီးမားသောရည်မှန်းချက်များရှိနေသောကြောင့် နောင်တွင်လုပ်ဆောင်ရာ၌ လူအများက 'ဟန်သစ္စာဖောက်' ဟုတစ်ခွန်းဆဲဆိုလိုက်လျှင် မိမိပြန်လည်ချေပနိုင်မည်မဟုတ်ပေ။ စုန့်ချင်းရှုသည် မိမိနာမည်ပြန်အဖက်ဆယ်ရန် အစီအစဉ်ဆွဲထားသော်လည်း လုပ်ငန်းစဉ်သည် အလွန်အန္တရာယ်များလှသည်...
"မင်း ရှေ့တိုးနောက်ဆုတ်ခက်နေတာက အရမ်း စဉ်းစားနေလို့ပဲ" အိုးရန်ဖုန်းက သူ၏အကဲဖြတ်ချက်ကို တိုက်ရိုက်ပေးလိုက်သည် "အဘိုးကြီး ဒီလောက်အသက်ရှင်လာတာ၊ အထက်တန်းလွှာ မင်းသားတွေ၊ မှူးမတ်တွေကနေ အောက်ခြေကုန်သည်တွေအထိ လူပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံဖူးတယ်၊ မင်းနဲ့ ထိတွေ့ဆက်ဆံတဲ့အချိန် မကြာသေးပေမဲ့ အရင်က ကြားဖူးတဲ့ မင်းအကြောင်း ကောလာဟလတချို့ကို ပေါင်းစပ်ပြီး မင်းရဲ့စိတ်နေသဘောထားကို အကြမ်းဖျင်းနားလည်နိုင်တယ်"
"မင်းက အပေါ်ယံမှာ နှိမ့်ချတတ်ပေမဲ့ စိတ်ထဲမှာတော့ အရမ်းမာနကြီးတယ်" စုန့်ချင်းရှုကို ခုခံချေပခွင့်မပေးဘဲ အိုးရန်ဖုန်းက ဆက်ပြောသည် "မင်း ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ၊ မင်းစိတ်ထဲမှာ မင်းတစ်ယောက်တည်းသာ နှစ်ဖက်အကျိုးစီးပွားဆက်ဆံရေးကို အပြည့်အဝတိုင်းတာနိုင်ပြီး အကိုက်ညီဆုံးရွေးချယ်မှုကို လုပ်နိုင်တယ်လို့ ထင်နေမှာသေချာတယ်၊ တခြားလူတွေက ဉာဏ်မမီတာ၊ ဒါမှမဟုတ် လုံလောက်အောင်အကျိုးသင့်အကြောင်းသင့်မစဉ်းစားတတ်ဘူး၊ အတိုချုပ်ကတော့ အကျိုးမရှိတဲ့ရွေးချယ်မှုအမျိုးမျိုးကို လုပ်ကြလိမ့်မယ်။ ဒါကြောင့် မင်းက ကိုယ့်ကိုယ်ကို စဉ်းစားရင်း တစ်ဖက်လူရဲ့ အပြုအမူကိုပါ ထည့်သွင်းစဉ်းစားပြီး မင်းမျှော်လင့်သလို သူတို့ကိုလုပ်ဆောင်စေဖို့ တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ လမ်းညွှန်ပေးရတယ်..."
တစ်ဖက်မှ စူးချွမ်သည် နားမလည်နိုင်ဖြစ်နေပြီး စုန့်ချင်းရှုကို မော့ကြည့်လိုက်ရာ သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် လန့်သွားသည် "တကယ်ပဲ ဒီလိုလား"
အိုးရန်ဖုန်းသည် အေးစက်စွာရယ်မောလိုက်သည်။ "ဒါပေမဲ့ ဒါက ဘယ်လွယ်ကူမှာလဲ၊ မင်းအဲ့ဒီလိုပြီးပြည့်စုံတဲ့အခြေအနေကို ရောက်ချင်ရင် မင်းကိုယ်တိုင်က သက်ဆိုင်ရာ ပေးဆပ်မှု လုပ်ရမှာပဲ၊ ဥပမာ မင်းခုနက ငါ မဆင်မခြင်နဲ့ တိုက်ခိုက်မှာစိုးလို့ စကားပြောရာမှာ အနည်းငယ်နှိမ့်ချခဲ့တယ်" စုန့်ချင်းရှုက အနေရခက်စွာ ပြုံးလိုက်ပြီး စကားပြောရန် ပြင်ဆင်လိုက်စဉ် အိုးရန်ဖုန်းက လက်မြှောက်ကာ တားဆီးလိုက်သည် "မင်းနဲ့ အဘိုးကြီး အရင်က သိခဲ့တဲ့လူတစ်ယောက် အရမ်းတူတယ်"
စုန့်ချင်းရှု၏ စိတ်သည် လှုပ်ခတ်သွားသည် "ဘယ်သူလဲ"
"ကျင်းနိုင်ငံက မင်းသားကျောက် ဝမ်ရန်ဟုန်လျဲ့"
"တခြားသူရဲ့မိန်းမကို လုတာကလွဲရင် သူနဲ့ ဘယ်နေရာမှာ တူလို့လဲ" စုန့်ချင်းရှုသည် စိတ်ထဲမှ ညည်းလိုက်သည်။ သို့သော် ဤအချက်ကိုမူ ထုတ်ဖော်မပြောဝံ့ပေ။
"ဝမ်ရန်ဟုန်လျဲ့ကလည်း ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ" အိုးရန်ဖုန်း၏ မျက်လုံးများမှာ အနည်းငယ် ဝေဝါးသွားပြီး အတိတ်ကို ပြန်လည်သတိရနေဟန်တူသည် "သူ မပြောပေမဲ့ ငါသိတယ်၊ လူတိုင်းက သူ့မျက်စိထဲမှာ စစ်တုရင်ကစားပွဲက အရုပ်တစ်ရုပ်ပဲ။ သူက လူတော်တွေကို လေးစားတဲ့ပုံစံကလည်း ပိုကြီးမားတဲ့ အကျိုးအမြတ်အတွက်ပဲ။ ဝမ်ရန်ဟုန်လျဲ့က ငါ့ကို မင်းသားအိမ်တော်ထဲ ဝင်ဖို့ ဆွဲဆောင်တဲ့အခါ ငါက အခြားသူတွေလို သူ့ကို မျက်နှာချိုမသွေးဘဲ သူ့ကို လျစ်လျူရှုခဲ့တယ်၊ အဲ့ဒီလိုနဲ့ နောက်ဆုံးမှာ ဝမ်ရန်ဟုန်လျဲ့က နှိမ့်ချလွန်းလို့ ငါ့ရဲ့ကျွန်ဖြစ်သွားသလိုပဲ၊ ဘာဖြစ်လို့လဲဆိုတာ မင်းသိလား" အိုးရန်ဖုန်းက စုန့်ချင်းရှုကို တစ်ချက်ကြည့်လိုက်သည်။
"ဘာကြောင့်လဲ"
အိုးရန်ဖုန်းသည် အလယ်ပိုင်းလွင်ပြင်ထိပ်သီးငါးဦးထဲမှ တစ်ဦးဖြစ်သော်လည်း ဝမ်ယန်ဟုန်လျဲ့သည် နိုင်ငံတစ်ခု၏ မင်းသားဖြစ်သောကြောင့် အိုးရန်ဖုန်းကို ဤမျှဆက်ဆံရန်မလိုအပ်ပေ။ မူရင်းဝတ္ထုထဲတွင် ဝမ်ရန်ဟုန်လျဲ့၏ ဒူးထောက်မတတ်ဆက်ဆံပုံသည် စုန့်ချင်းရှုကို နန်းတွင်းနှင့်သိုင်းလောကအင်အားနှိုင်းယှဉ်မှုအပေါ် အလွန်သံသယဖြစ်စေခဲ့သည်။
"ဘာကြောင့်လဲဆိုတော့ သူက မင်းလိုပဲ၊ အရမ်းအများကြီး စဉ်းစားတယ်၊ သူတစ်ယောက်တည်းသာ ကိစ္စတစ်ခုလုံးရဲ့ အကျိုးအပြစ်ဆက်စပ်မှုကို ထောက်ထားနိုင်တယ်လို့ ထင်နေတယ်။ သူ့စိတ်ထဲမှာ ငါက သိုင်းလောကသားတစ်ယောက်၊ ပင်ကိုယ်မာနကြီးတယ်၊ ကျင့်ဝတ်သိက္ခာမသိဘူး၊ မင်းသားရာထူးနဲ့ ငါ့ကို ဖိနှိပ်ရင် ငါက အခြေအနေမသိတတ်ဘဲ မျက်နှာပြောင်တိုက်ပြီး ထွက်သွားလိမ့်မယ်။ ပြီးတော့ သူက တချို့နေရာတွေမှာ ငါ့လိုအဆင့်အတန်းရှိတဲ့ သိုင်းပညာရှင်ကို အသုံးပြုဖို့လိုတယ်၊ ဒါကြောင့် စိတ်ထဲမှာ ကျိန်ဆဲနေရင်တောင် အပေါ်ယံမှာ ငါ့ကို ပိုပြီးလေးစားလိမ့်မယ်။ မင်းနဲ့တူတူပဲ၊ အခြေအနေကြီးက ကိုယ့်အလိုအတိုင်း ဖြစ်နေသရွေ့ ကိုယ့်ကိုယ်ကို နည်းနည်းအရှုံးခံရလည်း ဂရုမစိုက်ဘူး"
အိုးရန်ဖုန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်သည် "ငါက သူ့ရဲ့ ဒီစိတ်ဓာတ်ကို ဖမ်းဆုပ်ထားတာ၊ ငါ့ကိုယ်တိုင်က အဲ့ဒီလောက် ခက်ခဲတဲ့လူမဟုတ်ရင်တောင် အလွန်ခက်ခဲတဲ့ပုံစံကို ပြရတယ်၊ လူနှစ်ယောက်ရဲ့ အဆင့်အတန်းက ဒီလိုပဲ၊ မင်းက အားကြီးရင် သူက အားနည်းတယ်၊ မင်းက အားနည်းရင် သူက အားကြီးတယ်။ ဒါတွေအားလုံးက သူက ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းတဲ့လူလို့ ထင်မှတ်ပြီး ငါက ဒီဉာဏ်ကောင်းတဲ့လူရဲ့ အတွေးကို ဖောက်ထွင်းမြင်နိုင်လို့ပဲ၊ ဒါကြောင့် ကြိုက်သလို လုပ်လို့ရတာပေါ့ (ဒါကြောင့် အလိုရှိရာကို ရယူနိုင်ခဲ့တာ)"
မိမိနှင့် ခန်းရှီ၏ ဆက်ဆံရေးကို တွေးမိသောအခါ စုန့်ချင်းရှု၏ မျက်နှာပျက်နှာပျက်သွားသည်။
အိုးရန်ဖုန်းသည်လည်း ဤအရာများကို တွေးမိဟန်တူသည်၊ လှောင်ပြောင်ရယ်မောလိုက်သည် "မင်းရဲ့ ချင်နန်းတွင်းက အခြေအနေကို ငါ အကြမ်းဖျင်းကြားဖူးတယ်၊ ခန်းရှီက မင်းအပေါ်မှာ မဆိုးဘူးဆိုပေမဲ့ မဆိုးရုံလေးပဲ။ ဘာမန်ချူးနံပါတ်တစ် သိုင်းပညာရှင်လဲ၊ နောက်ဆုံးတော့ သူ့ခွေးတစ်ကောင်လိုပဲ ခေါ်လိုက်၊ နှင်လိုက်လုပ်နေတာပဲ၊ ဒီတစ်ခေါက်လည်း ခန်းရှီက မင်းကို နတ်နဂါးကျွန်းကိုသွားဖို့ 'အမိန့်ပေး' လိုက်တာပဲဖြစ်ရမယ်။
စုန့်ချင်းရှု မျက်နှာမည်းမှောင်စွာဖြင့် ခေါင်းညိတ်သည်ကို မြင်သောအခါ အိုးရန်ဖုန်းက 'ဒါပေါ့' ဟူသော အမူအရာဖြင့် "ငါသာ မင်းနေရာမှာဆိုရင် အခု ခန်းရှီက ငါ့ကို အဘိုးလို ကိုးကွယ်မထားရင်တောင် အနည်းဆုံးတော့ သူငါ့ကိုတစ်ခုခုလုပ်ခိုင်းချင်တဲ့အခါ ရိုရိုသေသေနဲ့ 'ကျေးဇူးပြု၍' ဆိုတဲ့စကားလုံးကို သုံးလိမ့်မယ်၊ ငါက သူ့ကို ကူညီချင်မကူညီချင်ဆိုတာကတော့ အဲ့ဒီအချိန်က စိတ်ခံစားချက်အပေါ်မှာ မူတည်တယ်"
စုန့်ချင်းရှုသည် ချက်ချင်း ချွေးများပြန်လာသည် "ခင်ဗျား ဆိုလိုတာက ခန်းရှီက ခင်ဗျားလိုပဲ၊ ကျွန်တော့်စိတ်ကို ဖောက်ထွင်းမြင်နိုင်တာလား" ဤသို့ စိုးရိမ်လာသောအခါ 'အိုးရန်သခင်ကြီး' ဟုပင် ခေါ်ရန်မေ့သွားသည်။
"ဉာဏ်ကောင်းလွန်းလို့ ဉာဏ်မှားတယ်ဆိုတာပဲ(အလည်လွန်တဲ့ဘီး ချီးနင်းနင်းမိတယ်ဆိုသလိုပဲ)၊ ဒါပေမဲ့ ဒါက မင်းကို လုံးဝအပြစ်တင်လို့မရဘူး" အိုးရန်ဖုန်းက ခေါင်းညိတ်လိုက်သည် "လောဘကင်းမှ မာန်တင်းနိုင်တယ်ဆိုသလိုပဲ၊ ငါနဲ့ ဝမ်ရန်ဟုန်လျဲ့ ပူးပေါင်းဆောင်ရွက်တုန်းက သူ့ရဲ့တောင်းဆိုမှုက ငါ့ထက်ပိုကြီးတော့ ငါက အသာစီးရတယ်။ မင်းနဲ့ ခန်းရှီကြားမှာတော့ မင်းရဲ့တောင်းဆိုမှုက ပိုကြီးလောက်တယ်၊ ခန်းရှီက အစပိုင်းမှာ ဒီအချက်ကို မမြင်နိုင်ရင်တောင် မင်းရဲ့ ပုံမှန်အချိန်တွေမှာ သတိကြီးစွာ ပြုမူတဲ့ပုံစံကို သတိပြုမိတဲ့အခါ မင်းရဲ့ လျှို့ဝှက်ရည်မှန်းချက် ဘယ်လောက်ကြီးမားလဲဆိုတာကို သူ နားလည်နိုင်မှာပဲ၊ သူက မင်းမှာ ရည်မှန်းချက်ရှိမှတော့ သူ့ရဲ့ အချို့သော လေးစားမှုမရှိတဲ့ အပြုအမူတွေကြောင့် မျက်နှာပြောင်တိုက်မှာ(ဆက်ဆံရေးပျက်မှာ)မဟုတ်ဘူးလို့ တွက်ဆထားတယ်၊ ဒါကြောင့် အခုလို သူက အားကြီးပြီး မင်းက အားနည်းတဲ့ ဆက်ဆံရေးဖြစ်လာတာပဲ။ မင်း ယုံမလား၊ မင်းသာ အစကတည်းက မောက်မာခက်ထန်တဲ့ပုံစံကို ပြခဲ့ရင် အခု ခန်းရှီဘေးက ရာထူးက ပိုမြင့်မားနေမှာပဲ"
"ခင်ဗျားရဲ့ စကားတစ်ခွန်းက ဆယ်နှစ်လောက်စာဖတ်တာထက် ပိုတန်ဖိုးရှိပါတယ်" စုန့်ချင်းရှုက ရိုသေစွာ ဦးညွှတ်လိုက်သည်၊ စိတ်ထဲတွင် လျင်မြန်စွာ စဉ်းစားနေသည်၊ အကယ်၍ အရင်က မိမိ၏အရာအားလုံးသည် ခန်းရှီ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့မှတော့ ခန်းရှီသည် မိမိ၏ လျှို့ဝှက်ကြံစည်မှုကို သိရှိနေပြီးဖြစ်နိုင်သည်၊ အကယ်၍ မူလအစီအစဉ်အတိုင်း လုပ်ဆောင်ပါက ခန်းရှီ၏ ကြံစည်မှုထဲသို့ လုံးဝကျရောက်သွားနိုင်ပေသည်။ ခန်းရှီကလောလောဆယ် ငါကသူ့ကို သည်းခံရင်း တိတ်တဆိတ်အင်အားတိုးပွားစေမယ်လို့ တွက်ဆထားမှတော့ ငါကပြောင်းပြန်လုပ်ပြီး သူ့ကိုအံ့အားသင့်စေရမယ်...'
"ကလေးက သင်ပေးလို့ရသားပဲ" အိုးရန်ဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်၊ သူသည် စုန့်ချင်းရှု ဘာပြင်ဆင်နေသည်ကို ရှင်းရှင်းလင်းလင်းမသိသော်လည်း ဆယ်စုနှစ်များစွာ အတွေ့အကြုံက စုန့်ချင်းရှုသည် အရာအားလုံး ခန်းရှီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး လျှို့ဝှက်အန္တရာယ်တစ်ခုတွင် ကျရောက်နေကြောင်း သိရှိစေသည်။
"ဒီတစ်ခေါက် ညွှန်ပြမှုက မင်း ဒီဘိုးကြီးကို အဆိပ်ဖြေရာမှာ ကူညီခဲ့တဲ့ ကျေးဇူးကို ဆပ်တာပဲ" အိုးရန်ဖုန်းက ထရပ်လိုက်ပြီး တစ်ကိုယ်လုံးမှ အရိုးများ 'တဖြောက်ဖြောက်’ အသံမြည်လာသည်။
"အဘိုးကြီး ဒီတစ်ခေါက် စိတ်ပြန်မှန်လာတာက မင်းရဲ့ကျေးဇူးတစ်စိတ်တစ်ပိုင်းလည်း ပါတယ်၊ ငါကကျေးဇူးရှိရင် ပြန်ဆပ်တတ်တဲ့သူမျိုးမဟုတ်ပေမယ့် ဒီနေ့အထူးသဖြင့်ပျော်နေလို့ တခြားသူမှာအကူအညီလိုတဲ့ကိစ္စရှိရင် ငါအတတ်နိုင်ဆုံးကူညီပေးပြီး ဒီနေ့ရဲ့ကျေးဇူးကို ဆပ်မယ်"
အိုးရန်ဖုန်းသည် ယခင်က ဟုန်ချီကုန်းက သူ့ကိုကယ်တင်ပြီးနောက် ချက်ချင်းပြန်လည်တိုက်ခိုက်ခဲ့သည့်ကိစ္စမျိုးကို လုပ်နိုင်သောကြောင့် ကျေးဇူးဆပ်တတ်သူမျိုးမဟုတ်ပေ။ သို့သော် ယနေ့ အိပ်မက်ဆိုးကြီးမှ နိုးထသကဲ့သို့ ခံစားလိုက်ရပြီး စုန့်ချင်းရှုအပေါ်တွင် အိုးရန်ခဲ့၏ အရိပ်ကို မြင်တွေ့ရသဖြင့် တစ်ခဏ စိတ်လှုပ်ရှားကာ ကတိပေးခဲ့ခြင်းဖြစ်သည်။
"ဘယ်ကိစ္စမဆို ရလား" စုန့်ချင်းရှု၏ စိတ်သည် လှုပ်ခတ်သွားပြီး ချက်ချင်း မေးလိုက်သည်။
အိုးရန်ဖုန်း၏ အမူအရာမှာ ပြုံးစိစိဖြစ်နေသည် "ကောင်လေး၊ ငါ အနောက်ပိုင်းအဆိပ်က ကတိတည်တဲ့လူမျိုးမဟုတ်ဘူး။ ဒါက မင်း ငါ့ကို ဘာကိစ္စလုပ်ခိုင်းမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်၊ အဲ့ဒီအချိန်ကျရင် ငါ ပျော်ရင်လုပ်မယ်၊ မပျော်ရင် ဒီကတိက သဘာဝအတိုင်းပဲ ပျက်ပြယ်သွားမှာ" အိုးရန်ဖုန်း၏ ပုံစံဖြစ်ပြီး ကတိတစ်လုံးဖြင့် ချည်နှောင်ခံမည်မဟုတ်ပေ။
“ဒါမှအရင်တုန်းက အနောက်ပိုင်းအဆိပ်ရဲ့ ပုံစံပေါ့"စုန့်ချင်းရှုက မလုံမလဲရယ်လိုက်သည်၊ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသည်၊ အကယ်၍ မိမိက သွားပြီး အိုးရန်ဖုန်းနှင့် ပူးပေါင်းကာ ကွမ်မင်တောင်ထိပ်(ကျန်းဝူကျိ မင်ဂိုဏ်းတောင်ထိပ်)ကို တိုက်ခိုက်ရန် တောင်းဆိုပါက တစ်ဖက်လူက ပါးရိုက်လွှတ်လိုက်ပေမည်။ ကြည့်ရတာ နောင်တွင် နှစ်ဦးသား အကျိုးစီးပွားတူညီသည့် ကိစ္စတစ်ခု ကြုံတွေ့မှသာ သူ့ကို လှုပ်ရှားခိုင်းနိုင်ပေမည်...
လူတစ်စုသည် ဂူပေါက်သို့ ရောက်လာပြီး ထိုထူထဲသော ကျောက်တံခါးကို ကြည့်ရင်း အိုးရန်ဖုန်းက မျက်မှောင်ကြုတ်လိုက်သည် "မင်းက ငါတို့နှစ်ယောက်ရဲ့ အားကို ပေါင်းပြီး ဒီကျောက်တံခါးကို တွန်းဖွင့်မလို့လား" သူသည် အဆိပ်ဖြေပြီးခါစဖြစ်ရာ ကိုယ်ထဲမှ အတွင်းအားများစွာ ဆုံးရှုံးပြီး အားအနည်းဆုံးအချိန်တွင် ရှိနေသည်။
"ဒီကျောက်တံခါးက ပေါင်သောင်းချီလေးတယ်၊ အားနဲ့တော့ တွန်းဖွင့်လို့မရဘူး၊ ဉာဏ်သုံးရမယ်" စုန့်ချင်းရှုက တမင်စကားကို ရပ်လိုက်ပြီး သူတို့နှစ်ဦး တင်းမာစွာဖြင့် မိမိကို ကြည့်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် ရယ်ချင်သွားသည်၊ "အခု နည်းလမ်းနှစ်ခုရှိတယ်၊ တစ်ခုက နံရံဘေးကနေ ဥမင်လိုဏ်ခေါင်းတစ်ခု တူးထုတ်ဖို့၊ ဒီနေရာက ဂူပေါက်နဲ့ မဝေးတော့ မီတာအနည်းငယ်လောက် တူးလိုက်ရင် အလင်းရောင်ပြန်တွေ့နိုင်မှာပဲ"ဤသည်မှာ ဆင်ခြင်းခြင်းချောက်ကမ်းပါးဂူထဲတွင်း ပိတ်မိသေဆုံးခဲ့သော နေလနတ်ဂိုဏ်းအကြီးအကဲများထံမှ ရရှိခဲ့သောစိတ်ကူးဖြစ်သည်။ ထိုအထဲမှအကြီးအကဲတစ်ဦးသည် ပုဆိန်ကြီးဖြင့်တောင်ကိုခွဲကာ ဂူပေါက်ဝအနီးသို့ အနိုင်နိုင်တူးနိုင်ခဲ့ပြီးနောက် အားကုန်သေဆုံးခဲ့သည်။ ယခုအခြေအနေတွင် သူတို့ဂူပေါက်ဝအနီးတွင်ရှိနေသောကြောင့် ဤပြဿနာမရှိတော့ပေ။
မြွေနတ်ဂူသည် မူလကတည်းက ကျောက်တံခါးဖြင့် ပြင်ပရန်သူကို ထောင်ချောက်ဆင်ရန်မဟုတ်သောကြောင့် ဂူပေါက်ဝနံရံများသည်လည်း သာမန်တောင်မြေသာဖြစ်ပြီး ခိုင်မာသောမြေကြီး သို့မဟုတ် ကျောက်တုံးများမဟုတ်ပေ။ မဟုတ်လျှင် တောင်ဂူတစ်ခုထွင်းထုရန်မှာ မဖြစ်နိုင်ပေ။
"ဒုတိယနည်းလမ်းကရော" အိုးရန်ဖုန်း၏ မာနဖြင့် သူ့ကိုတောင်တူးသမားကဲ့သို့ ဖင်ကုန်း၍ မြေတူးခိုင်းခြင်းမှာ အလွန်အရှက်ရစရာဖြစ်သည်။