အခန်း ၂၇ ပန်းကဲ့သို့နူးညံသောသူ
အပေါ်ထပ်ကို ရောက်တော့ နေရာတိုင်းမှာ ပါးလွှာတဲ့ ပိုးသားအဝတ်တွေ လွင့်နေတာကို တွေ့လိုက်ရတယ်။ အခန်းရဲ့ အတွင်းပိုင်းမှာ လူရိပ်လေး တစ်ခုကို ဝိုးတဝါး မြင်လိုက်ရတယ်။ စုန့်ချင်းရှုက ရုတ်တရက် ဝင်သွားဖို့ မသင့်တော်ဘူးလို့ ခံစားလိုက်ရတာကြောင့် ချောင်းဟန့်ပြီး လူရောက်နေကြောင်း အချက်ပြလိုက်တယ်။
"ဘယ်သူလဲ" လင်ရှမ်းဟွာက အံ့အားသင့်သွားပေမဲ့ ဘာမှ ထူးထူးခြားခြား မတုန့်ပြန်ဘူး။ ပေါ့ပေါ့ပါးပါးပဲ မေးလိုက်သည်။
သူ့ရဲ့ အေးစက်တဲ့ အသံကို ကြားတော့ စုန့်ချင်းရှုက စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။ ပန်းပွင့်လေးလို လှပတဲ့ မိန်းကလေး တစ်ယောက်ကို ဘဝမှာ ဘာမှ မျှော်လင့်ချက် မရှိတော့တဲ့အထိ ဖျက်ဆီးပစ်လိုက်တယ်။
"ကျွန်တော်က တင်းသူရဲကောင်းရဲ့ တောင်းဆိုချက်အရ လင်မမလေး ကို လာတွေ့တာပါ" စုန့်ချင်းရှုက သူ့ရဲ့ အာရုံကို ဆွဲဆောင်နိုင်အောင် ပြင်းထန်တဲ့ စကားသုံးဖို့ တွေးလိုက်သည်။
ဒုန်းဆိုတဲ့ အသံ တစ်ခု ကြားလိုက်ရသည်။ ကုလားထိုင် မြေကြီးပေါ် လဲကျသွားတဲ့ အသံနဲ့ တူတယ်။ တင်းကျန့်ရဲ့ သတင်းကို ကြားတော့ လင်ရှမ်းဟွာက အလျင်အမြန် ပြေးထွက်လာပြီး ပိုးသားကို ဖယ်ကာ စုန့်ချင်းရှုကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ "ဘယ် တင်းသူရဲကောင်းလဲ"
အဝါရောင် အင်္ကျီလေး ဝတ်ထားတဲ့ အသက်အရွယ် ကောင်းတဲ့ မိန်းကလေး တစ်ယောက် ပြေးလာတာကို တွေ့လိုက်ရတယ်။ မျက်နှာကို ပိုးသားနဲ့ ဖုံးထားပေမဲ့ စိုးရိမ်ပူပန်နေတဲ့ မျက်နှာကို ဖုံးကွယ်လို့ မရဘူး။ ပိုးသားရဲ့ အနောက်မှာ အနီရောင် အမာရွတ်လေးတွေ ဝိုးတဝါး မြင်လိုက်ရတော့ စုန့်ချင်းရှုက စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။ ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်က ဒီလောက် လှနေတာဆိုတော့ ရုပ်ပျက်ဆင်းပျက် မဖြစ်ခင်မှာ ဘယ်လောက်တောင် လှတဲ့ မိန်းကလေး ဖြစ်မလဲ။
"တင်းကျန့် တင်သူရဲကောင်းက လင်မမလေးကို စကားအနည်းငယ် မေးဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ" စုန့်ချင်းရှုက ရိုရိုသေသေ ဦးညွှတ်လိုက်တယ်။
"သူ အခု... နေကောင်းရဲ့လား" လင်ရှမ်းဟွာရဲ့ အသံက တုန်နေတယ်။
"အမ်... အခြေအနေ သိပ်မကောင်းလောက်ဘူး။" စုန့်ချင်းရှုက တွေးလိုက်သည်။ ရင်ဘတ်ရိုးကို ထိုးဖောက်ခံရခြင်း၊ ခြေထောက်ကြောများ ဖြတ်တောက်ခံရခြင်း၊ ပြီးတော့ နှစ်ပေါင်းများစွာ အကျဉ်းထောင်ထဲမှာ ရက်ရက်စက်စက် နှိပ်စက်ခံရခြင်းသည် ကောင်းသည်ဟု မဆိုနိုင်ပါ။ "ဒါပေမယ့် အနည်းဆုံးတော့ ချက်ချင်း မသေနိုင်သေးဘူး။"
လင်ရှမ်းဟွာက ဝမ်းနည်းစွာ ပြုံးလိုက်သည်။ "အားလုံး ကျွန်မကြောင့်ပါ တင်းအစ်ကိုကြီးကို ဒုက္ခရောက်စေတာ..."
"လင်မမလေး၊ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေကို ပြန်ပြောနေဖို့ အချိန်မရှိပါဘူး။" စုန့်ချင်းရှုက သူ့ရဲ့ ရည်ရွယ်ချက်ကို သတိရပြီး အလျင်အမြန် မေးလိုက်သည်။ "အဲဒီတုန်းက ဘာလို့ တင်းသူရဲကောင်းနဲ့ အတူတူ အဝေးကို ထွက်ပြေးဖို့ ဆန္ဒမရှိတာလဲ။"
သခင်လေး လည်း မြင်ပြီးလောက်ပြီ။ ကျွန်မ အခု ဒီပုံစံ ဖြစ်နေတော့ စိတ်ဓာတ်ကျနေပြီ။ နေ့တိုင်း ဘုရားကို ဆုတောင်းနေတာက တင်းအစ်ကို ဘေးကင်းပါစေဆိုတာပါပဲ" လင်ရှမ်းဟွာက မျက်နှာဖုံးလေးရဲ့ ထောင့်စွန်းကို ဖြည်းဖြည်းချင်း လှန်လိုက်တော့ နှင်းလို ဖြူစင်တဲ့ မျက်နှာလေးပေါ်မှာ ကြောက်စရာကောင်းတဲ့ အနီရောင် အမာရွတ်တွေ အများကြီး ရှိနေတယ်။
"လင်မမလေး၊ ကျွန်တော်က မင်းနဲ့ တင်သူရဲကောင်းရဲ့ အချစ်ကို အမြဲတမ်း လေးစားပါတယ်။ တင်သူရဲကောင်းက မမလေးရဲ့ ရုပ်ရည်ကို ဂရုစိုက်မယ်လို့ ထင်လား" စုန့်ချင်းရှုက မျက်မှောင်ကြုံလိုက်တယ်။ အဲဒီ အမာရွတ်တွေက တကယ်ကို နည်းနည်း... ရုပ်ဆိုးတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒါက အကြောင်းရင်း မဖြစ်သင့်ဘူး။
"သူက ကျွန်မကို မုန်းမှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်" လင်ရှန်းဟွာက စားပွဲနားမှာ ဖြည်းဖြည်းချင်း ထိုင်ပြီး သူ့ရှေ့က ပန်းအိုးလေးကို ပွတ်သပ်ရင်း နှုတ်ခမ်းထောင့်မှာ နူးညံ့တဲ့ အပြုံးလေး ပေါ်လာသည်။ "ဒါပေမဲ့ ကျွန်မကိုယ်တိုင်က ဒီလောက် ရုပ်ဆိုးတဲ့ ဇနီးကို သူ့ကို လက်ထပ်ခိုင်းဖို့ မလိုလားဘူး။"
သူက စိတ်ရင်း မပါဘဲ ပြောနေတာကို ကြားတော့ စုန့်ချင်းရှုက ဒီ ချစ်သူ နှစ်ယောက်နဲ့ ပဟေဠိတွေဖွက်မနေတာ့ဘူး။ တိုက်ရိုက် မေးလိုက်သည်။ "လင်လူကြီးမင်း က အဲဒီတုန်းက မမလေးကို ရက်စက်တဲ့ ကျိန်စာ တစ်ခု ကျိန်ခိုင်းတယ်လို့ ကြားတယ်။ ဒီဘဝမှာ မင်းက တင်းကျန့်ကို ပြန်တွေ့ရင် မင်းအမေရဲ့ ဝိညာဉ်က မြေအောက်မှာ နေ့ရောညပါ ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မယ်။ လင်မမလေး သိလား၊ အဲဒီတုန်းက ကျိန်စာကို မကျိန်ရင်တောင် မင်းအဖေက လျန်ချန်ကျဲ့အတွက် တင်သူရဲကောင်းကို သတ်မှာ မဟုတ်ဘူး။”
လင်ရှမ်းဟွာ၏ မျက်နှာအမူအရာသည် သိပ်မပြောင်းလဲဘဲ စုန့်ချင်းရှုကို ပြန်ကြည့်လိုက်သည်။ "ခုနက ကျွန်မ အလျင်လိုသွားလို့ သခင်လေးရဲ့ နာမည်ကို မေးဖို့ မေ့သွားတယ်။"
"ကျွန်တော့်နာမည်က စုန့်ချင်းရှုပါ။" အရင်ဘဝက စီးပွားရေးလောကတွင် အတွေ့အကြုံရှိသော စုန့်ချင်းရှုသည် သူမ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သူမ၏ စိတ်ထဲတွင် သံသယများ ရှိနေကြောင်း သိသည်။ ထို့ကြောင့် သူသည် လင်ထွေ့စီ၏ စုံစမ်းစစ်ဆေးမှုကို အသွင်ယူကာ တိယွမ်နှင့် လျှို့ဝှက်သဘောတူညီချက် ရယူထားသည့် အကြောင်းကို အကျဉ်းချုပ် ပြောပြလိုက်သည်။
တိယွမ်နှင့် နှစ်ယောက်တည်း သိသည့် လျှို့ဝှက်သင်္ကေတများကို ပြောပြသောအခါ၊ လင်ရှမ်းဟွာသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ "စုန့်သခင်လေးကို ပြောရရင် လျန်ချန်ကျယ်အကြောင်းကို သိပြီးတဲ့နောက်မှာ ဒါကို ကျွန်မ သတိထားမိတယ်။"
"ကျိန်စာဆိုတာလိုမျိုးလေးနက်တဲ့ အရာက လိမ်ညာမှုတစ်ခုကြောင့် ဖြစ်လာတာဆိုတော့ အမှန်တကယ် လို့မယူဆသင့်ဘူး။" စုန့်ချင်းရှုက နှစ်သိမ့်လိုက်သည်။
လင်ရှမ်းဟွာက အနည်းငယ် ပြုံးလိုက်သည်။ ရုပ်ရည်ပျက်စီးသွားသော်လည်း သူမ၏ နှုတ်ခမ်းထောင့်မှ တည်ငြိမ်သော အလှသည် စုန့်ချင်းရှုကို ငေးကြည့်စေသည်။ "ဒါပေမယ့် ကျွန်မ ကျိန်စာဆိုတုန်းက တကယ်ကို ရိုးသားခဲ့တာပါ။ ကျွန်မ အမေကို အန္တရာယ်မဖြစ်စေချင်ဘူး။"
စုန့်ချင်းရှုက စကားပြောဖို့ ပြင်နေတာကို တွေ့တော့ လင်ရှန်းဟွာက လက်ကို မြှောက်ပြီး ဆက်ပြောလိုက်သည်။ "တကယ်တော့ တခြား အရေးကြီးတဲ့ အကြောင်းပြချက် တစ်ခု ရှိသေးတယ်။ ကျွန်မက တင်းအစ်ကိုကို မပြောဖူးဘူး။ အဲဒီတုန်းက အဖေက ကျွန်မကို လက်ထပ်ပေးဖို့ စီစဉ်ထားတဲ့ လူက သူ့ရဲ့ အထက်အရာရှိ၊ ရှန်ယန်းမြို့စားနဲ့ ကျင့်စီအန်ငြိမ်းချမ်းရေး သံအမတ် လုလူကြီးမင်း ရဲ့ သားပါ။ ကျွန်မက တင်းအစ်ကိုကို ချစ်လို့ မျက်နှာကို ဖျက်ဆီးပြီး သစ္စာရှိကြောင်းပြခဲ့တယ်။
အဲဒီအတွက် ကျွန်မအဖေနဲ့ လုမိသားစုကို အရှက်ရစေခဲ့တယ်။ တကယ်လို့ ကျွန်မက တင်းအစ်ကိုကြီးနဲ့ ထွက်ပြေးသွားရင် လုမိသားစုနဲ့ ပြဿနာြဖစ်စေလိမ့်မယ်။ ကျွန်မအဖေမှာ အမှားတွေ ဘယ်လောက်ပဲ ရှိပါစေ၊ သူက ကျွန်မအဖေပါ။ သူ့ကို ဒီလောက် ကြီးမားတဲ့ ပြဿနာ မဖြစ်စေချင်ဘူး" လို့ ပြောလိုက်သည်။
"လုဝမ်ဟွမ်း ဟုတ်လား" စုန့်ချင်းရှု စိတ်ထဲမှာ လန့်သွားတယ်။ ဒီကိစ္စက နည်းနည်းတော့ ခက်ခဲသွားပြီ။ ဒီကမ္ဘာကို ရောက်တာ တော်တော်ကြာပြီဆိုတော့ အခြေအနေတော်တော်များများကို သူလည်း သိလာပြီ။ ရှန်ယန်းမြို့က နှစ်ပေါင်းများစွာ မွန်ဂိုစစ်တပ်ကို အပြင်းအထန် ခုခံပြီး မရှုံးနိမ့်သေးဘူး။ ကော်ကျင့်နဲ့ ဟွမ်ရုံတို့ စုံတွဲက စစ်သည်တွေကို ကူညီလို့ အောင်မြင်တာလည်း ပါပေမဲ့ မြို့စား လုဝမ်ဟွမ်းက တကယ့် အဓိက အကူအညီပဲ။ လုဝမ်ဟွမ်းက အခု ကျင်ရှန်ကို အုပ်ချုပ်ပြီး လက်နက်အင်အား အများကြီးကို ပိုင်ဆိုင်ထားတယ်။ သူ့အစ်ကို လုဝမ်ဒယ်က လျန်ဟွိုင်ကို အုပ်ချုပ်တယ်။ နှစ်ယောက်စလုံး စစ်ချွမ်းသံတမန် ယွီကျယ်နဲ့အတူ စုန့်နိုင်ငံ၏အကြီးဆုံး နယ်စားသုံးယောက်ထဲမှာ ပါဝင်တယ်။
လင်ထွေ့စီ က ဒေသတွင်း အရာရှိတစ်ယောက် ဖြစ်ပေမဲ့ လုဝမ်ဟွမ်းနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး။ လုမိသားစုနဲ့ ပြဿနာ ဖြစ်ရင် လင်ထွေ့စီ ငါးပါးမှောက်ပြီလို့ ပြောလို့ရတယ်။
တကယ်ကို မိဘကိုသိတတ်တဲ့ သမီးကောင်းလေးပဲ။ အဖေက ဒီလောက် ရက်စက်ပေမဲ့ သူ့အတွက်ပဲ စဉ်းစားနေသေးတယ်။ စုန့်ချင်းရှု ခေါင်းခါလိုက်တယ်။ လင်ရှမ်းဟွာရဲ့ စိတ်ကို ပြောင်းလဲဖို့ဆို သူ့အဖေဆီက စရတော့မယ်။
"မမလေးက ဗုဒ္ဓဘာသာကို ယုံကြည်တာလား ဒါမှမဟုတ် တာအိုဘာသာကို ယုံကြည်တာလား" စုန့်ချင်းရှုက ရုတ်တရက် မေးလိုက်သည်။
"အင်း... ကျွန်မ ဗုဒ္ဓဘာသာကို ယုံကြည်တာပါ" လင်ရှမ်းဟွာက သူ့ရဲ့ ရည်ရွယ်ချက်ကို နားမလည်တော့လို့ သံသယနဲ့ ဖြေလိုက်တယ်။
"ဒါဆို မမလေးက စက်ဝန်းခြောက်ခုအကြောင်းကို သိမှာပေါ့။ ကျွန်တော့်ကို နည်းနည်း ရှင်းပြပေးလို့ ရမလား" စုန့်ချင်းရှုက နှိမ့်ချစွာ မေးလိုက်သည်။
စုန့်ချင်းရှုက တကယ်ကို လေ့လာချင်နေတဲ့ပုံစံ ဖြစ်နေတော့ လင်ရှမ်းဟွာက ခဏလောက် စဉ်းစားပြီး နူးညံ့စွာ ပြောလိုက်သည်။ "သတ္တဝါတွေဟာ အဝိဇ္ဇာနဲ့ ကံကြောင့် စက်ဝန်းခြောက်ခုမှာ မွေးဖွားခြင်း သေဆုံးခြင်းကို ခံစားနေရတယ် စက်ဝိုင်းတစ်ခုလို လည်နေတော့ လွတ်မြောက်အောင် မလုပ်နိုင်ရင် ဘုံခြောက်ခုထဲမှာ အဆုံးမရှိ လည်ပတ်ပြီး အသက်ရှင်နေရမယ်..."
"ခြောက်ဘုံမှာ ကောင်းတဲ့ဘုံ သုံးခုနဲ့ မကောင်းတဲ့ဘုံ သုံးခု ရှိတယ်။ ဘုံတစ်ခုကို ပြန်ဝင်စားတဲ့အခါ ကောင်းတဲ့ဘုံလား မကောင်းတဲ့ဘုံလားဆိုတာ ဘာက ဆုံးဖြတ်ပေးတာလဲ" စုန့်ချင်းရှုက ရုတ်တရက် ထပ်မေးလိုက်သည်။
စုန့်ချင်းရှုရဲ့ ရည်ရွယ်ချက်ကို လင်းရှန်းဟွာ နည်းနည်း နားလည်လာပြီ။ အနည်းငယ် ပြုံးပြီး ဆက်ပြောလိုက်သည်။ "မကောင်းတဲ့ လုပ်ရပ် ဆယ်ခုကို လုပ်ရင် ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံဆိုတဲ့ မကောင်းတဲ့ဘုံ သုံးခုကို ရောက်မယ်။ ကောင်းတဲ့ လုပ်ရပ် ဆယ်ခုကို လုပ်ရင် နတ်ဘုံနဲ့ လူ့ဘုံ နဲ့ အသူရာဘုံကို ရောက်မယ်..."
စုန့်ချင်းရှုက ညင်သာစွာ ဦးညွှတ်ပြီး ပြောလိုက်သည်။ "မမလေးရဲ့ အမေက မြို့မှာ နာမည်ကြီးတဲ့ လူကောင်းတစ်ယောက်လို့ ကြားဖူးတယ်။ တစ်သက်လုံး ကောင်းမှုတွေ လုပ်ခဲ့တော့ မကောင်းတဲ့ဘုံ သုံးခုကို ရောက်မှာ မဟုတ်ဘူးလို့ ထင်တယ်။ အမေက ဘာမကောင်းတာမှ မလုပ်ခဲ့ဘူးဆိုတော့ အသူရာဘုံလည်း မဖြစ်နိုင်ဘူး။ လူ့ဘုံနဲ့ နတ်ဘုံပဲ ကျန်တော့တယ်။ ဘယ်ဘုံပဲ ဖြစ်ဖြစ် အမေက အခု မြေအောက်မှာ ရှိမှာ မဟုတ်ဘူး။ မမလေးရဲ့ ကျိန်စာက 'တင်းအစ်ကိုနဲ့ ပြန်တွေ့ရင် အမေရဲ့ ဝိညာဉ်က မြေအောက်မှာ နေ့ရောညပါ ညှဉ်းပန်းနှိပ်စက်ခံရမယ်' လို့ ပြောထားတယ်။ မမလေး၊ မမလေးရဲ့ အမေက ကောင်းမှုတွေ လုပ်ထားတော့ အခု မြေအောက်မှာ ဆင်းရဲဒုက္ခ ခံနေရမယ်လို့ ထင်နေတာလား"