အခန်း ၂၅ တစ်ကိုယ်တည်းသွားမယ်
ဝမ်ကျန့်ရှန်က စိတ်ထဲမှာ ချွေးစေးတွေ ပြန်သွားတယ်။ ဒီ ဆရာဦးလေးက ကွေ့အာထက် အသက်သိပ်မကြီးသေးသော်လည်း သိုင်းလောက အတွေ့အကြုံက အရမ်း ကြွယ်ဝတယ်။ ဒါပေမဲ့ သူက အရင်ကတည်းက ပြောစရာတွေ စဉ်းစားထားပြီးပြီ။ "ကျုပ်တို့ ဆရာတူညီအစ်ကို သုံးယောက်က ဆရာနဲ့အတူ ညစာစားဖို့ သွားခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ သိုင်းပညာက အားနည်းလို့ ဆရာ့ကို မကယ်နိုင်ခဲ့ဘူး။ ဆရာ့ကို သတ်ပြီးတဲ့နောက် လင်ထွေ့စီက ကျုပ်တို့ လျန်ချန်ကျယ်(မရဏကျမ်းစာ)ရဲ့ လျှို့ဝှက်ချက်ကို သိတယ်လို့ ထင်ပြီး ကျုပ်တို့ကို မသတ်ခဲ့ဘူး။ နောက်တော့ ကျုပ်တို့ ဆရာတူညီအစ်ကို သုံးယောက်က ဆရာ့ကို သတ်ပြီး လျန်ချန်ကျယ်ကို လုယူသွားတယ်လို့ ကောလဟာလတွေ ထုတ်လွှင့်ပြီး သိုင်းလောကသားတွေက အမြဲတမ်း ဒုက္ခပေးအောင်လုပ်တယ်။ သူက နောက်ကွယ်မှာ ပုန်းနေပြီး အခွင့်အရေးကို စောင့်နေတယ်။"
(ဘာသာပြန်သူ-မရဏကျမ်းစာက သိုင်းကျမ်းတစ်ခုတင်မဟုတ် အထဲမှာ ရတနာသိုက်ရဲ့ လျှို့ဝှက်ချက်ရှိပါတယ်၊ မေ့နေမှာစိုးလို့ ပြန်နွေးပေးတာ)
ဝူလျို့ချီက သူပြောတာက ယုတ္တိရှိတယ်လို့ ထင်တယ်။ ပြီးတော့ သိုင်းလောကသားတွေက ဆရာ့ကို သတ်တာကို မယုံနိုင်ဘူး။ ဝမ်ကျန့်ရှန်ရဲ့ စကားကို ၇၀-၈၀ ရာခိုင်နှုန်းလောက် ယုံသွားတယ်။ အေးစက်စွာ ပြောလိုက်သည်။ "ဒီနေ့ အကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့။ မင်း ပြောတာ အမှန်လား အတုလားဆိုတာကို ငါ အစိုးရအိမ်တော်မှာ သွားစုံစမ်းမယ်။" ပြောပြီး ထွက်သွားတယ်။
သူ့ရဲ့ နောက်ကျောကို ကြည့်ပြီး ဝမ်ကျန့်ရှန်က အေးစက်စွာ ရယ်လိုက်တယ်။ "ကျင်ကျိုးမြို့မှာ စစ်သား တစ်သိန်းလောက် ရှိတယ်။ အုပ်ချုပ်သူ ဖြစ်တဲ့ လင်ထွေ့စီရဲ့ အိမ်တော်က ဝင်ဖို့ လွယ်မယ်လို့ ထင်နေတာလား။ ဝင်နိုင်ရင်တောင် ပြန်ထွက်လာဖို့ ခက်လိမ့်မယ်" လို့ ပြောလိုက်သည်။
"အဲဒီလူက မတ်လေး အရင်က ပြောခဲ့တဲ့ သူရဲကောင်းကြီး ဝူလျို့ချီ မဟုတ်လား" လို့ ဟူအမျိုးသမီးက စိတ်ဝင်တစား မေးလိုက်သည်။
ဝူလျို့ချီက ဝမ်ကျန့်ရှန်ရဲ့ လှည့်ကွက်ထဲကို ရောက်သွားပြီ။ ဒါပေမဲ့ အခု သူ့ကို ဖော်ထုတ်တာက ကိုယ့်အတွက် အကျိုးမရှိဘူး။ လင်ထွေ့စီကို တိုက်ခိုက်ဖို့ ဝူလျို့ချီရဲ့ အကူအညီကို လိုအပ်လိမ့်မယ်။
နောက်နေ့ မနက်စောစောမှာ လမ်းဘေးက စားသောက်ဆိုင်မှာ ဟူအမျိုးသမီးက ရုတ်တရက် စုန့်ချင်းရှုကို "မတ်လေး၊ ငါတို့ အရင်က ထောင်ထဲကို ဝင်ပြီး လူကို ကယ်ဖို့ တွေးနေလို့ ဘာမှလုပ်လို့မရဘူး။ အခု ငါ တွေးမိတာက အတင်း လုပ်လို့ မရရင် လွယ်တဲ့နည်းလမ်းကို သုံးရမှာ မဟုတ်လား" လို့ ပြောလိုက်သည်။
"ဘယ်လို လွယ်တဲ့ နည်းလမ်းလဲ" လို့ စုန့်ချင်းရှုက ခေါင်းထဲမှာ အလင်းရောင် လတ်ခနဲဖြစ်သွားတယ်လို့ ခံစားလိုက်ရပေမဲ့ အသေးစိတ်ကို မဖမ်းမိဘူး။
"မတ်လေး ပြောတဲ့အတိုင်းဆို ထောင်ထဲမှာ ရှင်တျန်(နတ်မြတ်သိုင်းကျမ်း)ကို တတ်တဲ့ အကျဉ်းသား တစ်ယောက် ရှိတယ်။ ငါတို့က သူ့ကို တွေ့ဖို့ ပဲလိုတာ။ ဘာလို့ ကယ်ထုတ်ဖို့ လိုမှာလဲ" လို့ ဟူအမျိုးသမီးက ညင်သာစွာ ပြုံးလိုက်တယ်။
စုန့်ချင်းရှုက ချက်ချင်း သဘောပေါက်သွားကာ သူ့ရှေ့က လှပတဲ့ မိန်းကလေးကို ပွေ့ဖက်ပြီး နမ်းချင်သွားတယ်။ "မရီးက တကယ်ကို ဉာဏ်ကောင်းတဲ့ မိန်းကလေးပဲ" လို့ ပြောလိုက်သည်။ ဟုတ်တယ်လေ၊ သူက ထွက်မလာနိုင်ရင် ငါက ဝင်လို့ မရဘူးလို့ မဆိုလိုဘူး။
တွေးကြည့်လေ ပျော်လေ ဖြစ်ပြီး သူတို့နှစ်ယောက်က တိတ်ဆိတ်တဲ့ နေရာတစ်ခုကို သွားကာ သူတို့ရဲ့ အစီအစဉ်ကို ဆက်လက်ပြီး ပြည့်စုံအောင် လုပ်နေကြတယ်။
အဲဒီနေ့ နေ့လည်မှာ အစိုးရရုံးရှေ့မှာ ခန့်ညားတဲ့ လူငယ်လေး တစ်ယောက် ရောက်လာပြီး လင်ထွေ့စီကို တွေ့ဖို့ တောင်းဆိုတဲ့ စာတစ်စောင် ပေးလိုက်တယ်။ တံခါးစောင့်က သူ့ရဲ့ ရုပ်ရည်ကို ကြည့်ပြီး ငွေရဲ့ ဆွဲဆောင်မှုကြောင့် သတင်းသွားပို့လိုက်တယ်။
မကြာခင်မှာ စုန့်ချင်းရှုကို ခေါ်သွားတယ်။
"စုန့်သခင်လေးက ငါ့ကို ဘာကိစ္စနဲ့ လာတွေ့တာလဲ" လို့ လင်ထွေ့စီက စုန့်ချင်းရှုကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ သူက စိတ်မပျက်ဘဲ မနေနိုင်ဘူး။ ရှန်ယန် ရှေ့တန်းက စစ်ပွဲက အခြေအနေ မကောင်းဘူး။ နောက်ကွယ်က တာဝန်ရှိသူ ဖြစ်တဲ့အတွက် သူ့မှာ ဖိအားတွေ အများကြီး ရှိတယ်။ ပြီးတော့ ထောင်ထဲက လူက လျန်ချန်ကျယ်ရဲ့ လျှို့ဝှက်ချက်ကို မပြောသေးဘူး။
"ကျွန်တော် ဒီတစ်ခါ လာတာက လူကြီးမင်း ရင်ဆိုင်နေရတဲ့ အခက်အခဲ တစ်ခုကို ဖြေရှင်းပေးဖို့ပါ" စုန့်ချင်းရှုက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်တယ်။
ဒီလို စာပေသမားတွေက ဒီလိုပုံစံတွေပဲ ။ လင်ထွေ့စီက စိတ်ထဲမှာ မကျေမနပ်ဖြစ်သွားတယ်။ ဒီနေ့ စာရွက်စာတမ်းကိစ္စတွေ အားလုံးသာ မပြီးသေးရင် ဒီလူကို အရင်ကတည်းက နှင်ထုတ်လိုက်ပြီ။
စုန့်ချင်းရှုရဲ့ စကားကို ကြားတော့ လင်ထွေ့စီက 'အိုး~' လို့သာ အေးအေးဆေးဆေး တုံ့ပြန်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
"လူကြီးမင်းက ကျွန်တော်လို ဆင်းရဲသား စာပေသမားတစ်ယောက်က လူကြီးမင်းရဲ့ အခက်အခဲကို ဖြေရှင်းနိုင်စွမ်း ရှိပါ့မလားလို့ စဉ်းစားနေမှာပေါ့" စုန့်ချင်းရှုက အသာလေး ပြုံးလိုက်ပြီး "တကယ်တော့ ဒီကိစ္စက တိုင်းရေးပြည်ရေးကိစ္စဆိုရင် ကျွန်တော် ဘာမှ မတတ်နိုင်ဘူး။ ဒါပေမဲ့ လူကြီးမင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုရင်တော့..." စုန့်ချင်းရှုက ရုတ်တရက် တိတ်ဆိတ်သွားတယ်။
လင်ထွေ့စီက စိတ်လှုပ်ရှားသွားပြီး စုန့်ချင်းရှုကို သေချာကြည့်လိုက်သည်။ "မင်း ဘာကို ဆိုလိုတာလဲ"
စုန့်ချင်းရှုက အသာလေး ပြုံးပြီး "ကျွန်တော်က တခြား ဘာမှ မလုပ်တတ်ပေမဲ့ ခေါင်းမာတဲ့ အကျဉ်းသားတွေကို ဖွင့်ပြောအောင် လုပ်တဲ့နေရာမှာတော့ အတော်ဆုံးပဲ..."
လင်ထွေ့စီရဲ့ မျက်နှာက ချက်ချင်း အပြာရောင် သန်းသွားပြီး ရက်စက်တဲ့လေသံနဲ့ မေးလိုက်သည်၊ "လျန်ချန်ကျယ်(မရဏကျမ်းစာ) အကြောင်းကို မင်း ဘယ်လောက် သိလဲ"
စုန့်ချင်းရှုက စိတ်ထဲမှာ လန့်သွားပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည်၊ "သိသင့်သလောက်တော့ သိပါတယ်။ ထောင်ထဲက လူကို ဖွင့်ပြောအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ရလာတဲ့ အကျိုးအမြတ်ကို နှစ်ယောက် ငါးဆယ်စီ ခွဲဝေယူရမယ်။"
"လူငယ်လေး၊ မင်း အတော် လောဘကြီးတာပဲ" လင်ထွေ့စီက အပြုံးတဝက်၊ ရယ်တဝက်နဲ့ ပြောလိုက်သည်။ "မင်း ဗိုက်နဲ့ မဆံမှာကိုပဲ ငါ စိုးရိမ်မိတယ်" စိတ်ထဲမှာတော့ သံသယတွေနဲ့ ပြည့်နေတယ်။ ဒီလူက ဘယ်လိုလုပ် ဒီလောက်ထိ သိနေတာလဲ။
"လူငယ်တွေရဲ့ဗိုက်က ပိုပြီးစားနိုင်တယ်" စုန့်ချင်းရှုက ရယ်မောပြီး ပြောလိုက်သည်။ "ဒီလောက် နှစ်တွေ ကြာသွားပြီ၊ လူကြီးမင်းက အဲဒီလူ့ကို ဖွင့်ပြောအောင် လုပ်နိုင်မယ်လို့ ထင်သေးလား"
လင်ထွေ့စီက စဉ်းစားလိုက်တယ်။ ဒီလောက် နှစ်တွေ ကြာအောင် နှိပ်စက်ခဲ့ပေမဲ့ ဘာသတင်းမှ မရခဲ့ဘူး။ တင်းကျန့်ဆိုတဲ့ လူက သေတဲ့အထိ ဘာမှ ပြောမယ့်ပုံမပေါ်ဘူး။ သူ့ကို သတ်လိုက်လို့လည်း မရသေးဘူး။ မကြာသေးခင်က သည်းမခံနိုင်တော့ဘဲ ညဉ့်နက်တဲ့ အချိန်မှာ ရက်စက်တဲ့ အစီအစဉ် တစ်ခုကိုတောင် စဉ်းစားထားတယ်။ ဒါပေမဲ့ အောင်မြင်နိုင်မလားဆိုတာ မသေချာဘူး။ ကျရှုံးရင် တင်းကျန့်ဆီက သဲလွန်စက ပျောက်သွားလိမ့်မယ်။ ဒါကြောင့် တကယ်မလုပ်ရဲသေးဘူး။
"မင်း တကယ်ပဲ လျန်ချန်ကျယ်ရဲ့ လျှို့ဝှက်ချက်ကို ပြောအောင် လုပ်နိုင်မှာလား" လင်ထွေ့စီက သံသယတွေနဲ့ သူ့ကို ကြည့်လိုက်သည်။
"ကျွန်တော် ကြိုးစားကြည့်မယ်။ လူကြီးမင်း ဘာမှ ဆုံးရှုံးမှာ မဟုတ်ဘူး။ မအောင်မြင်ရင် ကျွန်တော်ကို လူကြီးမင်း စိတ်ကြိုက် လုပ်လို့ရပါတယ်" စုန့်ချင်းရှုက ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်သည်။
"ကောင်းပြီ" လင်ထွေ့စီက ဝမ်းသာအားရနဲ့ ပြောလိုက်သည်။ "မင်းသာ သူ့ကို အမှန်အတိုင်း ပြောအောင် လုပ်နိုင်ရင် ရတနာကို တွေ့တဲ့အခါ ငါက ခုနစ်ဆယ်ယူမယ်၊ မင်းက သုံးဆယ်ယူ။ လူငယ်လေး၊ မင်း အရမ်း လောဘမကြီးနဲ့။
စိတ်ထဲမှာတော့ ရတနာကို တကယ် တွေ့တဲ့အခါ မင်းကို အသက်ရှင်လျက် ထားနေဦးမှာလားလို့ တွေးနေသည်။ ဒီလို ပြောတာက သူ့ရဲ့ သတိကို လျှော့ချဖို့ပဲ။ သူက တကယ်ပဲ သူ့ကို ဝေစု ခွဲပေးမယ်လို့ ထင်နေတယ်။
စုန့်ချင်းရှုက စိတ်ပျက်တဲ့ ပုံစံနဲ့ နောက်ဆုံး သက်ပြင်းချလိုက်တယ်။ "ကောင်းပါပြီ၊ သုံးဆယ်ဆိုလည်း ရပါတယ်။ ဒီတစ်ခါ လုပ်ဆောင်ချက်ကို ကျွန်တော့်ကို အပြည့်အဝ လွှဲပေးပါ။ ပြီးတော့ အချိန် နည်းနည်း ယူရလိမ့်မယ်။ အနည်းဆုံး တစ်လလောက်တော့ ကြာနိုင်တယ်။ မဟုတ်ရင် အဲဒီလူက ရိပ်မိသွားရင် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပျက်စီးသွားလိမ့်မယ်။"
"ရတယ်!" လင်ထွေ့စီက ခဏလောက် တွေးပြီး ခေါင်းညိတ်လိုက်တယ်။ "မင်း သူ့ကို ဘယ်လို မေးမလဲဆိုတာကို ငါ မစွက်ဖက်ဘူး။ ဒါ့အပြင် သက်ဆိုင်သူတွေကို မင်းနဲ့ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ခိုင်းမယ်။ ဒါပေမဲ့ မင်း မေးပြီးတဲ့နောက် တစ်ယောက်တည်း ယူဖို့ ကြိုးစားရင်တော့..."
စုန့်ချင်းရှုက ဦးညွှတ်ပြီး ခါးသီးတဲ့ အပြုံးနဲ့ ပြောလိုက်သည်။ "ကျွန်တော်က အဲဒီလူလို ထောင်ထဲမှာ နှစ်ပေါင်းများစွာ ရက်စက်တဲ့ နှိပ်စက်မှုကို ခံချင်တာ မဟုတ်ပါဘူး။"
လင်ထွေ့စီရဲ့ လူတွေက စုန့်ချင်းရှုကို တိတ်တဆိတ် စောင့်ကြည့်နေတယ်။ ဒီအချိန်အတွင်းမှာ သူက အိမ်တော်ထဲမှာ လွတ်လပ်စွာ သွားလာနိုင်ပေမဲ့ အိမ်တော်ကနေ ထွက်ဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
စုန့်ချင်းရှုက ဂရုမစိုက်ဘဲ တင်းတျန်းကို ထားတဲ့ အကျဉ်းခန်း အပြင်ကို တိုက်ရိုက် သွားလိုက်တယ်။ ထိုင်ခုံ တစ်လုံးကို ယူပြီး အဝေးတစ်ဖက်မှာ ထိုင်လိုက်တယ်။ ဘာမှ မပြောဘဲ အကျဉ်းခန်းထဲက သနားစရာ ကောင်းတဲ့ လူ နှစ်ယောက်ကို တိတ်တိတ်လေး ကြည့်နေလိုက်တယ်။
တိယွမ်က တင်းကျန့်ရဲ့ ရိုက်နှက်မှုကို ကြောက်နေလို့ ဒီအချိန်မှာ တိတ်တိတ်လေး ထောင့်မှာ ကပ်နေတယ်။ ဘာမှ မပြောဘူး။ တင်းကျန့်က သူ့ကို မျက်နှာချင်းဆိုင် ထိုင်နေတဲ့ လူစိမ်း တစ်ယောက်ကို တွေ့တော့ ဘာမှ မပြောဘဲ သူ့ကို စိုက်ကြည့်နေတယ်။ ဒေါသတကြီးနဲ့ ပြောလိုက်သည်၊ "မင်း ငါ့ကို ဘာလာကြည့်နေတာလဲ!"
"ငါက သနားစရာ ကောင်းတဲ့ ပိုးကောင် နှစ်ကောင်ကို လာကြည့်နေတာ" စုန့်ချင်းရှုက ဒေါသမထွက်ဘဲ အသာလေး ရယ်မောပြီး ပြောလိုက်သည်။
တင်းကျန့်က ဘာမှ မပြောပေမဲ့ တိယွမ်က သူ့ရဲ့ စကား တစ်ခွန်းကြောင့် ဝမ်းနည်းလာပြီး ငိုပါတော့တယ်။ "ဘာလို့ ငိုနေတာလဲ!" တင်းကျန့်က သူ့ကို ရက်ရက်စက်စက် ရိုက်နှက်လိုက်တယ်။ တိယွမ်က အတွေ့အကြုံ ရထားပြီးသား။ သူ့ရဲ့ အော်သံက ပိုကျယ်လေ၊ ပိုပြီး အရိုက်ခံရလေလေ ဆိုတာကို သိတော့ အံကြိတ်ပြီး ခံနေလိုက်တယ်။
"မရိုက်နဲ့တော့၊ သူက သူလျှို မဟုတ်ဘူး" စုန့်ချင်းရှုက နောက်ပိုင်းမှာ ညီအစ်ကိုတွေ ဖြစ်လာမယ့် နှစ်ယောက်ကို ကြည့်ပြီး ရယ်မောလိုက်တယ်။