အခန်း ၂၂ အလှပဆုံး သိုင်းပညာရှင်
သေချာ လေ့လာကြည့်တော့ ဝမ်ယွီယန်က တကယ်ကို အံ့ဩစရာကောင်းလောက်အောင် လှပတယ်။ ဒါပေမဲ့ စုန့်ချင်းရှုက သွမ့်ယွီ မဟုတ်ဘူး။ ခေတ်သစ်မှာ ဓာတ်ပုံကောင်းကောင်းတွေနဲ့ အလှတွေကို အများကြီး မြင်ဖူးတော့ ခံနိုင်ရည်က ပိုပြီး မြင့်တယ်။
ဝမ်ယွီယန်က အကျူးနဲ့ အဘီထက် ဘယ်လောက် ပိုလှလဲလို့ မေးရင် စုန့်ချင်းရှုက ခေါင်းခါလိုက်မှာ အသေအချာပဲ။ သူတို့အားလုံးက လှပတဲ့ မိန်းကလေးတွေပဲ။ အဆင့်တစ်ခု ရောက်ရင် ဘယ်သူက ပိုလှလဲဆိုတာ ခွဲခြားရတာ မလွယ်ဘူး။ ဖန်ပင်းပင်းနဲ့ ဂိုယွမ်ယွမ်(ဘာသာပြန်သူ-နာမည်ကြီးတရုတ်မင်းသမီးများ)လို ဘယ်သူက ပိုလှတယ်လို့ ပြောနိုင်လဲ။ တချို့က ဖန်ပင်းပင်းကို ပိုကြိုက်ပြီး တချို့က ဂိုယွမ်ယွမ်ကို ပိုကြိုက်တယ်။ ဒါက လူတစ်ယောက်ရဲ့ အကြိုက်ပေါ်မှာ မူတည်တယ်။
ဒီကမ္ဘာက လူတွေက ဝမ်ယွီယန်က အကျူးနဲ့ အဘီထက် ပိုလှတယ်လို့ ထင်တာက ဝမ်ယွီယန်က တကယ်ကို ပိုလှလို့ မဟုတ်ဘူး။ သူမရဲ့ ပတ်ဝန်းကျင်က နတ်သမီးလေးလို ခံစားချက်က သာမန် ယောက်ျားလေးတွေကို ရှက်ရွံ့စေတာကြောင့် ဆက်ပြီး မကြည့်ရဲအောင် ဖြစ်စေတယ်။ အဲဒီ တစ်ချက်ကြည့်လိုက်မိတာက ဦးနှောက်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားစေပြီး သူ့ရဲ့ စိတ်ကူးထဲမှာ ကောင်းမွန်တဲ့ အရာတွေနဲ့ ဖုံးကွယ်သွားတော့ ဝမ်ယွီယန်က တခြား မိန်းကလေးတွေထက် ပိုလှတယ်လို့ ထင်တာက သဘာဝကျတယ်။
စုန့်ချင်းရှုက ခေတ်သစ်က လူဆိုတော့ အစပိုင်း အံ့ဩပြီးသွားရင် မကြာခင်မှာ သူမရဲ့ ရုပ်ရည်ကို သာမန်စိတ်နဲ့ ကြည့်နိုင်တယ်။
“အစ်ကိုလေး၊ ဒီလူတွေက ဘယ်သူတွေလဲ” စုန့်ချင်းရှုက သူမကို စိုက်ကြည့်နေတာကို မတော်တဆ သတိထားမိတော့ ဝမ်ယွီယန်ရဲ့ မျက်တောင်ရှည်လေးတွေက ညင်သာစွာ တုန်ခါသွားသည်။ ရှက်သွေးလေးတွေ ပေါ်လာပေမဲ့ အစ်ကိုလေးရဲ့ သူငယ်ချင်းတွေ ဖြစ်မှာကို စိုးရိမ်လို့ ဘာမှ မပြောရဲဘူး။
“ဒီလူ နှစ်ယောက်က ငါ့ရဲ့ သူငယ်ချင်းတွေပါ” မူရုံဖုက ဝမ်ယွီယန်ကို တွဲပြီး အထဲကို လျှောက်သွားသည်။ “ပြောရရင် ရှည်တယ်။ ငါတို့ လမ်းလျှောက်ရင်း ပြောကြတာပေါ့”
“သွေးကြောတွေကို ကုသပေးနိုင်တဲ့ အတွင်းအားလား” သူတို့က အနီးအနားက တဲလေးမှာ ထိုင်လိုက်တယ်။ မူရုံဖုက စုန့်ချင်းရှုရဲ့ အခြေအနေကို ပြောပြတာကို ဝမ်ယွီယန်က နားထောင်ပြီး လှပတဲ့ မျက်ခုံးလေးတွေကို တွန့်လျက် စဉ်းစားနေတယ်။
"ဒီကမ္ဘာမှာ သိုင်းပညာတွေ အများကြီး ရှိတယ်။ အတွင်းဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အကောင်းဆုံး သိုင်းပညာက အရင်က အလယ်ပိုင်းက ထိပ်တန်း ငါးယောက် လုယူခဲ့တဲ့ ယင်ကိုးပါးကျမ်းပဲ" ဝမ်ယွီယန်ရဲ့ စကားကြောင့် စုန့်ချင်းရှုရဲ့ စိတ်က နှစ်မြောသွားသည်။ ယင်ကိုးပါးကျမ်းက အတွင်းဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အံ့ဩစရာကောင်းတဲ့ အစွမ်းရှိတယ်လို့ တွေးလိုက်သည်။ ဒါပေမဲ့ သူ့ရဲ့ သွေးကြောတွေက အကုန် ပြတ်တောက်နေတော့ အဲဒီနည်းလမ်းနဲ့ အတွင်းအားကို လှုံ့ဆော်ပြီး ကုသလို့ မရဘူး။ မူရုံဖုက အဲဒီ အတွင်းအားကို ရည်ညွှန်းနေတာများလား...
"ဒါပေမဲ့..." ဝမ်ယွီယန်ရဲ့ အသံက ပြောင်းသွားတော့ စုန့်ချင်းရှုရဲ့ စိတ်က တင်းမာသွားတယ်။ "စုန့်သခင်လေးရဲ့ သွေးကြောတွေက ပျက်စီးနေတော့ ယင်ကိုးပါးကျမ်းက သူ့အတွက် မသင့်တော်ဘူး"
စုန့်ချင်းရှုက ဝမ်ယွီယန်ကို တိတ်တဆိတ် လေးစားသွားတယ်။ ဝမ်ယွီယန်က သိုင်းပညာကို မတတ်ပေမဲ့ ကမ္ဘာပေါ်က သိုင်းပညာ အားလုံးကို သိတယ်။ ပြီးတော့ သေချာ နားလည်တယ်။ မူရုံဖုက ရတနာပုံမှာ ရှိနေပေမဲ့ မသိဘူး။ ဝမ်ယွီယန်က သူ့ကို ပြောပြတိုင်း စိတ်ဆိုးတယ်။ စိတ်ထားသေးသိမ်တယ်။ ဘာမှ မဖြစ်နိုင်ဘူး။
"ဝမ်သခင်မလေးမှာ တခြား နည်းလမ်းတွေ ရှိသေးလား" ဘေးက ဟူအမျိုးသမီးက ညင်သာတဲ့ အသံနဲ့ မေးလိုက်သည်။
ဝမ်ယွီယန်က ဟူ မရီး၏ လှပမှုကို အံ့ဩသွားသည်။ ညင်သာစွာ ခေါင်းညိတ်ပြီး ဆက်ပြောတယ်။ "ကျွန်မက ရှေးစာအုပ်တစ်အုပ်မှာ ဒီလို စကားလုံးတွေကို ဖတ်ဖူးတယ်။ ယင်ကိုးပါးကျမ်းက သွေးကြောတွေ ကျုံ့ပြီး ပိတ်ဆို့တာကို ကုသပေးတယ်။ ရှင်ကျောက်ကျမ်း(နတ်မြတ်ကျမ်းက) ဒန်တျန်နဲ့ အရိုးတွေ ကျိုးတာကို ကုသပေးတယ်။ တစ်ခုက အတွင်းပိုင်း၊ တစ်ခုက အပြင်ပိုင်း။ တကယ် အစွမ်းက ဘယ်လိုလဲဆိုတာကိုတော့ ကျွန်မ မသိဘူး။ ဘာလို့လဲဆိုတော့ အဲဒီ စာအုပ် နှစ်အုပ်လုံးကို မဖတ်ဖူးဘူး။ ဒါကြောင့် ဘာမှ မပြောရဲဘူး..."
စုန့်ချင်းရှုရဲ့ တစ်ကိုယ်လုံးက မထိန်းနိုင်အောင် တုန်ခါလာသည်။ အဲဒီအချိန်မှာ သူ့ရဲ့ စိတ်က အရမ်း လှုပ်ရှားနေတယ်။
"ဟုတ်တယ် ဟုတ်တယ်။ ကျွန်တော် ရှင်ကျောက်ကျမ်းကို ဘယ်လို မေ့သွားတာလဲ။ အဲဒီတုန်းက တိယွမ်နဲ့ တင်းကျန့်ရဲ့ (ဘာသာပြန်သူ- The Book and the Sword/ ဓားတစ်ဆုပ် ကျမ်းတစ်အုပ်ထဲကဇာတ်ကောင်တွေဖြစ်ပါတယ်)ပုခုံးရိုးတွေက ဖောက်ထွင်းခံရပြီး ခြေထောက်ကြောတွေက ဖြတ်တောက်ခံရတယ်။ သူတို့က ရှင်ကျောက်ကျမ်းနဲ့ ပြန်ကောင်းလာနိုင်တယ်။ ရှင်ကျောက်ကျမ်းနဲ့ သေခါနီး လူကိုတောင် ပြန်ကယ်နိုင်တယ်..."
"ဝမ်သခင်မလေးကို ကျေးဇူးတင်ပါတယ်" စုန့်ချင်းရှုက စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်သည်။ သူ့ရဲ့ စိတ်က အဝေးကို ရောက်သွားသည်။ ချက်ချင်း ရှင်ကျောက်ကျမ်းကို သွားရှာချင်နေသည်။
စုန့်ချင်းရှုရဲ့ စိတ်လှုပ်ရှားနေတဲ့ ပုံစံကို မြင်တော့ ဟူအမျိုးသမီးက မှန်တယ်လို့ သိလိုက်တယ်။ ဝမ်ယွီယန်ကို အလျင်အမြန် ကြည့်ပြီး မေးလိုက်သည်။ "ဝမ်သခင်မလေး ရှင်ကျောက်ကျမ်း(နတ်မြတ်ကျမ်း)ကို ဘယ်မှာ ရှာရမလဲ သိလား"
ဝမ်ယွီယန်က လှပတဲ့ မျက်ခုံးလေးတွေကို တွန့်ပြီး ခေါင်းကို စောင်းကာ သေချာ စဉ်းစားလိုက်တယ်။ "ရှန်ကျုံးက နာမည်ကြီး မိန်နန်ရှန်းက ဒီ သိုင်းပညာကို တတ်တယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ သူက အမြဲတမ်း နေထိုင်တဲ့ နေရာ မရှိဘူး။ သူ့ကို ဘယ်မှာ ရှာရမလဲ ကျွန်မ မသိဘူး"
စုန့်ချင်းရှုက အံ့ဩသွားသည်။ အခု မိန်နန်ရှန်းက သူ့ရဲ့ တပည့် သုံးယောက်ရဲ့ အဆိပ်ခတ်တာကို ခံရပြီလား မသိဘူးလို့ တွေးလိုက်သည်။ သေသွားပြီဆိုရင် တိယွမ်နဲ့ တင်းကျန့်ဆီကပဲ စရမှာ။
"မူရုံသခင်လေးနဲ့ ဝမ်သခင်မလေးရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး" စုန့်ချင်းရှုက ထရပ်ပြီး စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်လိုက်တယ်။
"ကျွန်မက စာအုပ်ထဲက စကားလုံးလေးတွေကိုပဲ ဖတ်ပြတာပါ။ တကယ် အဆင်ပြေလား မသိသေးဘူး" သူ့ကို ကျေးဇူးတင်တာကို ခံရတော့ ဝမ်ယွီယန်က ရှက်သွားသည်။
"အားလုံးက သိုင်းလောကက လူတွေပဲ။ စုန့်သူရဲကောင်းလေး ဘာလို့ ဒီလောက် ယဉ်ကျေးနေတာလဲ" မူရုံဖုက အလျင်အမြန် ထရပ်ပြီး ပြန်နှုတ်ဆက်လိုက်တယ်။
စုန့်ချင်းရှုက စိတ်ထဲမှာ ချီးကျူးလိုက်တယ်။ မူရုံဖုက အပြင်ပန်းမှာတော့ အပြစ်ပြောစရာ မရှိတဲ့ လူငယ် အရည်အချင်းရှိသူပါ။ သူတို့ နှစ်ယောက်က သူ့ကို ကူညီခဲ့တော့ နောင်တစ်ချိန်မှာ ပြန်ဆပ်ရမယ်...
"ကျွန်တော် ရှန်ကျုံးကို သွားဖို့ စီစဉ်ထားတယ်။ မရီးက ဒီမှာ ရက်အနည်းငယ် နေပြီး မူရုံကျင်းယွဲ့ကို ရှာဖွေတာ အရေးကြီးတယ်" စုန့်ချင်းရှုက လှည့်ပြီး ဟူအမျိုးသမီးကို တမင်တကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ဟူအမျိုးသမီးက ယန်ဇီဝူမှာ နေရတာ အဆင်မပြေဘူးလို့ ထင်ရင် ဝမ်းကွဲညီမရဲ့ ဒီအိမ်မှာ နေလို့ရတယ်။ မန်တိုအိမ်တော်မှာ မိန်းမတွေပဲ ရှိတော့ ဟူအမျိုးသမီး စိတ်ချလက်ချ နေလို့ရတယ်" မူရုံဖုက အဲဒီအတိုင်း ပြောလိုက်သည်။
ဟူအမျိုးသမီးက စုန့်ချင်းရှုကို အခက်တွေ့တဲ့ မျက်လုံးနဲ့ ကြည့်လိုက်သည်။ အခု စစ်ပွဲတွေ ဖြစ်နေတော့ မတ်လေးက သိုင်းပညာ အားလုံး ဆုံးရှုံးသွားပြီး အလျှော့မပေးခေါင်းမာတဲ့ စိတ်ဓာတ်သက်သက်နဲ့တော့ ရှန်ကျုံးကို သွားလို့ မဖြစ်နိုင်ဘူးလို့ တွေးလိုက်သည်။
"မူရုံကျင်းယွဲ့ကို မူရုံမိသားစုက ရှာဖွေပေးမှာဆိုတော့ ကျွန်မ ဒီမှာ နေလို့ ဘာမှ အသုံးမဝင်ဘူး။ မတ်လေးက အခု သိုင်းပညာ အားလုံး ဆုံးရှုံးသွားပြီး လမ်းမှာလည်း မလုံခြုံဘူး။ ကျွန်မ မတ်လေးနဲ့အတူ ရှန်ကျုံးကို သွားတာ ပိုကောင်းမယ်" ဟူအမျိုးသမီးက နောက်ဆုံးမှာ ဆုံးဖြတ်လိုက်တယ်။
အဲဒီစကား ထွက်လာတော့ အားလုံးက ထူးဆန်းတဲ့ မျက်နှာပေးတွေ ဖြစ်သွားသည်။ မတ်လေးနဲ့ မရီး နှစ်ယောက်က ခရီးတစ်ခုကို အတူတူ သွားရမှာလား...
ဘေးက အဘီက အရင်က လှေပေါ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်းနှီးမှုကို တွေးမိကာ သူ့ရဲ့ ဦးနှောက်ထဲမှာ ပိုပြီး မကောင်းတဲ့ အတွေးတွေ ဝင်လာသည်။
ဟူအမျိုးသမီးက မကြာခင်မှာ အခြေအနေရဲ့ ထူးဆန်းမှုကို သတိထားမိသွားသည်။ သူ့ရဲ့ စိတ်ကို ပြောင်းပြီး အားလုံးက ဘာကို တွေးနေလဲဆိုတာ နားလည်သွားတယ်။ သူ့ရဲ့ နားရွက်တွေက နီရဲလာသည်။ ဒါပေမဲ့ ဒီအကြောင်းကို ရှင်းပြလို့ မရဘူး။ သူ့ရဲ့ မတ်လေးနဲ့ သူက လရောင်လို ကြည်လင်တယ်လို့ တွေးပြီး စိတ်က တည်ငြိမ်သွားသည်။
စုန့်ချင်းရှုက အခု အချိန်သိပ်မရှိဘူး ကျိုးကျစ်လော့က ဘယ်အချိန်မှာ သူ့ကို တွေ့မလဲ မသိဘူး။ အဲဒီမတိုင်ခင်မှာ သူက ဒီလို သေလုမြောပါး အခြေအနေနဲ့ ဆိုရင် လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။
ဒီမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ နတ်သမီးလေး၊ နူးညံ့တဲ့ အဘီ၊ ချိုမြိန်တဲ့ အကျူး ရှိပေမဲ့ စုန့်ချင်းရှုက ချက်ချင်း ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။
သူ နှုတ်ဆက်တော့ ဝမ်ယွီယန်က ညင်သာစွာ ခေါင်းညိတ်လိုက်တယ်။ သူမရဲ့ စိတ်က အစ်ကိုလေးပေါ်မှာပဲ ရှိတယ်။ မူရုံဖုကို ကြည့်နေတဲ့ သူမရဲ့ မျက်လုံးတွေထဲမှာ နူးညံ့မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေ အပြည့် ရှိတယ်။
အခြေအနေက ဒီလို ဖြစ်နေတော့ မူရုံဖုက ဆက်ပြီး တားရင် သံသယ ဖြစ်လာမှာကို သိတယ်။ ဒါနဲ့ အကျူးကို ခေါ်ပြီး ငွေထုပ်လေး တစ်ထုပ်ကို သူတို့ နှစ်ယောက်ရှေ့ကို ပို့ပေးလိုက်တယ်။ "နှစ်ယောက်လုံး ခရီးဝေးကို သွားရမှာဆိုတော့ ဒီငွေလေးက ကျွန်တော့်ရဲ့ စိတ်ရင်းလေးပါ... နှစ်ယောက်လုံး ကျွန်တော်မူရုံဖုရဲ့ သူငယ်ချင်းလို့ သတ်မှတ်ရင် ငြင်းဆန်ဖို့ မလိုပါဘူး။ စုန့်သူရဲကောင်းလေးရဲ့ ဒဏ်ရာတွေ မြန်မြန် သက်သာပါစေလို့ ဆုတောင်းပေးပါတယ်။ ယန်ဇီဝူရဲ့ တံခါးက နှစ်ယောက်လုံးအတွက် အမြဲတမ်း ဖွင့်ထားပါတယ်..."
စကားက ဒီအထိ ရောက်နေတော့ စုန့်ချင်းရှုက ငြင်းဆန်ဖို့ မလိုတော့ဘူး။ ငွေထုပ်ကို ယူပြီး လက်သီးကိုဆုပ်ကာ ကျေးဇူးတင်လိုက်တယ်။ "ဒီနေ့ရဲ့ ကျေးဇူးကို နောင်တစ်ချိန်မှာ အဆပေါင်းများစွာ ပြန်ဆပ်ပါ့မယ်"
"မတ်လေး၊ မူရုံသခင်လေးက ကျွန်မအပေါ် အရမ်းကောင်းတယ်လို့ မထင်ဘူးလား" မန်တိုအိမ်တော်ကနေ ထွက်လာပြီးတော့ ဟူအမျိုးသမီးက ပြောချင်တာကို မပြောဘဲ နောက်ဆုံးမှာ မေးလိုက်သည်။