အခန်း ၁၇ ငါ့အမေကို အနိုင်မကျင့်နဲ့
"ရေခဲနက်အဆိပ်က ဆရာဖော်စပ်ထားတာလား" ဟူဖေးက စကားလုံး တစ်လုံးချင်း မေးလိုက်သည်။
"ဟုတ်တယ်။ ငါ ငယ်ငယ်တုန်းက ဖန်တီးခဲ့တဲ့ အရာပဲ။ ဒါပေမဲ့ အရမ်း ဆိုးရွားတဲ့ အဆိပ်ဆိုတော့ ဘယ်တုန်းကမှ မသုံးဖူးဘူး" ဆေးဘုရင်က စဉ်းစားပြီး အဖြေပေးလိုက်သည်။
"ဒါဆို ကျွန်တော့် အဖေ ဘာလို့ ရေခဲနက်အဆိပ်နဲ့ သေရတာလဲ" ဟူဖေးက ဒေါသတကြီး မေးလိုက်သည်။ ဟူအမျိုးသမီးက စိတ်ထဲမှာ ခံစားချက် အမျိုးမျိုး ဖြစ်နေသည်။ သူက တကယ် လူသတ်သမားဆိုရင် ဖေးအာရဲ့ အသက်က ဘယ်လို ဖြစ်မလဲလို့ တွေးနေသည်။
ဆေးဘုရင်က နောင်တရတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။ "ငါ ငယ်ငယ်တုန်းက တပည့်ရွေးတဲ့အခါ အကျင့်စာရိတ္တကို မစဉ်းစားခဲ့ဘူး။ ဒါကြောင့် ငါ့ တပည့် သုံးယောက်လုံး သစ္စာဖောက်သွားတယ်။ စောစောက လူက ငါ့ တပည့်အကြီးဆုံး မုရုံကျင်းရွဲ့ပဲ။ ရေခဲနက်အဆိပ်ကို သူ့ကိုလည်း ပေးခဲ့ဖူးတယ်"
"ဘာ!" ဟူအမျိုးသမီးက ကြားလိုက်တာနဲ့ သွားကို ကြိတ်လိုက်မိပြီး ဒီပြဿနာရဲ့ အဖြေကို နောက်ဆုံး တွေ့သွားပြီ။ "ဖေးအာ၊ မင်း ဆေးဘုရင်ဆီမှာ ပညာကောင်းကောင်း သင်ယူပါ။ နောက်ဆိုရင် မင်းအဖေရဲ့ အမွေအနှစ် သိုင်းပညာနဲ့ဆို ကမ္ဘာကို လွှမ်းမိုးဖို့ မကြောက်ရဘူး။ မေမေက မုရုံကျင်းရွဲ့ကို သွားရှာပြီး တရားခံကို ဖော်ထုတ်မယ်။ နောက်မှ အတူတူ လက်စားချေကြမယ်"
ဟူဖေးက ခေါင်းကို အတင်း ညိတ်လိုက်မိသည်။ စုန့်ချင်းရှုက သူမ အမြန် သွားတော့မယ့် ပုံစံကို မြင်တော့ အမြန် ပြောလိုက်သည်။ "မရီး၊ မရီး ဒဏ်ရာက သက်သာခါစပဲ။ ပြီးတော့ ရန်သူက သိုင်းပညာ အရမ်းကောင်းတယ်။ အဆိပ်လည်း ကျွမ်းကျင်တယ်။ ကျွန်တော်လည်း မရီးနဲ့ အတူတူ လိုက်သွားရင် အဆင်ပြေမယ်"
ဒီရက်ပိုင်း စုန့်ချင်းရှုနဲ့ အတူတူ ရှိနေတော့ ဟူအမျိုးသမီးက စိတ်ထဲမှာ မလုံမလဲ ဖြစ်နေသည်။ သူက သူ့ကို ကြည့်တဲ့ မျက်လုံးထဲမှာ တခြား အဓိပ္ပာယ်တွေ ရှိနေတယ်လို့ ခံစားနေရသလိုပဲ၊ ဒါပေမဲ့ သူက သူမနဲ့ သူမသားကို အများကြီး ကူညီခဲ့သည်။ ပြီးတော့ ဟူအစ်ကိုကြီးရဲ့ ညီအစ်ကိုလည်း ဖြစ်တော့ သူမက တိုက်ရိုက် ငြင်းလို့ မကောင်းဘူး။ ရုတ်တရက် စိတ်ထဲမှာ အကြံတစ်ခု ရသွားသည်။ သူ့ကို အဖော်မလိုက်ဖို့ တိုက်ရိုက် ငြင်းပယ်နိုင်ပြီး သူ့ကိုလည်း စိတ်မဆိုးစေမယ့် နည်းလမ်းတစ်ခုကို တွေးလိုက်သည်။
"ဆေးဘုရင်ဆရာကြီး၊ ကျွန်မရဲ့ မတ်က အရင်က ဒဏ်ရာပြင်းထန်လို့ သွေးကြောတွေ အကုန်ပျက်စီးသွားတယ်။ သူက ကမ္ဘာပေါ်မှာ ဆေးဘုရင် တစ်ယောက်တည်းပဲ သူ့ခန္ဓာကိုယ်ကို ကုသပေးနိုင်မယ်လို့ ထင်လို့ အဝေးကြီးကနေ ဆရာကြီးကို လာရှာတာပါ။ ဆရာကြီး ကူညီပေးပါဦး" ဟူအမျိုးသမီးက ခါးကို နည်းနည်း ကိုင်းပြီး စုန့်ချင်းရှုကို ဆေးဘုရင်ရှေ့ တွန်းပို့လိုက်သည်။
"အိုး၊ ကောင်းပါပြီ" ဆေးဘုရင်က သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ ခေါင်းကို အနည်းငယ် ခါယမ်းပြီး "သခင်လေးရဲ့ သွေးကြောတွေ အကုန်ပျက်စီးသွားပြီ။ ဘယ်လိုမှ ကုလို့ မရတော့ဘူး"
ဟူအမျိုးသမီးက မျက်နှာပျက်သွားပြီး စုန့်ချင်းရှုကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ဒါပေမဲ့ စုန့်ချင်းရှုက ပြုံးပြီး ပြောလိုက်သည်။ "အရင်က မျှော်လင့်ချက်တွေ ရှိနေလို့ စိတ်ပူနေတာပါ။ အခု ဆရာကြီးက ဒီလိုပြောတော့ ကျွန်တော် စိတ်အေးသွားပါပြီ။ ယောက်ျားတစ်ယောက် ကမ္ဘာပေါ်မှာ လျှောက်သွားနေရင် သိုင်းပညာ မတတ်လည်း ဘာမှ မဖြစ်ပါဘူး"
"သခင်လေးရဲ့ စိတ်ဓာတ်က တကယ်ကို ကောင်းတာပဲ" ဆေးဘုရင်က ချီးကျူးလိုက်သည်။ "ဒါပေမဲ့ သခင်လေး စိတ်ပျက်အားငယ်စရာ မလိုပါဘူး။ ဆေးပညာနဲ့ သွေးကြောတွေကို ပြန်ဆက်လို့ မရပေမဲ့ သခင်လေး ကိုယ်တိုင် ပြန်ကုသလို့ ရနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်"
စုန့်ချင်းရှုက သူ့ကို သံသယ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။ "ကျွန်တော့် သွေးကြောတွေ အကုန်ပျက်စီးသွားပြီဆိုတော့ ဘယ်လို သိုင်းပညာကောင်းကောင်းကို သင်ယူလို့ ရမှာလဲ" သူ့စိတ်ထဲမှာ ကမ္ဘာ့အကောင်းဆုံး သိုင်းပညာတွေဖြစ်တဲ့ ယန်ကိုးပါးစွမ်းအားကျမ်းစာနဲ့ နဂါးနိုင်သိုင်းဆယ့်ရှစ်ကွက်ကို သိနေပေမဲ့ သွေးကြောတွေ ပျက်စီးနေတော့ လေ့ကျင့်လို့ မရဘူး။
ဆေးဘုရင်က အတိတ်ကို ပြန်တွေးပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အခုခေတ်မှာ သိုင်းပညာတွေ အများကြီး ရှိပေမဲ့ သာမန်လူတွေရဲ့ သိုင်းပညာတွေပဲ။ ဒါပေမဲ့ နေကြာသိုင်းကျမ်း(သိုင်းလောကရဲ့စိန်ခေါ်သံဇာတ်လမ်း)၊ မုရုံမိသားစုရဲ့ ကြယ်ခြွေသိုင်းကျမ်း(တိမ်လွှာနဂါးသူရဲကောင်းများဇာတ်လမ်း)၊ တောင်ပင်လယ်ရဲ့ အဖြူရောင်လျှို့ဝှက်ကျမ်းစာ(ပြန်လမ်းမဲ့ကျွန်းဇာတ်လမ်း) နဲ့ ငါ မသိသေးတဲ့ တခြား သိုင်းပညာတွေ ရှိနိုင်တယ်။ ဒီသိုင်းပညာတွေက သာမန်သိုင်းပညာထက် ပိုကောင်းတယ်။ ရှေးခေတ်က လေ့ကျင့်တဲ့ နည်းလမ်းနဲ့ ပိုတူတယ်။ သခင်လေးက သခင်လေးရဲ့ သွေးကြောတွေကို ကုသပေးဖို့ ဒီသိုင်းပညာတွေထဲက နည်းလမ်းတစ်ခုခုကို ရှာတွေ့နိုင်တယ်"
"ဒီသိုင်းပညာတွေကို ကျွန်တော် ကြားဖူးပေမဲ့ ဒီလောက် အစွမ်းထက်မယ်လို့ မထင်ထားဘူး။ ဆရာကြီးက ဘယ်လို သိတာလဲ" စုန့်ချင်းရှုက မယုံကြည်စွာ မေးလိုက်သည်။
"ပြောရရင် ရှက်ဖို့ကောင်းတယ်" ဆေးဘုရင်က ခါးသက်သက် ပြုံးလိုက်တယ်။ "ငါ့ တပည့်ဆိုး မုရုံကျင်းရွဲ့က မုရုံမိသားစုဝင် တစ်ယောက်ပါ။ ဒါပေမဲ့ သူ့နောက်ခံကြောင့် ကောင်းကင်ရွေ့လျားခြင်းကို လေ့ကျင့်ခွင့် မရဘူး။ သူက ဂိုဏ်းပေါင်းစုံက သိုင်းပညာတွေကို ခိုးလေ့ကျင့်ပြီး ငါ့ရဲ့ ဆေးဘုရင်ကျမ်းကိုလည်း လိုချင်ခဲ့တယ်။ တစ်နေ့တော့ သူက မကျေမနပ်နဲ့ ငါ့ကို ပြောပြတယ်။ သူ့ရဲ့ ဘိုးဘေး ခွန်လွန်ဓားသမား မုရုံဇီရှင်းက ကောင်းကင်ရွေ့လျားခြင်းသိုင်းပညာနဲ့ ကြယ်တွေကိုတောင် ရွေ့လျားနိုင်တယ်လို့ဆိုတယ်။ ဒါပေမဲ့ မုရုံဖု မျိုးဆက်မှာ ချောင်ဖုန်းကိုတောင် မနိုင်ဘူး။(ဘာသာပြန်သူ - တိမ်လွှာနဂါးသူရဲကောင်းများ the demi-gods and semi-devils ထဲက ချောင်ဖုန်းပါ) မုရုံဖုက အရည်အချင်း မရှိဘူး "
အိုး၊ တကယ် အံ့ဩဖို့ကောင်းတာပဲ" စုန့်ချင်းရှုက စိတ်ထဲမှာ တွေးလိုက်သည်။
ဆေးဘုရင်က ဟူအမျိုးသမီးကို ပြောလိုက်သည်။ "မုရုံကျင်းရွဲ့က သိုင်းပညာ အရမ်းကောင်းတယ်။ ပြီးတော့ လျှို့ဝှက်စွာ သွားလာနေတော့ မိန်းကလေးအနေနဲ့ သူ့ကို ရှာတွေ့ဖို့ မလွယ်ဘူး။ မိန်းကလေးကို စုန့် သူရဲကောင်းနဲ့ အတူ ဂူဆူးမြို့ကို သွားဖို့ အကြံပေးချင်တယ်။ တစ်ချက်က မုရုံမိသားစုရဲ့ အကူအညီနဲ့ ရန်သူကို ရှင်းထုတ်နိုင်တယ်။ နှစ်ချက်က စုန့် သူရဲကောင်းရဲ့ သွေးကြောတွေကို ကုသဖို့ အခွင့်အရေး ရှိမလားဆိုတာ ကြည့်နိုင်တယ်"
စုန့်ချင်းရှုက ဆေးဘုရင်ကို နမ်းချင်လောက်အောင် ပျော်သွားသည်။ သူက တကယ့်ကို ချစ်သူတွေ ပေါင်းဖက်ပေးတဲ့ နတ်ဘုရားပဲ။
ဟူအမျိုးသမီးက ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ ကျွန်မနဲ့ ချင်းရှုနဲ့ ဂူဆူးမြို့ကို အတူတူ သွားမယ်"
နောက်ရက်အနည်းငယ်မှာ ဟူဖေးရဲ့ ကျန်းမာရေး အခြေအနေ တည်ငြိမ်သွားတဲ့အထိ ဟူအမျိုးသမီးက စောင့်နေခဲ့သည်။ ဒီရက်ပိုင်းအတွင်းမှာ ဟူဖေးနဲ့ ချန်လင်ဆူတို့ ကလေးနှစ်ယောက်က ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ သိပ်ကို ပျော်စရာကောင်းတဲ့ စုံတွဲလေးတွေလိုပါဖြစ်နေကြသည်။ တစ်ယောက်က တစ်ယောက်ကို ရုပ်ဆိုးတယ်လို့ ပြောလိုက်၊ တစ်ယောက်က တစ်ယောက်ကို မိုက်မဲတယ်လို့ ပြောလိုက်နဲ့ ဟူဖေးက မနေနိုင်တော့ဘဲ သူ့ကို တိုက်ခိုက်လိုက်သည်။ ဒါပေမဲ့ ချန်လင်ဆူးရဲ့ ပိုးကောင်အမှုန့်ကြောင့် အော်ဟစ်နေရပြန်တယ်။
ဟူအမျိုးသမီးက ကုလားထိုင်ပေါ်မှာ ထိုင်ပြီး အပြုံးလေးနဲ့ အရာအားလုံးကို ကြည့်နေခဲ့တယ်။ သူ့စိတ်ထဲမှာ နွေးထွေးမှုတွေ ပြည့်နှက်နေတယ်။ စုန့်ချင်းရှုက သူ့ဘေးကို တိုးကပ်လာပြီး နောက်ပြောင်လိုက်သည်။ "မင်းရဲ့ အကြည့်တွေက မင်းရဲ့ ချွေးမကို ကြည့်နေတဲ့ ပုံစံမျိုးပဲ"
"လျှောက်မပြောနဲ့" ဟူအမျိုးသမီးက သူ့ကို မျက်စောင်းထိုးလိုက်ပြီး အခုသူတို့နှစ်ယောက်က အရင်ကထက် ပိုရင်းနှီးမှုကပိုသဘာဝကျလာတယ်။
"မင်းက ကောင်မလေးကို ရုပ်ဆိုးလို့ မကြိုက်ဘူး ထင်တယ်" စုန့်ချင်းရှုက ရယ်လိုက်သည်။
"တော်ပါတော့"
ဟူအမျိုးသမီးက စိတ်ထဲကနေ ရေရွတ်လိုက်သည်။
"လင်ဆူးက ရုပ်ရည်တော့ သိပ်မလှပေမဲ့ တကယ့်ကို ထက်မြက်တယ်။
တစ်ခါတလေ မရည်ရွယ်ဘဲ ပြုံးလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ ဆွဲဆောင်မှုက..." ပြောရင်းနဲ့ မျက်နှာလေး နီမြန်းလာပြီး ဆက်မပြောချင်တော့ဘူး။ ဒါပေမဲ့ ဒီချွေးမကို သိပ်ကို ကျေနပ်နေပုံရတယ်။
နောက်တစ်နေ့မှာ သူတို့နှစ်ယောက် ဆေးဘုရင်ရဲ့ အိမ်ကနေ ထွက်လာခဲ့ကြတယ်။ လမ်းမှာ စုန့်ချင်းရှုက မထွက်လာခင် ဟူဖေးက သူ့ကို ဆွဲထားပြီး ထူးဆန်းတဲ့ မျက်နှာနဲ့ ပြောခဲ့တာကို ပြန်စဉ်းစားမိတယ်။ "ကိုကြီးစုန့်၊ ကျွန်တော့်အမေကို ဂရုစိုက်ပေးပါ။ ဒါပေမဲ့ အနိုင်မကျင့်ပါနဲ့" လို့ပြောလိုက်တာကို တွေးပြီး ရယ်လိုက်သည်။
"ရှင် ဘာလို့ ရယ်နေတာလဲ" ဟူအမျိုးသမီးက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။