ရှောင်အာက အတွင်းတွင် အဝတ်အစားများချွတ်ခဲ့သည်ကို ဆက်စပ်ကြည့်လျှင်၊ ထို့အပြင် အထုပ်ထဲမှထွက်ပေါ်လာသော ကိုယ်ငွေ့ကိုပါထည့်တွက်လျှင် စုန့်ချင်းရှုသည် အထုပ်ထဲမှအရာသည် ဘာဖြစ်သည်ကို ရုတ်တရက်သဘောပေါက်သွားသည်။
"ရှောင်အာကို ဘယ်လိုဖျားယောင်းပြီး သူ့မရဲ့အတွင်းခံပေါ်မှာထိုးထားတဲ့ ရတနာမြေပုံကိုရယူရမလဲလို့ ခေါင်းကိုက်နေခဲ့တာ။ သူမကငါ့လက်ထဲကို တိုက်ရိုက်ထည့်ပေးလိမ့်မယ်လို့ မထင်ထားဘူး"
စုန့်ချင်းရှုသည် အထုပ်ကိုကိုင်ရင်း အလွန်လွယ်ကူစွာရရှိခဲ့သောကြောင့် စိတ်ရှုပ်ထွေးသွားသည်။
"ဒါဆိုရင်တော့ စုန့်အစ်ကိုကြီးကိုပဲ အပ်လိုက်ပါပြီ"
ရှောင်အာက သူတိတ်ဆိတ်နေသည်ကိုမြင်လျှင် သူသဘောတူသည်ဟု မှတ်ယူလိုက်ပြီး စိတ်သက်သာရာရသောအပြုံးဖြင့်ပြုံးကာ နာရေးခန်းမဆီသို့ လျှောက်သွားသည်။
"မင်း ဝေညီလေးနောက်ကို လိုက်သွားဖို့ကြံနေတာလား"
နောက်မှထွက်ပေါ်လာသောအသံကြောင့် ရှောင်အာ၏ကိုယ် တစ်ချက်တုန်သွားသည်။
"ကျွန်မ တမင်ဖုံးကွယ်ထားတာတောင် စုန့်အစ်ကိုကြီးက သိသွားလိမ့်မယ်လို့ မထင်ထားဘူး"ရှောင်အာက နောက်ပြန်လှည့်ကာ ပေါ့ပါးသော အပြုံးဖြင့်ပြုံးလိုက်သည်။
စုန့်ချင်းရှုသည် သူမက လေးဆယ့်နှစ်ခန်းကျမ်းမှ ရတနာမြေပုံကို မိုးမြေအသင်းသို့ ပေးအပ်လိုက်သည်ကိုသိသောအခါ ရှောင်အာသည် သေဆုံးရန်စိတ်ကူးရှိနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော် သူသည် ခေတ်သစ်လူတစ်ယောက်ဖြစ်ရာ ချစ်သူနောက်သို့လိုက်၍အဆုံးစီရင်သည့် ကြေကွဲဖွယ်အဖြစ်အပျက်ကို မျက်စိမှိတ်ကြည့်မနေနိုင်ပေ။ အလျင်အမြန်နှစ်သိမ့်လိုက်သည် "ညီမငယ်၊ ဝေညီလေးက မင်းကိုအရမ်းချစ်တာ။ သူသာ ကောင်းကင်ဘုံမှာရှိနေရင် မင်းဒီလိုလုပ်တာကို မြင်ချင်မှာမဟုတ်ဘူး။ သူမင်းကို ဘာထိခိုက်မှုမှ မဖြစ်စေချင်ဘူးဆိုတာ သေချာတယ်"
ရှောင်အာ၏မျက်နှာတွင် ဘာလှုပ်ရှားမှုမှမရှိဘဲ နူးညံ့စွာဖြင့်ပြန်ပြောသည် "စုန့်အစ်ကိုကြီး၊ ရှင် ရှောင်ပေါင်ကိုနားမလည်ပါဘူး။ ရှောင်ပေါင်က အထီးကျန်တာကို အကြောက်ဆုံးပဲ။ ကျွန်မသူ့ကိုသွားပြီးအဖော်ပြုပေးတာကို သေချာပေါက်မျှော်လင့်နေမှာ။ ပြီးတော့ သူသေပြီးနောက် ကျွန်မသူ့ကိုအစိမ်းရောင်ဦးထုပ်ဆောင်းပေးပြီး သူ့ကိုလိပ်ဖြစ်အောင်လုပ်မှာကို သေချာပေါက်စိုးရိမ်နေမှာ"
ပြောရင်းဖြင့်ပင် သူမ၏နှုတ်ခမ်းထောင့်တွင် ပျော်ရွှင်သောအပြုံးတစ်ခုပေါ်လာသည်။
"တော်ပြီ၊ ဒီပုံစံကိုကြည့်ရတာ စိတ်ပိုင်းဖြတ်ပြီးသားပဲ"
စုန့်ချင်းရှုသည် ခေါင်းကိုက်သွားသည်။ သူသည် ရှောင်အာနှင့် ဝေရှောင်ပေါင်တို့၏ဆက်ဆံရေးကောင်းမွန်သည်ကို သိသော်လည်း ဤမျှလောက်အထိဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် နည်းဗျူဟာပြောင်းကာ နှစ်သိမ့်သည်။ "ညီမငယ်၊ မင်းသာ ဝေညီလေးနောက်ကိုလိုက်သွားရင်၊ တကယ်လို့... တကယ်လို့..."
အချိန်အတော်ကြာစဉ်းစားပြီးနောက် သူမကိုစိတ်ပြောင်းလဲအောင် ဘယ်လိုနှစ်သိမ့်ရမည်ကို မစဉ်းစားတတ်တော့ပေ။
"တကယ်လို့ ဘာဖြစ်လဲ"
ရှောင်အာသည် ချစ်သူနောက်သို့လိုက်၍အဆုံးစီရင်ရန် စိတ်ပိုင်းဖြတ်ပြီးဖြစ်သောကြောင့် ပုံမှန်ထက်ပို၍ပွင့်လင်းလာပြီး စုန့်ချင်းရှုကိုပြုံးလျက်ကြည့်ကာ သူဘာအကြောင်းပြချက်ပေးမလဲဆိုတာ သိချင်နေသည်။
"တကယ်လို့ မင်းရဲ့ကိုယ်ထဲမှာ ဝေညီလေးရဲ့ကလေးရှိနေရင်ရော"
စုန့်ချင်းရှု၏ဦးနှောက်ထဲတွင် အတွေးတစ်ခုလင်းလက်သွားပြီး အလျင်အမြန်ပြောသည်။ "မင်းကအဆုံးစီရင်လိုက်လို့ ဝေညီလေးရဲ့မမွေးရသေးတဲ့ကလေးက မင်းနဲ့အတူပါသွားပြီး ဝေမျိုးနွယ်ကို မျိုးဆက်ပြတ်စေရင် သူအရမ်းစိတ်မကောင်းဖြစ်နေမှာမဟုတ်လား"
"စုန့်အစ်ကိုကြီး~"
ရှောင်အာက စုန့်ချင်းရှုကို အပြစ်တင်သလိုတစ်ချက်ကြည့်လိုက်ရာ နှင်းကဲ့သို့ဖြူဖွေးသောမျက်နှာသည် ရုတ်တရက် ပန်းနုရောင်သန်းသွားသည် "ကျွန်မမှာ ရှောင်ပေါင်ရဲ့ကလေး မရှိပါဘူး"
" ဝေညီလေး မြို့တော်က ထွက်သွားတာ တစ်လတောင် မပြည့်သေးဘူး။ မင်းက သမားတော်နဲ့ မစစ်ဆေးဘဲနဲ့ ဘယ်လို သိနိုင်မှာလဲ”
စုန့်ချင်းရှုသည် မနက်ဖြန်တွင် နန်းတွင်းသမားတော်အချို့ကို စီစဉ်ခေါ်ဆောင်လာပြီး ရှောင်အာတွင် ကိုယ်ဝန်ရှိသည်ဟု အခိုင်အမာပြောခိုင်းရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သို့မှသာ သူမ၏သေဆုံးလိုစိတ်ကို ပယ်ဖျက်နိုင်ပေမည်။
"ကျွန်မ ကိုယ့်ဘာသာကိုယ်သိပါတယ်"
ရှောင်အာက အောက်နှုတ်ခမ်းကိုကိုက်ကာ မျက်နှာတစ်ခုလုံး ရှက်သွေးဖြင့်နီရဲနေသည်။ စုန့်ချင်းရှုနှင့် ဤအရှက်ရစရာကောင်းသောစကားများကို ဆက်မပြောလိုတော့ပေ။
"အမ်၊ ကောင်းပြီလေ"
စုန့်ချင်းရှုသည် အမျိုးသမီးများ၏လျှို့ဝှက်ချက်အချို့ကို သိပ်မသိသောကြောင့် သူမကဤသို့ပြတ်ပြတ်သားသားပြောသည်ကိုမြင်လျှင် ထိုအကြောင်းပြချက်က အလုပ်မဖြစ်နိုင်တော့ဟု စိတ်ထဲတွင်သိလိုက်သည်။ သို့သော် ဤအချိန်အတွင်း သူသည် အခြားအကြောင်းပြချက်တစ်ခုကို စဉ်းစားမိသွားသည် "ရှောင်အာက ဝေညီလေးအတွက် လက်စားချေဖို့ မစဉ်းစားဘူးလား"
"လက်စားချေမယ်"
ရှောင်အာ၏ တလက်လက်တောက်ပနေသော မျက်လုံးကြီးများထဲတွင် သံသယအရိပ်အယောင်တစ်ခုပေါ်လာသည်။
စုန့်ချင်းရှုသည် ရင်းတင်း၍ သူမကို လိမ်ညာပြောဆိုရတော့သည် "ဖူခန်းအန်က ကျန်းနင်မင်းသမီးကို မစော်ကားခဲ့ရင် ကျန်းနင်မင်းသမီးက ရှက်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှာ မဟုတ်ဘူး။ ဝေညီလေးကိုလည်း သေဖော်ခေါ်သွားမှာမဟုတ်ဘူး။ ဖူခန်းအန်က အရာအားလုံးရဲ့အဓိကတရားခံပဲ။ ညီမငယ်က သူ့ကို လက်စားမချေဘဲ အတူသေဆုံးဖို့ အလျင်လိုနေတာက တကယ်ပဲ အသိဉာဏ်မဲ့ရာ ရောက်ပါတယ်"
သို့သော် ရှောင်အာက ဖြည်းညင်းစွာ ခေါင်းခါသည် "တခြားလူတွေက ရှောင်ပေါင်ရဲ့စိတ်ဓာတ်ကို မသိရင်တောင် ကျွန်မကတော့ ရှင်းရှင်းလင်းလင်းသိတယ်။ ရှင်တို့က ကျွန်မကိုဖုံးကွယ်ထားပြီး အဖြစ်မှန်ကိုမပြောပြပေမဲ့ ကျွန်မစိတ်ထဲမှာတော့ အစကတည်းက ရှင်းရှင်းလင်းလင်းစဉ်းစားပြီးသားပါ။ မင်းသမီးက ရှောင်ပေါင်နဲ့ ဆက်ဆံရေးအရမ်းကောင်းခဲ့တယ်။ ဒါပေမဲ့ သူကဖူခန်းအန်ရဲ့စော်ကားမှု့ကိုခံရပြီး မသေခင်မှာ ဖူခန်းအန်ကိုမရှာဘဲ ရှောင်ပေါင်ကိုအဖော်ခေါ်သွားတယ်ဆိုတာက အဲ့ဒီအချိန်မှာ သူမစိတ်ထဲမှာ ဖူခန်းအန်ထက် ရှောင်ပေါင်ကိုပိုမုန်းနေတယ်ဆိုတာကို ပြနေတယ်။ ဘာက မင်းသမီးကို ဒီလောက်ထိ ရှောင်ပေါင်ကို မုန်းတီးသွားစေသလဲဆိုတာကို ကျွန်မ မခန့်မှန်းချင်ဘူး၊ သိလည်း မသိချင်ဘူး။ ဒါပေမဲ့ ရှောင်ပေါင်က အမှားတစ်ခုခုတော့ လုပ်ခဲ့တယ်ဆိုတာကိုပဲ သိပါတယ်။ ဒါဆိုရင် ကျွန်မက ဘာကြောင့် သူ့ရဲ့သေဆုံးခြင်းအတွက် တခြားသူတွေကို လက်စားချေနေရမှာလဲ"
စုန့်ချင်းရှုက သူမကိုအံ့ဩစွာကြည့်လိုက်သည်။ မူရင်းဇာတ်လမ်းတွင် အစေခံပုံစံမျိုး ရှိသော ရှောင်အာသည် ဤမျှ ကြီးမားသော သဘောထားနှင့် ဤမျှ နူးညံ့သော နှလုံးသား ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“စုန့်အစ်ကိုကြီး ဘာကြည့်နေတာလဲ” စုန့်ချင်းရှုသည် သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ရှောင်အာသည် ရှက်ရွံ့ပြီး ဒေါသထွက်နေသော အသံဖြင့် ပြောလိုက်သည်။
"ရှောင်အာ၊ မင်းမှာ အစ်မဒါမှမဟုတ် ညီမရှိသေးလား"
စုန့်ချင်းရှုသည် အဖြေကိုသိသော်လည်း မနေနိုင်ဘဲမေးလိုက်ပြီး 'ညီမငယ်' ဟုခေါ်ရန်ပင်မေ့သွားသည်။
"မရှိဘူး"
ရှောင်အာသည် တစ်ချိန်က ဒိုလုံ၊ ကျန်းခန်းနန်နှင့် ကျောက်ချီရှန်းတို့ထံမှ အလားတူမေးခွန်းကိုမေးမြန်းခံခဲ့ရဖူးရာ ယောက်ျားတို့၏ဆိုလိုရင်းကို သဘာဝအတိုင်းသိသည်။
ရှောင်အာ၏ အနည်းငယ်စိတ်ဆိုးဟန်ကိုကြည့်ရင်း စုန့်ချင်းရှုသည် စိတ်ထဲတွင်သက်ပြင်းချမိသည် 'ဒီလောက်ကောင်းတဲ့မိန်းကလေးမျိုးက မီးခွက်ထွန်းရှာရင်တောင်တွေ့မှာမဟုတ်ဘူး။ မင်းမှာ ငါလက်ထပ်ဖို့ အစ်မ ညီမ မရှိရင် မင်းကိုယ်တိုင်ပဲ ပေးဆပ်လိုက်ပါ'
"စုန့်အစ်ကိုကြီး၊ ကျွန်မကိုဆက်ပြီးမတားပါနဲ့တော့။ ကျွန်မစိတ်ပိုင်းဖြတ်ပြီးသားပါ။ အခု အချိန်လည်း နောက်ကျနေပြီ။ စုန့်အစ်ကိုကြီး အရင်ပြန်ပါတော့။ မနက်ဖြန် ကျွန်မနဲ့ရှောင်ပေါင်ကို အတူတူမြှုပ်နှံပေးဖို့ လာခဲ့ပါ"
ရှောင်အာသည် မိမိ၏သေဆုံးခြင်းကို တည်ငြိမ်စွာ စီစဉ်နေသည်။ ထိုတည်ငြိမ်သောအပြုံးသည် စုန့်ချင်းရှု၏နှလုံးသားကို တုန်လှုပ်သွားစေသည်။
စုန့်ချင်းရှုသည် ခေါင်းငုံ့ကာ တိတ်ဆိတ်စွာဖြင့် ရှောင်အာနောက်မှ နာရေးခန်းမဆီသို့ လျှောက်သွားသည်။ နာရေးခန်းမနှင့် နီးကပ်လာသည်နှင့်အမျှ စုန့်ချင်းရှုသည် မိမိသာ အိမ်တော်မှထွက်သွားလျှင် နောင်တွင်ဤကြင်နာနူးညံ့သောအမျိုးသမီးကို ဘယ်တော့မှ ထပ်တွေ့ရတော့မည် မဟုတ်ကြောင်း နားလည်လိုက်သည်။ စိတ်ပိုင်းဖြတ်လိုက်သကဲ့သို့ ရုတ်တရက်ခေါင်းမော့ကာ အော်ခေါ်လိုက်သည် "ရှောင်အာ"
"ရှင်" ရှောင်အာ စိတ်ရှုပ်ထွေးစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သောအခါ မည်းနက်သော မျက်ဆံနှစ်ခုကိုသာ တွေ့လိုက်ရသည်။
မကြာမီ ရှောင်အာ၏မျက်နှာအမူအရာသည် စိတ်ရှုပ်ထွေးရာမှ ပျော်ရွှင်ခြင်းသို့ပြောင်းလဲသွားသည် "ရှောင်ပေါင်၊ ရှင်မသေဘူး" ဟု ပြောပြီးသည်နှင့် စုန့်ချင်းရှု၏ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။
ရှောင်အာ၏နူးညံ့သောခါးကိုပွေ့ဖက်ထားရင်း စုန့်ချင်းရှုသည် ယခုအချိန်တွင် မကောင်းသောစိတ်တစ်စိုးတစ်စိမျှမရှိခဲ့ပေ။သူ ခေါင်းညိတ်လိုက်သည် "ဟုတ်တယ်၊ ငါမသေသေးဘူး"
ဝေရှောင်ပေါင်၏အသံကိုကြားရသောအခါ ရှောင်အာသည် မထိန်းနိုင်တော့ဘဲ စုန့်ချင်းရှု၏ရင်ခွင်ထဲတွင် ငိုကြွေးတော့သည်။ ဖြစ်နိုင်သည်မှာ ဖိအားများရုတ်တရက်လျော့ကျသွားပြီး ဤရက်များအတွင်း ကောင်းစွာမအိပ်ခဲ့ရသောကြောင့် ငိုရင်းငိုရင်းဖြင့် သူမအိပ်ပျော်သွားသည်။
"အိပ်ပါ၊ အိပ်လိုက်ပါ"ဟု စုန့်ချင်းရှု သနားကြင်နာစွာပြောပြီး ရှောင်အာကိုပွေ့ချီကာ မလှမ်းမကမ်းမှအစေခံမလေးနှစ်ယောက်ဆီသို့ လျှောက်သွားသည်။
"စုန့်သခင်၊ ရှင်ဘာ့လို့...သခင်မလေးက"
စုန့်ချင်းရှုက ရှောင်အာကိုရင်ခွင်ထဲတွင်ပွေ့ချီထားသည်ကိုမြင်လျှင် အစေခံမလေးနှစ်ယောက်၏ ဦးနှောက်အလုပ်မလုပ်တော့သလိုဖြစ်သွားသည်။ နှစ်ဦးသားရုတ်တရက် ကြောက်စရာကောင်းသောအတွေးတစ်ခုကို တစ်ပြိုင်နက်တွေးမိသည် 'စုန့်သခင်က ဒီလိုကိစ္စမျိုးလုပ်ပြီးတော့ နှုတ်ပိတ်ဖို့ ငါတို့ကိုသတ်တော့မှာလား'
"ငါမမှားရင် မင်းတို့နှစ်ယောက်က ထောက်ဟုန်နဲ့ လျိုလွီ ဟုတ်တယ်မလား"
စုန့်ချင်းရှုသည် အစေခံမလေးနှစ်ယောက်၏စိတ်ထဲတွင် မိမိမည်မျှယုတ်မာနေသည်ကို လုံးဝမတွေးမိပေ "မင်းတို့နှစ်ယောက် ငါ့နောက်လိုက်ခဲ့။ မင်းတို့သခင်မလေးကို အခန်းထဲမှာအနားယူခိုင်းလိုက်"
ပြောပြီးသည်နှင့် ရှောင်အာကိုပွေ့ချီကာ သူမ၏အိပ်ခန်းဆီသို့ တည့်တည့်လျှောက်သွားသည်။
"အာ"
အစေခံမလေးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အလျင်အမြန်ပြေးလိုက်သွားကြသည်။