စုန့်ချင်းရှုသည် အံ့ဩတုန်လှုပ်သွားသည်။ အားခဲက တကယ့်ကို လှပသော မိန်းကလေးတစ်ယောက် ဖြစ်ပြီး သူသည် အမျိုးသားတစ်ဦးအနေဖြင့် သူမကို သဘောကျမိတာ မှန်သော်လည်း သူမကို လက်ထပ်ဖို့ဆိုသည်မှာ အခြားကိစ္စတစ်ခု ဖြစ်သည်။
ခန်းရှီသည် အားခဲကိုလက်ခံလျှင် နာမည်ပျက်မည်ကိုစိုးရိမ်သလို စုန့်ချင်းရှုကရော မကြောက်ဘူးလား။ စုန့်ချင်းရှုသည် အေးအေးချမ်းချမ်းဖြင့် အမှု့ထမ်းအမတ်ကြီးတစ်ဦးအဖြစ်သာ နေလိုလျှင် အားခဲကဲ့သို့ တိုင်းပြည်ပျက်စေနိုင်လောက်အောင်လှသောအမျိုးသမီးကို ဇနီးအဖြစ်ရရှိခြင်းသည် အလိုရှိတိုင်းရခဲသောအရာဖြစ်ပေမည်။ သို့သော် သူ၏ရည်မှန်းချက်မှာ ကြီးမားလှပြီး အားခဲကိုလက်ခံခြင်းသည် အကျိုးထက် အပြစ်က ပိုများကြောင်း ကောင်းစွာသိသည်။ စုန့်ချင်းရှုသည် ငြင်းဆန်ရန်ကြံရွယ်သော်လည်း ခန်းရှီသည် ဒေါသထွက်နေချိန်ဖြစ်ပြီး လက်ထပ်ပွဲကိုငြင်းဆိုလျှင် ခန်းရှီက သူ၏ရည်မှန်းချက်ကြီးမားမှုကို သိရှိသွားမည်ကိုစိုးရိမ်သောကြောင့် ခဏတာမျှ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ရုတ်တရက် မျက်လုံးထောင့်မှ ဝေရှောင်ပေါင်၏အခေါင်းကိုမြင်လိုက်ရာ အကြံတစ်ခုရသွားသည်။ "ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုးနဲ့ ဝေအမတ်က ညီအစ်ကိုအရင်းအချာလို ခင်မင်ကြပါတယ်။ အခုတော့ ဝေအမတ် ကွယ်လွန်သွားပေမဲ့ သူ့ကို မြှုပ်နှံဖို့တောင် မစီစဉ်ရသေးပါဘူး၊ ကျွန်တော်မျိုးက အိမ်ထောင်ပြုဖို့ ကိစ္စတွေကို စိတ်မဝင်စားနိုင်ပါဘူး"
သူက ဝေရှောင်ပေါင်အကြောင်းပြောသည်ကိုကြားသောအခါ ခန်းရှီသည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ "အရင်က ရှောင်ကွေ့ဇီက မင်းကို အိမ်တစ်လုံးလက်ဆောင်ပေးခဲ့တယ်လို့ ကြားတယ်။ မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တကယ်ကောင်းပုံပဲ။ ထားလိုက်ပါတော့၊ ရှောင်ကွေ့ဇီရဲ့နောက်ဆုံးခရီးကို မင်းပဲတာဝန်ယူလိုက်ပါ။ သူ့ကို ခမ်းခမ်းနားနားမြှုပ်နှံပေးလိုက်။ ရှောင်ကွေ့ဇီက စည်ကားတာကို အကြိုက်ဆုံးပဲ"
"ကျွန်တော်မျိုး အမိန့်တော်အတိုင်းပါ"
စုန့်ချင်းရှုက ပြောလိုက်သည်။
"ဝူဆန်ကွေးရဲ့သမီးကိုတော့ ချူရှို့နန်းဆောင်မှာ ခဏနေဖို့ ငါ စီစဉ်ထားမယ်။ မင်း ရှောင်ကွေ့ဇီရဲ့ အန္တိမကိစ္စ ပြီးသွားရင် သူမကို လက်ထပ်ပြီး အိမ်ခေါ်သွားလိုက်ပါ" ခန်းရှီသည် အားခဲအားက နန်းတော်တွင် ထားခြင်းက မသင့်တော်ဟု ယူဆသောကြောင့် ချက်ချင်း ပြောလိုက်သည်
"ဒါ့အပြင် ခဏနေရင် မင်း ရှောင်ကွေ့ရဲ့အိမ်တော်ကို သွားလိုက်ဦး။ ငါ့ကိုယ်စား ရှောင်ကွေ့ရဲ့ ဇနီးမယားတွေကို သွားပြီး နှစ်သိမ့်စကားပြောပေးပါဦး"
"ဟုတ်ကဲ့"
အားခဲသည် အမှန်ပင် အာလူးပူပူတစ်လုံးဖြစ်ရာ စုန့်ချင်းရှုသည် ရဲတင်းစွာဖြင့်သာ အရင်ဆုံးသဘောတူလိုက်ရသည်။
စုန့်ချင်းရှုသည် ဝေရှောင်ပေါင်၏အခေါင်းကို သယ်ဆောင်ကာ မြို့စားအိမ်တော်သို့ရောက်သောအခါ ရှောင်အာသည် သတင်းရနှင့်ပြီးဖြစ်၍ နှင်းကဲ့သို့ဖြူဖွေးသောဝမ်းနည်းခြင်းအထိမ်းအမှတ်ဝတ်စုံကိုဝတ်ဆင်ကာ မျက်ရည်စများနှင့် တံခါးဝတွင် စောင့်မျှော်နေသည်။
"ညီမငယ်၊ စိတ်ထိန်းပါ"
ရှောင်အာ၏ သန့်စင်လှပသောမျက်နှာနှင့် သူ၏ကိုယ်ပေါ်မှဝတ်စုံထက် သုံးဆပို၍ဖြူဖွေးသောအသားအရေကိုကြည့်ရင်း စုန့်ချင်းရှုသည် သက်ပြင်းချကာ စိတ်ထဲတွင်တွေးမိသည်။ 'သူမသာ ငါကလူသတ်သမားဆိုတာသိရင် ဘယ်လိုတုံ့ပြန်မလဲမသိဘူး'
စုန့်ချင်းရှုသည် တရားဟောရန် ဘုန်းကြီးများနှင့် တာအိုဆရာများကို ကြိုတင်ဖိတ်ခေါ်ထားပြီးဖြစ်သည်။ ကျမ်းစာရွတ်ဖတ်သံများကြားတွင် ရှောင်အာကို လာရောက်အားပေးကြသော ဧည့်သည်များကို ကူညီဧည့်ခံပေးသည်။
ခန်းမင်းသား၊ ဆောအော်ထူ၊ မင်ကျူ၊ ဒိုလုံစသော ဝေရှောင်ပေါင်၏သက်ရှိထင်ရှားစဉ်က ရင်းနှီးသောမိတ်ဆွေများလည်း ဝေရှောင်ပေါင်၏အခေါင်းရှေ့သို့ တစ်ယောက်ပြီးတစ်ယောက်လာရောက်နှုတ်ဆက်ကြသည်။
ဆောအော်ထူက သူ၏လက်အောက်ငယ်သားများကို ကြီးမားသောစက္ကူအန်စာတုံးများကို ယူဆောင်လာစေပြီး မီးရှို့ရင်း သက်ပြင်းချသည်။ "ဝေညီလေး၊ ဒီပစ္စည်းတွေက နန်းတွင်းအမှု့ထမ်းတွေနဲ့ ကိုယ်ရံတော်တွေက မင်းအတွက်မီးရှို့ပေးဖို့ ငါ့ ကိုစေလွှတ်လိုက်တာ။ မင်းရဲ့အရင်ကသက်ညှာမှုအတွက် ကျေးဇူးဆပ်တာပေါ့။ မင်းက လောင်းကစားတိုင်းနိုင်ပေမဲ့ ဘယ်တော့မှ အကုန်မယူဘူး။ မင်းက အမြဲတမ်း ငွေတစ်ရာကျပ်နိုင်ရင် ရှစ်ဆယ်ပဲယူပြီး သူတို့ ဇနီးသားသမီးကျွေးမွေးဖို့၊ စားဝတ်နေရေးအတွက် ငွေနှစ်ဆယ်ကျပ်ချန်ထားပေးတယ်..."
ခန်းမင်းသားသည်လည်း မျက်ရည်များသုတ်ရင်း လက်အောက်ငယ်သားများကို စက္ကူလူရုပ်များယူဆောင်လာစေကာ ဝမ်းနည်းစွာပြောသည်။ "ဝေညီလေး၊ ဒီမိန်းမစိုးတွေ၊ အပျိုတော်တွေက ညီလေးအတွက် စေလွတ်လိုက်တာပါ။ သူတို့ကို ဟိုဘက်မှာမင်းအတွက် အစေခံဖို့လွှတ်လိုက်တာ။ မင်းတစ်ယောက်တည်း အထီးကျန်မှာမဟုတ်တော့ဘူး။ လောင်းကစားဝိုင်းဖွင့်ရင်တောင် လူရှာစရာမလိုတော့ဘူး..."
မင်ကျူက ဘေးမှခေါင်းခါကာပြောသည်။ "ဝေအမတ်ကြီးက သက်ရှိထင်ရှားစဉ်က ရက်ရောပြီး အလှူအတန်းရက်ရော ရင်းနှီးတဲ့သူတွေကို ကူညီစောင်မပေးခဲ့တယ်... ဟူး၊ တကယ်ပဲ ပညာရှင်တစ်ယောက် ကွယ်လွန်သွားတာပဲ၊ ကောင်းကင်က အရည်အချင်းရှိတဲ့သူကို မနာလိုဖြစ်တာပဲ"
ဆောအော်ထူသည်လည်း ခေါင်းညိတ်ထောက်ခံသည် " ဟုတ်တယ်၊ သူက ဘုရားလောင်းစိတ်ဓာတ်နဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ သူရဲ့ တာဝန်အဖြစ် သတ်မှတ်ခဲ့တယ်"
ခန်းမင်းသားသည်လည်း နောက်မကျစေရန် "သူက အလုပ်လုပ်တာ ပွင့်လင်းမြင်သာပြီး အရာရှိတစ်ယောက်အနေနဲ့ ဖြောင့်မတ်တယ်။ ဘယ်တုန်းကမှ ဘက်လိုက်တာမျိုးမရှိခဲ့ဘူး။ တကယ်ပဲ နန်းတွင်းရဲ့စံပြပုဂ္ဂိုလ်ပဲ"
ဒိုလုံ ဘေးမှနေ၍ သူတို့အားလုံးက စကားတွေ ပြောပြီးသွားပြီဟု ခံစားရသောကြောင့် ချက်ချင်းပင် ထပ်ဖြည့်သည် “ဒါ့အပြင် သူက အာဏာကို မကြောက်ခဲ့ဘူး၊ အရာရာတိုင်းမှာ ရှေ့ကနေ ဦးဆောင်ခဲ့ပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကို ကိုယ့်သားသမီးလို သဘောထားတယ်။ ပြန်လည်မွေးဖွားပေးတဲ့ မိဘလိုပဲ"
စုန့်ချင်းရှုက မျက်လုံး လှန်ချင်စိတ်ပေါက်သွားသည်။ တကယ်ပဲ တူရာစုတယ်ဆိုသလိုပဲ လျှာနှစ်ခွနဲ့ လူယုတ်မာတွေ စုဝေးနေကြတာပဲ။
စုန့်ချင်းရှုအတွက် ဘာမှမခံစားရသော်လည်း ရှောင်အာအတွက်မူ အလွန်နွေးထွေးမှုကိုခံစားရသည်။ သူတို့၏တစ်ယောက်ပြီးတစ်ယောက်ပြောဆိုသံများကိုနားထောင်ရင်း ဝေရှောင်ပေါင်၏ပုံရိပ်သည် သူမရှေ့တွင် ပြန်လည်အသက်ဝင်လာသည်။ အခေါင်းထဲမှ ဝေရှောင်ပေါင်၏ဖြူဖျော့သောမျက်နှာကိုပြန်ကြည့်လိုက်ရာ ရှောင်အာသည် ဝမ်းနည်းမှုများဖြင့် မျက်စိတစ်မှိတ်အတွင်း မျက်ရည်များဖြင့်ပြည့်နှက်သွားသည်။
"ကျွန်တော်တို့မကောင်းတာပါ။ ရှောင်အာသခင်မကို ပိုပြီးဝမ်းနည်းစေမိပြီ"
ခန်းမင်းသားနှင့် အခြားသူများသည် တစ်ဦးကို တစ်ဦး ကြည့်လိုက်သည်။ ဆောေအာ်ထူသည် လျင်မြန်စွာ ရှေ့သို့ တိုးလာပြီး “ပစ္စည်းတွေကို မြင်ရင် လူတွေကို အမှတ်ရစေတယ်လို့ ဆိုကြပါတယ်။ ရှောင်အာက ကျွန်တော်တို့ကို မြင်တဲ့အခါ ဝေအရှင်ကို ပြန် အမှတ်ရနိုင်တာကြောင့် ကျွန်တော်တို့ ထွက်သွားတာက ပိုကောင်းပါလိမ့်မယ်” ဟု ပြောလိုက်သည်။
"လူကြီးမင်းတို့... ရှောင်အာ... ဝမ်းနည်းခြင်းကာလဖြစ်နေလို့ လိုက်မပို့နိုင်တာကို ခွင့်လွှတ်ပါ"
ရှောင်အာက ငိုရှိုက်ရင်း အရိုအသေပြန်ပေးသည်။
"ညီမငယ်၊ ကျွန်တော်အမတ်ကြီးတို့ကို လိုက်ပို့လိုက်ပါ့မယ်"
စုန့်ချင်းရှုက အလျင်အမြန်ထရပ်ကာပြောရာ ရှောင်အာက သူ့ကိုကျေးဇူးတင်သောမျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။
စုန့်ချင်းရှုက လူအနည်းငယ်ကို လိုက်ပို့ပြီးပြန်လာသောအခါ ဝမ်းနည်းကြောင်းလာရောက်ပြသသူများသည် အတော်များများပြန်သွားကြပြီဖြစ်သည်။ ရှောင်အာက သူ့ကိုမြင်လျှင် ထရပ်ကာပြောသည် "စုန့်အစ်ကိုကြီး ကျွန်မနောက်လိုက်ခဲ့ပါ။ ရှောင်အာမှာ အကူအညီတစ်ခု တောင်းဆိုစရာရှိပါတယ်"
စုန့်ချင်းရှုက သူမနောက်သို့လိုက်ကာ အတွင်းသို့ရောက်သွားသည်။ အကွေ့အကောက်များစွာကိုဖြတ်ပြီးနောက် ရှောင်အာက အခန်းတစ်ခန်းထဲသို့ဝင်သွားသည်ကိုမြင်လျှင် တံခါးဝတွင်ရပ်တန့်ကာ မျက်နှာတွင်အနည်းငယ်ရှက်ရွံစွာဖြင့် "ညီမငယ်၊ အခု ဝေညီလေးမရှိတော့ဘူး။ ကျွန်တော်လိုယောက်ျားတစ်ယောက်က ညီမငယ်အခန်းထဲကိုဝင်တာ သိပ်မသင့်တော်ဘူး"ဤသည်မှာ စုန့်ချင်းရှုက ဟန်ဆောင်နေခြင်းမဟုတ်ဘဲ သူ၏အင်အားသည် မလုံလောက်သေးသောကြောင့် လူမှုစည်းကမ်းများကျင့်ဝတ်များ၏အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားရခြင်းဖြစ်သည်။ အိမ်တော်တွင် သူတို့နှစ်ဦးတည်းသာရှိလျှင် ကိစ္စမရှိသော်လည်း ဧည့်သည်အများအပြားက သူနှင့်ရှောင်အာ အတွင်းခန်းသို့လျှောက်သွားသည်ကို မြင်တွေ့ခဲ့ကြပေမည်။
ရှောင်အာသည် ကြောင်သွားပြီး ချက်ချင်းသဘောပေါက်ကာ ခါးသက်သောအပြုံးဖြင့်ပြုံး"စုန့်အစ်ကိုကြီး စိုးရိမ်နေစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့…” ဟု ပြောပြီးနောက် သူမ စကားကို ရပ်လိုက်သည်။ သူမ အိပ်ခန်းသို့ ဝင်သွားပြီး မကြာမီ အဝတ်ချွတ်သံများ ထွက်လာသည်။
သိုင်းပညာတိုးတက်လာသည်နှင့်အမျှ စုန့်ချင်းရှု၏အကြားအာရုံသည်လည်း သာမန်လူများထက် များစွာပိုမိုထက်မြက်လာသည်။ အတွင်းမှရင်းနှီးသောအသံကိုကြားရသောအခါ မျက်နှာအမူအရာသည် ထူးဆန်းသွားသည်။ 'ရှောင်အာက အဝတ်အစားတွေချွတ်နေပါလား။ သူမ ဘာလုပ်ချင်တာလဲ။ ငါကလူသတ်သမားဆိုတာသိသွားလို့ ငါ့သိုင်းပညာကိုကြောက်ပြီး ငါ့ကိုကာမဂုဏ်နဲ့ဆွဲဆောင်ပြီး ငါသတိလက်လွတ်ဖြစ်နေချိန်မှာ လက်စားချေဖို့ကြံနေတာလား။ ဒါမှမဟုတ် ငါ့ကို အခြားလူတွေမိအောင် ထောင်ဖမ်းပြီး ဘယ်တော့မှမလွတ်မြောက်နိုင်တဲ့အခြေအနေထဲကို တွန်းပို့ဖို့လား'
ဤသို့တွေးမိသောအခါ စုန့်ချင်းရှုသည် ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ရာ ထောင်ဖမ်းမည့်လူ တစ်စုံတစ်ဦးမှမတွေ့ရပေ။
"စုန့်အစ်ကိုကြီး၊ အကြာကြီးစောင့်ခိုင်းလိုက်ရလို့ တောင်းပန်ပါတယ်"
နားထဲသို့ ရှောင်အာ၏အသံဝင်လာသည်။ စုန့်ချင်းရှုသည် တစ်ဝက်လောက် သတိထားရင်း၊ တစ်ဝက်လောက် မျှော်လင့်နေရင်း ပြန်လှည့်လိုက်သည်။ ရှောင်အာ၏ အဝတ်အစားများက သေသေသပ်သပ်ဖြစ်နေသည်ကို မြင်သောအခါ စိတ်ပျက်သွားသည်။ ရှောင်အာက အနက်ရောင်အထုပ်တစ်ထုပ်ကိုကမ်းပေးရာ စုန့်ချင်းရှုသည် မသိစိတ်ဖြင့်လက်ခံလိုက်ပြီး နွေးထွေးသောအငွေ့အသက်ကို ခံစားမိသကဲ့သို့ရှိသည်။
ရှောင်အာ စကားစသည်– "စုန့်အစ်ကိုကြီး၊ ဒီအထုပ်ကို လူတစ်ယောက်ဆီ ပေးပို့ပေးပါ။ အဲဒီလူက လတိုင်းရဲ့ ဆယ့်ငါးရက်နေ့မှာ မြို့တော်ရဲ့ တံတားဟောင်းပေါ်မှာ လိမ်းဆေးဆီ ရောင်းပါတယ်၊ အဲဒီလူကို လိမ်းဆေးဆီကို ဘယ်လိုရောင်းလဲလို့ မေးလိုက်ပါ။ သူက 'ဒီလိမ်းဆေးဆီက အရမ်းဈေးကြီးတယ်၊ ရွှေသုံးကျပ်သား၊ ငွေသုံးကျပ်သား ကျတယ်' လို့ ပြောလိမ့်မယ်။ ရှင်က “ဈေးမကြီးပါဘူး၊ ဈေးမကြီးပါဘူး၊ ရွှေငါးကျပ်သား ငွေငါးကျပ်သားနဲ့ ရောင်းနိုင်မလား?' လို့ပဲ ပြန်ဖြေလိုက်ပါ၊ ပြီးတော့ ဒီအထုပ်ကို သူ့ကို ပေးလိုက်လို့ရပါပြီ"
"ဒါက ဘယ်လိုဈေးဆစ်တာမျိုးလဲ။”
“ဆေးတစ်ထုပ်ကို အဲ့လောက်ဈေးကြီးကြီးနဲ့ရောင်းနေတာ၊ ဓားပြတိုက်တာပဲ။”
“ပြီးတော့ မင်းက ရွှေငါးကျပ်သား၊ ငွေငါးကျပ်သားနဲ့ ဈေးဆစ်သေးတယ်"
စုန့်ချင်းရှုသည် မယုံနိုင်သောမျက်နှာအမူအရာဖြင့် တမင်ပြောလိုက်သည်။ အမှန်မှာ သူသည် ကြားရုံဖြင့် ဤသည်မှာ 'မိုးမြေအသင်း' ၏စကားဝှက်ဖြစ်မှန်းသိသော်လည်း ရှောင်အာ သံသယမဝင်စေရန် တမင်ဟန်ဆောင်ခြင်းဖြစ်သည်။
ရှောင်အာက ရှင်းပြသည်။ "ဒါက လူမှားမှာစိုးလို့ပါ။ စုန့်အစ်ကိုကြီး၊ ရှောင်ပေါင်နဲ့ခင်မင်မှုကိုထောက်ထားပြီး ဒီပစ္စည်းကို သေချာပေါက်ပို့ပေးဖို့ မျှော်လင့်ပါတယ်"
ပြောရင်းဆိုရင်း သူမ၏မျက်လုံးထဲတွင် တောင်းပန်တိုးလျှိုးသောအမူအရာများ ပြည့်နှက်နေသည်။
စုန့်ချင်းရှု၏စိတ်ထဲတွင် လှုပ်ရှားသွားပြီး လေးနက်သောအသံဖြင့်မေးသည် "ကြည့်ရတာ ဒီပစ္စည်းက တော်တော်အရေးကြီးပုံပဲ။ ဒါပေမဲ့ ညီမငယ်က ဘာလို့ကိုယ်တိုင်မသွားပို့ရတာလဲဆိုတာ ကျွန်တော်နားမလည်ဘူး။ အန္တရာယ်ရှိမှာကို စိုးရိမ်တယ်ဆိုရင် ကျွန်တော် နောက်ကွယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်"
ရှောင်အာက ခပ်ရေးရေးပြုံးသည် " ကျွန်မ ရှောင်ပေါင်နဲ့ အချိန်အကြာကြီး အတူနေချင်တယ်၊ သူ့ကို အကြာကြီး မထားခဲ့ချင်ဘူး။ ဒါကြောင့် စုန့်အစ်ကိုကိုပဲ အကူအညီတောင်းရတာပေါ့"