"ခင်ဗျား လီကျစ်ချန်ကိုသတ်လိုက်တယ်"
စုန့်ချင်းရှု၏ ဦးနှောက်က အမှီမလိုက်နိုင်ဖြစ်သွားသည်။
"လူတိုင်းသေရမှာပဲ။ သူက တကယ်တော့ ဂျူကုန်းတောင်မှာကတည်းက သေသင့်နေတာ။ ငါသူ့ကိုစောစော သေလမ်းပို့ပေးလိုက်တာပါပဲ"
ဟူယိကျီ၏မျက်နှာသည် တည်ငြိမ်နေပြီး မိမိကိစ္စကြီးတစ်ခုလုပ်ခဲ့သည်ဟု မထင်ပေ။
သူ၏မျက်လုံးထဲတွင် ရူးသွပ်သောအလင်းရောင်များလက်နေသည်ကိုမြင်လျှင် စုန့်ချင်းရှု၏စိတ်ထဲတွင် ခံစားချက်ပေါင်းစုံရောထွေးနေပြီး ခဏတာမျှ ဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်သွားသည်။
ဟူယိကျီက သူ့ကိုမော့ကြည့်လိုက်ပြီး "ဒီနေ့ မင်းရဲ့ လက်နက်က အားနည်းချက်ရှိနေတယ်။ တကယ်တိုက်ကြရင် ငါ့ပြိုင်ဘက်မဟုတ်ဘူး။ ဒါပေမဲ့ မင်းကဟူမျိုးနွယ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကိုထောက်ပြီး မင်းကိုတစ်ခါလွှတ်ပေးလိုက်မယ်။ နောင်မှာ ဟူဖေးလေးနဲ့တွေ့ရင် သူ့ကိုဒီကိုလာရှာခိုင်းလိုက်။ ငါသူ့ကို ဟူမျိုးနွယ်ဓားသိုင်းအပြည့်အစုံကို သင်ပေးမယ်"
စုန့်ချင်းရှုသည် တစ်ဖက်လူက မိမိကိုတကယ်ထိခိုက်နိုင်စွမ်းရှိသည်ဟု မထင်သော်လည်း စကားနိုင်လုပြီး အဓိပ္ပာယ်မဲ့တိုက်ပွဲတစ်ပွဲကို မဆင်နွှဲလိုသောကြောင့် "အကြီးအကဲ သက်ညှာပေးတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် နောက်ပိုင်း ဟူဖေးကို ပြောပြလိုက်ပါမယ်"
နောက်ရက်အနည်းငယ်တွင် မင်းသမီးကို ခမ်းနားစွာမြှုပ်နှံပြီးနောက် စုန့်ချင်းရှုသည် ဆန်းရှန့်ဘုရားကျောင်းသို့ လူလွှတ်ကာ အားခဲကိုပြန်ခေါ်ခဲ့သည်။ ဝူဆန်ကွေးကိုနှုတ်ဆက်ပြီးနောက် ဝေရှောင်ပေါင်၏အခေါင်းကိုယူဆောင်ကာ မြို့တော်သို့ခရီးဆက်ခဲ့သည်။
လမ်းခရီးတွင် စုန့်ချင်းရှုသည် အားခဲကို အကြိမ်များစွာစကားစမြည်ပြောဆိုပြီး ရင်းနှီးမှုတည်ဆောက်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း အားခဲသည် နေရပ်အား ခွဲခွာရခြင်းကြောင့် ဝမ်းနည်းနေပြီး နန်းတော်သို့ သွားရမည်ကို စိုးရိမ်နေခဲ့သည်။ တစ်ဖက်တွင်လည်း မိမိသဘောကျသူက မင်းသမီးအပေါ် မဖွယ်မရာပြုလုပ်ခဲ့သည့်မြင်ကွင်းမှ ပြန်လည်မလွတ်မြောက်နိုင်သေးသောကြောင့် စုန့်ချင်းရှု၏စကားများကို ဂရုမစိုက်ဘဲနေခဲ့သည်။ အကြိမ်များစွာအဖက်မလုပ်ခံရပြီးနောက် စုန့်ချင်းရှုသည် ဒေါသထွက်လာပြီး သူမကိုဂရုမစိုက်တော့ပေ။ လမ်းတစ်လျှောက်လုံးစကားမပြောဘဲ ခရီးဆက်ခဲ့ကြပြီး သံတမန်အဖွဲ့သည် မကြာမီမြို့တော်သို့ ပြန်လည်ရောက်ရှိလာသည်။
တားမြစ်မြို့တော်အတွင်းတွင် ခန်းရှီသည် အခြွေအရံများနှင့် ကိုယ်ရံတော်များကို အဝေးသို့မောင်းထုတ်ပြီး တစ်ယောက်တည်းတိတ်ဆိတ်စွာဖြင့် အခေါင်းထဲမှဝေရှောင်ပေါင်ကို ကြည့်နေသည်။ နန်းတွင်းလျှို့ဝှက်နည်းလမ်းကိုအသုံးပြုထားသောကြောင့် ဤမျှကြာမြင့်သည့်တိုင် ဝေရှောင်ပေါင်၏ရုပ်အလောင်းသည် သိပ်မပျက်စီးသေးပေ။ ခန်းရှီသည် ထိုအလွန်ရင်းနှီးသောရုပ်ရည်ကိုကြည့်ရင်း မျက်လုံးထဲတွင် အရည်ကြည်များဝေ့သီလာသည်။
သို့သော် သူသည် နိုင်ငံတစ်နိုင်ငံ၏ဧကရာဇ်ဖြစ်သောကြောင့် နောက်ဆုံးတွင် မျက်ရည်များကျမလာခဲ့ပေ။ စုန့်ချင်းရှုဘက်သို့လှည့်ကာ ဒေါသတကြီးကြည့်လိုက်သည်
"ပြော၊ ဒါတွေအားလုံး ဘယ်လိုဖြစ်တာလဲ"
စုန့်ချင်းရှုသည် ထိုနေ့ကရှန်ဟိုင်ကွမ်းတွင်ဖြစ်ပျက်ခဲ့သောကိစ္စများကို ကိုးပုံအမှန်၊ တစ်ပုံအလိမ်ဖြင့် ခန်းရှီအားတင်ပြလိုက်သည်။ ပြောပြနေစဉ်တွင် ခန်းရှီသည် အစမှအဆုံး ဘာမှမပြောဘဲ နားထောင်နေခဲ့သည်။ စုန့်ချင်းရှုပြောပြီးနောက်တွင် ခန်းရှီက အေးစက်စွာရယ်မောလိုက်သည် "မင်းတို့က ဝူဆန်ကွေးသားအဖကိုလှည့်စားတာကထားပါတော့။ ငါ့ရှေ့မှာတောင် အမှန်အတိုင်းမပြောသေးဘူး။ ဖူခန်းအန်က ပေါင်ချင်းဝမ်ရဲ့အိမ်ရှေ့စံပဲ။ ဘာကြောင့် လှပတဲ့အမျိုးသမီးမျိုးကို မမြင်ဖူးဘဲ နေမလဲ? ကျန်းနင်ကလည်း ပြည်ပျက်စေလောက်အောင်လှနေတာမဟုတ်ဘူး ဖူခန်းအန်က ဘာကြောင့် ဒီလောက်ကြီးမားတဲ့အန္တရာယ်ကို စွန့်စားမှာလဲ"
"ဒါက..."
စုန့်ချင်းရှုသည် အခက်တွေ့သောမျက်နှာဖြင့် အခေါင်းထဲမှဝေရှောင်ပေါင်ကိုတစ်ချက်ကြည့်ကာ အလွန်ရုန်းကန်နေဟန်ပြသည်။
ခန်းရှီသည် ဝေရှောင်ပေါင်၏ မိုက်ရူးရဲသော စရိုက်ကို ရင်းနှီးပြီးသားဖြစ်သည်။ စုန့်ချင်းရှု၏ အမူအရာကို မြင်သောအခါ သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။ ထို့နောက် လေးနက်သောအသံဖြင့် "ဒါက ဝေရှောင်ပေါင်က ကျန်းနင်နဲ့များ ပတ်သက်နေသလား"
"ဧကရာဇ်မင်းမြတ် ဉာဏ်ပညာကြီးမားလှပါတယ်"
စုန့်ချင်းရှုက တုံ့ဆိုင်းစွာဖြင့်ပြောသည်။ "တချို့ကိစ္စတွေက ဖြစ်ပြီးသွားပြီဆိုတော့ ဒီအတိုင်းပဲထားလိုက်တာပိုကောင်းပါတယ်... ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်"
"အဓိပ္ပာယ်မရှိဘူး"
ခန်းရှီသည် ဒေါသကြောင့် မျက်နှာနီရဲသွားသည်။ "ငါက အမှန်တရားကိုပဲသိချင်တယ်"
စုန့်ချင်းရှုက အချိန်အခါသင့်ပြီဟုမြင်လျှင် ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြောသည်
"ဝေအမတ်ကြီးနဲ့ မင်းသမီးက အမြဲတမ်း ခံစားချက်ကောင်းမွန်ကြပြီး ရှန်ဟိုင်ကွမ်းကိုသွားတဲ့လမ်းခရီးမှာ နှစ်ဦးသား မှားယွင်းတဲ့ကိစ္စတချို့ လုပ်မိခဲ့ကြပါတယ်။ နောက်တော့ တော်ဝင်မျိုးနွယ်ဝင် သတို့သမီးတွေ အိမ်ထောင်ပြုရင် အပျိုစင်ဘဝကို စစ်ဆေးရမယ်ဆိုတဲ့ စည်းကမ်းကို သိလိုက်ရတော့ မတတ်သာလို့ ဒီနည်းလမ်းကိုသုံးပြီး အပြစ်ကို ဖူခန်းအန်အပေါ်ပုံချဖို့ ပြင်ဆင်ခဲ့တာပါ"
ခန်းရှီ၏မျက်နှာကို မော့ကြည့်ကာ စုန့်ချင်းရှုက အလျင်အမြန်စကားတစ်ခွန်းထပ်ဖြည့်လိုက်သည်။ "ဝေအမတ်ကြီးက ပေါင်ချင်းဝမ်နဲ့ ဝူဆန်ကွေးတို့ရဲ့ဆက်ဆံရေးကို လုံးဝပျက်စီးစေပြီး ဧကရာဇ်မင်းမြတ်ရဲ့နောင်ရေးအတွက် အကူအညီတစ်ရပ်ဖြစ်စေဖို့ စဉ်းစားပြီးမှ ဒီခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်တဲ့အကြံကို ထုတ်ခဲ့တာပါ"
"ကောင်းလိုက်တဲ့ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်တဲ့အကြံ"
ခန်းရှီက အေးစက်စွာရယ်မောသည်။
စုန့်ချင်းရှုက ဆက်ပြောသည်။ "ဘယ်သူသိမှာလဲ၊ အဲ့ဒီနေ့က အမှားအယွင်းဖြစ်သွားပြီး ကျန်းနင်မင်းသမီးက... တကယ်ပဲ ဖူခန်းအန်ရဲ့စော်ကားမှုကိုခံခဲ့ရတယ်။ မင်းသမီးက စိတ်ဓာတ်ပြင်းထန်သူဖြစ်ပြီး ဝေအမတ်ကြီးက သူ့ကိုသစ္စာဖောက်တယ်လို့ထင်ပြီး သေနတ်နဲ့ ဝေအမတ်ကြီးကိုပစ်သတ်လိုက်တယ်။ သူမ ကိုယ်တိုင်လည်း အဆိပ်သောက်ပြီး ကိုယ်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်"
စုန့်ချင်းရှုသည် ပြန်ရောက်ရောက်ချင်းမှာပင် ဤစကားများကို ခန်းရှီအား တိုက်ရိုက်မပြောခဲ့ပေ။ သူသည် နားထောင်သူ၏စိတ်ထဲတွင် သင့်အပေါ်သံသယဝင်သွားလျှင် သင်ပြောသည်မှာ အမှန်တရားပင်ဖြစ်စေကာမူ သံသယဖြစ်စေနိုင်သည်ကို ကောင်းစွာသိသည်။ စုန့်ချင်းရှုသည် ခန်းရှီက အကြိမ်ကြိမ်မေးမြန်းမှ မဖုံးကွယ်နိုင်တော့ဟန်ဆောင်ကာ ကိုးပုံအမှန်၊ တစ်ပုံအလိမ်ဖြင့် ထိုနေ့ကအခြေအနေကို ပြန်လည်ပုံဖော်ခဲ့သည်။ ထိုလုပ်ငန်းစဉ်အတွင်း ဝေရှောင်ပေါင်အတွက် ကောင်းမွန်သောစကားများကို မရပ်မနားပြောဆိုခဲ့ရာ ခန်းရှီသည် သူ၏အပေါ်သို့ သံသယတစ်စိုးတစ်စိမျှမဝင်ခဲ့ပေ။
"ခွေးမသား၊ ဝေရှောင်ပေါင်ဆိုတဲ့အကောင်က တကယ်ပဲ ကာမစိတ်ပြင်းပြပြီး မင်းသမီးကိုတောင် ခိုးယူရဲတယ်"
ခန်းရှီသည် ဒေါသထွက်လည်းထွက် စိတ်မကောင်းလည်းဖြစ်နေသည်။ "သူက ဘယ်လိုမိန်းမမျိုးလိုချင်လို့လဲ၊ ငါကသူ့ကိုမပေးမှာမို့လို့လား။ ဘာကြောင့် အသက်ကိုစွန့်ပြီး စွန့်စားရတာလဲ"
စုန့်ချင်းရှုက အလိုက်တသိဖြင့် ဘေးတွင်တိတ်ဆိတ်စွာရပ်နေပြီး ခန်းရှီ၏ဒေါသ ဖြေဖျောက်သည်ကို နားထောင်နေသည်။
ခန်းရှီသည် အခန်းထဲတွင် ခေါက်တုံခေါက်ပြန်လျှောက်နေပြီး လက်ဖက်ရည်ခွက်တစ်လုံးကိုဆွဲယူကာ မြေပြင်ပေါ်သို့ပစ်ပေါက်ချလိုက်သည်။ ပါးစပ်မှ မကျေမချမ်းပြောဆိုနေသည်။ "မော်တုန်းကျူဆိုတဲ့မိန်းမယုတ်က မယ်တော်ကိုဒုက္ခပေးရုံမကဘဲ အယုတ်တမာမကိုမွေးပြီး ငါ့ရဲ့ညာလက်ရုံးကိုပါ ဒုက္ခပေးပြန်ပြီ။ မင်းအမေ..."
စုန့်ချင်းရှုသည် ခန်းရှီက ပုံမှန်တော်ဝင်စည်းကမ်းများကို ဖယ်ရှားပြီး သာမန်လူတစ်ယောက်ကဲ့သို့ ဆဲဆိုနေသည်ကိုမြင်လျှင် ဝေရှောင်ပေါင်ကို နှလုံးသားထဲမှ သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့သည်ကို သဘောပေါက်လိုက်သည်။
ဒေါသဖြေဖျောက်ပြီးနောက် ခန်းရှီသည် နောက်ဆုံးတွင် တည်ငြိမ်သွားပြီး စုန့်ချင်းရှု၏မျက်လုံးများကိုစိုက်ကြည့်ကာ ပြောသည်။ "ဒီနေ့ကိစ္စကို တတိယလူတစ်ယောက်ကို ငါမသိစေချင်ဘူး"
စုန့်ချင်းရှုက ကိုယ်ကိုကိုင်းကာ အရိုအသေပေးလိုက်သည်။ "ကျွန်တော်မျိုးနားလည်ပါပြီ"
ရုတ်တရက် အားခဲအကြောင်းကိုသတိရကာ အလျင်အမြန်ပြောလိုက်သည် "ဧကရာဇ်မင်းမြတ်၊ ဒီတစ်ခါ မင်းသမီးနဲ့ ဝေအမတ်တို့ ရှန်ဟိုင်ကွမ်းမှာ ပြဿနာဖြစ်ခဲ့တာကြောင့် ဝူဆန်ကွေးက ထိတ်လန့်တကြားဖြစ်ပြီး ဝူယင်ရှုံကို မင်းသမီးနဲ့လက်ထပ်စေကာ မင်းသမီးကို ဝူမျိုးနွယ်ရဲ့ဘိုးဘေးသင်္ချိုင်းမှာ မြှုပ်နှံစေခဲ့ပါတယ်။ ကျွန်တော်မျိုးက ဒီအချိန်မှာ နန်းတော်က ဝူဆန်ကွေးနဲ့ ဆက်ဆံရေး ပျက်ပြားမှာစိုးရိမ်လို့ ကိုယ့်သဘောနဲ့ကိုယ် သဘောတူခဲ့ပါတယ်"
"သဘောတူတာကောင်းတယ်"
ခန်းရှီက မချေမငံ အသံဖြင့် ပြောပြီး စိတ်ထဲတွင် စဉ်းစားနေသည် 'ကျန်းနင်က မော်တုန်းကျူနဲ့ တခြားယောက်ျားတစ်ယောက်ကမွေးတဲ့ မျိုးမစစ်ပဲ။ တော်ဝင်မျိုးနွယ်မှ မဟုတ်တာ။ မြို့တော်ကိုပြန်သယ်လာရင် တော်ဝင်သင်္ချိုင်းမှာမြှုပ်ရင်လည်းမဖြစ်၊ မမြှုပ်ရင်လည်းမဖြစ်ဘူး'
စုန့်ချင်းရှုက ဝူဆန်ကွေး၏သံတော်ဦးတင်လွှာကို ဆက်သကာ "ဝူဆန်ကွေးက သူ့ရဲ့ရာထူးကိုစွန့်လွှတ်ပြီး ဆယ်နှစ်စာ လစာကို ဒဏ်ငွေအဖြစ်ပေးဆောင်ဖို့လည်း တောင်းဆိုပါတယ်"
ခန်းရှီက ဖြစ်သလိုလှန်လှောကြည့်ကာ အေးစက်စွာရယ်မောလိုက်သည် "အဲ့ဒီလိပ်အိုကြီးက သူ့မှာ စစ်တပ်အင်အားကြီးကိုကိုင်စွဲထားသရွေ့ ငါကဒီတောင်းဆိုမှုကို သဘောတူမှာမဟုတ်ဘူးဆိုတာသိရဲ့သားနဲ့။ တမင်ဒီလိုကစားတာက တကယ်ပဲသူ့စိတ်က ယုတ်မာလှတယ်"
စုန့်ချင်းရှုသည် ဝေရှောင်ပေါင်သာအသက်ရှင်နေသေးလျှင် ဤအချိန်တွင် ခန်းရှီ၏သဘောအတိုင်း ဝူဆန်ကွေးကို တစ်သီတစ်တန်းဆဲဆိုပြီး ခန်းရှီကိုမြှောက်ပင့်ပြောဆိုကာ ခန်းရှီကို ပျော်ရွှင်အောင်လုပ်နိုင်မည်ကို သိသည်။ သို့သော် စုန့်ချင်းရှုသည် ခေတ်သစ်လူတစ်ယောက်ဖြစ်ရာ သူ၏ကျောရိုးသည် ထိုမျှလွယ်ကူစွာမကွေးညွတ်နိုင်ပေ။ တစ်ခါတစ်ရံ အခြေအနေအရ ခေတ္တအညံ့ခံရသော်လည်း ဝေရှောင်ပေါင်ကဲ့သို့ မြှောက်ပင့်စကားများကို ပါးစပ်ဖျားတွင်တင်ထားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ဆက်၍ပြောလိုက်သည် "ဝူဆန်ကွေးက ကိုယ်တိုင်မြို့တော်ကိုလာပြီး အပြစ်ဝန်ခံသင့်ပေမဲ့ မြောက်ပိုင်းစစ်ရေးတင်းမာနေသောကြောင့် သမီးဖြစ်သူအားခဲကို ကိုယ်လုပ်တော်၊ အစေခံအဖြစ် နန်းတော်ကိုစေလွှတ်ပြီး ဖခင်ကိုယ်စားအပြစ်ဝန်ခံစေပါတယ်"
ခန်းရှီ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင်စဉ်းစားသည်။ 'ဝူဆန်ကွေးက ဟန်တရုတ်လူမျိုးတွေရဲ့စိတ်ထဲမှာ နာမည်ဆိုးနဲ့ကျော်ကြားတယ်။ ငါကသူ့သမီးကိုလက်ခံလိုက်ရင် ပညာတတ်အရာရှိတွေရဲ့ထောက်ခံမှုကို အများကြီးဆုံးရှုံးသွားနိုင်တယ်...'
စုန့်ချင်းရှုကိုကြည့်လိုက်ရာ ရုတ်တရက်အကြံတစ်ခုရသွားပြီး ပြောလိုက်သည် "ငါ့နန်းတော်မှာ လူမလိုဘူး။ ငါသူမကို မင်းနဲ့ထိန်းမြားပေးမယ်”