"နှစ်ယောက်လုံးက ဘာကိုစိုးရိမ်နေကြတာလဲ" စုန့်ချင်းရှုက မတင်မကျသောအမူအရာဖြင့် "ကျွန်တော့်အမြင်မှာတော့ အားခဲမင်းသမီးလေး မြို့တော်ကိုသွားတာက ကောင်းကျိုးပဲရှိပြီး ဘာအန္တရာယ်မရှိဘူးလေ၊ ဘာလို့ဒီလောက်တောင် ငြင်းဆန်နေကြတာလဲ"
"ဘာကို အကျိုးရှိပြီး အန္တရာယ်မရှိဘူးလို့ပြောတာလဲ" အားခဲက လှပသောနှာခေါင်းကိုရှုံ့ကာ ဟမ့်ခနဲဆိုသည်၊ "ကျွန်မမြို့တော်သွားရင် အဖေ့အတွက် အကျိုးရှိမယ်၊ ရှင့်အတွက်လည်း အကျိုးရှိမယ်၊ အားလုံးအတွက် အကျိုးရှိမယ်၊ ဒါပေမဲ့ ကျွန်မအတွက်တော့ အကျိုးမရှိဘူး"
"နန်းတော်ဝင်ပြီး ဧကရာဇ်ရဲ့ကိုယ်လုပ်တော်ဖြစ်ရင် တစ်နေ့နေ့မှာ မိဖုရားခေါင်ကြီးတောင်ဖြစ်လာနိုင်တာ၊ ဘာအကျိုးမရှိတာ ရှိလို့လဲ" စုန့်ချင်းရှုက တမင်မေးလိုက်သည်။
"ဟမ့်၊ မိဖုရားခေါင်ကြီးနေရာကို တခြားလူတွေက လိုချင်ရင်လိုချင်လိမ့်မယ်၊ ကျွန်မအားခဲကတော့ မလိုချင်ဘူး၊ ကျွန်မလက်ထပ်မယ့်ယောက်ျားက ရုပ်ရည်ချောမောခန့်ညားရမယ်၊ စာပေရော စစ်ရေးရော စွယ်စုံတတ်မြောက်ရမယ်၊ အရေးကြီးဆုံးက တစ်သက်လုံး ကျွန်မတစ်ယောက်တည်းကိုပဲ ချစ်ရမယ်" ဤအချိန်တွင် အားခဲ၏မျက်နှာသည် တောက်ပနေပြီး အလင်းရောင်များပင် ထွက်နေသကဲ့သို့ပင်။
ချန်ယွမ်ယွမ်က စုန့်ချင်းရှုကို ရှက်ရိပ်သန်းသောမျက်နှာဖြင့်ကြည့်လိုက်သည်။ သူမငယ်စဉ်ကတည်းက လောကဓံကိုကြမ်းတမ်းစွာရင်ဆိုင်ခဲ့ရသော်လည်း ညနက်သန်းခေါင်အချိန်များတွင် ဤသို့သော မိန်းမပျိုတို့၏စိတ်ကူးယဉ်အိပ်မက်မျိုး အနည်းငယ်ရှိခဲ့ဖူးသည်။ သို့သော် ကြမ်းတမ်းသောလက်တွေ့ဘဝတွင် ချက်ချင်းသတိပြန်ဝင်လာခဲ့ရသည်။ ယခုအခါ သမီးဖြစ်သူက သူမ၏ဆန္ဒကို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်မိသည်။
"မင်းက ဧကရာဇ်ရဲ့မိဘုရား မဖြစ်ချင်ဘူးဆိုရင်တော့ လွယ်သွားပြီ" စုန့်ချင်းရှုက ချွေးများကိုသုတ်လိုက်ပြီး "မဟုတ်ရင် ငါ တကယ်ပဲ အခက်တွေ့တော့မလို့"
"ရှင် ဘာကိုဆိုလိုတာလဲ" အားခဲက စုန့်ချင်းရှုကို သံသယဖြင့် ကြည့်လိုက်သည်။
စုန့်ချင်းရှုက ပြုံးလိုက်သည်၊ "မင်းသမီးလေး စိတ်ချပါ၊ မင်းနန်းတော်ထဲဝင်ပြီးရင် ဧကရာဇ်မင်းမြတ်က မင်းကို အမျိုးသမီးအရာရှိ ရာထူးလောက်ပဲခန့်မှာပါ၊ ကိုယ်လုပ်တော်အဖြစ် ဘယ်တော့မှသိမ်းပိုက်မှာမဟုတ်ဘူး"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကျွန်မ... ကျွန်မက ဒီလောက်လှတာ၊ အဲ့ဒီကာမဘုရင် ဧကရာဇ်က ကျွန်မကိုမြင်ရင် အိပ်ရာထဲမှာ ခစားခိုင်းမှာပဲ" အားခဲက လက်သေးသေးလေးများဖြင့် အင်္ကျီစကိုပွတ်သပ်ရင်း ရှက်ကိုးရှက်ကန်းဖြင့်ဆိုသည်။
"အင်း၊ တကယ်တော့" စုန့်ချင်းရှုက ခဏစဉ်းစားပြီးနောက် သူမကိုအမှန်အတိုင်းပြောရန်ဆုံးဖြတ်လိုက်သည်၊ "နန်းတော်ထဲမှာ တကယ်ကို မိန်းမလှတွေအများကြီးရှိတယ်၊ မိဘုရားတချို့က မင်းသမီးလေးထက်မနိမ့်တဲ့အလှရှိတယ်၊ ဥပမာ မီးဖေး၊ ရီဖေးတို့က တိုင်းပြည်ကိုပျက်စီးစေနိုင်လောက်တဲ့အလှရှိတယ်၊ ပြီးတော့ မင်းသမီးလေးရဲ့ အတွေ့အကြုံမရှိသေးတဲ့အလှတရားနဲ့ယှဉ်ရင် သူတို့မှာာ ပိုပြီးရင့်ကျက်တဲ့မိန်းမသားတွေရဲ့ ဆွဲဆောင်မှုရှိတယ်"
ချန်ယွမ်ယွမ်က ထူးဆန်းသောအမူအရာဖြင့် သူ့ကိုကြည့်ရင်း စိတ်ထဲမှ "သူက ဧကရာဇ်ရဲ့မိဘုရားတွေကို နောက်ကွယ်မှာ ဒီလိုပဲဝေဖန်ရဲတယ်၊ အဲ့ဒီလေသံက... တစ်ချိန်က ချင်ဟွိုင်မြစ်ကမ်းနားမှာကျင်လည်တဲ့ ဧည့်သည်တွေက အပျော်မယ်လေးတွေကို အကဲဖြတ်တဲ့လေသံနဲ့တူလိုက်တာ" ဟုတွေးလိုက်သည်။
စုန့်ချင်းရှုက သူကိုယ်တိုင် ရိုသေမှုမရှိသောအပြစ်ကို ကျူးလွန်မိမှန်း မသိသော်လည်း အမျိုးသမီးနှစ်ယောက်ရှေ့တွင် အခြားအမျိုးသမီးများအကြောင်း ဝေဖန်ပြောဆိုခြင်းသည် မကောင်းလှသဖြင့် "ဒါတွေက အဓိကမဟုတ်ပါဘူး၊ အဓိကက မင်းသမီးလေးရဲ့ နောက်ခံက ထိလွယ်ရှလွယ်ဖြစ်နေလို့ ဧကရာဇ်မင်းမြတ်က မင်းကိုသိမ်းပိုက်ဖို့ အဆင်မပြေတာပါ" ဟု အလျင်အမြန်ဆိုလိုက်သည်။
တစ်သက်တာလုံး ကံကြမ္မာကြမ်းတမ်းခဲ့သော ချန်ယွမ်ယွမ်သည် ယောက်ျားတို့၏အတုအယောင်ကို ကောင်းစွာနားလည်ထားပြီး စုန့်ချင်းရှု၏အရိပ်အမြွက်ကိုကြားသည်နှင့် ချက်ချင်းသဘောပေါက်သွားသည်။ အားခဲ၏အဖေသည် လောက၏အကြီးမားဆုံး ဟန်သစ္စာဖောက် ဝူဆန်ကွေးဖြစ်ပြီး ခန်းရှီက သူ့နာမည်ဂုဏ်သတင်းကို အလွန်အလေးထားသည်။ ထို့အပြင် နန်းတော်ထဲတွင် အလှဘုရင်မများမရှားပါးရာ ဘာကြောင့် မိန်းမတစ်ယောက်အတွက်နဲ့ သူ့နာမည်ကို သမိုင်းမှာအစွန်းအထင်းဖြစ်အောင်လုပ်မည်နည်း။
အားခဲက နားမလည်သေးဘဲ အနည်းငယ်မကျေမနပ်ဖြစ်နေသည်ကိုမြင်သောအခါ ချန်ယွမ်ယွမ်က "အားခဲ၊ ဧကရာဇ်က သမီးကို ဒုက္ခပေးမှာ မဟုတ်ဘူး။ သမီးက စုန့်လူကြီးမင်းနဲ့အတူ နန်းတော်ထဲကို စိတ်ချလက်ချ သွားပြီး သမီးရဲ့အဖေအတွက် နည်းနည်းလောက် ကူညီပေးလိုက်ပါ"
"မသွားချင်ဘူး၊ ကျွန်မ နန်းတော်ထဲမှာပဲ တစ်ယောက်တည်း အထီးကျန်စွာနဲ့အိုမင်းမသွားချင်ဘူး"
အမေကတောင် ကိုယ့်ဘက်မှာမရှိတော့ဘူးဆိုတာမြင်တော့ အားခဲလန့်သွားပြီး ငိုသံပါ ပါလာသည်။ နန်းတော်ထဲရောက်လို့ ဧကရာဇ်က မသိမ်းပိုက်ဘူးဆိုရင် တစ်သက်လုံး အပျိုကြီးဖြစ်သွားမှာမဟုတ်လား။ ဒီလိုဆိုရင်တော့ ဧကရာဇ်က မိဘုရားအဖြစ်သိမ်းပိုက်တာကမှ တော်ဦးမည်။
"မင်းသမီးလေး စိတ်ချပါ၊ တကယ်တော့ တချို့စကားတွေကို ကျွန်တော်မပြောသင့်ဘူး..." စုန့်ချင်းရှုက ချန်ယွမ်ယွမ်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်သည်၊ "မိဖုရားကြီးစိတ်ချရအောင် ကျွန်တော် ခင်ဗျားတို့ကို တိုးတိုးလေးပြောပြမယ်၊ ခင်ဗျားကို နန်းတော်ထဲလွှတ်တာက နယ်စားမင်းက ဒီတစ်ခေါက်အပြစ်ဖြေဖို့အတွက် သူ့ရဲ့တောင်းပန်မှု့ကိုပြသဖို့ ဟန်ပြလုပ်တာသက်သက်ပဲ။ ဧကရာဇ်မင်းမြတ်ကလည်း ဒီအချက်ကိုနားလည်မှာပဲ၊ ဒါကြောင့် မင်းကို နန်းတော်ထဲမှာ အမြဲတမ်းထားမှာမဟုတ်ဘူး၊ ဒီကိစ္စပြီးသွားရင် ဧကရာဇ်က အကြောင်းပြချက်တစ်ခုခုရှာပြီး မင်းကိုပြန်ပို့မှာပါ"
"ဧကရာဇ်က ကျွန်မကို ဓားစာခံအဖြစ် ထိန်းထားခဲ့ရင်ရော!" အားခဲက စကားထွက်ပြီးမှ နောင်တရသွားသည်။ သူမသည် ပုံမှန်အားဖြင့် ဝူဆန်ကွေးသားအဖ ပုန်ကန်မည့်အကြောင်းတိုင်ပင်သည်ကို အများကြီးကြားဖူးရာ ဖခင်နှင့်ဧကရာဇ် တစ်နေ့နေ့တွင် ပြဿနာဖြစ်ကြမည်ကို နားလည်ထားသည်။ အကယ်၍ ထိုအချိန်တွင် သူမက နန်းတော်ထဲမှာရှိနေသေးလျှင် အလွန်ဆိုးရွားသောအဖြစ်ကိုကြုံရမည်မဟုတ်လား။
အားခဲ၏စကားကိုကြားသောအခါ ချန်ယွမ်ယွမ်နှင့် စုန့်ချင်းရှုတို့ မျက်နှာချင်းဆိုင်ကြည့်မိကြသည်။ ဝူဆန်ကွေးပုန်ကန်မည်ဆိုသည်မှာ လူတိုင်းသိနေသည့်ကိစ္စဖြစ်သော်လည်း အနည်းဆုံးတော့ အပေါ်ယံတွင် သင့်မြတ်မှုကိုထိန်းသိမ်းထားသေးသည်။ အားခဲက ဒီလိုစကားမျိုးကို တော်ဝင်ကိုယ်စားလှယ်ဖြစ်သော စုန့်ချင်းရှုရှေ့တွင် ပြောလိုက်သည်၊ အကယ်၍ ခန်းရှီနားထဲသာရောက်သွားရင် ဝူဆန်ကွေးက တကယ် ပုန်ကန်ဖို့ ရည်ရွယ်ချက်ရှိနေကြောင်းကို ပိုပြီး သက်သေပြလိုက်ရာ ရောက်သွားမည် မဟုတ်လား။
စုန့်ချင်းရှုက ခဏစဉ်းစားပြီးနောက် အားခဲကို စကားတစ်ခွန်းပြန်ပြောလိုက်ရာ သူမက စိတ်မပူတော့ပေ၊ "မင်းက မင်းအစ်ကိုမဟုတ်ဘူး" ။ ဆိုလိုရင်းမှာလည်း ရှင်းလင်းလှသည်။ အကယ်၍ ဝူယင်ရှုံသာ မြို့တော်သို့ရောက်လာလျှင် ခန်းရှီက သူ့ကိုဓားစာခံအဖြစ် တကယ်ထိန်းသိမ်းထားနိုင်သည်။ အားခဲက မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘယ်လောက်ပဲလှလှ မိန်းမတစ်ယောက်သာဖြစ်သည်။ မိသားစုထဲတွင် အရေးပါမှုသိပ်မရှိပေ။ ခန်းရှီက သူမလိုမိန်းကလေးတစ်ယောက်ကိုသုံးပြီး ဝူဆန်ကွေးကိုခြိမ်းခြောက်လျှင် ဘာအကျိုးသက်ရောက်မှုမှရှိမည်မဟုတ်သည့်အပြင် အားလုံး၏ကဲ့ရဲ့ခြင်းကိုသာ ခံရမည်ဖြစ်သည်။
"စုန့်လူကြီးမင်းက ဒီလိုပြောပြပေးတဲ့အတွက် ကျွန်မတို့ သားအမိနှစ်ယောက် တကယ်ပဲ ကျေးဇူးတင်ပါတယ်" ချန်ယွမ်ယွမ်၏ အသံသည် ချိုသာပြီး နူးညံ့သည်။ သူမ၏ ရေကဲ့သို့ကြည်လင်သောမျက်ဝန်းတစ်စုံဖြင့် စုန့်ချင်းရှုကို ကျေးဇူးတင်စွာတစ်ချက်ကြည့်လိုက်သည်။
“အနောက်ပိုင်းနယ်စားရှေ့မှာဆိုရင်တော့ ကျွန်တော် ဒီစကားတွေကို ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မိဖုရားရဲ့ လောကရဲ့ အလှဆုံး လှပမှုနဲ့ ကျက်သရေကို မြင်ရတဲ့အတွက် ကျွန်တော်က အရာရှိအမှု့ထမ်းလောကရဲ့ လိမ်လည်လှည့်ဖြားမှုတွေနဲ့ မိဖုရားကို မဆက်ဆံချင်တော့ဘူး" ဟု စုန့်ချင်းရှုက ပြောသည်။
"စုန့်အမတ်မင်းက နောက်နေတာပဲ၊ ကျွန်မက အသက်ကြီးပြီး ရုပ်ရည်လည်းကျနေပါပြီ၊ လောကမှာအလှဆုံးဆိုတဲ့ စကားလုံးလေးလုံးနဲ့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ" တစ်ဖက်လူ၏ချီးကျူးစကားကိုကြားရသောအခါ ချန်ယွမ်ယွမ်က ပါးစပ်ကိုအုပ်ကာ ခပ်ဖွဖွရယ်လိုက်ရင်း မျက်နှာတွင် ပန်းနုရောင်သွေးများဖြာသွားကာ မျက်ဝန်းများတောက်ပလာပြီး နှုတ်ခမ်းလေးများတဆတ်ဆတ်တုန်သွားကာ တစ်ခဏအတွင်း ဝမ်းနည်းမှုများပျောက်ကွယ်ပြီး အခန်းတစ်ခုလုံး ချစ်စဖွယ်အလှများဖြင့် ပြည့်နှက်သွားသည်။
"အမေက ဘယ်မှာအိုလို့လဲ၊ မယုံရင် စုန့်လူကြီးမင်းကိုမေးကြည့်၊ ကျွန်မတို့နှစ်ယောက် လမ်းပေါ်မှာအတူတူရပ်နေရင် ကျွန်မတို့ကို ညီအစ်မလို့ယုံတဲ့သူများမလား၊ သားအမိလို့ယုံတဲ့သူများမလား" အားခဲက ကိုယ့်အလှကိုကိုယ်ယုံကြည်မှုရှိသော်လည်း မိခင်ဖြစ်သူကိုတော့ အမြဲတမ်းအရှုံးပေးခဲ့သည်။ မိခင်၏လက်မောင်းကိုဖက်ကာ အားခဲက ချန်ယွမ်ယွမ်၏ပခုံးပေါ်သို့ ခေါင်းလေးကိုညင်သာစွာမှီလိုက်ပြီး စုန့်ချင်းရှုကိုခေါင်းစောင်းကာ ပြုံးပြုံးလေးဖြင့် "စုန့်လူကြီးမင်း၊ တစ်ခုခုပြောပါဦး"
"အားခဲမင်းသမီး၊ ကျွန်တော်က မင်းသမီးကို လောကရဲ့အလှဆုံးလို့ထင်ထားတာ၊ ဒါပေမဲ့ မင်းသမီးရဲ့ ဒီအစ်မလေးက မင်းသမီးထက်တောင် ပိုလှလိမ့်မယ်လို့ ဘယ်တော့မှမထင်ထားခဲ့ဘူး" စုန့်ချင်းရှု၏ အတည်ပေါက်ပုံစံဖြင့်ပြောသော စကားတစ်ခွန်းက တစ်ဖက်မှ အလှဘုရင်မနှစ်ယောက်၏ မျက်နှာကို နီရဲသွားစေသည်။
ထို့နောက် သုံးယောက်သား ခဏကြာအောင် စကားပြောပြီးနောက် အားခဲသည် စုန့်ချင်းရှုနှင့်အတူ မြို့တော်သို့ လိုက်သွားရန် နောက်ဆုံးတွင် သဘောတူလိုက်သည်။ သို့သော်လည်း သူမ၏ မိခင်ကို ခွဲခွာရန် ဝမ်းနည်းနေသောကြောင့် ကျန်ရှိသော အချိန်များကို သူမ၏ မိခင်နှင့်အတူ နေရန် တောင်းဆိုလိုက်သည်။
စုန့်ချင်းရှုက ရှန်ဟိုင်ကွမ်းမှထွက်ခွာမည့်နေ့တွင် အားခဲကိုလာခေါ်မည်ဟု သားအမိနှစ်ဦးကို ကတိပေးပြီးနောက် နှုတ်ဆက်ထွက်ခွာလာခဲ့သည်။
မြို့ထဲသို့ပြန်ရောက်သောအခါ ဝူဆန်ကွေးထံသို့ လူလွှတ်၍သတင်းပို့ပြီးနောက် စုန့်ချင်းရှုက နေဝင်ချိန်ကို တိတ်တဆိတ်စောင့်ဆိုင်းနေသည်။ ဆန်းရှန့်ဘုရားကျောင်းရှိရာဘက်သို့ အဝေးမှလှမ်းမျှော်ကြည့်ရင်း စိတ်ထဲမှ "ဒီအလံပြာတပ်ရဲ့ 'လေးဆယ့်နှစ်ခန်းကျမ်း' ကိုသာရရင် မင်းသားပေါင်ဟုန်လီဆီက တစ်အုပ်ပဲလိုတော့တယ်... ရှောင်အာရဲ့အတွင်းခံပေါ်မှာ ပန်းထိုးထားတဲ့ ကျမ်းရှစ်အုပ်ရဲ့ ရတနာမြေပုံကတော့ သူ့အိတ်ထဲကပစ္စည်းလို့ မသိစိတ်က သတ်မှတ်ထားပြီးသားပင်”