စုန့်ချင်းရှုက မိခင်ဖြစ်သူကို စူးစိုက်ကြည့်နေသည်ကိုမြင်လျှင် အားခဲသည် ဟမ့် ခနဲအသံပြုလိုက်သည်။
စုန့်ချင်းရှု သတိပြန်ဝင်လာပြီး "နယ်စားမင်းမိဘုရား၊ ကျွန်တော်စုန့် ရိုင်းပြမိသွားပါတယ်၊ မိဖုရားကြီးက သတင်းတွေထဲကထက်တောင် ပိုပြီးလှလိမ့်မယ်လို့ မထင်ထားဘူး" ဟု အရိုအသေပြန်ပေးလိုက်သည်။
ဤသို့သောစကားများကို ချန်ယွမ်ယွမ် အများကြီးကြားဖူးနေပြီဖြစ်၍ သိပ်အလေးမထားဘဲ "အပုပ်ကောင်တစ်ခုပါပဲ၊ ဒီလိုပုံစံမျိုးနဲ့ မွေးဖွားလာခဲ့လို့ ကမ္ဘာတစ်ဝှမ်းလုံးကို ဒုက္ခရောက်စေခဲ့တာကြောင့် နောင်တရတယ်" ဟု ခပ်ရေးရေးပြုံးကာပြောလိုက်သည်။ ဤသို့ပြောရင်း မျက်ဝန်းများနီရဲလာပြီး မျက်ရည်ကျချင်သလိုဖြစ်သွားသည်။
ဘေးမှအားခဲက စုန့်ချင်းရှုစကားတစ်ခွန်းကြောင့် မိခင်ဖြစ်သူမျက်ရည်ကျသွားသည်ကိုမြင်သောအခါ "ရှင် တကယ်မသိတာလား၊ ဟန်ဆောင်မသိတာလား၊ နယ်စားမိဖုရားက တခြားတစ်ယောက်ပါ၊ ကျွန်မရဲ့ အမေ မဟုတ်ဘူး..." ဟု ဒေါသတကြီးပြောလိုက်သည်။
ချန်ယွမ်ယွမ်၏ မျက်နှာသည်လည်း အနည်းငယ် ရှက်ရွံ့သွားသည် ။ တစ်ချိန်က သူမကို ဝူဆန်ကွေးက ရွှေငွေများစွာပေး၍ဝယ်ယူခဲ့ပြီး အလွန်ချစ်ခင်ခဲ့သည်။ ထို့အပြင် ဝူဆန်ကွေးက သူမအတွက် တစ်လောကလုံးကမုန်းတီးသည့် ဟန် သစ္စာဖောက်ကြီးဖြစ်ခဲ့ရာ သူမ၏ရင်ထဲတွင် အမှန်ပင် ထိမိခဲ့သည်။ သူ့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ရန် ကြံရွယ်ခဲ့သော်လည်း ဝူစန်းကွေးက မန်ချူးတို့၏ နယ်စားမင်းအဖြစ်ခန့်အပ်ခံရပြီးနောက် သူမ၏ပြည့်တန်ဆာမျိုးရိုးနောက်ခံကို စိုးရိမ်ခဲ့သည်။ သူမကို နန်းတွင်းမှခန့်အပ်သည့် ဂုဏ်ထူးဆောင်မိဖုရားအဖြစ်တင်မြှောက်လျှင် လူအများကဲ့ရဲ့မည်ကို စိုးရိမ်ခဲ့သည်။ ချန်ယွမ်ယွမ်က သူ့စိတ်ကိုသိသွားသောအခါ နှလုံးသားတစ်ခုလုံး အေးစက်သွားပြီး မြို့ပြင်ရှိ ဆန်းရှန့်ကျောင်းတွင် ဆံပင်မရိတ်ဘဲ သီလရှင်ဝတ်ရန် ကိုယ်တိုင်တောင်းဆိုခဲ့ရာ ဝူဆန်ကွေးကလည်း အလိုက်သင့်ခွင့်ပြုခဲ့သဖြင့် ယခုကဲ့သို့အခြေအနေဖြစ်လာခဲ့သည်။
"မိဖုရားက ဘာလို့ ဒီလိုနာမည်ဂုဏ်ပုဒ်လေးတစ်ခုကို ဂရုစိုက်နေရတာလဲ၊ နှစ်ပေါင်းရာချီကြာသွားရင် အခုလက်ရှိနယ်စားမိဖုရားက ဘယ်သူလဲဆိုတာ ဘယ်သူမှတ်မိတော့မှာလဲ။ သူတို့က မိဖုရားကိုပဲ တကယ့်နယ်စားမိဖုရားအစစ်လို့ ထင်ကြမှာပါ" ဟု စုန့်ချင်းရှုက တည်ကြည်စွာပြောလိုက်သည်။
ဤနှစ်များတစ်လျှောက် သူမစိတ်ထိခိုက်မည်စိုး၍ မည်သူမျှသူမရှေ့တွင် နာမည်ဂုဏ်ပုဒ်ကိစ္စကို မပြောရဲခဲ့ပေ။ ချန်ယွမ်ယွမ်ကိုယ်တိုင်လည်း မကြာခဏဆိုသလို ကိုယ့်ကိုယ်ကိုယ်သနားမိခဲ့သည်။ ယနေ့ စုန့်ချင်းရှု၏ ဆန်းသစ်သောရှုထောင့်မှ ဖြေရှင်းပေးမှုကြောင့် စိတ်ထဲတွင် အလွန်ပေါ့ပါးသွားသည်ကိုတွေ့ရပြီး နှုတ်ခမ်းကိုစေ့ကာပြုံးလိုက်သည်၊ သူမက ခပ်ရေးရေးပြုံးလိုက်သည်– "သီလရှင်က မယဉ်ကျေးခဲ့ပါဘူး။ စုန့်လူကြီးမင်းကို အတော်ကြာအောင် မတ်တပ်ရပ်ခိုင်းထားခဲ့တယ်။ အမြန်ထိုင်ပါ၊ ဧည့်သည်တော်အတွက် လက်ဖက်ရည် ပြင်ပေးပါ"
အားခဲက စုန့်ချင်းရှုစကားအနည်းငယ်ဖြင့် မိခင်ဖြစ်သူကို ပြုံးပျော်သွားအောင်လုပ်နိုင်သည်ကိုမြင်သောအခါ မကျေမနပ်ဖြင့် "ရှင်က နှစ်ပေါင်းရာချီကြာပြီးနောက်ကိစ္စကို ဘယ်လိုလုပ်သိရမှာလဲ" ဟုဆိုသည်။
"ကျွန်တော်က နှစ်ပေါင်းရာချီအကြာကနေ လာခဲ့တာလေ၊ ဒါကြောင့်သိတာပေါ့" စုန့်ချင်းရှု၏လေသံတွင် တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့ ပြည့်နှက်နေသည်။
အားခဲက သူ့ကိုဆက်မပြောချင်တော့ဘဲ ချန်ယွမ်ယွမ်ကိုတွဲကာ တစ်ဖက်တွင်ဝင်ထိုင်လိုက်သည်။
မကြာမီ အစေခံက လက်ဖက်ရည်ယူလာသည်။ စုန့်ချင်းရှုက အဖုံးကိုဖွင့်လိုက်သောအခါ မွှေးရနံ့တစ်ခု နှာခေါင်းထဲတိုးဝင်လာပြီး ခွက်ထဲတွင် စိမ်းစိုနေသော လုံကျင်းလက်ဖက်ခြောက်အသစ်စက်စက်ကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့်အပြုံးတစ်စက်ပေါ်လာပြီး စိတ်ထဲမှ "ဒီလုံကျင်းလက်ဖက်ခြောက်က ကျန်းနန်ကနေ ဒီကိုသယ်လာတာ၊ ဈေးကတော်တော်ကြီးမှာပဲ၊ ချန်ယွမ်ယွမ်ရဲ့ သီလရှင်ဘဝက တကယ်ကို ကြွယ်ဝတာပဲ" ဟုတွေးလိုက်သည်။ အစေခံက နောက်ထပ် ယွန်းဗန်းတစ်ခုကိုကိုင်ကာ ဗန်းပေါ်တွင် ပန်းကန်ဖြူရှစ်ခုပါပြီး ထင်းရှူးစေ့သကြားလုံး၊ သစ်ကြားသီးကိတ်မုန့်၊ သစ်ကြားသီးအချပ်များ၊ နှင်းဆီကိတ်မုန့်၊ သကြားဆမ်းဗာဒံစေ့၊ ပဲစိမ်းကိတ်မုန့်၊ နှင်းပွင့်မုန့်နှင့် သစ်ကြံပိုးပျားရည်သကြားလုံးတို့ ပါဝင်ပြီး ဆူးကျိုး အချိုပွဲများ ဖြစ်ကာ အလွန်လှပသည်။
ဟေ့၊ ကျွန်မရဲ့အမေက ရှင်ကို ကောင်းကောင်းဧည့်ခံတာကို ရှင်က မျက်နှာက လှောင်ပြုံး ပြုံးနေတယ်၊ တကယ်ကို ယဉ်ကျေးမှု့မရှိတာပဲ!" အားခဲသည် သူ့ကို စိုက်ကြည့်နေသောကြောင့် သူ၏ အမူအရာကို သတိပြုမိသောအခါ ဒေါသတကြီးဖြင့် ပြောသည်။
စုန့်ချင်းရှုက သူမကိုဂရုမစိုက်ဘဲ ချန်ယွမ်ယွမ်ကိုကြည့်ကာ "ကျွန်တော်ဘာလို့ရယ်လဲဆိုတာ မိဖုရားသိလား" ဟုမေးလိုက်သည်။
ချန်ယွမ်ယွမ်က နားမလည်နိုင်ဖြစ်ကာ ခေါင်းခါပြလိုက်သည်။
စုန့်ချင်းရှုက ထရပ်လိုက်ပြီး လက်ဖက်ရည်စားပွဲပေါ်မှ ကြေးနီအမွှေးတိုင်ထည့်သည့်အိုးကို လက်ညှိုးထိုးပြလိုက်သည်။ အလယ်တွင် မီးခိုးငွေ့တစ်မျှင်က ဖြည်းညှင်းစွာတက်နေသည်။ "ကျွန်တော်က နန်းတွင်းကိုယ်ရံတော် ဒုတိယအကြီးအကဲဆိုတော့ အမွှေးတိုင်အကြောင်း နည်းနည်းပါးပါးသိပါတယ်။ ဒီထဲမှာရှို့နေတာက စန္ဒကူးအမွှေးနံ့သာဖြစ်ပြီး၊ မယ်တော်ကြီးနဲ့ ဧကရာဇ်တို့ရဲ့ အခန်းတွေမှာတောင် ဒီလောက်ကောင်းတဲ့ဟာမျိုးကို မသုံးကြပါဘူး။ တကယ်ဆိုရင် စိတ်ကိုတည်ငြိမ်အေးချမ်းစေဖို့ အကောင်းဆုံးပဲ၊ ဒါပေမဲ့ မိဖုရားကြီးက အခု သီလရှင်တစ်ပါးလို နေထိုင်နေတာကို ဒီလိုမျိုး အဖိုးတန်တဲ့ အမွှေးတိုင်မျိုးကို သုံးတာက နည်းနည်းတော့ မဟုတ်သေးဘူး။
“ကျောက်ဆောင်ကြီးက ရေညှိတွေတက်နေပေမယ့် နှလုံးသားမှထွန်းညှိသော အမွှေးတိုင်တစ်တိုင်က လိုဏ်ဂူကိုဖွင့်ပေးနိုင်သည်' ဆိုသလိုပဲ၊မိဖုရားစိတ်ထဲမှာသာ ယုံကြည်မှုရှိရင် ဗုဒ္ဓရဲ့လမ်းစဉ်ကို အလိုလိုနားလည်နိုင်မှာပါ၊ ဘာလို့ ပြင်ပပစ္စည်းတွေကို အားကိုးနေရမှာလဲ"
ချန်ယွမ်ယွမ် မျက်နှာအနည်းငယ်ပူသွားသည်။ တစ်ဖက်လူက ယဉ်ကျေးစွာပြောနေသော်လည်း လေသံထဲတွင် လှောင်ပြောင်သည့်အငွေ့အသက်များပါနေသည်။ အစေခံကို အထူးတလည်ပြင်ဆင်ခိုင်းထားသည့် မုန့်နှင့်လက်ဖက်ရည်ကို ပြန်ကြည့်လိုက်သောအခါ ကိုယ့်ကိုယ်ကို ပို၍နည်းလမ်းမကျဟု ခံစားမိသည်။ တစ်ချိန်က ချင်ဟွိုင်မြစ်ကမ်းနားမှ အလှဘုရင်မရှစ်ယောက်ထဲက တစ်ယောက်ဖြစ်ခဲ့စဉ်က ချန်ယွမ်ယွမ်သည် မင်းညီမင်းသား၊အရာရှိ အမျိုးမျိုးကြားတွင် ကျင်လည်ခဲ့ရာ ဧည့်ခံဆက်ဆံရေးတွင် ဤသို့သောအမှားမျိုးကို ဘယ်တော့မှမလုပ်ခဲ့ပေ။ အသက်ကြီးလာသည်နှင့်အမျှ အရည်အသွေးများက မသိမသာကျဆင်းသွားသည်ဟု မထင်ထားခဲ့ပေ။
"သခင်လေးရဲ့ လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်၊ ယွမ်ယွမ်က ဒီလောက်နှစ်တွေကြာတာတောင် ဗုဒ္ဓကျမ်းစာတွေထဲက တရားဓမ္မတွေကို ဘာလို့တစ်ပိုင်းတစ်စပဲနားလည်လဲလို့ အံ့ဩနေတာ၊ စိတ်ထဲမှာ ယုံကြည်မှုမရှိလို့ကိုး" ချန်ယွမ်ယွမ်က ထရပ်ပြီး အရိုအသေပေးလိုက်သည်။
စုန့်ချင်းရှုက သူမပြုံးလိုက်သောအခါ တောက်ပသွားပြီး၊ ဝမ်းနည်းသောအခါ နူးညံ့ကြင်နာဖွယ်ဖြစ်သွားသည်ကိုမြင်သောအခါ စိတ်ထဲတွင် သနားချစ်ခင်စိတ်များပြည့်လျှံလာပြီး သူမ၏လက်မောင်းနှစ်ဖက်ကို အလျင်အမြန်ဆွဲကိုင်ကာ ညင်သာစွာထူပေးလိုက်သည်၊ "မိဖုရားက ပုံမှန်အားဖြင့် ဘယ်လိုဗုဒ္ဓကျမ်းစာတွေကို ဖတ်လေ့ရှိလဲ"
ချန်ယွမ်ယွမ်သည် ယောက်ျားတစ်ယောက်နှင့် နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ထိတွေ့မှုမရှိခဲ့ရာ စုန့်ချင်းရှု၏အထိအတွေ့ကြောင့် မျက်နှာအနည်းငယ်နီရဲသွားပြီး ဖြူဖွေးနူးညံ့သောအသားအရေပေါ်တွင် ပန်းနုရောင်သွေးများဖြာသွားကာ ကျောက်စိမ်းဖြူပေါ်တွင် ပန်းနုရောင်ခြယ်လိုက်သကဲ့သို့ဖြစ်သွားသည်။ "စုန့်လူကြီးမင်းကို ရယ်စရာဖြစ်မှာစိုးပေမဲ့ ကျွန်မက ကျင်းကန်ကျင်း(စိန်သုတ္တန်)၊ လော့ကျူထန်ကျင်း (ဆဋ္ဌမမြောက်ဆရာတော်၏ကျမ်း) ၊ တီကျန့်ကျင်း၊ ပြီးတော့ လေးဆယ့်နှစ်ခန်းကျမ်း တွေကိုဖတ်ဖူးပါတယ်
စုန့်ချင်းရှုက စကားစပ်မိ၍မေးလိုက်ခြင်းဖြစ်သော်လည်း 'လေးဆယ့်နှစ်ခန်းကျမ်း' ၏သတင်းကို ကြားလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ချက်ချင်းပင် မသိမသာဖြင့် "စိန်သုတ္တန်တစ်အုပ်လုံးမှာ တစ်ဝက်က လူ့ဘဝအကြောင်း ပြောပြီး ကျန်တစ်ဝက်က ပညတ်တရားအကြောင်း ပြောထားတာကြောင့် နားလည်ရ ခက်ခဲပါတယ်။ (ဒီနေရာမှာဘာသာပြန်က အနည်းငယ်ကွဲလွဲနိုင်ပါတယ်) 'ဆဋ္ဌမမြောက်ဆရာတော်၏ကျမ်း' ရဲ့ အဓိကအချက်က ကိုယ်တိုင်သဘောတရားကို သိမြင်ပြီး ဘုရားအဖြစ်သို့ ရောက်ရှိခြင်း'ပဲ။ ဒီ 'သဘောတရား' ဆိုတဲ့စကားလုံးတစ်လုံးတည်းကပဲ လူအများအပြားကို ရှုပ်ထွေးစေနိုင်ပါတယ်။ တီကျန့်ကျင်းကတော့ ငရဲမကုန်သရွေ့ ဘုရားအဖြစ်ကို မခံယူဘူး၊ ဝိညာဉ်အားလုံးကို ကယ်တင်ပြီးမှ ဘုရားအဖြစ်ကို ရရှိမယ်' လို့ ပြောထားတာက ဆန္ဒက ကြီးမားပေမယ့် မျှော်လင့်ချက် မရှိစေပါဘူး။ လေးဆယ့်နှစ်ခန်းကျမ်းနဲ့ ပတ်သက်ရင်တော့ နားလည်ရ လွယ်ကူတယ်လို့ပဲ ကျွန်တော် ကြားဖူးပါတယ်၊ အကြောင်းအရာတွေကိုတော့ မဖတ်ဖူးသေးပါဘူး။ မိဖုရားမှာ စာအုပ်ရှိရင် ကျွန်တော့်ကို တစ်ချက်လောက် ကြည့်ခွင့်ပေးနိုင်မလား?"
"လူကြီးမင်းက တကယ်ကို ဉာဏ်ပညာကြီးမားပါတယ်။ ဘာသာရေးကျမ်းစာတွေမှာတောင် နက်ရှိုင်းတဲ့ ဗဟုသုတတွေ ရှိနေတာပဲ" ချန်ယွမ်ယွမ်သည် စုန့်ချင်းရှုကို အံ့သြစွာ ကြည့်လိုက်ပြီးနောက် နောက်သို့ လှည့်ကာ အမိန့်ပေးသည် "အားခဲ၊ အမေ့ကုတင်ပေါ် ခေါင်းအုံးဘေးက 'လေးဆယ့်နှစ်ခန်းကျမ်း' ကို သွားယူပြီး စုန့်လူကြီးမင်းကို ကြည့်ခိုင်းလိုက်ပါ" ဟုမှာလိုက်သည်။
"ဟုတ်ကဲ့" အာခယ်သည် နားထောင်နေရတာ စိတ်ရှုပ်လာသောကြောင့် အတွင်းခန်းသို့ အလျင်အမြန် ပြေးဝင်သွားပြီး မကြာခင်တွင် စာအုပ်ကို ပြန်ယူလာသည်။
"တကယ်ပဲ အလံပြာတပ်ရဲ့ 'လေးဆယ့်နှစ်ကျမ်း' ပဲ" စုန့်ချင်းရှုက စိတ်ထဲမှတွေးလိုက်ပြီး တစ်ဖက်လူသံသယမဝင်စေရန် ခဏတာ မသိမသာလှန်လှောကြည့်ပြီးနောက် ကျမ်းစာကိုပြန်ပေးလိုက်သည်၊ "အကြောင်းအရာက တကယ်ပဲ ရိုးရှင်းပြီး ရှင်းလင်းတယ်"
ချန်ယွမ်ယွမ်က ခေါင်းညိတ်ပြုံးလိုက်သည်၊ "ဟုတ်တယ်၊ ကျွန်မလည်း ဒီကျမ်းစာကိုဖတ်ရတာ အလွယ်ဆုံးလို့ထင်တယ်"
စုန့်ချင်းရှုက သီလရှင်ဝတ်ရုံဝတ်ထားသော သူမနှင့် တရားဓမ္မအကြောင်းဆွေးနွေးနေသည်ကိုမြင်သောအခါ စိတ်ထဲတွင် အနည်းငယ်ရယ်ချင်သွားသည်။ စကားစမြည်ပြောပြီးနောက် "တကယ်တော့ ကျွန်တော်ဒီတစ်ခေါက်လာတာက အားခဲမင်းသမီးလေးကို ပြန်ခေါ်ဖို့ပါ" ဟုဆိုလိုက်သည်။
"ဟမ့်! တကယ်တော့ ရှင်တို့ရဲ့အမှားကို ကျွန်မလိုမိန်းကလေးတစ်ယောက်ကို အပြစ်ခံခိုင်းနေတာ၊ ကျွန်မကတော့ သေတောင် နန်းတော်ထဲမဝင်ဘူး" သူ့စကားကိုကြားသောအခါ အားခဲ၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသည်။
ချန်ယွမ်ယွမ်က သူမ၏တစ်သက်တာလုံးခံစားခဲ့ရသော ကဲ့ရဲ့မှုများကို ပြန်တွေးမိပြီး စိတ်ထဲတွင် ကိုယ်ချင်းစာသွားသည်၊ "စုန့်လူကြီးမင်း၊ နယ်စားမင်းကိုပြန်လျှောက်ပေးပါ၊ ကျွန်မက အားခဲကို မြို့တော်ကို ပို့ဖို့ ဘယ်တော့မှသဘောတူမှာမဟုတ်ဘူး"