အစေခံအဖြစ်ဆိုသည်မှာ ဝူဆန်ကွေးက ယဉ်ကျေးအောင်ပြောခြင်းသာဖြစ်သည်။ သူက မျက်နှာကို ထိန်းသိမ်းရသေးသည်၊ သမီးကို ဧကရာဇ်မင်းမြတ်ထံ ကိုယ်လုပ်တော်အဖြစ် ဆက်သသည်ဟု တိုက်ရိုက်ပြောလျှင် တစ်လောကလုံးက ပြက်ရယ်ပြုကြမည်ကို စိုးရိမ်သည်။
"အားခဲ" သူမ၏ အလွန်လှပသောရုပ်ရည်ကို စဉ်းစားမိသောအခါ စုန့်ချင်းရှုက သူမကို နန်းတော်ထဲပို့ရန် နှမြောစိတ်ပင်ဖြစ်သွားသည်။ သေချာစဉ်းစားပြီးနောက် ၎င်း၏ နောက်ကွယ်ရှိ အကျိုးဆက်များကို နားလည်သွားပြီး ခေါင်းညိတ်လိုက်သည် "ဒီလိုလုပ်တာ အကောင်းဆုံးပဲ။ နယ်စားမင်းမှာ တကယ်ကို နိုင်ငံခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ စိတ်နေစိတ်ထားရှိတယ်။ ဒီလို ကြီးမားတဲ့ ဘေးဒုက္ခတစ်ခုကို စကားအနည်းငယ်နဲ့ အပြီးတိုင် ဖယ်ရှားပစ်လိုက်တာပဲ" ဟု ခေါင်းညိတ်ကာဖြေလိုက်သည်။
ဝူဆန်ကွေး၏ တင်းမာနေသောမျက်နှာသည် နောက်ဆုံးတွင် အနည်းငယ်ပြုံးနိုင်လာသည်၊ "စုန့်ဗိုလ်ချုပ် မြို့တော်ပြန်ရောက်ရင် ဧကရာဇ်မင်းမြတ်ရှေ့မှာ ကျွန်တော်တို့သားအဖအတွက် စကားကောင်းကောင်းပြောပေးပါဦး" ဟုဆိုကာ လှပသောချည်ထည်ဘူးတစ်ခုကို ထိုးပေးလိုက်သည်။ စုန့်ချင်းရှုက ယခင်တစ်ခါကထက် ပို၍တန်ဖိုးကြီးမှန်း သတိပြုမိလိုက်သည်။ ဝူဆန်ကွေးက ဒီဘေးအန္တရာယ်ကြီးကို ငြိမ်းအေးစေရန် အကြီးအကျယ်အိတ်စိုက်ရမည်ဟု ထင်မိသည်။
"နယ်စားမင်း သစ္စာရှိတာကို ကျွန်တော်သိပါတယ်၊ ပြန်ရောက်ရင် ဧကရာဇ်မင်းမြတ်ကို အားလုံးရှင်းပြမှာပါ၊ တရားခံအစစ်က ဖူခန်းအန်ဆိုတဲ့ကောင်ပဲ" စုန့်ချင်းရှုက တစ်ဖက်လူ၏လာဘ်ထိုးမှုကို မငြင်းခဲ့ပေ။ တစ်ဖက်လူကို စိတ်အေးစေသလို ကိုယ်တိုင်လည်း အမြတ်ရသည်၊ ဘာကြောင့်မလုပ်ဘဲနေမလဲ။ သူ ခန်းရှီကို ဘယ်လိုပြောမယ်ဆိုတာက သူ့ကိစ္စသာ ဖြစ်သည်။ ဝူစန်းကွေးက သူ့ကို ပြန်ကိုက်နိုင်မှာ မဟုတ်ပေ။
"ဒါဆိုရင်တော့ စုန့်ဗိုလ်ချုပ်ကို ဒုက္ခပေးရပါဦးမယ်" စုန့်ချင်းရှုက သူ၏ လက်ဆောင်ကို ယူလိုက်သည်ကို မြင်သောအခါ ဝူစန်းကွေးသည် နောက်ဆုံးတွင် စိတ်ချလက်ချဖြစ်သွားပြီး သက်ပြင်းချရန် ပြင်လိုက်သောအခါ အပြင်မှ အစောင့်တစ်ဦး ထိတ်ထိတ်ပျာပျာပြေးဝင်လာသည်။
"နယ်စားမင်း၊ မကောင်းတော့ဘူး၊ မင်းသမီးလေး အိမ်ကထွက်ပြေးသွားပြီ!"
ဝူဆန်ကွေး ထိတ်လန့်သွားသည်။ အားခဲကို နန်းတော်ပို့မယ်ပြောပြီးကာမှ သူမကထွက်သွားသည်၊ ကိစ္စကြီးပျက်ပြီမဟုတ်လား။
ဝူဆန်ကွေး၏ အလျင်စလိုရှင်းပြချင်နေသည့်ပုံစံကိုမြင်သောအခါ စုန့်ချင်းရှုက "နယ်စားမင်းက မင်းသမီးလေး ကိစ္စကို အရင်သွားရှင်းပါ၊ ကျွန်တော် ဒီမှာ နယ်စားမင်းပြန်လာတာကို စောင့်နေပါ့မယ်" ဟုပြောလိုက်သည်။
ဝူဆန်ကွေးက မူလက သူ့ကိုအပြင်ထွက်စောင့်ခိုင်းချင်သော်လည်း စုန့်ချင်းရှုက အရင်စကားစလိုက်သဖြင့် ခေါင်းညိတ်ကာ "စုန့်ဗိုလ်ချုပ် ဒီမှာခဏနားပါ၊ ကျွန်တော် ခဏသွားပြီး ပြန်လာခဲ့ပါ့မယ်" ဟုပြောပြီး အလျင်စလိုအပြင်သို့ပြေးထွက်သွားသည်။
ဝူဆန်ကွေး တံခါးဝတွင်ပျောက်ကွယ်သွားသည်ကိုမြင်သောအခါ စုန့်ချင်းရှုက မျက်နှာပေါ်မှအပြုံးမှာ ပျောက်ကွယ်သွားပြီး စာကြည့်ခန်းထဲတွင် သေချာရှာဖွေတော့သည်။
အတော်ကြာအောင်ရှာဖွေသော်လည်း ဘာမှမတွေ့ရ၊ လျှို့ဝှက်အံဆွဲတစ်ခုပင်မတွေ့။ စုန့်ချင်းရှုက စိတ်မလျှော့သေးဘဲ ကျားဖြူသားရေချပ်ကို လှန်ကြည့်ရာ အောက်မှကြမ်းပြင်သည်လည်း မြေအောက်ခန်း မရှိပေ။ " ဘာလို့ မူရင်းဇာတ်လမ်းထဲမှာ ဝေရှောင်ပေါင်က စာအုပ်စားပွဲပေါ်တင်ထားတဲ့ လေးဆယ့်နှစ်ခန်းကျမ်းကို တစ်ချက်ကြည့်ရုံနဲ့တွေ့ပြီး ငါက တီဗီဇာတ်လမ်းထဲက ထပ်ဖြည့်ထားတဲ့ နေရာတွေအကုန်ရှာတာတောင် မတွေ့ရတာလဲ၊ ငါ့မှာ တကယ်ပဲ ဇာတ်လိုက်ကံကြမ္မာ မပါလို့လား"
အခန်းထဲမှပစ္စည်းများကိုကြည့်ရင်း စုန့်ချင်းရှုက ခေါင်းကိုက်စွာဖြင့် “Ctrl+f(ကွန်ပျုတာမှာပါတဲ့ တစ်ခုခုရှာချင်ရင်သုံး) သာသုံးလို့ရရင် ဘယ်လောက်ကောင်းမလဲ" ဟုရေရွတ်နေသည်။ ဝူဆန်ကွေးပြန်လာသည့်အသံကြားသောအခါ စုန့်ချင်းရှု ဆက်လက်ရှာဖွေရန်အတွေးကို ဖျောက်လိုက်ရသည်။
"တကယ်ကိုအားနာပါတယ်၊ စုန့်ဗိုလ်ချုပ်ကို အကြာကြီးစောင့်ခိုင်းမိပြီ" ဝူဆန်ကွေးက အခန်းထဲဝင်ဝင်ချင်း တောင်းပန်လိုက်သည်။
"နယ်စားမင်း အားနာစရာမလိုပါဘူး၊ အားခဲမင်းသမီးကို တွေ့ပြီလား" ဟု စုန့်ချင်းရှုက မေးလိုက်သည်။
"မတွေ့သေးပေမဲ့ သူအခုဘယ်မှာရှိလဲဆိုတာ စုံစမ်းသိရှိပြီးပါပြီ၊ ဒါပေမဲ့၊ ဒါပေမဲ့..." ပြောရင်းပြောရင်း ဝူဆန်ကွေးက ရုတ်တရက် တုံ့ဆိုင်းသွားသည်။
"နယ်စားမင်းမှာ ပြောရခက်တဲ့ကိစ္စများ ရှိနေလို့လား။ ကျွန်တော့် အကူအညီလိုရင် ပြောပါ” ဟု စုန့်ချင်းရှုက ပြောလိုက်သည်။
သူသည် ဝူဆန်ကွေးထံမှ ကြီးမားသော လက်ဆောင်တစ်ခုကို လက်ခံထားသောကြောင့် ဘာမျှ မလုပ်ပေးဘဲ မနေနိုင်ပေ။
“ဒီတစ်ကြိမ်တော့ စုန့်လူကြီးမင်းကို တကယ်ပဲ အားကိုးရတော့မယ်” ဝူဆန်ကွေးက ခါးသီးစွာ ပြုံးလိုက်သည်။ “အားခဲရှိတဲ့ နေရာကို ကျွန်တော် သွားဖို့ အဆင်မပြေဘူး၊ ကျွန်တော့် လက်အောက်ခံတွေ သွားလည်း အကျိုးမရှိဘူး”
"ရှန်ဟိုင်ကွမ်းထဲမှာ ဒီလိုထူးဆန်းတဲ့နေရာမျိုးရှိသေးတာလား" စုန့်ချင်းရှုက အံ့ဩစွာဖြင့် ဝူဆန်ကွေးကို တစ်ချက်ကြည့်လိုက်သည်။
ဆန်ကွေးက ရှင်းပြရတော့သည်၊ "အားခဲ အမေရဲ့ အခြေအနေက ထူးခြားတယ်။ အားခဲကိုမွေးပြီးမကြာခင်မှာပဲ မြို့ပြင်က ဆန်းရှန့်(သူတော်စင်သုံးကျောင်း)ကျောင်းမှာ ဆံပင်မရိတ်ဘဲ သီလရှင်လိုနေထိုင်တယ်။ ကိုယ်တိုင်လည်း အာဏာနဲ့ ဂုဏ်သိက္ခာကို ထောက်ထားပြီး သူမနဲ့မတွေ့ဖြစ်တာ နှစ်တွေအတော်ကြာပြီ။ အခု အားခဲက နန်းတော်ထဲပို့ခံရမယ်ကြားတော့ သူ့အမေဆီကို ထွက်ပြေးသွားတာ"
စုန့်ချင်းရှု၏စိတ်ထဲတွင် လှုပ်ရှားသွားသည်၊ "နယ်စားမင်းပြောတာ တစ်ခေတ်တစ်ခါက ကမ္ဘာပေါ်မှာအလှဆုံးအမျိုးသမီး ချန်ယွမ်ယွမ်ကို ဆိုလိုတာလား"
တခြားယောက်ျားတစ်ယောက်က သူ့အပိုင်မိန်းမအကြောင်းကို ပြောဆိုနေသည်ကိုကြားရသောအခါ ဝူဆန်ကွေးက နှာခေါင်းကိုပွတ်သပ်ရင်း စကားမပြောပဲ ခြောက်ကပ်ကပ်ရယ်လိုက်သည်။
"စစ်သည်ခြောက်သိန်းလုံး ဝမ်းနည်းပူဆွေးငိုကြွေးကြစဉ်၊ ချစ်သူအတွက် ဒေါသထွက်ပြီး အရာရာကို စွန့်လွှတ်ခဲ့တာ” ဆိုတဲ့နယ်စားမင်းရဲ့ တစ်ချိန်က သူရဲကောင်းပီသမှုကို ကျွန်တော်အမြဲတမ်းလေးစားခဲ့ပါတယ်" ဟု စုန့်ချင်းရှုက လေးနက်စွာဆိုသည်။
ဝူဆန်ကွေး၏မျက်နှာတွင် မကျေနပ်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး "စုန်ဗိုလ်ချုပ် လှောင်စရာမလိုပါဘူး" ဟု လေးနက်စွာဟောက်လိုက်သည်။ တစ်ချိန်က ချင်စစ်တပ်ကို တံခါးဖွင့်ပေးခဲ့ခြင်းသည် သူ့ဘဝ၏အကြီးမားဆုံးနောင်တဖြစ်ရာ စုန့်ချင်းရှုက ထိုအကြောင်းကိုပြန်ဖော်လာသောအခါ စိတ်မထိန်းနိုင်ဖြစ်သွားသည်။
"နယ်စားမင်း အထင်လွဲနေပါပြီ၊ ကျွန်တော်က တကယ်ကို စိတ်ရင်းအမှန်နဲ့ပြောတာပါ" စုန့်ချင်းရှု၏မျက်နှာသည် တည်ကြည်နေသည်၊ "လူတွေက နယ်စားမင်းကို မိန်းမတစ်ယောက်အတွက်နဲ့ ဟန်တိုင်းပြည်ကို သစ္စာဖောက်တယ်လို့ပဲ အပြစ်တင်ကြပေမယ့် လီကျစ်ချန်ရဲ့ အမြင်ကျဉ်းမြောင်းမှုကို ဘယ်သူမှ အပြစ်မတင်ကြဘူး၊ လယ်သမားစစ်တပ်က ဖျက်ဆီးတာနဲ့ လုယက်တာကလွဲရင် ဘာကိုမှနားလည်တာမဟုတ်ဘူး။ အဲ့ဒီတုန်းကသာ လီကျစ်ချန်က သူ့လက်အောက်ငယ်သားတွေကို ထိန်းချုပ်ပြီး နယ်စားမင်းရဲ့မိသားစုကို ကောင်းကောင်းဆက်ဆံခဲ့ရင် နယ်စားမင်းက ချင်မင်းဆက်ကို လက်နက်ချဖို့အထိ အခြေအနေရောက်လာမှာမဟုတ်ဘူး။ နောက်ဆုံးမှာတော့ ဟန်လူမျိုးတွေက ဟန် သစ္စာဖောက်လို့ အပြစ်တင်တာကို ခံခဲ့ရတယ်။ ကျွန်တော့်အမြင်မှာတော့ နယ်စားမင်းက ချစ်ရသူတစ်ယောက်အတွက် တစ်ကမ္ဘာလုံးရဲ့ အပြစ်တင်တာကို ခံယူခဲ့တယ်၊ ဒါမှသာ တကယ့် ယောက်ျားကောင်းပဲ"
ဤစကားများက ဝူဆန်ကွေး၏မျက်နှာကို တဆတ်ဆတ်တုန်စေပြီး သူ၏ အမူအရာက တစ်ခါတစ်ရံ စိတ်ဆိုးဟန်၊ တစ်ခါတစ်ရံ ဝေဝါးဟန်၊ တစ်ခါတစ်ရံ သက်သာရာရဟန်ဖြစ်ပြီး နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားကာ လေးနက်သော အသံဖြင့် "စုန့်ဗိုလ်ချုပ်၊ အခုကျွန်တော်တို့အားလုံးက ချင်မင်းဆက်ရဲ့အမှုထမ်းတွေပဲ၊ တချို့စကားတွေကို ဆင်ခြင်ပြီးပြောပါ" ဟုဆိုသည်။
"နယ်စားမင်းစိတ်ထဲမှာ ဘယ်လိုပဲတွေးနေပါစေ၊ ကျွန်တော်ခုနကပြောတာတွေက တကယ့်ရင်ထဲကလာတဲ့စကားတွေပါ" စုန့်ချင်းရှုက လက်ယှက်ကာ အရိုအသေပေးလိုက်သည်၊ "ဒါဆိုရင် ကျွန်တော် ဆန်းရှန့်ဘုရားကျောင်းကို အရင်သွားပြီး အားခဲမင်းသမီးလေးကို ပြန်ခေါ်လာပါ့မယ်"
"ကောင်းပြီ၊ စုန်ဗိုလ်ချုပ်ကို ဒုက္ခပေးရတာ အားနာပါတယ်၊ အားလုံးက ကျွန်တော့်ဆန္ဒဖြစ်ကြောင်း သူတို့သားအမိကို ပြောပြလိုက်ပါ" ဟု ဝူဆန်ကွေးက မှာလိုက်သည်။
နယ်စားစံအိမ်မှထွက်လာပြီး စုန့်ချင်းရှုက ဆန်းရှန့်ကျောင်းသို့ မြင်းစီးလာခဲ့သည်။ လမ်းတစ်လျှောက်တွင် အလွန်တိတ်ဆိတ်နေသည်ဟု ခံစားရသောကြောင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စိတ်ထဲမှ "ဒါက ဝူဆန်ကွေးရဲ့ပရိယာယ်များလား၊ လမ်းမှာချောင်းမြောင်းတိုက်ခိုက်ပြီး ငါ့ကိုလုပ်ကြံချင်တာလား" ဟု သတိကြီးစွာတွေးလိုက်သည်။ ထို့နောက် မြင်းအရှိန်ကိုလျှော့ချပြီး ပတ်ဝန်းကျင်ကို သတိဖြင့်အကဲခတ်နေလိုက်သည်။
"ဆန်းရှန့်ဘုရားကျောင်း" ဟုရေးထားသော ဆိုင်းဘုတ်ရှိသည့် ကျောင်းတိုက်ငယ်လေးတစ်ခုသို့ရောက်သည်အထိ ဘာလှုပ်ရှားမှုမှမရှိမှ စုန့်ချင်းရှုက အနည်းငယ်သက်ပြင်းချနိုင်တော့သည်။ တံခါးတွန်းဖွင့်ဝင်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်တစ်မှုန်မရှိ သန့်ရှင်းနေပြီး ကွက်လပ်ထဲတွင် လက်ဖက်ပင်အချို့နှင့် ခရမ်းရောင်ပန်းပင်တစ်ပင်ကို စိုက်ထားသည်။ ကျောင်းဆောင်အလယ်တွင် အဖြူရောင်ဝတ်စုံဖြင့် အလွန်လှပသော ကွမ်ရင်ရုပ်ပွားတော်တစ်ဆူကို ကိုးကွယ်ထားသည်။ ရုပ်ပွားတော်၏ ပုံသဏ္ဌာန်သည် အလွန်လှပပြီး ကြည်ညိုဖွယ်ကောင်းသော်လည်း လူသားဆန်သောနှစ်သက်ဖွယ် အလှသုံးဆပါဝင်နေသည်။ စုန့်ချင်းရှုက စိတ်ထဲတွင် "ကမ္ဘာ့အလှဆုံးမိန်းမနဲ့ အတူနေတာကြာတော့ ရုပ်ပွားတော်တောင် လောကီအလှတရားတွေ ကူးစက်သွားတာလား" ဟု တွေးလိုက်သည်။
မလှမ်းမကမ်းမှ ခြေသံများကို ကြားလိုက်ရပြီး အမျိုးသမီးတစ်ဦးသည် စုန့်ချင်းရှုဆီသို့ လျှောက်လာသည်။ သူမက လက်အုပ်ချီပြီး ဦးညွှတ်လိုက်သည် "သီလရှင် ကျင်းကျစ်က စုန့်လူကြီးမင်းကို အရိုအသေပြုပါတယ်" သူမ၏ အသံသည် နူးညံ့ပြီး ဆူးကျိုးဒေသလေယူလေသိမ်းဖြင့် ပြောသည်။
ဤအမျိုးသမီးသည် အသက်လေးဆယ်ခန့်ရှိပြီး အဝါနုရောင်ဝတ်ရုံ(သီလရှင်ဝတ်စုံ)ကိုဝတ်ဆင်ထားသည်။ သူမ၏ မျက်ခုံးများနှင့် မျက်လုံးများသည် ပန်းချီကားတစ်ချပ်လို လှပပြီး ဖော်ပြ၍မရနိုင်လောက်အောင် ရှင်းလင်းလှပသည်။ စုန့်ချင်းရှုက အားခဲသည် တိုင်းပြည်ကိုပင် ပျက်စီးစေနိုင်လောက်အောင်လှသည်ဟု ထင်ထားသော်လည်း ဤအမျိုးသမီးနှင့်ယှဉ်လိုက်သောအခါ သူမ၏ အလှ သုံးပုံတစ်ပုံခန့် မှေးမှိန်သွားသည်ကို တွေ့ရသည်။
အားခဲသည် ထိုသီလရှင်၏ဘေးတွင်ရပ်ကာ သူမ၏လက်ကိုကိုင်ရင်း စုန့်ချင်းရှုကို မေးစေ့လေးမော့ကာ အောင်နိုင်သူအပြုံးဖြင့် ကြည့်နေသည်။ စုန့်ချင်းရှုသည် ရုပ်ရည်တူညီသော အလှဘုရင်မနှစ်ယောက် အတူတကွရပ်နေသည်ကိုမြင်သောအခါ အချင်းချင်းအလှကို ထပ်ဆင့်မြှင့်တင်ပေးနေသဖြင့် သားအမိထက် ညီအစ်မနှင့်ပိုတူနေသည်ဟုထင်ကာ ခဏတာ ငေးမောသွားသည်။