"ဘာကြောင်ကြည့်နေကြတာလဲ။ သွားမယ်"
ဝေရှောင်ပေါင်က ဘေးမှလူများကို မျက်စောင်းထိုးကာ သူ၏လက်အောက်ငယ်သားများကိုခေါ်ပြီး အန်းဖုဥယာဉ်သို့ အလျင်အမြန် ပြေးသွားတော့သည်။
စေ့စပ်ထားသောဇနီးသည် အစော်ကားခံရသည်ကိုကြားရသောအခါ ဝူယင်ရှုံ၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသည်။ ဝူဆန်ကွေးမှာမူ အတွေ့အကြုံများသူဖြစ်ရာ ယခုအချိန်တွင် သူ၏စိတ်ထဲတွင် သံသယများပြည့်နှက်နေပြီး ဝူယင်ရှုံကို အလျင်အမြန်ပြောလိုက်သည် "မင်းစိတ်မလောနဲ့။ ဒါက ဝေရှောင်ပေါင် အားခဲကို ဖူခန်းအန်ကလုသွားလို့ မကျေနပ်ဘဲ တမင်အကွက်ဆင်တာဖြစ်နိုင်တယ်။ ငါတို့အရင်လိုက်သွားပြီး အခြေအနေကိုကြည့်ရအောင်"
အားခဲသည် အခန်းတွင်းမှ သတင်းကြား၍ အလျင်အမြန်ပြေးထွက်လာပြီး စိုးရိမ်သောမျက်နှာဖြင့်မေးသည်။ "ကျွန်မအတွင်းမှာ ကြားတာတော့ သခင်လေးဖူက... ယောင်းမကို... စော်ကားလိုက်တယ်လို့........အစေခံတွေပြောဒါကြားတယ်.......ဒါတကယ်လား"
"လျှောက်မပြောနဲ့"
ဝူဆန်ကွေး၏မျက်နှာသည် ညို့မှိုင်းနေပြီး အမိန့်ပေးလိုက်သည်။ "အဲ့ဒီအတင်းပြောတဲ့အစေခံကို ဆွဲထုတ်ပြီးခေါင်းဖြတ်လိုက်။ အိမ်တော်ကကျန်တဲ့လူတွေလည်း ဒီကိစ္စကို တိတ်တဆိတ်ဆွေးနွေးဝံ့ရင် သေဒဏ်ပေးမယ်"
အိမ်တော်မှလူအားလုံးသည် ကြောက်ရွံ့တုန်လှုပ်သွားပြီး ဝူဆန်ကွေးသားအဖသုံးယောက်က ကိုယ်ရံတော်တပ်ဖွဲ့နှင့်အတူ ဝေရှောင်ပေါင်တို့နောက်သို့ လိုက်ပါသွားသည်ကို ငေးကြည့်နေကြတော့သည်။
စုန့်ချင်းရှုသည် တမင်တကာ အရှိန်ကိုထိန်းထားသဖြင့် ဝူဆန်ကွေး၏အဖွဲ့သည် အမှီလိုက်လာနိုင်ခဲ့သည်။ နှစ်ဖွဲ့စလုံးသည် စကားများများမပြောဘဲ အန်းဖုခန်းမသို့ တိုက်ရိုက်သွားကြသည်။
အန်းဖုခန်းမထဲသို့ ဝင်ဝင်ချင်းမှာပင် ဖူခန်းအန်၏လက်အောက်ငယ်သားများက သူတို့ကို တားဆီးလိုက်သည် "ဘယ်သူတွေလဲ?""
အမှန်ပင် ဖူခန်းအန်၏လက်အောက်ငယ်သားများဖြစ်နေသည်။ ဝူဆန်ကွေး၏စိတ်ထဲတွင် လေးလံသွားပြီး မြင်းကိုရှေ့သို့တိုးကာ မေးလိုက်သည် "ဖူခန်းအန် အထဲမှာရှိသလား"
ဝူဆန်ကွေး၏မျက်နှာကို မှတ်မိသွားသောအခါ ဖူခန်းအန်၏လက်အောက်ငယ်သားတစ်ဦးက လန့်သွားပြီး ယနေ့တွင် ပြဿနာကြီးတစ်ခုကြုံတွေ့ရတော့မည်ကို သိလိုက်သည်။ ချက်ချင်းပင် ရယ်မောပြီး “နယ်စားမင်းပါလား။ ကျွန်တော်မျိုးက ဖူစစ်သူကြီးကို လာရောက်ကြိုဆိုဖို့ လူစေလွတ်ပြီးအကြောင်းကြားလိုက်ပါ့မယ်” ဟု ပြောလိုက်သည်။ ပြောပြီးသည်နှင့် ဘေးမှ လူတစ်ဦးကို အထဲသို့ အကြောင်းကြားရန် အချက်ပြလိုက်သည်။
"မလိုဘူး"
စုန့်ချင်းရှုက အသံမာမာဖြင့်အော်လိုက်ပြီး လက်ကိုတစ်ချက်လှည့်ကာ ထိုလူကို တိုက်ရိုက်ဆွဲယူပြီး ဘေးသို့ပစ်ချလိုက်သည်။ "အရင်ဆုံး ချည်ထားလိုက်"
တုံ့ဆိုင်းနေပြီးနောက် တစ်ဖက်မှ အင်အားတောင့်တင်းသော အဖွဲ့နှစ်ဖွဲ့ကိုကြည့်ကာ ဖူခန်းအန်၏လက်အောက်ငယ်သားများသည် အင်အားသုံးတားဆီးရန် လက်လျှော့လိုက်ပြီး အတွင်းမှလူများ သတင်းရကာ အခြေအနေကို အမြန်ဆုံးရှင်းလင်းနိုင်ပါစေဟုသာ စိတ်ထဲတွင် ဆုတောင်းနေတော့သည်။
ယုကျန်းဇီနှင့် ထျန်ကွေနုံတို့သည် ခြံဝင်းထဲတွင် ထိုင်၍ ရယ်မော စနောက်နေကြစဉ် ရုတ်တရက် လူအုပ်ကြီးဝင်လာသည်ကိုမြင်သောအခါ လက်နက်များကိုအလျင်အမြန်ကိုင်ကာ အခန်းတံခါးရှေ့တွင် ရပ်၍ ကာကွယ်လိုက်ကြသည်။
"ယုကျန်းဇီ၊ ထျန်ကွေနုံ”
“ဖူခန်းအန် အခန်းထဲမှာရှိသလား"
ဧကရာဇ်က လက်ထပ်ပေးမည့် သူ၏ မင်းသမီးသည် အခန်းထဲတွင် အရှက်ရနေပြီဖြစ်သည်ကို တွေးလိုက်သောအခါ ဝူယင်ရှုံ၏ အဆုတ်သည် ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်လာသည်။ သူသည် လူအုပ်ကြားမှ ထွက်လာပြီး မေးခွန်းထုတ်သည်။
“မင်းသားဝူ၊ အထင်မလွဲပါနဲ့၊ မင်းသားဖူက မင်းသမီးနဲ့ အရက်သောက်ပြီး စကားပြောနေရုံပါပဲ”
ယုကျန်းဇီက အလျင်အမြန်ရှင်းပြသည်။
"မလုပ်ပါနဲ့... အင်း..."
ထိုအချိန်တွင် အတွင်းမှ ငိုရှိုက်သံပါသော အမျိုးသမီးတစ်ဦး၏အသံ ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုထူးခြားသောညည်းသံကို ကြားလိုက်ရသောအခါ ထိုနေရာရှိ ယောက်ျားများအားလုံး ဘာဖြစ်နေသည်ကို မသိသူမရှိတော့ပေ။
စုန့်ချင်းရှု၏မျက်နှာသည် ချက်ချင်းပြောင်းလဲသွားပြီး ရှေ့ဆုံးမှ ပြေးဝင်သွားသည်။ ယုကျန်းဇီက အလျင်စလိုလက်လှမ်းကာ သူ့ကိုတားရန်ကြိုးစားသော်လည်း စုန့်ချင်းရှု၏သိုင်းကွက်တစ်ကွက်ကြောင့် မီတာအနည်းငယ်အကွာသို့ လွင့်စဉ်သွားသည်။ တံခါးကို ကန်ဖွင့်လိုက်သောအခါ အခန်းထဲမှမြင်ကွင်းသည် လူတိုင်း၏မျက်စိထဲသို့ ချက်ချင်းဝင်ရောက်လာသည်။
ဖူခန်းအန်သည် မင်းသမီး၏ငြင်းဆန်မှု့က အားနည်းပျော့ညံ့နေသည်ကိုတွေ့သောအခါ သူမက ဟန်ဆောင်နေသည်ဟုသာ ထင်နေခဲ့သည်။ နောက်ဆုံးတွင် သူမ၏ အသံတွင် ငိုသံပါလာသည်ကို ကြားရသော်လည်း အလေးအနက် မထားပေ။ သူမ၏ တော်ဝင်မျိုးနွယ်မင်းသမီး ဟူသော ဂုဏ်ပုဒ်ကိုတွေးမိသောအခါ ပို၍ပင် ထူးခြားသောခံစားမှုမျိုး ဖြစ်ပေါ်လာသည်။
အခန်းတံခါးကို ကန်ဖွင့်လိုက်သောအချိန်တွင် ဖူခန်းအန်သည် မင်းသမီး၏ကိုယ်ပေါ်တွင် မှောက်လျက်ရှိနေသည်။ ခြံဝင်းထဲမှလူများကိုမြင်လိုက်သောအခါ သူ၏ဦးနှောက်သည် ရမ္မက်ထနေသောအခြေအနေမှ ရုတ်တရက်လန့်နိုးလာပြီး သူ့အောက်မှမင်းသမီးကိုကြည့်ကာ ယနေ့ကိစ္စသည် ကောင်းမွန်စွာပြီးဆုံးနိုင်တော့မည်မဟုတ်ကြောင်း သိလိုက်သည်။ ဤနေရာတွင် ဆက်ရှိနေလျှင် သူ၏အသက်ပင် ဆုံးရှုံးသွားနိုင်သောကြောင့် လျောင်တုန်းနယ်၏ စစ်သေနာပတိချုပ်တစ်ဦးအနေဖြင့် ဖူခန်းအန်သည် ချက်ချင်းဆုံးဖြတ်ချက်ချကာ လက်အောက်ငယ်သားများကို သူ့အားကာကွယ်ရန် အော်ခေါ်လိုက်သည်။ "သွားမယ်"
ပြောပြီးသည်နှင့် သူသည် အခြားတစ်ဖက် ပြတင်းပေါက်မှ ခုန်ထွက်သွားသည်။ စုန့်ချင်းရှုသည် သူ့ကို မတားဆီးဘဲ အမြန်ဆုံး ရှေ့သို့သွားကာ စောင်ကို ဆွဲယူပြီး ကျန်းနင်၏ ကိုယ်ပေါ်တွင် ဖုံးအုပ်ပေးလိုက်သည်– "ကျွန်တော်မျိုး ရောက်လာတာ နောက်ကျသွားပါတယ်၊ မင်းသမီး ခွင့်လွှတ်ပါ!"
သို့သော် ကျန်းနင်သည် သူ့ကိုတစ်ချက်မျှမကြည့်ဘဲ တံခါးဝမှဝေရှောင်ပေါင်ကိုသာ စိုက်ကြည့်နေသည်။ သူမ၏အကြည့်သည် ကြောက်စရာကောင်းလောက်အောင် အေးစက်နေသည်။
"F၊u၊c၊k..."
အမြဲတမ်းယဉ်ကျေးသိမ်မွေ့သော ဝူယင်ရှုံပင်လျှင် မထိန်းနိုင်ဘဲ ဆဲဆိုလိုက်သည်။ မိမိနှင့်လက်မထပ်ရသေးသောဇနီးဖြစ်သူကို အခြားယောက်ျားတစ်ယောက်က ဤမျှလူအများရှေ့တွင် စော်ကားသွားသည်ကိုတွေးမိသောအခါ နောင်တွင် သူသည် တစ်သက်လုံး... အခြားသူများ၏ လှောင်ပြောင်သံများကြားတွင် အသက်ရှင်နေရတော့မည်ကို တွေးမိသည်။
"ငါ့နောက်လိုက်ခဲ့" ဟု ပြောပြီးနောက် သူ၏ ကိုယ်ရံတော်အဖွဲ့ကို ခေါ်ကာ ဖူခန်းအန် ထွက်ပြေးသွားရာဘက်သို့ လိုက်ရန် ပြင်သည်။
"ပြန်လာခဲ့"
"ခမည်းတော်" ဝူယင်ရှုံက စိုးရိမ်ပူပန်စွာဖြင့် ဝူဆန်ကွေးကို ကြည့်လိုက်သည်။
ဝူစန်းကွေးက ဖူခန်းအန်သည် လူအများရှေ့တွင် မင်းသမီးကို စော်ကားခဲ့သောကြောင့် ဖုံးကွယ်၍မရနိုင်ကြောင်း၊ ၎င်းသည် သေဒဏ်ထိုက်သော ပြစ်မှုဖြစ်ကြောင်း ကောင်းစွာသိသည်။ ဝူယင်ရှုံက သူ့ကို ဖမ်းမိပါက သတ်ရမည်လား၊ မသတ်ရမည်လားကို သူ မသိပေ။
မသတ်လျှင် တစ်ကမ္ဘာလုံးက ဝူဆန်ကွေးကို လှောင်ပြောင်ကြလိမ့်မည်။ စစ်သည်သိန်းပေါင်းများစွာကိုပိုင်ဆိုင်သော်လည်း ချွေးမလောင်းအစော်ကားခံရတာတောင် ဘာမှမလုပ်ရဲဟု အပြောခံရမည်ဖြစ်ပြီး နောင်တွင် မည်သို့မျက်နှာဖြင့် တိုင်းပြည်ကိုအုပ်ချုပ်နိုင်တော့မည်နည်း။ ဖူခန်းအန်ကိုသတ်လိုက်ပါက မင်းသားပေါင်နှင့် အပြီးတိုင် ရန်သူဖြစ်သွားမည်ဖြစ်သည်။ ဖူခန်းအန်သည် မင်းသားပေါင်၏ အချစ်ဆုံးသားဖြစ်ရာ ထိုအခါ ဟုန်လီသည် သူ့အတွက် လက်စားချေရန် စစ်ချီလာမည်မှာ သေချာသည်။ နှစ်ဖက်စလုံး ကြိုးစားတည်ဆောက်ထားသော နန်းတော်နှင့်သုံးပွင့်ဆိုင်အခြေအနေသည် လုံးဝပြိုကွဲသွားပြီး နှစ်ဖက်တိုက်ခိုက်ကြလျှင် နောက်ဆုံးတွင် အမြတ်ထွက်သူမှာ မြို့တော်မှခန်းရှီသာဖြစ်ပေလိမ့်မည်။
စဉ်းစားလေလေ ခန်းရှီ၏ပရိယာယ်ဖြစ်နိုင်သည်ဟု တွေးမိလေလေဖြစ်သော်လည်း မျက်မြင်ကိုယ်တွေ့ဖြစ်သောကြောင့် ဝူဆန်ကွေးသည် ဖူခန်းအန်က စိတ်လွတ်သွားခြင်းလည်း ဖြစ်နိုင်သည်ဟု ဝန်ခံရပေတော့မည်။
ဘေးနားမှအားခဲ၏မျက်လုံးများတွင် မျက်ရည်များဝေ့နေပြီး ပါးစပ်ကိုအုပ်ကာ ရှေ့မှမြင်ကွင်းကို မယုံနိုင်စွာကြည့်နေသည်။ ကျန်းနင်မင်းသမီး၏ မျက်ရည်စများနှင့် မြေပြင်ပေါ်မှ စုတ်ပြဲနေသောအဝတ်အစားများသည် ဖူခန်းအန်က အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ထင်ရှားစွာပြသနေသည်။ သူမစိတ်ထဲမှ ဖူခန်းအန်၏ ခန့်ညားထည်ဝါသောပုံရိပ်သည် ရုတ်တရက်ပြိုလဲသွားသည်။
"ကျွန်မ ဒီလိုအရှက်မရှိတဲ့ ယုတ်မာတဲ့လူနဲ့ ဘယ်တော့မှလက်မထပ်ဘူး"ဟု
စကားတစ်ခွန်းထဲပြောပြီးနောက် အားခဲသည် ငိုယိုကာ အပြင်သို့ပြေးထွက်သွားသည်။
သို့သော် ထိုအချိန်တွင် မည်သူမျှသူမကို ဂရုမစိုက်နိုင်ပေ။ ဝူဆန်ကွေးက ရဲတင်းစွာရှေ့ထွက်လာပြီး သူ၏ရက်စက်သောအကြည့်များဖြင့် အခင်းဖြစ်ပွားရာနေရာရှိ အစောင့်များကို တစ်ပတ်လှည့်ကြည့်ကာ နှာခေါင်းကိုပွတ်သပ်ရင်း ပြောလိုက်သည်။ "ဒီနေ့ကိစ္စကို အပြင်မှာ သတင်းစကားတစ်စွန်းတစ်စကြားရရင် ဘယ်သူပဲဖြစ်ဖြစ်၊ မင်းတို့အားလုံးကို ငါကိုယ်တိုင် ငရဲကို ပို့ပေးမယ်"
အစောင့်များအားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိတ်ထဲတွင်ကြောက်ရွံတုန်လှုပ်သွားပြီး အလျင်အမြန်ပြန်ဖြေသည်
"ဟုတ်ကဲ့"
"နယ်စားမင်း ဒါဘာသဘောလဲ" စုန့်ချင်းရှု အပြင်သို့ ထွက်လာပြီး သူ၏ အသံတွင် အေးစက်နေသည်။ "မင်းသမီးက အခုလိုစော်ကားခံခဲ့ရတာတောင် နယ်စားမင်းက တရားခံကိုဖမ်းဖို့မစဉ်းစားဘဲ အမှန်တရားကိုဖုံးကွယ်ဖို့ စဉ်းစားနေတာလား"
ယခုတစ်ကြိမ်တွင် ဝူယင်ရှုံပင်လျှင် ထိုသို့ခံစားရပြီး သူ၏ဖခင်ကို ဒေါသတကြီးစိုက်ကြည့်နေသည်။
"အဲ၊ ဒီမှာစကားပြောရတာ အဆင်မပြေဘူး။ ကျွန်တော့်မှာ အမတ်ကြီးတို့နှစ်ဦးနဲ့ အရေးတကြီးကိစ္စဆွေးနွေးစရာရှိတယ်"
ဝူဆန်ကွေး၏မျက်နှာသည် တုန်ရီနေပြီး စုန့်ချင်းရှုနှင့် ဝေရှောင်ပေါင်အနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
စုန့်ချင်းရှုက မင်းသမီးကို နောက်ပြန်လှည့်ကြည့်ကာ အံကြိတ်၍
"ကောင်းပြီ၊ ကျွန်တော့်နောက်လိုက်ခဲ့ပါ"
ပြောပြီးနောက် သူ့ကို အနီးအနားမှအခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားသည်။
"စုန့်သခင်၊ ရှင့်ကိုယ်တိုင်ပဲ အလုံးစုံကိုင်တွယ်လိုက်ပါ။ ဝေရှောင်ပေါင်ကတော့ ဒီမှာပဲနေခဲ့ပါ၊ ကျွန်မ သူ့ကိုပြောစရာရှိတယ်"
ထိုအချိန်တွင် မင်းသမီးကျန်းနင်၏အသံ ထွက်ပေါ်လာသည်။
ဝေရှောင်ပေါင် စိတ်ထဲမှညည်းတွားလိုက်ပြီး ခဏနေလျှင် ကျန်းနင်က သူ့ကိုအပြစ်တင်မေးမြန်းတော့မည်ကိုသိ၍ စုန့်ချင်းရှုကို အကူအညီတောင်းသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မင်းသမီး စိတ်ထိခိုက်သွားပုံရတယ်၊ အရှင်ဝေက ဒီမှာပဲနေပြီး မင်းသမီးကို နှစ်သိမ့်ပေးတာ ကောင်းပါတယ်”
စုန့်ချင်းရှု၏အသံကိုကြားသောအခါ ဝေရှောင်ပေါင်သည် ဒေါသထွက်လွန်း၍ အံကြိတ်မိသော်လည်း မင်းသမီး၏အခန်းထဲတွင်သာ နေခဲ့ရတော့သည်။
"အားလုံး အပြင်ကိုထွက်ကြ။ ငါနဲ့အရှင်ဝေ ရဲ့အမိန့်မရှိဘဲ ဘယ်သူမှအန်းဖုဥယာဉ်ကနေ ထွက်သွားခွင့်မရှိဘူး"
အခန်းတံခါးမှထွက်လာပြီး ခြံဝင်းထဲတွင် လူများပြည့်နှက်နေသည်ကိုမြင်လျှင် စုန့်ချင်းရှုက မျက်မှောင်ကြုတ်ကာ အစောင့်များကို မောင်းထုတ်လိုက်သည်။
အနောက်ပိုင်းနယ်စား၏ ကိုယ်ရံတော်တပ်မှူး ယန်ယိကျစ်သည် ဝူဆန်ကွေးက တိတ်တဆိတ်ခေါင်းညိတ်ပြသည်ကိုမြင်လျှင် သူ၏လက်အောက်ငယ်သားများကိုခေါ်ကာ နန်းတွင်းကိုယ်ရံတော်များနှင့်အတူ မင်းသမီးရှိရာခြံဝင်းမှဆုတ်ခွာကာ အန်းဖုဥယာဉ်၏ စစ်လေ့ကျင့်ရေးကွင်းတွင် စောင့်ဆိုင်းနေလိုက်သည်။
စုန့်ချင်းရှုက ဝူဆန်ကွေးသားအဖကို အခြားအခန်းတစ်ခန်းသို့ခေါ်ဆောင်သွားပြီး လေးနက်သောအသံဖြင့်ပြောသည်။ "နယ်စားမင်းမှာ ဘာများအကြံပြုစရာရှိပါသလဲ"
ဝူဆန်ကွေးက "အခုမဖြစ်သင့်တာတွေ ဖြစ်ပြီးသွားပြီ။ ကျွန်တော်တို့က ဒီကိစ္စရဲ့အကျိုးသက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားသင့်တယ်။ ဖူခန်းအန်ကို ပေါ်ပေါ်ထင်ထင်ဖမ်းဆီးရင် သတင်းပြန့်သွားပြီး ဒီအရှက်ရစရာကိစ္စက နန်းတော်ရဲ့ပုံရိပ်ကို မလွဲမသွေထိခိုက်စေမှာပဲ"
"ပြီးတော့ မင်းသားပေါင်က စစ်သည်သိန်းပေါင်းများစွာကို ကိုင်စွဲထားပြီး မြောက်ပိုင်းမှာ မွန်ဂိုတွေကို ကာလရှည်ကြာခုခံနေတာ။ ကျွန်တော်တို့က ဖူခန်းအန်ကို လက်လွတ်စပယ်သတ်လိုက်ရင် မင်းသားပေါင်က ပုန်ကန်ဖို့ဖြစ်လာနိုင်တယ်။ ဒါက ကျွန်တော်တို့ ချင်နိုင်ငံအတွက် မကောင်းဘူး။ ဧကရာဇ်မင်းမြတ်လည်း ဒီအခြေအနေကို မြင်ချင်မှာမဟုတ်ဘူးလို့ ထင်တယ်"
"ဒါဆို ဖူခန်းအန်ကို ဒီအတိုင်းလွှတ်ပေးလိုက်ရမှာလား"
စုန့်ချင်းရှုက အေးစက်စွာရယ်မောသည်။ "မင်းသမီးက ခင်ဗျားဆီမှာ ပြဿနာတက်တာ။ အစကတည်းက ဖူခန်းအန်က ရှန်ဟိုင်ကွမ်းမှာရှိနေတယ်ဆိုတာ ကျွန်တော်တို့မသိဘူး။ ခင်ဗျားတို့ အနောက်ပိုင်းနယ်စားအိမ်တော်က တာဝန်မကင်းဘူး"
"ဟုတ်ပါတယ်၊ ဖူခန်းအန်ကိုတော့ လွှတ်ပေးမှာမဟုတ်ဘူး"
သူ၏မေးခွန်းများကြောင့် ဝူဆန်ကွေး၏စိတ်ထဲတွင် မကျေမချမ်းဖြစ်နေသည်။ စိတ်ထဲတွင် 'ငါတို့သားအဖက အကြီးမားဆုံးနစ်နာသူတွေမဟုတ်လား။ တကယ်ကို ဇနီးလည်းဆုံးရှုံး၊ စစ်တပ်လည်းဆုံးရှုံးဆိုသလိုပဲ' ဟု တွေးနေသော်လည်း ရှင်းပြရသည်"ကျွန်တော်တို့က အခြေအနေကိုအရင်တည်ငြိမ်အောင်လုပ်ပြီးမှ ဧကရာဇ်မင်းမြတ်ကို ဆုံးဖြတ်ခိုင်းမယ်။ သူက ဖူခန်းအန်ကို ဘယ်လိုအပြစ်ပေးဖို့ပြင်ဆင်သည်ဖြစ်စေ ကျွန်တော်တို့အနောက်ပိုင်းနယ်စားအိမ်တော်က ဧကရာဇ်မင်းမြတ်ဘက်မှာ မားမားမတ်မတ်ရပ်တည်ပါ့မယ်"
ဝူဆန်ကွေးက စိတ်ထဲတွင်တွေးသည် 'ဒီပူလောင်နေတဲ့ အာလူးကို ခန်းရှီဆီကိုသာ ပစ်ပေးလိုက်နိုင်ရင် ငါကတောင်ပေါ်ထိုင်ပြီး ကျားနှစ်ကောင်သတ်တာကို ကြည့်နေလို့ရပြီ။ အဲ့ဒီအချိန်ကျရင် ဘယ်ဘက်မှာရပ်တည်မလဲဆိုတာ စကားတစ်ခွန်းထဲဖြင့်ဆုံးဖြတ်နိုင်သည်။
ထိုအချိန်တွင် မင်းသမီး၏ခြံဝင်းဘက်မှ ရုတ်တရက်အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ မကြာမီမှာပင် အစောင့်တစ်ဦး ထိတ်လန့်တကြားပြေးဝင်လာသည်။ "မင်းသမီး... မင်းသမီးက ဝေအရှင်ကို သတ်လိုက်ပြီ... ကိုယ်တိုင်လည်း အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတယ်"