"ဖောက်ပြန်တယ်၊ ဖောက်ပြန်တယ်၊ မင်းအမေနဲ့ ဖောက်ပြန်တာလား၊ မင်းက ငါ့ကို တခြားယောက်ျားနဲ့ သွားအိပ်ခိုင်းတယ်..." ကျန်းနင်သည် ကြားလိုက်သည်နှင့် ဒေါသပေါက်ကွဲကာ ဘေးနားရှိခေါင်းအုံးကိုကောက်ကိုင်ပြီး ဝေရှောင်ပေါင်ကို ပစ်ပေါက်လိုက်သည်။ သူမသည် ပုံမှန်အားဖြင့် ဆုံးမမည့်သူမရှိသဖြင့် ဆဲဆိုလျှင် ဤသို့ပင် ရိုင်းစိုင်းလှသည်။
"မင်းကို တကယ်ကြီး ဖူခန်းအန်နဲ့ တစ်ခုခုလုပ်ခိုင်းတာမှ မဟုတ်တာ" ဝေရှောင်ပေါင်က ရှောင်တိမ်းရင်း ရှင်းပြသည်၊ "ဝူယင်ရှုံ အထင်မှားအောင် ဟန်ဆောင်ရုံပဲ။ ငါက အရေးကြီးတဲ့အချိန်မှာ လူခေါ်ပြီး ဝင်လာမှာပါ၊ မင်းတကယ်အသားယူခံရမှာမဟုတ်ဘူး"
"တကယ်လား" ကျန်းနင်သည် လှုပ်ရှားမှုများကိုရပ်တန့်လိုက်ပြီး မျက်လုံးပြူးကြီးများဖြင့် ကြည့်လိုက်သည်။
"အင်း၊ မင်း ကိုလိမ်ရင် ငါက လိပ်ဖြစ်ပါစေ " ဝေရှောင်ပေါင်က စိတ်မလုံစွာဖြင့် ကျိန်ဆိုလိုက်သည်။ သူသည် ပုံမှန်အားဖြင့် ဘယ်လိုကျိန်ဆိုသည်ဖြစ်စေ လမ်းကြောင်းရှာကာ ကတိကိုရှောင်လွှဲ၍ လိမ်ညာကျိန်ဆိုတတ်သူဖြစ်သည်။ ထို့ကြောင့် ကျင်းယုံဝတ္ထုလောက၏ မပြောင်းလဲသောနိယာမဖြစ်သည့် "ကျိန်စာတိုင်း တကယ်ဖြစ်လာသည်" ဆိုသောအရာသည် သူ့အပေါ်သို့ တစ်ခါမှကျရောက်ခဲ့ခြင်းမရှိပေ။ ယခုတစ်ကြိမ် စိတ်ထဲတွင်မသိုးမသန့်ဖြစ်နေသောကြောင့် ကျိန်စာတွင် အလိမ်အညာထည့်ရန် မေ့သွားခဲ့ရာ နောင်တစ်ချိန်တွင် ဤကျိန်စာသည် အမှန်တကယ်ဖြစ်လာခဲ့သည်။ သို့သော် ၎င်းသည် နောက်ပိုင်းကိစ္စဖြစ်သဖြင့် ယခု လောလောဆယ် ဖော်ပြခြင်းမပြုပေ။
"ကောင်းပြီ၊ လောလောဆယ်တော့ ရှင့်ကိုယုံလိုက်မယ်" ကျန်းနင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ရုတ်တရက် ဝေရှောင်ပေါင်ကို စူးစိုက်ကြည့်ကာ “ အကယ်၍ ကျွန်မကို လိမ်ညာရင် ရှင် တစ်သက်လုံး နောင်တရအောင် ကျွန်မ လုပ်ပြမယ်” ဟု ကြိမ်းဝါးလိုက်သည်။
"ဘယ်လိမ်ပါ့မလဲ" ဝေရှောင်ပေါင်က မလုံမလဲပြုံးလိုက်ပြီး အဝတ်အစားများဝတ်ကာ အပြင်သို့ထွက်သွားသည်။ "ငါသွားပြီး သေချာစီစဉ်လိုက်ဦးမယ်၊ သွားပြီနော်"
"သွားတော့၊ လူဆိုး" ကျန်းနင်က ကုတင်ပေါ်တွင် လှဲလျောင်းရင်း သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
နောက်တစ်နေ့တွင် အားခဲ၏ မျက်နှာသည် ရှက်သွေးဖြာကာ နီရဲနေသည်။ လူအများရှေ့တွင် ဖူခန်းအန်ကို ရွေးချယ်ပြီးနောက် ရှက်ရွံ့စွာ အတွင်းခန်းမသို့ ပြေးဝင်သွားသည်။
သူမ၏ လှပသောကျောပြင်ကိုကြည့်ရင်း ဝေရှောင်ပေါင် စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ "မင်းအတွက်နဲ့ ငါက မင်းသမီးကိုတောင် စွန့်လွှတ်ခဲ့တာ၊ မင်းက ငါဝေရှောင်ပေါင်ရဲ့ မိန်းမပဲ ဖြစ်ရမယ်"
ဘေးနားမှ ဖူခန်းအန်သည် အောင်နိုင်သူ၏အပြုံးဖြင့် လျှောက်လာပြီး ဝေရှောင်ပေါင်ကို မထီမဲ့မြင်ကြည့်ကာ "မင်းက ဘာကောင်မို့လို့ ငါ့လိုသခင်လေးနဲ့..." ရုတ်တရက် သခင်လေးဆိုသည့်စကား၏ နောက်ထပ်အဓိပ္ပာယ်တစ်ခုကို သတိရသွားပြီး ချက်ချင်းပြင်ပြောလိုက်သည်၊ "ငါ့လိုဘုရင်ခံနဲ့ယှဉ်ပြီး မိန်းမလုရဲတာလဲ"
ဝေရှောင်ပေါင်သည် ဒေါသကြောင့် တစ်ကိုယ်လုံးတုန်နေပြီး ပြန်ပြောမည်အပြုတွင် ဝူယင်ရှုံက ဝင်လာသည်၊ "နှစ်ယောက်လုံးက အဝေးကလာတဲ့ ဧည့်သည်တွေပဲ၊ မြို့စားရဲ့အိမ်တော်မှာ စားသောက်ပွဲအသင့်ပြင်ထားပြီးပါပြီ၊ ကျေးဇူးပြုပြီး နေရာယူကြပါ"
ဖူခန်းအန်ကမူ ခေါင်းခါလိုက်သည်၊ "မင်းသားလေးကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီဘုရင်ခံက အားခဲမင်းသမီးကို လက်ထပ်ဖို့ ပြင်ဆင်ရဦးမယ်၊ နန်းတော်က ဝိုင်တွေကိုတော့ တစ်စုံတစ်ယောက်က စိတ်ဖြေဖို့ သောက်ပါစေ။ ဟားဟားဟား" သူသည် ကောင်းကင်ကို ကြည့်၍ ကျယ်လောင်စွာ ရယ်မောပြီး ထွက်ခွာသွားသည်။
ဝူယင်ရှုံ၏ မျက်နှာတွင် ရှက်ရွံမှု့များပေါ်လာသော်လည်း စိတ်ထဲတွင်တော့ ပျော်နေသည်။ နယ်စားမင်း၏သားတော်ဖြစ်သဖြင့် သူသည် ဖူခန်းအန်နှင့် ပို၍ရင်းနှီးသည်။ ထို့အပြင် ယခင်က ဝေရှောင်ပေါင်လက်ထဲတွင် အများကြီးခံခဲ့ရရာ ယခု ဖူခန်းအန်က ဝေရှောင်ပေါင်ကို အကြီးအကျယ်အရှက်ခွဲသွားသည်ကိုမြင်သောအခါ ကိုယ်တိုင်လက်စားချေလိုက်ရသကဲ့သို့ အလွန်ပင်ကျေနပ်သွားသည်။
စုန့်ချင်းရှုက ထောင့်တစ်နေရာမှ အစောင့်တစ်ယောက်ကို တိတ်တဆိတ်အချက်ပြလိုက်ရာ ထိုသူက ခေါင်းတစ်ချက်ညိတ်ပြပြီး ဖူခန်းအန်နောက်သို့ လိုက်ပါသွားသည်။
"ဝေညီလေး၊ ယောက်ျားကောင်းတစ်ယောက်အတွက် မိန်းမရှားတာမှမဟုတ်တာ၊ လာ၊ ငါတို့ မင်းသားလေးနဲ့ ရင်းနှီးအောင်လုပ်ကြရအောင်" စုန့်ချင်းရှုက ဝေရှောင်ပေါင်အနားသို့ရောက်လာပြီး သူ့ပခုံးကိုပုတ်ကာ ဒေါသထွက်နေသောစိတ်ကို ပြန်လည်တည်ငြိမ်စေလိုက်သည်။
စုန့်ချင်းရှု၏ အချက်ပြမှုကို ရရှိပြီးနောက် အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်နေသည်ကို သိလိုက်ရသဖြင့် ဝေရှောင်ပေါင်သည် စိတ်ထဲတွင် ပျော်ရွှင်သွားသည်။ ချက်ချင်းပင် ရယ်မောလိုက်ပြီး “ဟုတ်တယ်၊ ဒါလည်း ဟုတ်တာပဲ။ မင်းသားလေးနဲ့ ဆွေမျိုးမတော်နိုင်ရင်တောင် သူငယ်ချင်းတော့ ဖြစ်နိုင်သေးတာပဲ။ နောင်လည်း အနောက်ပိုင်းနယ်စားနဲ့ မင်းသားလေးရဲ့ အကူအညီတွေကို အများကြီး လိုဦးမှာပါ။ သွားမယ်၊ ကျွန်တော်တို့ သွားအရက်သောက်ကြမယ်” ဟု ဆိုလိုက်သည်။
ဝူယင်ရှုံသည် ဝေရှောင်ပေါင်၏စိတ်အခြေအနေက ဤမျှ မြန်မြန်ပုံမှန်ပြန်ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ စိတ်ထဲတွင်လည်း အနည်းငယ် လေးစားမိသည်။ ဝေရှောင်ပေါင်တို့ အဖွဲ့ကို ဦးဆောင်ကာ ဧည့်ခန်းမဆောင်သို့ သွားသည်၊ “ဝေအရှင်က ပြဇာတ်ကြည့်ရတာ အကြိုက်ဆုံးလို့ ကျွန်တော် ကြားတယ်။ ဒါကြောင့် ကျွန်တော် အနီးအနားမှာ နာမည်အကြီးဆုံး ပြဇာတ်အဖွဲ့ကို ခေါ်ထားပါတယ်။ ဝေအရှင် သဘောကျမယ်လို့ မျှော်လင့်ပါတယ်”
ဝူဆန်ကွေးနှင့် ဝူယင်ရှုံတို့သည် အားခဲက ဖူခန်းအန်ကို ရွေးချယ်မည်ကို သိရှိထားပြီးသားဖြစ်သောကြောင့် အရက်သေစာ၊ ကခုန်တီးမှုတ်ခြင်း၊ ပြဇာတ်နှင့် လောင်းကစားပွဲများ အားလုံးကို စီစဉ်ထားပြီးဖြစ်သည်။ ၎င်းမှာ ဝေရှောင်ပေါင်၏ စိတ်မကျေနပ်မှုကို တတ်နိုင်သမျှ ပြေလျော့စေရန်နှင့် သူပြန်သွားသောအခါ ခန်းရှီရှေ့တွင် မကောင်းသတင်းများ မပြောစေရန် ဖြစ်သည်။
“ကောင်းပြီ၊ ကောင်းပြီ။ ငါက ပြဇာတ်နားထောင်ရတာ အကြိုက်ဆုံးပဲ။ ဒါနဲ့၊ ပြဇာတ်နားထောင်ရင် လောင်းကစားပွဲ မပါရင် ဘယ်လိုလုပ်ကောင်းမလဲ။ နန်းတော်မှာ လောင်းကစားဝိုင်းရောရှိလား”
"ရှိပါတယ် ရှိပါတယ်။ ဒါတွေအပြင် နူးညံ့သိမ်မွေ့တဲ့ မိန်းမလှလေးတွေလည်း အဖော်လုပ်ပေးဖို့ ရှိပါတယ်"
“ဟာဟာဟာ၊ မင်းသားလေးက ငါ့ကို တကယ် နားလည်တာပဲ”
“မဟုတ်ရပါဘူး၊ မဟုတ်ရပါဘူး”
တစ်ဖက်တွင် ဖူခန်းအန်သည် နယ်စားနန်းတော်မှ ထွက်ခွာပြီးနောက် ရုတ်တရက် အဝါရောင်အင်္ကျီ ဝတ်ဆင်ထားသည့် နန်းတွင်းစစ်သည်တစ်ဦးသည် ပြေးလာပြီး “မင်းသားလေး၊ ကျွန်တော်မျိုးတို့ရဲ့ မင်းသမီးက အန်းဖုဥယျာဉ်ကို လာရောက်တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်ပါတယ်"
“မင်းသမီးလား” ဖူခန်းအန်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ပေါ်လာသည်။ ထိုစစ်သည်က အန်းဖုဥယျာဉ်ကို ပြောသောအခါမှ ခန်းရှီက ယခုတစ်ကြိမ် လက်ထပ်ပေးမည့် ကျန်းနင်မင်းသမီးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
လက်အောက်ငယ်သားကမ်းပေးသော ဖိတ်စာကိုယူကြည့်လိုက်ရာ ဖိတ်စာထိပ်တွင် အစ်ကိုဝမ်းကွဲဟုသုံးနှုန်းထားသည်ကိုမြင်၍ အလွန်အံ့ဩသွားပြီး ရုတ်တရက်သဘောပေါက်သွားသည်မှာ မျိုးရိုးစဉ်ဆက်အရ သူနှင့်ကျန်းနင်သည် ဆွေမျိုးတော်စပ်သော ဝမ်းကွဲမောင်နှမများဖြစ်ကြသည်။
ဖိတ်စာပါအကြောင်းအရာကို ဖတ်ကြည့်ပြီးနောက် သူ၏မျက်နှာအမူအရာသည် ပို၍ထူးဆန်းသွားသည်။ သူ၏ဦးနှောက်ထဲတွင် ဇာတ်လမ်းတစ်ပုဒ် ပေါ်လာသည်။ နန်းတွင်းသူမိန်းကလေးတစ်ဦးသည် အလွန်ဝေးကွာသော မြောက်ဘက်အရပ်တွင် သူမနှင့်အရွယ်တူ တိုက်ခိုက်ရေးကျွမ်းကျင်သော ဝမ်းကွဲအစ်ကိုတစ်ဦးရှိသည်ကို မထင်မှတ်ဘဲကြားသိခဲ့သည်။ ထိုနောက်မှစ၍ နည်းလမ်းမျိုးစုံဖြင့် သူ့သတင်းကိုစုံစမ်းခဲ့ပြီး စစ်ပွဲတစ်ခုပြီးတစ်ခု အနိုင်ရခဲ့သည်ကိုကြားရသောအခါ စိတ်ထဲတွင် ပို၍လေးစားကြည်ညိုလာခဲ့သည်။ ယခုတစ်ကြိမ် ရှန်ဟိုင်ကွမ်းသို့ လက်ဆက်ရန်လာရင်း ထိုဝမ်းကွဲအစ်ကိုသည် အနီးအနားတွင်ရှိသည်ကို မထင်မှတ်ဘဲသိရှိသွားသောအခါ စိတ်ထဲမှသူရဲကောင်းကြီးကို တွေ့ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ...
ဖူခန်းအန်သည် မူလက ခန်းရှီဘက်မှလူများနှင့် အလွန်အကျွံပတ်သက်လိုခြင်းမရှိပေ။ ထို့ကြောင့် မင်းသမီးသည် အန်းဖုဥယာဉ်တွင်ရှိသည်ကို သိသော်လည်း သွားရောက်တွေ့ဆုံရန် တစ်ခါမျှစိတ်ကူးမရှိခဲ့ပေ။ သို့သော် ဤစာထဲတွင် ပြည့်လျှံနေသော လေးစားကြည်ညိုမှုများကြောင့် သူတုံ့ဆိုင်းသွားသည်။
နိုင်ငံပျက်စီးစေလောက်အောင် လှပသော အာခယ်မင်းသမီးနှင့် စေ့စပ်ပြီးစဖြစ်သောကြောင့် ဖူခန်းအန်သည် အလွန်ဂုဏ်ယူကျေနပ်နေချိန်တွင် ယခု တော်ဝင်မျိုးနွယ်မင်းသမီးတစ်ပါးက ချစ်ခင်နှစ်သက်ကြောင်းပြသလာရာ သူ၏ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုသည် ချက်ချင်းပင် အလွန်အမင်းမြင့်တက်လာပြီး ခေါင်းထဲတွင်မူးဝေသွားကာ လက်အောက်ငယ်သားများကို တိုက်ရိုက်အမိန့်ပေးလိုက်သည်။
"လှည့်ပြန်၊ အန်းဖုခန်းမကိုသွားမယ်"
သို့သော် ဖူခန်းအန်သည် စစ်တပ်တစ်တပ်လုံးကိုအုပ်ချုပ်ရသူဖြစ်ရာ သူ၏ဦးနှောက်ထဲတွင် နောက်ဆုံးသောသတိတရားတစ်စွန်းတစ်စ ကျန်ရှိနေသေးသည်။ သူနှင့်ကျန်းနင်သည် တော်ဝင်မျိုးနွယ်များဖြစ်ကြပြီး ပြောရလျှင် မောင်နှမတော်စပ်ကြရာ တစ်စုံတစ်ယောက်မြင်သွားလျှင်လည်း မလျော်ကန်ဟု မဆိုသာပေ။ ထို့အပြင် သူ၏စိတ်ထဲတွင်လည်း မိမိကိုလေးစားကြည်ညိုသော ဤညီမငယ်ကို တွေ့ချင်စိတ်အမှန်တကယ်ရှိပြီး သူမသည် မည်သို့သောရုပ်ရည်ရှိသည်ကို ကြည့်ချင်မိသည်။
"မင်းသမီးက အခန်းထဲမှာ စားပွဲပြင်ဆင်ပြီး စောင့်နေတာကြာပါပြီ၊ မင်းသားလေး ကြိုက်သလိုသာနေပါ”
အန်းဖုခန်းမထဲသို့ရောက်သောအခါ ကိုယ်ရံတော်က ဖူခန်းအန်ကို မင်းသမီး၏အခန်းရှေ့သို့ ခေါ်ဆောင်သွားပြီးနောက် ဆုတ်ခွာသွားသည်။
ဖူခန်းအန်သည် ခေတ္တတုံ့ဆိုင်းပြီးနောက် ယုကျန်းဇီနှင့်အခြားသူများကို အပြင်တွင်စောင့်နေရန် အချက်ပြပြီး တံခါးကိုတွန်းဖွင့်ကာ ဝင်သွားလိုက်သည်။
"ညီမငယ်ကျန်းနင်က အစ်ကိုတော်ကို ဂါရဝပြုပါတယ်"
ဖူခန်းအန်သည် အခန်းထဲသို့ဝင်ဝင်ချင်းမှာပင် မလှမ်းမကမ်းတွင် နန်းတွင်းဝတ်စုံဝတ်မိန်းကလေးငယ်တစ်ဦးက သူ့ကို လှပစွာဦးညွှတ်အရိုအသေပေးနေသည်ကို မြင်လိုက်ရသည်။
ဖူခန်းအန်သည် သူမ၏ကိုယ်ပေါ်မှ သင်းပျံ့သောရနံ့ကိုရလိုက်သောအခါ စိတ်ထဲတွင် အနည်းငယ်လှုပ်ရှားသွားပြီး ရှေ့သို့တိုးသွားသည်။ နှစ်ဦးသားအကွာအဝေးနီးကပ်လာသောအခါ သူမ၏လှပသောမျက်နှာနှင့် ဖြူဖွေးနူးညံ့သောအသားအရေကိုမြင်၍ စိတ်ထဲတွင် 'ဒီမင်းသမီးလေးက အတော်လေးလှတာပဲ' ဟု တွေးလိုက်မိသည်။
ကျန်းနင်သည် မူလကတည်းက အလှလေးတစ်ဦးဖြစ်ရာ ယခုဖူခန်းအန်ကို ဆွဲဆောင်ရန်အတွက် အထူးပင် အလှပြင်ဆင်ထားသောကြောင့် ပုံမှန်ရှိသောအလှ ၇ မှတ်မှ ယနေ့တွင် ၁၂ မှတ်အထိ တိုးမြင့်သွားသည်။
"မင်းသမီးက ယဉ်ကျေးနေစရာမလိုပါဘူး။ တကယ်တော့ ကျွန်တော်က မင်းသမီးကို အရိုအသေပေးရမှာပါ"
ဖူခန်းအန်က သူမကိုထူပေးလိုက်စဉ် မထင်မှတ်ဘဲ သူမ၏လက်ကောက်ဝတ်မှအရေပြားကို ထိမိသွားရာ အေးစက်ချောမွေ့နေသည်ကိုခံစားရပြီး “ဝူယင်ရှုံဆိုတဲ့ ကောင်က ကံကောင်းတာပဲ” ဟုတွေးလိုက်မိသည်။
ကျန်းနင်၏မျက်လုံးထဲတွင် အေးစက်သောအကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သူမသည် ပုံမှန်အားဖြင့် လူများကို လှည့်ဖြားခြင်းနှင့် စနောက်ခြင်းတွင် အလွန်ကျွမ်းကျင်သူဖြစ်သည်။ တောက်ပသောအပြုံးတစ်ခုကို ချက်ချင်းပြုံးပြလိုက်ပြီး ထိုအကြည့်ကို ဖုံးကွယ်လိုက်သည်။
"ဒီနှစ်တွေအတွင်း အစ်ကိုတော်က လျောင်တုန်းနယ်ကို ထိန်းချုပ်ပြီး မွန်ဂိုစစ်သားတွေကို ကြားရုံနဲ့ကြောက်ရွံ့စေခဲ့တာ။ ညီမငယ်လို အားနွဲ့တဲ့မိန်းကလေးက အစ်ကိုတော်ရဲ့အရိုအသေပေးတာကို ဘယ်လိုခံယူဝံ့မှာလဲ။ ညီမငယ်က စားသောက်ပွဲလေး ပြင်ဆင်ထားတယ်။ အစ်ကိုတော်က မျက်နှာသာပေးပြီး... အရင်ကကြုံခဲ့ရတဲ့ စစ်ပွဲတွေအကြောင်းပြောပြပါလား။ ဥပမာ ရှောင်ကျင်းချွမ်းတိုက်ပွဲတို့၊ ဂေါ်ရခါးတိုက်ပွဲ(ချင်ပြည်ထောင်နဲ့တိုက်ပွဲတကယ်ရှိပါတယ်)တို့အကြောင်း ပြောပြရင်းပေါ့။ အရင်က မိန်းမစိုးတွေနဲ့ နန်းတွင်းအပျိုတော်တွေဆီက တစ်ဆင့်စကားပဲကြားဖူးတော့ ညီမငယ်စိတ်ထဲမှာ အမြဲတမ်းစိတ်မကောင်းဖြစ်ခဲ့ရတယ်"
ဖူခန်းအန်သည် ငယ်စဉ်ကတည်းက နာမည်ကျော်ကြားခဲ့ပြီး သမိုင်းတွင်မည်သည့်နာမည်ကြီးဗိုလ်ချုပ်နှင့်မဆို ယှဉ်နိုင်သည်ဟု မိမိကိုယ်ကိုထင်မြင်သူဖြစ်သည်။ ကျန်းနင်က သူ၏ဘဝတွင် ဂုဏ်အယူဆုံးအချက်ကို သွားထိလိုက်သဖြင့် မသိလိုက်မသိဘာသာဖြင့် စားပွဲတွင် ထိုင်ချလိုက်မိတော့သည်။