အန်းဖုဥယျာဉ်သို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင် ဝေရှောင်ပေါင်သည် စိတ်မတည်မငြိမ်ဖြစ်နေပြီး စုန့်ချင်းရှုကို အကြိမ်ကြိမ် ကြည့်ကာ တစ်ခုခုပြောချင်ပုံရသော်လည်း မပြောနိုင်ဖြစ်နေသည်။
"ဝေညီလေး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးလား"
စုန့်ချင်းရှုက သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်နေသည်ကို သိသောကြောင့် ပြုံးလျက်မေးလိုက်သည်။
"ဒီအချိန်မှာတောင် မင်းကတော့ ရယ်နေနိုင်သေးတယ်"
ဝေရှောင်ပေါင်က စိတ်ပူပန်စွာဖြင့် ပြောသည်။
"ခုနက လိပ်အိုကြီးပြောသွားတာကို မကြားလိုက်ဘူးလား"
"ကြားလိုက်ပါတယ်"
စုန့်ချင်းရှုက ဂရုမစိုက်ဟန်ဖြင့် ပြောသည်။
"အားခဲကို ကိုယ်တိုင်ရွေးခိုင်းမယ်ဆိုတော့ ဝေညီလေး၊ ငါ မင်းကို အများကြီးမျှော်လင့်ထားတာနော်"
ပုံမှန်အားဖြင့် မျက်နှာပြောင်တိုက်တတ်သော ဝေရှောင်ပေါင်သည်ပင် မျက်နှာပူသွားပြီး ရှက်ရွံစွာ ရယ်လိုက်သည်။
"ကျွန်တော့်ကို လိမ်မာပါးနပ်တဲ့ နဂါးဖြူလေး၊ ကျောက်စိမ်းမျက်နှာပိုင်ရှင် သခင်လေးလို့ ခေါ်ကြပေမဲ့ ကျွန်တော့်ရဲ့အားသာချက်အစစ်အမှန်က အတွင်းစိတ်ထားမှာပဲ ရှိတာပါ။ အားခဲက ငယ်သေးတော့ ကျွန်တော့်လို ယောက်ျားမျိုးရဲ့ဆွဲဆောင်မှုကို နားလည်နိုင်မှာမဟုတ်ဘူး။ ဖူခန်းအန်လို အပြင်ပန်းချောမောတဲ့ မျက်နှာဖြူကောင်လေးမျိုးကိုပဲ သဘောကျမှာ စိုးရိမ်မိတယ်”
"စိတ်ချပါ၊ တောင်ရှေ့ရောက်ရင် လမ်းရှိစမြဲပါ"
စုန့်ချင်းရှုက သူ၏အစီအစဉ်ကို မပြောပြဘဲ
"ဝေညီလေး၊ ရှင် အန်းဖုဥယာဉ်ကို အရင်ပြန်နှင့်ပါ။ ငါ ဟိုဟိုဒီဒီ လျှောက်သွားလိုက်ဦးမယ်"
ဝေရှောင်ပေါင်က စိတ်အားငယ်နေသဖြင့် ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်ရံတော်များ၏ဝန်းရံမှုဖြင့် အန်းဖုဥယာဉ်သို့ တစ်ယောက်တည်းပြန်သွားသည်။
စုန့်ချင်းရှုမှာမူ လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့သွားကာ တိတ်ဆိတ်သောနေရာတစ်ခုသို့ တည့်တည့်လျှောက်သွားပြီး သူ့ရှေ့မှ လူလတ်ပိုင်းအရွယ်အမျိုးသားကိုကြည့်ကာ လက်နှစ်ဖက်ယှက်လျက် ပြုံးကာပြောလိုက်သည်။
"ထျန်အစ်ကိုကြီး၊ မတွေ့ရတာကြာပြီပဲ။ အရင်လိုပဲ ခန့်ညားနေတုန်းပဲ"
ထျန်ကွေနုံ ၏မျက်နှာတွင် ရှက်ရွံသောအရိပ်အယောင်များပေါ်လာသည်။
"အရင်တစ်ခေါက်က စုန့်သခင်ရဲ့ ကယ်တင်မှုကို ခံခဲ့ရပေမဲ့ ကျွန်တော့်ရဲ့အထောက်အထားအမှန်ကို မပြောပြခဲ့မိဘူး။ စုန့်သခင် နားလည်ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
"ထျန်အစ်ကိုကြီး ဘာလို့အားနာနေရတာလဲ"
စုန့်ချင်းရှုက စားပွဲပေါ်မှ လက်ဖက်ရည်အိုးကိုယူကာ သူ့အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးပြီးနောက် သူ၏ခွက်ကိုလည်း အေးဆေးစွာဖြည့်လိုက်သည်။
"ခင်ဗျားနဲ့ကျွန်တော်က သခင်ကိုယ်စီအတွက် အမှုထမ်းနေကြတာဆိုတော့ အရင်က ထျန်အစ်ကို့မှာ စိုးရိမ်ပူပန်မှုတွေရှိတာက လူ့သဘာဝပါပဲ"
အမှန်မှာ ခုနက နယ်စားမင်းအိမ်တော်တွင် စုန့်ချင်းရှုသည် ဖူခန်းအန်၏နောက်တွင်ရပ်နေသော သိုင်းပညာရှင်နှစ်ဦးကို သတိပြုမိခဲ့ပြီး တစ်ဦးမှာ အရင်တစ်ခေါက်က သူကယ်တင်ခဲ့သော ထျန်ကွေနုံဖြစ်နေသည်။
စုန့်ချင်းရှုထံမှ တွေ့ဆုံရန် လျှို့ဝှက်အချက်ပြမှုရပြီးနောက် ထျန်ကွေနုံသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။ မကြာမီအချိန်တွင် ခန်းရှီနှင့် မင်းသားပေါင်(မင်းသားပေါင်)တို့ကြား အသက်လုတိုက်ပွဲ ဖြစ်ပွားမည်ကို သူသိသည်။ သူသည် မင်းသားပေါင်၏ လက်အောက်ခံဖြစ်ပြီး စုန့်ချင်းရှုမှာမူ ခန်းရှီ၏လူယုံဖြစ်ရာ လျှို့ဝှက်တွေ့ဆုံခြင်းသည် မသင့်တော်လှပေ။ သို့သော် စုန့်ချင်းရှုက သူနှင့် နန်းလန်၏အသက်ကို ကယ်တင်ခဲ့ဖူးသည့်ကျေးဇူးရှိနေသဖြင့် ငြင်းပယ်ရန်လည်း မကောင်းသောကြောင့် တိတ်တဆိတ်ထွက်လာခဲ့သည်။ စိတ်ထဲတွင်မူ စုန့်ချင်းရှုက ဘာပဲမေးမေး၊ သူလုံးဝ စကားမမှားရန် ဆုံးဖြတ်ထားလိုက်သည်။
စုန့်ချင်းရှုသည် ထျန်ကွေ့နုန်း၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်သောအခါ သူ၏စိတ်ကို ဖြေလျော့ရန်အတွက် စကားလမ်းကြောင်း ပြောင်းလိုက်သည်–
"ခင်ဗျားရဲ့ဇနီးဖြစ်သူရော နေကောင်းရဲ့လား"
နန်းလန်အကြောင်းပြောသည်ကိုကြားသောအခါ ထျန်ကွေနုံ၏မျက်နှာတွင် နူးညံ့သောအရိပ်အယောင်တစ်ခုပေါ်လာသည်။
"ဒါက အရင်တစ်ခေါက်က စုန့်သခင်ကယ်တင်ခဲ့လို့ပါပဲ။ နန်းလန် အခု ကောင်းကောင်းမွန်မွန်ပါပဲ"
နှစ်ယောက်သား ကိုယ်ရေးကိုယ်တာ ကိစ္စများ ပြောဆိုကြရင်း နောက်ဆုံးတွင် စကားဝိုင်းသည် ယနေ့ နယ်စားအိမ်တော်တွင် ဖြစ်ပျက်ခဲ့သောကိစ္စများဆီသို့ ရောက်သွားသည်။
"ခုနက ခင်ဗျားနဲ့တိုက်ခိုက်ခဲ့တဲ့သူက မင်းသားပေါင်ရဲ့ နံပါတ်တစ်သိုင်းပညာရှင် တာအိုသခင်ယုကျန်းဇီပါ။ သူက ထိုင်ရှန်းဂိုဏ်းနဲ့ သံဓားဂိုဏ်းနှစ်ခုလုံးရဲ့ အားသာချက်တွေကို ပေါင်းစပ်တတ်ကျွမ်းပြီး ဓားသိုင်းပညာမြင့်မားသလို ကိုယ်ဖော့ပညာကလည်း အထူးကောင်းမွန်တယ်”
"အနောက်ပိုင်းနယ်စားက သခင်မလေးကို ကျွန်တော်တို့ရဲ့အိမ်ရှေ့စံနဲ့ လက်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ မင်းသားပေါင်က ဒီတစ်ခေါက် အိမ်ရှေ့စံကို အထူးတလည်စေလွှတ်လိုက်တာက တစ်ချက်က လက်ထပ်ပွဲကိစ္စ ဆွေးနွေးဖို့ပါ၊ နောက်တစ်ချက်က မဟာမိတ်ဖွဲ့ဖို့ကိစ္စကို ဆွေးနွေးဖို့ပါ"
"စုန့်သခင်၊ ခင်ဗျား ထပ်မမေးပါနဲ့တော့။ ကျွန်တော်ပြောခဲ့တာတွေက ခင်ဗျားကိုယ်တိုင်လည်း စုံစမ်းလို့ရတဲ့အရာတွေပါ။ ဒီထက်ပိုပြီးတော့ ကျွန်တော်တကယ်မပြောနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အရှင်က လက်အောက်ငယ်သားတွေ လျှို့ဝှက် သတင်းပေးတာ အရမ်းမုန်းလို့ပါ"
ထျန်ကွေနုံနှင့် လမ်းခွဲပြီးနောက် စုန့်ချင်းရှုသည် စိတ်ထဲမှ တိတ်တဆိတ် သုံးသပ်မိသည်မှာ 'ထျန်ကွေနုံဆိုတဲ့လူက မကောင်းပေမဲ့ သူ့အသက်ကယ်ခဲ့တဲ့ကျေးဇူးကိုတော့ အမှတ်ရနေသေးတာပဲ။ ငါ့ကို ဒီလောက်အထိ ပြောပြတာကိုက မဆိုးပါဘူး' ဟူ၍ဖြစ်သည်။
စုန့်ချင်းရှု အန်းဖုဥယာဉ်သို့ ပြန်ရောက်ရောက်ချင်းမှာပင် ဝေရှောင်ပေါင်က ထိတ်လန့်တကြား မျက်နှာဖြင့် ပြေးလာပြီး သူ့ကို လျှို့ဝှက်အခန်းတစ်ခုသို့ ဆွဲခေါ်သွားသည်။
"ဝေညီလေး၊ ဘာကိစ္စ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ"
စုန့်ချင်းရှုက စိတ်ထဲတွင် သံသယဝင်သွားသည်။ သူ့ရဲ့ချွေးစေးပြန်နေတဲ့ပုံကိုကြည့်ရတာ အားခဲ ရဲ့လက်ထပ်ပွဲကိစ္စကြောင့်တော့ မဖြစ်နိုင်ပေ။
"ဒီတစ်ခါတော့ တကယ်သေပြီ၊ သေပြီ"
ဝေရှောင်ပေါင်က အခန်းထဲတွင် ခေါက်တုံ ခေါက်ပြန် လျောက်ရင်း မရပ်မနား တတွတ်တွတ်ရွတ်ဆိုနေသည်။
"စုန့်အစ်ကိုကြီး၊ ကျွန်တော့်ကို ကယ်မှဖြစ်မယ်"
"မင်း အခုလို အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ ဆက်ပြောနေမယ်ဆိုရင် ငါမင်းကို ကယ်ချင်ရင်တောင် ဘယ်ကစရမှန်းမသိဘူး"
စုန့်ချင်းရှုက သူ၏ စကားကို ထစ်ထစ်ငေါ့ငေါ့ဖြင့် အချိန်အတော်ကြာအောင် အကြောင်းရင်းကို မပြောနိုင်သည်ကိုမြင်လျှင် စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။
ဝေရှောင်ပေါင်က နောက်ဆုံးတွင် အနည်းငယ် စိတ်ငြိမ်သွားပြီး ပြောသည်။
"ဒီလိုပါ၊ ဒီနေ့ အနောက်ပိုင်းနယ်စားအိမ်တော်က အထိန်းတော်တစ်ယောက်ကို လွှတ်လိုက်တယ်။ မင်းသမီးရဲ့ အပျိုစင်ကို စစ်ဆေးဖို့တဲ့။ ကျွန်တော် ဒီနေ့အတွက်တော့ မနည်းလွှဲရှောင်ခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့ရှောင်လို့ရပေမဲ့ နောက်နေ့တော့ ရှောင်လို့မရတော့ဘူးလေ"
"မင်းသမီးက တော်ဝင်မျိုးနွယ်ဝင်တစ်ဦး၊ သူမကို ကြိုက်သလို စစ်ဆေးလို့ရမလား? ဝူဆန်ကွေးက ဘာလို့ ဒီလောက်တောင် သတ္တိရှိနေရတာလဲ"
စုန့်ချင်းရှုက အလွန်အံ့ဩသွားသည်။
"ကျွန်တော်လည်း အစကတော့ အဲ့လိုပဲ ထင်နေတာ။ နောက်မှသိရတာက ဝူဆန်ကွေး ဆိုတဲ့ လိပ်အဖိုးကြီးက သတ္တိကောင်းတာမဟုတ်ဘဲ နန်းတွင်းကနေ ဆင်းသက်လာတဲ့ ဓလေ့ထုံးစံတစ်ခုကြောင့်တဲ့။ အရင်က နန်းတော်က ကိုယ့်ရဲ့ ရိုးသာဖြူစင်မှု့ကိုပြသဖို့အတွက် လက်ဆက်ထိမ်းမြားတဲ့အခါတိုင်း တစ်ဖက်ကလူကိုလွှတ်ပြီး လက်ဆက်မယ့်အမျိုးသမီးရဲ့ အပျိုစင်ကို စစ်ဆေးခိုင်းတယ်တဲ့။ ဒီဓလေ့က မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တာပဲ။ မြို့တော်ကမထွက်ခင်ကလည်း ယဉ်ကျေးမှု့နဲ့ ဓလေ့ထုံးတမ်းဌာနက အရာရှိတစ်ယောက်က ကျွန်တော့်ကို ဒီစည်းမျဉ်းတွေအကြောင်း ရှင်းပြသေးတယ်။ ဒါပေမဲ့ ကျွန်တော်က အဲ့ဒီရှုပ်ထွေးတဲ့စည်းမျဉ်းတွေကြားတော့ ခေါင်းကိုက်လာပြီး ညာဘက်နားကဝင် ဘယ်ဘက်နားကထွက်ပဲ။ နောက်တော့ မှိန်းခနဲအိပ်ပျော်သွားတယ်။ ဒီနေ့ အနောက်ပိုင်းနယ်စားနန်းတော်က လူလွှတ်လာတော့မှ ကျွန်တော် ဘေးကလူတွေကိုမေးကြည့်မိပြီး ဒီစည်းမျဉ်းတကယ်ရှိမှန်း သိတော့တယ်"
ဝေရှောင်ပေါင်က မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။ စိတ်ထဲတွင်မူ ကျန်းနင်၏အပျိုစင်ဘဝသည် မိမိလက်ချက်ဖြင့် ပျက်စီးသွားပြီဖြစ်ကြောင်း၊ ဝူဆန်ကွေး၏လူများ စစ်ဆေးလိုက်သည်နှင့် ချက်ချင်းသိသွားမည်ဖြစ်ပြီး ထိုအခါ ဒေါသတကြီးဖြင့် သူ့ခေါင်းကို ဖြတ်ပစ်လိမ့်မည်ဖြစ်ကြောင်း၊ ရှောင်ရွှမ်းဇီပင် သူ့ကို ကယ်နိုင်တော့မည် မဟုတ်ကြောင်း တွေးနေမိသည်။
တွေးရင်းတွေးရင်း ဝေရှောင်ပေါင်၏စိတ်ထဲတွင် ဒေါသမီးများ ရုတ်တရက်တောက်လောင်လာသည် ။ 'အဲ့ဒီကျန်းနင်ဆိုတဲ့ မိန်းမယုတ်ကသာ လမ်းတစ်လျှောက်လုံး ငါ့ကိုမဖြားယောင်းခဲ့ရင် ငါဘယ်လိုလုပ် ဒီလိုအခြေအနေဆိုးထဲ ရောက်ရမှာလဲ။ အဲ့ဒီအယုတ်တမာမ ကျန်းနင်ကြောင့် ငါ့ရဲ့ရှောင်အာလေးက မုဆိုးမလေးဖြစ်ရတော့မယ်။ ဒီအရောင်းအဝယ်က တကယ်ကို အရှုံးကြီးရှုံးတာပဲ'
စုန့်ချင်းရှုကမူ စိတ်ထဲတွင် အလွန်အမင်းဝမ်းသာသွားပြီး 'ဒါဟာ ကောင်းကင်ဘုံက ငါ့ကိုကူညီတာများလား' ဟု တွေးနေမိသည်။ သူ၏ဦးနှောက်ထဲတွင် နောက်ဆက်တွဲအစီအစဉ်များကို အလျင်အမြန် တွက်ချက်နေသည်။
ဝေရှောင်ပေါင်က သူ တိတ်ဆိတ်နေသည်ကိုမြင်လျှင် စိတ်ထဲမှ ရက်စက်စွာတွေးလိုက်သည် ။ 'မင်းသာ တကယ်လက်လွှတ်စပယ်လုပ်ဖို့ ကြံစည်နေရင် ငါဒုက္ခရောက်တဲ့အခါ မင်းကိုပါ ဆွဲချပစ်လိုက်မယ်။ ငါမင်းသမီးကို ခိုးစားတာက သေဒဏ်ပဲ။ မင်းက သတို့သမီးပို့ဆောင်ရေးဗိုလ်ချုပ်အနေနဲ့ မင်းသမီးအပျိုစင်ဘဝပျက်စီးရင် မင်းလည်း သေဒဏ်ကလွတ်မှာမဟုတ်ဘူး။ ဟဲဟဲ၊ ပြောရရင် ငါက အနည်းဆုံးတော့ မင်းသမီးတစ်ပါးကို ရလိုက်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မရှုံးဘူး။ မင်းကတော့ ငါ့ကိုကြည့်ပြီး အပြစ်တင်ခံရမှာပဲ'
"ဝေညီလေး၊ မင်း အားခဲကို လက်ထပ်ချင်တယ်မဟုတ်လား၊ အခု အခွင့်အရေးရောက်လာပြီ"
စိတ်ထဲတွင် အစီအစဉ်သေချာသွားပြီဖြစ်သော စုန့်ချင်းရှုက ခေါင်းမော့ကာ ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။
"အခုချိန်မှာ ကျွန်တော် အဲ့ဒါကို ဘယ်လိုစိတ်နဲ့ တွေးရမှာလဲ "
ဝေရှောင်ပေါင်က အလိုမကျစွာဖြင့် လက်ကိုယမ်းလိုက်ပြီး ရုတ်တရက် သတိဝင်လာကာ အံ့ဩဝမ်းသာစွာဖြင့် စုန့်ချင်းရှုကို ကြည့်လိုက်သည်။
"စုန့်အစ်ကိုကြီးမှာ ကျွန်တော့်ကို အားခဲ နဲ့လက်ထပ်နိုင်အောင်လုပ်ပေးမယ့် နည်းလမ်းရှိလို့လား"
အားခဲ၏ လှပသောရုပ်ရည်ကို စဉ်းစားမိသောအခါ ဝေရှောင်ပေါင်သည် မင်းသမီးကိုခိုးစားခဲ့သည့် သေဒဏ်ကိုပင် မေ့သွားတော့သည်။
"ဝူဆန်ကွေးက အားခဲကို မင်းနဲ့ ဖူခန်းအန် တစ်ယောက်ကို ကိုယ်တိုင်ရွေးချယ်ခွင့် ပေးခဲ့တယ်မလား။ ဝေညီလေးရဲ့... အတွင်းစိတ်ထားကို နားလည်ပါတယ်"
စုန့်ချင်းရှုက ထူးဆန်းသောမျက်နှာဖြင့် ပြောသည်။
"ဒါပေမဲ့ အားခဲက မိန်းမငယ်လေးတစ်ယောက်ဆိုတော့ အမြင်က ငါတို့လောက် မစူးရှဘူးလေ။ ပြီးတော့ အရင်က ဝေညီလေးနဲ့ နားလည်မှုလွဲမှားတာလေးတွေရှိခဲ့တော့ သူက အနှစ်မရှိတဲ့ ဖူခန်းအန်ကိုပဲ ရွေးသွားဖို့ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာနေတယ်"
"ဒါတော့ ကျွန်တော်သိပါတယ်"
ဝေရှောင်ပေါင်က စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
"ဖူခန်းအန်က အပေါ်ယံမှာ အနိုင်ရနေပုံပေါ်ပေမဲ့ အားနည်းချက်မရှိတာတော့ မဟုတ်ဘူး။ ဒီအချိန်အတောအတွင်းမှာ သူက ကောင်းကင်ဘုံကပါ ဒေါသထွက်လောက်တဲ့ ကိစ္စတချို့ကို လုပ်ခဲ့မယ်ဆိုရင်... ဥပမာ... မင်းသမီးရဲ့အပျိုစင်ဘဝကို ဖျက်ဆီးခဲ့မယ်ဆိုရင် အားခဲက သူ့ကိုလက်ထပ်ဦးမယ်လို့ မင်းထင်လား။ ဝူဆန်ကွေးရဲ့ အနာဂတ်ချွေးမလောင်းကို သူကဖျက်ဆီးခဲ့တာ၊ သူ့ကိုမသတ်ရင်ပဲကံကောင်းနေပြီ။ သူ့သမီးကို ထပ်ပြီးလက်ထပ်ပေးဖို့အထိတော့ မရူးမိုက်လောက်ဘူးမလား"
စုန့်ချင်းရှု၏ သာမန်စကားအနည်းငယ်သည် အမြဲတမ်းသတ္တိရှိပြီး ရက်စက်တတ်သော ဝေရှောင်ပေါင်၏နောက်ကျောတွင်ပင် ချမ်းစိမ့်စိမ့်ဖြစ်သွားစေသည်။