ဘေးတွင် တံတွေးမြိုချသံကို ကြားလိုက်ရသည်။ စုန့်ချင်းရှုသည် နောက်လှည့်ကြည့်သောအခါ ဝေရှောင်ပေါင်သည်လည်း အားခဲ၏ နောက်ကျောကို စိုက်ကြည့်ရင်း မျက်လုံးများ ပြူးနေသည်။
သူ၏ လက်နှစ်ဖက်က ပွတ်သပ်နေပြီး တစ်ခါတစ်ရံတွင် သူမကို ကိုင်ကြည့်ရန် ဆန့်တန်းချင်သော်လည်း ဆုံးရှုံးရမှာကို စိုးရိမ်သောကြောင့် ထိုမိန်းကလေးကို မရိုင်းရဲပေ။
စုန့်ချင်းရှု၏ စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။ ဝေရှောင်ပေါင်သည် တကယ်ကို ထိဖို့ လုပ်မည်ဆိုရင် ဘာပဲဖြစ်ဖြစ် သူ့ကို တားရမည်ဟု တွေးသည်၊ သူ့ရှေ့မှ မိန်းကလေးသည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းရုပ်တုလိုပင်၊ ယောက်ျားတစ်ယောက်၏ မွေးရာပါ ပိုင်ဆိုင်လိုစိတ်က သူမအား အခြားသော ယောက်ျားက တစ်စုံတစ်ရာ အမြတ်ထုတ်သွားမည်ကို မသိစိတ်ဖြင့် လက်မခံနိုင်ပေ။
မကြာမီတွင် အားခဲ၏ ကိုယ်ခန္ဓာသည် ရုတ်တရက် လှုပ်ရှားသွားသည်။ လူနှစ်ဦးလုံး အပူနှင့်ထိလိုက်သကဲ့သို့ တပြိုင်နက်တည်း မတ်မတ်ရပ်ပြီး အလေးအနက်ထားသော အမူအရာကို လုပ်လိုက်ကြသည်။
အားခဲသည် သူမ၏ နောက်ကွယ်မှ ယောက်ျားနှစ်ယောက်၏ မလျော်ကန်သော လုပ်ရပ်များကို သတိမပြုမိပေ။ ကျန်းနင်မင်းသမီး၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် သူမသည် စိတ်ကျေနပ်စွာ လှည့်ပြီး ထွက်ခွာသွားသည်။
စုန့်ချင်းရှုနှင့် ဝေရှောင်ပေါင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သူမ၏ နောက်သို့ လိုက်သွားသည်။ "မင်းသမီးလေး ကြည့်ပြီးပြီဆိုတော့ ဘယ်လိုထင်လဲ
"မဆိုးပါဘူး" အားခဲ၏ နှုတ်ခမ်းတွင် အပြုံးလေးတစ်စ ရှိသည်။ "ကျွန်မလောက်တော့မလှပေမယ့်လဲ မိန်းမလှလေးတစ်ေယာက်ပါပဲ၊ အစ်ကိုကတော့ သဘောကျမှာပါ"
ဝေရှောင်ပေါင်သည် ဘေးတွင် ကြားနေရပြီး ဒေါသများ ထွက်နေသည်။ သူ့စိတ်ထဲတွင် "ငါက မင်းအစ်ကိုရဲ့ ယောက်ဖဖြစ်ရုံတင်မကဘဲ မင်းရဲ့ ယောက်ျားလည်း ဖြစ်ရမယ်။ " ဟု ကြိမ်းဝါးလိုက်သည်။
စုန့်ချင်းရှုသည် တစ်စုံတစ်ခု ပြောရန် လုပ်နေစဉ် ရုတ်တရက် အမူအရာက တင်းမာသွားသည်၊ မှောင်ရိပ်ထဲကို စိုက်ကြည့်၍ “မင်း၊ မင်းသမီးရဲ့ စခန်းထဲကို ခိုးဝင်တာ၊ မိသားစု ကိုးဆက်လုံးကို သတ်ခံရနိုင်တယ်ဆိုတာကို သိလား” ထိုသို့ပြောပြီး လက်ဖဝါးကို လှန်လိုက်သည်၊ နဂါးနှစ်ကောင် ရေသောက်ဆင်းသိုင်းပညာကို အသုံးပြီး ချုံထဲက လူကို အပြင်သို့ ဆွဲထုတ်လိုက်သည်။
ထိုလူသည် အလွန်အမင်း ထိတ်လန့်သွားပြီး စုန့်ချင်းရှု၏ သိုင်းပညာက ဒီလောက် အစွမ်းထက်လိမ့်မည်ဟု မထင်ထားပေ။ သူ၏ ဓားကို မြေကြီးထဲသို့ စိုက်ချလိုက်ပြီး ပြိုင်ဘက်၏ လက်ဖဝါးမှ ဆွဲအားကို အစွမ်းကုန် ခုခံနေရသည်။
"ယန်အစ်ကိုလား" ဝေရှောင်ပေါင်သည် ရောက်လာသူကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ "စုန့်အစ်ကို၊ ဒါက ကိုယ့်လူတွေပဲ၊ နားလည်မှုလွဲတာပါ" ဟု လျင်မြန်စွာ ပြောလိုက်သည်။
စုန့်ချင်းရှုသည် သံသယဖြင့် လက်ကို လျော့လိုက်သည်။ ထိုသူသည် နောက်ဆုံးတွင် အသက်ရှူနိုင်သွားပြီး ချွေးအေးများကို တိတ်တိတ်လေး သုတ်လိုက်သည်။ သူ၏ လက်နှစ်ဖက်ကို ယှက်ပြီး "မကြာသေးမီက နန်းတော်မှာ ထူးချွန်တဲ့ လူငယ်သိုင်းပညာရှင်တစ်ဦး ပေါ်လာတယ်လို့ ကြားတယ်။ ဒီနေ့ မြင်လိုက်ရတော့ တကယ်ပဲ နာမည်နဲ့ထိုက်တန်ပါတယ်၊ အနောက်ပိုင်းနယ်စားရဲ့ စစ်ဗိုလ်ချုပ်ကြီး ယန်ယိကျစ်က ဝေအရှင်နဲ့ စုန့်ဗိုလ်ချုပ်ကို ဂါရဝပြုပါတယ်" ဟု ပြောလိုက်သည်။
စုန့်ချင်းရှု သဘောပေါက်သွားသည်။ ဒါက ဝေရှောင်ပေါင်နှင့် ရင်းနှီးသော မိတ်ဆွေဖြစ်သူ ယန်ယိကျစ်ပဲ။ မူရင်းစာအုပ်ထဲတွင် ဝူဆန်ကွေးသည် ပုန်ကန်ရန် ဆုံးဖြတ်ပြီးနောက် ယန်ယိကျစ်နှင့် ဝေရှောင်ပေါင်တို့၏ ဆက်ဆံရေးကြောင့် သတင်းပေါက်ကြားသွားမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ့ကို ခြေလက်မရှိသော ဒုက္ခိတဖြစ်အောင်လုပ်ခဲ့သည်။ ယန်ယိကျစ်သည် ဝူဆန်ကွေးကို သစ္စာစောင့်သိခဲ့သော်လည်း နောက်ဆုံးတွင် ထိုကဲ့သို့ ဆိုးရွားသော အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည်။
သူ့ဘေးမှ အားခဲသည် ထိုသူ မြင်သောအခါ မျက်နှာပျက်သွားပြီး တိတ်တိတ်လေး လှည့်ထွက်သွားရန် ကြိုးစားသည်။ ယန်ယိကျစ်သည် သူမကို ခေါ်လိုက်သည်။ " ကျွန်တော်က အနောက်ပိုင်းနယ်စားရဲ့ အမိန့်ကို ရထားပါတယ်၊ ဘယ်နည်းလမ်းသုံးရပါစေ မင်းသမီးကို နန်းတော်ကို ပြန်ခေါ်ရပါလိမ့်မယ်၊ ကျွန်တော် ရိုင်းပြရင် မင်းသမီးက ခွင့်လွှတ်ပေးပါ”
"နန်းတော်က အရမ်း ပျင်းစရာကောင်းတယ်။ ကျွန်မ လျောက်လည်ချင်သေးတယ်၊ သိုင်းလောကမှာ စွန့်စားပြီးမှ ပြန်ခဲ့ပါ့မယ်" အားခဲ မျက်လုံးကစား၍ ပြောလိုက်သည်။
"ဟုတ်တယ်၊ ယန်အစ်ကို၊ မင်းသမီးလေးက လည်ပတ်ချင်တယ်ဆိုရင် ဘာလို့ ခွင့်မပြုရမှာလဲ။ ဒီမှာ စုန့်အစ်ကိုလို သိုင်းပညာရှင်မျိုး ရှိနေတာကြောင့် မင်းသမီးလေးရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပါဘူး" ဘေးမှ ဝေရှောင်ပေါင်က အားခဲကိုလက်လွှတ်မခံနိုင်ပေ။
ယန်ယိကျစ်သည် အားခဲကို နန်းတော်သို့ ပြန်ခေါ်သွားရန် ပြောသည်နှင့် ဝေရှောင်ပေါင်သည် ချက်ချင်း ဝင်ပြောသည်၊ ထိုသို့ပြုလုပ်ရခြင်းမှာ အားခဲကို သူ့ဘေးတွင် ဆက်ရှိစေလိုသောကြောင့်ဖြစ်သည်။
အားခဲသည် မထင်မှတ်ဘဲ သူ့ကို ကြည့်လိုက်သည်။ ထိုညတွင် ဝေရှောင်ပေါင်ကို ပထမဆုံးအကြိမ်အဖြစ် အရင်ကလောက်မမုန်းတော့ပေ။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများက စိုက်ကြည့်လိုက်သည်နှင့် ဝေရှောင်ပေါင်၏ ခန္ဓာကိုယ်တစ်ခြမ်းသည် လေးဖြန်းချင်သလိုဖြစ်သွားသည်။
ယန်ယိကျစ်သည် မင်းသမီး၏ ထွက်ပြေးရခြင်း အကြောင်းရင်းကို ကောင်းစွာသိသည်။ သို့သော် ထိုအကြောင်းရင်းကို ဝေရှောင်ပေါင်ကို ပြောပြ၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် အားခဲကို ပြောလိုက်သည်၊ "မင်းသမီး၊ အဲ့ဒီလူ ကိုယ်တိုင် ရောက်လာပြီ။ မင်းသမီး တိတ်တဆိတ် သွားကြည့်လို့ရပါတယ်။ နယ်စားမင်းက မင်းသမီး စိတ်တိုင်းမကျဘူးဆိုရင် သူဘယ်တော့မှ အတင်းအကျပ် မလုပ်ပါဘူးလို့ ပြောလိုက်ပါတယ်"
“ရှင် ပြောတာ တကယ်လား” အားခဲ၏ မျက်နှာတွင် သံသယများ ပေါ်လာသည်။
“တကယ်ပါ၊ ကျွန်တော်မျိုး ဘယ်လိုလုပ်ပြီး မင်းသမီးကို လိမ်ရဲမှာလဲ” ယန်ယိကျစ်က ရိုသေစွာ ပြန်ဖြေသည်။ ဘေးတွင် ဝေရှောင်ပေါင်က သူတို့နှစ်ဦး၏ စကားများ ကြားပြီး ရှုပ်ထွေးနေသည်။ စုန့်ချင်းရှုကတော့ ခုနက အားခဲ၏ပြောပြချက်အရ ဝူဆန်ကွေးသည် ပေါင်မင်းသား၏ သားဖြစ်သူ ဖူခန်းအန်နှင့် အားခဲအား ပေးစားရန် စိတ်ကူးထားသည်ကို ကြားလိုက်ရသောကြောင့် နားလည်သွားသည်။ သူသည် အလေးအနက်ထားသော အမူအရာဖြင့် တွေးလိုက်သည်၊ 'ဖူခန်းအန်ကလည်း ရွှမ်းဟိုင်ဂိတ်ကို ရောက်လာတာလား?
“ဒါပေမဲ့ ရှင် ခုနက ဘယ်လိုနည်းနဲ့မဆို ကျွန်မကို ပြန်ခေါ်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား” အားခဲသည် သိသိသာသာ စိတ်ဝင်စားဟန်ရှိသော်လည်း စိုးရိမ်တကြီးဖြင့် “ရှင်က ကျွန်မကို ပြန်ခေါ်ဖို့ လိမ်ပြောတာ မဟုတ်ဘူးလို့ ကျွန်မ ဘယ်လိုသိနိုင်မလဲ” ဟု မေးသည်။
ယန်ယိကျစ်က ခါးခါးသီးသီး ပြုံးပြီး “ကျွန်တော့်မှာ ဘယ်လောက်ပဲ သတ္တိရှိရှိ အနောက်ပိုင်းနယ်စားရဲ့ အမိန့်ကို အလွဲသုံးစားလုပ်ပြီး လိမ်ညာရဲမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
“ဒါဆိုလည်း ကောင်းပြီ” အားခဲက ခေါင်းညိတ်ပြီး နောက်ဆုံးတွင် ယုံကြည်လိုက်သည်။ အနောက်ပိုင်းနယ်စားသည် အမြဲတမ်း သူ၏ လက်အောက်ငယ်သားများကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်လေ့ရှိသည်။ အကယ်၍ နယ်စားမင်း၏ အမည်ကို အလွဲသုံးစားလုပ်၍ မမှန်မကန်ပြောဆိုမိပါက အားခဲကို ဖမ်းဆီးပြီး ပြန်ခေါ်နိုင်သော်လည်း အားခဲက နောက်ပိုင်းတွင် တိုင်ကြားလိုက်မည်ဆိုလျှင် ယန်ယိကျစ်သည် ပြင်းထန်သော အပြစ်ဒဏ်ကို ခံရမည်ဖြစ်သည်။
“ကောင်းပြီ၊ ကျွန်မ ရှင်နဲ့အတူတူ ပြန်ပြီး သွားကြည့်မယ်” ဟု ပြောပြီးနောက် အားခဲသည် စုန့်ချင်းရှုနှင့် ဝေရှောင်ပေါင်တို့ကို တစ်ချက်မျှ မကြည့်တော့ဘဲ ရှန်ဟိုင်ဂိတ်ဘက်သို့ တိုက်ရိုက် လှည့်ထွက်သွားသည်။ ယန်ယိကျစ်ကလည်း နှစ်ယောက်လုံးကို နှုတ်ဆက်ပြီး နောက်မှ လိုက်သွားသည်။
ဝေရှောင်ပေါင်သည် အားခဲ၏ ထွက်ခွာသွားသော ပုံရိပ်ကို ဝမ်းနည်းစွာ ကြည့်နေသည်နှင့်မတူဘဲ စုန့်ချင်းရှုကမူ စိတ်ထဲတွင် တိတ်တဆိတ် ဒေါသထွက်နေသည်။ အားခဲက ငယ်စဉ်ကတည်းက ရွှေဇွန်းကိုက်၍ နယ်စား၏သမီးအဖြစ်နှင့်မွေးဖွားကြီးပြင်းလာသောကြောင့် ဝေရှောင်ပေါင်နှင့် စုန့်ချင်းရှုတို့ မည်မျှပင် သိုင်းပညာမြင့်မားသည်ဖြစ်စေ ရာထူးမြင့်မားသည်ဖြစ်စေ သူမ၏ မျက်လုံးများတွင် ကျွန်တစ်ဦးမျှသာ ဖြစ်သည်ဟု သူ တွေးလိုက်သည်။
"နယ်စားဆိုတာ ဘာများထူးဆန်းနေလို့လဲ?" စုန့်ချင်းရှုသည် အေးစက်စွာ ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။ ထိုအချိန်မှစ၍ သူ၏ စိတ်ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားပြီး သူ့စိတ်ထဲတွင် ပြတ်သားသော ရည်မှန်းချက်တစ်ခု ပြန်လည်ပြည့်နှက်လာသည်။