စုန့်ချင်းရှုက ပြုံးလိုက်ပြီး “မင်းသမီးရဲ့ ဂုဏ်သတင်းက ကျော်ကြားလွန်းလို့ မြို့တော်ကလူတိုင်း အနောက်ပိုင်းနယ်စားမှာ နတ်သမီးလို သမီးတစ်ယောက် ရှိတယ်ဆိုတာ သိကြတယ်။ မင်းရဲ့ နာမည်ကို သိတာ အံ့ဩစရာ မဟုတ်ပါဘူး” ဟု ပြောသည်။
“တကယ်လား” အားခဲသည် ရှက်ရွံ့သော အမူအရာဖြင့် မေးလိုက်သည်။ သူမ၏ နာမည်က မြို့တော်အထိ ပျံနှံနေမည်ဟု မထင်ထားပေ။ စိတ်ထဲတွင် ရှက်သော်လည်း ပျော်ရွှင်သော ခံစားချက်ကို မထိန်းနိုင်ဖြစ်နေသည်။
“တကယ်ပေါ့၊ မင်းသမီးက မသိဘူးလား” စုန့်ချင်းရှုက အံ့ဩသလို ဟန်ဆောင်လိုက်သည်။
“တော်ပြီ တော်ပြီ” စုန့်ချင်းရှုက သူမ၏ အလှကို ချီးမွမ်းနေသဖြင့် အားခဲ၏ စိတ်သည် မတည်ငြိမ်တော့ပေ။ “ကျွန်မကို သိပြီဆိုတော့ ယောင်းမလောင်းကို အခု သွားတွေ့လို့ ရပြီလား”
“ဒါကတော့ အဆင်မပြေလောက်ဘူး” စုန့်ချင်းရှုက စိတ်မသက်မသာ ဖြစ်နေပုံရသည်။ အကယ်၍ ဝေရှောင်ပေါင်နှင့် ကျန်နင်းတို့က အခု ပေါက်ကရတွေ လုပ်နေကြရင် ဝူဆန်ကွေးရဲ့ သမီးကို ခေါ်သွားရင် သူ ဘယ်လိုလုပ်ရမလဲ။
“ဘာကြောင့် အဆင်မပြေတာလဲ၊ ကျွန်မက မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ယောင်းမလောင်းကို ကြည့်တာက သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမှာ မဟုတ်ဘူး” အားခဲ၏ အသံက ကြည်လင် ချိုမြ နုညံနေသည်။
စုန့်ချင်းရှု စိတ်ထဲတွင် ကျန်းနင်၌ ထိခိုက်စရာဂုဏ်သိက္ခာ မရှိတော့ဘူးဟု တွေးလိုက်သည်။ ဝေရှောင်ပေါင်ကြောင့် ပျက်စီးလုနီးပါး ဖြစ်နေပြီ။ သို့သော် သူမကို ခေါ်သွား၍မဖြစ်သောကြောင့် “မင်းသမီးက ဘာလို့ အလျင်စလို ဖြစ်နေရတာလဲ၊ မနက်ဖြန် အနောက်ပိုင်းနယ်စားက မင်းသမီးကို ကြိုဆိုဖို့ မြို့အပြင်ကို ထွက်လာလိမ့်မယ်၊ အဲ့ဒီအခါကျရင် မင်းသမီးက သူ့ကို တွေ့ရမှာပေါ့” ဟု ပြောလိုက်သည်။
အားခဲ စိတ်ထဲတွင် စိုးရိမ်နေပြီး “ဒါပေမဲ့ ကျွန်မ မနက်ဖြန်အထိ မစောင့်နိုင်ဘူး” ဟု ချက်ချင်း ပြောလိုက်သည်။
“ဘာလို့လဲ” စုန့်ချင်းရှု၏ မျက်နှာတွင် သံသယများ ပေါ်လာသည်။ ကမ္ဘာပေါ်တွင် လှပသော အမျိုးသမီးများစွာ ရှိသည်၊ တစ်ဖက်လူသည် နတ်သမီးလို လှပနေသော်လည်း အားခဲ ဖြစ်ချင်မှ ဖြစ်မည်ဟု ရုတ်တရက် တွေးလိုက်သည်။
သူ၏ အမူအရာကို မြင်သောအခါ အားခဲသည် စုန့်ချင်းရှု သံသယဖြစ်နေသည်ကို နားလည်သွားသည်။ စိတ်ထဲတွင် အချိန်အတော်ကြာ ရုန်းကန်နေပြီး ရံဖန်ရံခါ ခေါင်းမော့ကြည့်ကာ သူမ၏ နှုတ်ခမ်းနီများစွာကို ဖွင့်လိုက်သော်လည်း ပါးစပ်ဖျားသို့ ရောက်လာသော စကားများကို ပြန်မျိုချလိုက်သည်။
စုန့်ချင်းရှုသည် သူမ၏ ပြောချင်သော်လည်း မပြောနိုင်သော တုန့်ဆိုင်းသောအမူအရာကို မြင်သောအခါ အလွန် ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု ခံစားရသည်။ စိတ်ထဲတွင်လည်း သူမသည် မိခင် ချန်ယွမ်ယွမ်၏ အလှကို အမွေဆက်ခံရုံသာမက လှုပ်ရှားမှုတိုင်းက ယောက်ျားများ၏ စိတ်ကို ဆွဲဆောင်နိုင်သော စွမ်းရည်ကိုလည်း အမွေဆက်ခံသည်ဟု စိတ်ထဲတွင် ချီးကျူးလိုက်သည်။
“ကျွန်မမှာ ပြောမပြနိုင်တဲ့ အခက်အခဲတွေရှိတယ်” အားခဲသည် သနားစရာကောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဘာအခက်အခဲလဲ” ဒီကမ္ဘာ၏ အားခဲသည် မူရင်းစာအုပ်ထဲကထက် အများကြီး ပိုပျော်ရွှင်သည်၊ သူမသည် မွေးကတည်းက ကောင်းကင်ဘုံ၏ သမီးတော်ဖြစ်သည်၊ အခုက စိုးရိမ်ပူပန်မှု့အကင်းဆုံး အသက်အရွယ် ဖြစ်သည်၊ဘာအခက်အခဲများ ရှိနိုင်မှာလဲ။ စုန့်ချင်းရှုက ဂရုမစိုက်ပဲ မေးလိုက်သည်။
“အခက်အခဲက ပြောလို့ရရင် အခက်အခဲလို့ ခေါ်နိုင်ပါဦးမလား” အားခဲသည် သူမ၏ နှုတ်ခမ်းလေးကို ဆူလိုက်ပြီး မျက်နှာအမူအရာက ချက်ချင်း မပျော်တော့ပေ။
အခြားသော ယောက်ျားတစ်ဦးသာ အားခဲနှင့် တွေ့ဆုံခဲ့မည်ဆိုလျှင် တောက်ပသောမျက်လုံးများနှင့် ဖြူဖွေးသောအသားအရည်ရှိသော မိန်းကလေးတစ်ဦး၏ အနည်းငယ် စိတ်ဆိုးပြီး စိတ်ပျက်သောအမူအရာကို မြင်သောအခါ ဆက်လက်မေးရန် မဝံ့ရဲတော့ပေ။ စုန့်ချင်းရှုသည် မတူပေ၊ သူသည် လှပသောအမျိုးသမီးများစွာကို တွေ့ဖူးသဖြင့် ခုခံနိုင်စွမ်း အတော်လေးမြင့်မားသည်။ ထို့အပြင် စိတ်ထဲတွင်လည်း သူမ၏ အခက်အခဲကို စူးစမ်းလိုသဖြင့် ချက်ချင်း နည်းလမ်းတစ်ခု ရလိုက်ပြီး “မင်းသမီးက အခက်အခဲကို ကျွန်တော့်ကို ပြောပြပါ၊ အကယ်၍ တကယ်ကို အကြောင်းရင်းရှိတယ်ဆိုရင် ကျွန်တော်က မင်းသမီးလေးကို မင်းသမီး(ကျန်းနင်)နဲ့ အချိန်မီ တွေ့ဆုံနိုင်အောင် နည်းလမ်းရှာပေးပါ့မယ်” ဟု ပြောလိုက်သည်။
စုန့်ချင်းရှုသည် သူ၏ အစပိုင်းက အံ့ဩတုန်လှုပ်မှုမှ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်ကို မြင်လိုက်ရသည်။ သူ့မျက်လုံးများသည် ကြည်လင်တောက်ပနေပြီး သာမန်ယောက်ျားများကဲ့သို့ သူမကို မြင်သောအခါ စိတ်မထိန်းနိုင်ခြင်း မဖြစ်သောကြောင့် အလိုအလျောက် အနည်းငယ် ယုံကြည်သွားသည်။
သူမက “ခုနက ဗိုလ်ချုပ်နာမည် မမေးလိုက်မိဘူး၊ ဗိုလ်ချုပ်ကို ဘယ်လိုခေါ်ရမလဲ”
“ကျွန်တော့်နာမည်က စုန့်ချင်းရှုပါ” ဟု စုန့်ချင်းရှုက ရိုးရိုးလေးနှင့် ခပ်မိုက်မိုက် ပြန်ဖြေလိုက်သည်။
သူသည် မန်ချူးနန်းတော်မှ လူတစ်ယောက်ဖြစ်ပြီး ထိုင်ရှန်းတောင်ပေါ်မှ တိုက်ပွဲနှင့် လပြည့်ညက ဧကရာဇ်၏ အသက်ကို ကယ်တင်ခဲ့သည့်နောက်ပိုင်း လူအများက သူ့ကို မန်ချူး၏ နံပါတ်တစ် သိုင်းသမားဟု လေးစားစွာ ခေါ်ဆိုကြသည်။ စုန့်ချင်းရှုသည် အပေါ်ယံတွင် နှိမ့်ချစွာ ငြင်းဆိုသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် ဂုဏ်ယူနေသည်။
အမျိုးသမီးငယ်တိုင်းသည် စာပေပညာဖြင့် နိုင်ငံ့ရေးရာများကို စီမံနိုင်ပြီး သိုင်းပညာဖြင့် တိုင်းပြည်ကို ကာကွယ်နိုင်မည့်၊ ချောမောခန့်ညားသော ခင်ပွန်းတစ်ဦးကို လိုချင်ကြသည်။ စုန့်ချင်းရှုသည် သူ့ကိုယ်သူ ထိုအခြေအနေများနှင့် ကိုက်ညီသည်ဟု ခံစားရသည်။ အားခဲက သူ့ကို လေးစားသော အကြည့်ဖြင့် ကြည့်ပြီး မေးခွန်းများ မေးလာမည်ဟု မျှော်လင့်မိသည်။
"ဒါဆို စစ်သူကြီးစုန့်ပေါ့" အားခဲ၏ မျက်နှာတွင် မည့်သည့် အမူအရာမျှ မပြောင်းလဲပေ။ သူမ ဆက်ပြောသည်၊ "ကျွန်မ ခက်ခဲတဲ့ အခြေအနေကို ရှင့်ကို ပြောပြလိုက်မယ်၊ ဒါပေမဲ့ ရှင်က ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ ကတိပေးရမယ်။"
သူမသည် အံ့ဩသော အမူအရာမပြသောကြောင့် စုန့်ချင်းရှုသည် စိတ်ထဲနာကျင်သွားသည်။ အားခဲသည် ရှန်ဟိုင်ကွမ်းတွင် နေပြီး နိုင်ငံရေးကိစ္စများကို စိတ်မဝင်စားကြောင်း၊ သိုင်းပညာကိုလည်း စိတ်မဝင်စားကြောင်း စုန့်ချင်းရှု မည်သို့သိနိုင်မည်နည်း။ စုန့်ချင်းရှု၏ နာမည်ကို တစ်ခါမှ မကြားဖူးသောကြောင့် သူမ၏ အမူအရာက ထူးဆန်းစရာမရှိပေ။
"မင်းသမီး ပြောနိုင်ပါတယ်။ မင်းသမီးပြောတာကို တတိယလူတစ်ဦးကို ကျွန်တော် ဘယ်တော့မှ ပေါက်ကြားအောင် မလုပ်ပါဘူး။"
"ဟင်း..." အားခဲသည် ညှိုးငယ်စွာ သက်ပြင်းချလိုက်သည်။ သူမ၏ အသံထဲမှ ဝမ်းနည်းကြေကွဲမှုသည် စုန့်ချင်းရှုကိုပင် အံ့အားသင့်သွားစေသည်။ ဤသည်မှာ သူမ၏ အသက်အရွယ်နှင့် မလိုက်ဖက်သော စိတ်ခံစားချက် ဖြစ်သည်ဟု တွေးလိုက်သည်။
"ကျွန်မအဖေက ကျွန်မကို မင်းသားပေါင်ရဲ့သားနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတယ်။ ဖူခန်းအန်ဆိုတဲ့သူက ဘယ်လိုလူလဲ၊ ဝသလား ပိန်သလား၊ အရပ်ရှည်သလား ပုသလားဆိုတာတောင် ကျွန်မ မသိဘူး။ သူ့ကို ဒီတိုင်း လက်ထပ်ဖို့ ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။ ဒါကြောင့် ကျွန်မက အိမ်ကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တာ!"
"အိမ်က ထွက်ပြေးတယ်?" စုန့်ချင်းရှုသည် ဤအကြောင်းရင်းကို လုံးဝ မမျှော်လင့်ထားပေ။ သူ၏ စိတ်ထဲတွင်ဆက်၍ တွေးမိသည်။ ခေတ်တိုင်းတွင် ယခုလို စကားနားမထောင်သော မိန်းကလေးများ ရှိနေသည်။ ထို့အပြင် အားခဲ၏ သိုင်းပညာသည်လည်း အလွန်ညံ့ဖျင်းပြီး ရုပ်ရည်ကလည်း နိုင်ငံပျက်စေနိုင်လောက်အောင် လှပနေသောကြောင့် သိုင်းလောကသို့ ရောက်သွားပါက မကြာခင်မှာပဲ လူယုတ်မာတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံရပြီး ပျက်စီးသောမိန်းကလေး ဖြစ်သွားနိုင်တယ်ဟု တွေးလိုက်သည်။
"အစ်ကိုကြီးက ငယ်ငယ်လေးကတည်းက ကျွန်မအပေါ်မှာ အရမ်းကောင်းခဲ့တယ်။ ကျွန်မ မထွက်ခွာခင်မှာ ယောင်းမလောင်းရဲ့ ရုပ်ရည်ကို တွေ့ချင်တယ်။ အကယ်၍၊ အကယ်၍..." အားခဲသည် ရုတ်တရက် ရပ်သွားပြီး ကျန်စကားများကို ပြောမထွက်နိုင်ပေ။
"ယောင်းမလောင်းက ရုပ်ဆိုးတဲ့ မင်းသမီးတစ်ပါးဖြစ်နေရင် ဝူယင်ရှုံကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ ကြိုပြောထားမှာလား?" စုန့်ချင်းရှုက ရယ်မောပြီး မေးလိုက်သည်။ ဒီကမ္ဘာမှာ မတူညီတဲ့ မိခင်က မွေးခဲ့သော မောင်နှမနှစ်ဦးကြားက ဆက်ဆံရေးက ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
"ဟွန့်၊ ကျွန်မအကိုကြီးကို ဒီလက်ထပ်ပွဲ ပယ်ဖျက်ဖို့ နည်းလမ်းရှာခိုင်းမှာပေါ့။ ကျွန်မအကိုကြီးက စာပေပညာလည်းတတ်ကျွမ်းတယ်၊ သိုင်းပညာလည်း ထူးချွန်တယ်၊ ရုပ်ရည်ကလည်း ချောမောတယ်၊ ဒီလို မင်းသားတစ်ယောက်က အရမ်းလှပတဲ့ အမျိုးသမီးမျိုးကို ဘာ့ကြောင့် မရနိုင်ရမှာလဲ။ ဘာလို့ ရုပ်ဆိုးတဲ့ မင်းသမီးတစ်ပါးကို လက်ထပ်ရမှာလဲ" အားခဲသည် အစ်ကိုဖြစ်သူ၏ ဘဝအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်း သိသာသည်။
သူမ၏စကားပြောဟန်တွင် တော်ဝင်မိသားစုအပေါ် လေးစားမှုမရှိသည်ကို စုန့်ချင်းရှု ကြားလိုက်ရသောအခါ သူမသည် အနောက်ပိုင်းနယ်စား ဘေးတွင် ကြီးပြင်းလာပြီး ဝူဆန်ကွေးနှင့် သူ့သား၏ တကယ့်သဘောထားများအားလုံးကို (လွှမ်းခံထားရကြောင်း)လက်ခံထားကြောင်း နားလည်သွားသည်။
စုန့်ချင်းရှုက ပြန်မပြောသည်ကို မြင်သောအခါ အားခဲသည် ချက်ချင်း စိတ်ပူသွားသည် "ကျွန်မ ခက်ခဲတဲ့ အခြေအနေကို ရှင်ကို ပြောပြပြီးပြီ။ ရှင်က ကျွန်မကို မင်းသမီးနဲ့တွေ့ဖို့ ခေါ်မသွားသေးဘူးလား?"
"မင်းသမီးရဲ့ အသွင်အပြင်ကို စိုးရိမ်နေတာဆိုရင် ကျွန်တော် တိုက်ရိုက်ပြောပြနိုင်တယ်။ မင်းသမီးရဲ့ အသားအရေကဖြူဖွေးပြီး မျက်နှာကလည်း လှပတယ်။ ရှားပါးလှတဲ့ အလှလေးတစ်ဦးပဲ၊ မင်းရဲ့အကိုကြီးအတွက် စိတ်ပူစရာမလိုပါဘူး" စုန့်ချင်းရှုက ရယ်မောပြီး ပြောသည်။ စိတ်ထဲတွင်မူ " ကံမကောင်းစွာနဲ့ပဲ သူက စိတ်ရောဂါရှိတဲ့ ဖောက်ပြန်တဲ့ မိန်းကလေးတစ်ဦးပဲ"ဟုထပ်ပေါင်းလိုက်သည်။
"ကျွန်မ မယုံဘူး!" အားခဲ ခေါင်းခါလိုက်သည်၊ "မျက်မြင်ကိုယ်တွေ့ပဲ ယုံတယ်။ ရှင်က ကျွန်မကို တွေ့ဖို့ လုပ်ပေးမှာလား လုပ်မပေးဘူးလား"
"ဓလေ့ထုံးတမ်းအရ မသင့်တော်ပါဘူး။ အကယ်၍ ကျွန်တော်က ခေါ်သွားရင် နောင်တစ်ချိန်မှာ တစ်စုံတစ်ယောက်က လျှို့ဝှက်ပြီး အစီရင်ခံစာတင်သွင်းနိုင်တယ်။ ဧကရာဇ်က အပြစ်တင်လာရင် ကျွန်တော် ဒုက္ခရောက်လိမ့်မယ်။" အားခဲသည် လှည့်စားခံရသောကြောင့် ဒေါသထွက်လာသော အမူအရာကို မြင်သောအခါ စုန့်ချင်းရှု ချက်ချင်း ဆက်ပြောသည်၊ " “ဒါဆို ဒီလိုလုပ်မယ်၊ ငါ မင်းကို တိတ်တိတ်လေး သွားကြည့်ဖို့ ခေါ်သွားမယ်၊ မင်းသမီးက မင်းကို မတွေ့ရင် ဘယ်သူကမှ အပြစ်တင်နိုင်မှာ မဟုတ်ဘူး”
“ကောင်းပြီ!” အားခဲသည် ဒေါသကနေ ပျော်ရွှင်မှုသို့ ပြောင်းသွားသည်၊
သူမသည် မွေးကတည်းက ပန်းပွင့်မျက်လုံးများ ရှိနေသည်။ ပုံမှန်အချိန်များတွင် သူမ၏ မျက်လုံးများသည် ပန်းပွင့်ပွင့်ချပ်များနှင့်တူပြီး မှုန်ရီနေကာ ဆွဲဆောင်မှုရှိသည်။ ရယ်သောအခါတွင် မျက်လုံးများက လခြမ်းနှစ်ခြမ်းကဲ့သို့ ဖြစ်သွားပြီး လုံးဝ ဆွဲဆောင်မှုရှိသည်။
စုန့်ချင်းရှုသည် သူမကို ငေးကြည့်နေစဉ် တဲအပြင်ဘက်မှ ဝေရှောင်ပေါင်၏ အသံကို ကြားလိုက်ရသည်၊ "စုန့်အကိုကြီး လုပ်ကြံသူကို စစ်ဆေးနေတယ်လို့ ကြားတယ်၊ ဘယ်လိုအခြေအနေရှိလဲ?"