ရှချင်းချင်းက စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ပေးပါက စုန့်ချင်းရှုသည် ပုံစံတစ်မျိုးဖြင့် ရွှေမြွေစစ်စခန်းကို အောင်မြင်စွာ သိမ်းယူနိုင်ရန် ယုံကြည်မှုရှိသည်။ သို့သော် ကံမကောင်းစွာဖြင့် ယခု ရှချင်းချင်း ပျောက်ဆုံးသွားခြင်းက အားလုံးကို အချည်းနှီးဖြစ်စေခဲ့သည်။ ထို့ကြောင့် ထိုညက စုန့်ချင်းရှုသည် လော့ပင်းမှ ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း သိလိုက်သောအခါ ဒေါသထွက်သွားခဲ့ပြီး သူမ၏ကိုယ်ပေါ်တွင် ဒေါသများကို ပေါက်ကွဲပစ်ခဲ့သည်။
သတို့သမီးကို လိုက်ပို့သော အဖွဲ့သည် ရှန်ဟိုင်ကွမ်းနယ်နိမိတ်သို့ ရောက်သည်အထိ သူသည် ကောင်းသော အစီအစဉ်တစ်ခုကို မစဉ်းစားနိုင်ခဲ့ပေ။ အဝေးမှ မှုန်ပြပြ မြင်နေရသော ခမ်းနားထည်ဝါသည့် မြို့ရိုးကြီးကို ကြည့်ရင်း စုန့်ချင်းရှုသည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည် "အခုတော့ ခြေတစ်လှမ်းချင်းစီပဲ လှမ်းရတော့မယ်။ အပြောင်းအလဲတစ်ခုခု ပေါ်လာမလားဆိုတာ စောင့်ကြည့်ရမယ်" ဟု တွေးသည်။
ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားပြီး စုန့်ချင်းရှုသည် လူတစ်ဦးကို စေလွှတ်ကာ ဝေရှောင်ပေါင်ကို ခေါ်ခိုင်းသည်။ ဝေရှောင်ပေါင်၏ ခြေလှမ်းများ ယိုင်နဲ့နဲ့ဖြစ်နေသည်ကို မြင်သောအခါ သဘောပေါက်သောအပြုံးတစ်ခု ပေါ်လာသည်"ဝေညီလေး၊ ကိုယ်ခန္ဓာကိုလဲ ဂရုစိုက်ဦး။"
ဝေရှောင်ပေါင်၏ မျက်နှာနီမြန်းသွားပြီး ပြောသည်၊ "စုန့်အကိုကြီးကို ရယ်စရာ ဖြစ်စေမိပြီ။" စိတ်ထဲတွင်မူ ထိုမင်းသမီးက ပျက်စီးနေပြီး အထိန်းအကွပ်မရှိသဖြင့် ဒီအချိန်အတွင်း ခြောက်သွေ့သွားအောင် စုပ်ယူလုနီးပါး ဖြစ်နေပြီဟု တွေးနေသည်။
"ဒီတစ်ခါတော့ အကိုကြီးက မင်းကိစ္စကို ဝင်စွက်ဖက်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ အခုက ဝူဆန်ကွေးရဲ့ နယ်မြေကို ရောက်နေပြီ။ ဝေညီလေးက အရင်လိုပဲ မင်းသမီးရဲ့ အိပ်ခန်းထဲကို ဝင်ထွက်နေမယ်ဆိုရင် အခြားလူတွေရဲ့ နားထဲကို ရောက်သွားရင် ငါတို့ခရီးစဉ်က ဘာတွေဖြစ်လာမလဲဆိုတာ ပြောဖို့ခက်တယ်"
စုန့်ချင်းရှုသည် ဝေရှောင်ပေါင်က ကာမဂုဏ်၌ မူးယစ်နေပြီး ဆင်ခြင်တုံတရားမရှိဖြစ်နေမှာကို စိုးရိမ်သည်။ အကယ်၍ ကိစ္စပေါ်သွားပါက ဝေရှောင်ပေါင်သာမကဘဲ သူသည်လည်း သတို့သမီးကိုပို့ဆောင်သောစစ်သူကြီးတစ်ဦးအနေဖြင့် သေဒဏ်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
"စုန့်အကိုကြီး သတိပေးတာ ကျေးဇူးတင်ပါတယ်" ဝေရှောင်ပေါင် စိတ်ထဲတွင် လေးလံသွားသည်။ ဒီရက်တွေအတွင်း ကျန်းနင်နှင့် အတူနေရတာကို တကယ်တမ်း စွန့်လွှတ်ရခက်နေသည်။ သို့သော်လည်း သူ၏အသိဉာဏ်က အသက်သည် အရေးကြီးဆုံးဖြစ်ကြောင်း နားလည်ထားသည်။
"ကျန်းနင်မင်းသမီးကို ဧကရာဇ်က ဝူယင်ရှုံနဲ့ ပေးစားထားပြီးပြီ။ သူမက နောက်မျိုးဆက် ပင်ရှီ(အနောက်ပိုင်း)ဘုရင်ရဲ့ မိဖုရား ဖြစ်လာမှာ သေချာတယ်။ မင်းက ပေါ့ပေါ့ပါးပါး ကစားရုံလောက်ပဲဆိုရင် ကိစ္စမရှိဘူး။ အကယ်၍ ခံစားချက်ကြောင့် စိတ်လိုက်မာန်ပါလုပ်ပြီး ဧကရာဇ်ရဲ့ အစီအစဉ်ကို ဖျက်ဆီးလိုက်ရင်တော့..." စုန့်ချင်းရှု စကားဆုံးအောင် မပြောပေမယ့် အဓိပ္ပာယ်က ရှင်းလင်းနေသည်။
"ပေါ့ပေါ့ပါးပါး ကစားတာလား?" ဝေရှောင်ပေါင် အကြီးအကျယ် လေးစားအားကျသွားသည်။ သူ့ပါးစပ်မှ ထွက်လာသော မျိုးရိုးမြင့်သော မင်းသမီးတစ်ဦးသည် သာမန်နန်းတွင်းသူတစ်ဦးကဲ့သို့ ဖြစ်နေသည်... အင်း၊ မဟုတ်သေးပါဘူး။ ကျန်းနင်က တကယ်လည်း မင်းသမီးတစ်ဦး မဟုတ်ဘူး။ ရာထူးကို တကယ်တမ်း ပြောရရင် သာမန်နန်းတွင်းသူတစ်ဦးထက်တောင် နိမ့်နေသေးသည်။
"နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်" စုန့်ချင်းရှု ခဏစဉ်းစားပြီး "မင်းသမီး ကျန်းနင်ရဲ့ ကိစ္စကို မင်း ကောင်းကောင်း ကိုင်တွယ်ရမယ်။ မဟုတ်လို့ သူမက မလိုအပ်တာတွေပြောလာရင် အဆင်မပြေဘူး"
"စုန့်အကိုကြီး စိတ်ချပါ။ ကျွန်တော် သူမကို နားချဖို့ နည်းလမ်းရှိပါတယ်" ဝေရှောင်ပေါင်က ပါးစပ်က ပြောနေသော်လည်း စိတ်ထဲတွင်မူ စိုးရိမ်ပူပန်နေသည်။ မကြာသေးခင်က ကျန်းနင်သည် ဝူယင်ရှုံကို ဝူသေရှုံဖြစ်ရန် နည်းလမ်းရှာဖို့ အကြိမ်ကြိမ် အရိပ်အမြွက်ပြနေသည်။ သို့သော် ဤကဲ့သို့သော ကြီးမားသည့်ကိစ္စကို သူ ဘယ်လိုလုပ် သဘောတူရဲမည်နည်း။ ထို့ကြောင့် တစ်ဖက်က ဟန်ဆောင်နေရင်း တစ်ဖက်ကလည်း နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် နည်းလမ်းကို ရှာဖွေနေသည်။
ကျန်းနင်၏စိတ်သဘောကို စုန့်ချင်းရှု ကောင်းကောင်းသိသည်။ သူမသည် ဒီလောက်လွယ်လွယ်ကူကူ လက်ခံလိမ့်မည်ဟု မထင်ပေ။ သို့သော် ဝေရှောင်ပေါင်က ယခုလိုပြောလိုက်သောကြောင့် ထပ်မမေးတော့ချေ။ ဝေရှောင်ပေါင်၏ ကံကောင်းပြီး အခက်အခဲများကို ကျော်လွှားနိုင်သည့် အရည်အချင်းကို တွေးမိသောအခါ သူ တကယ်ပဲ နည်းလမ်းတစ်ခုရှိနေသည်ဟု အနည်းငယ် ယုံကြည်သွားသည်။
စိတ်ထဲတွင် ရုတ်တရက် ဝူယင်ရှုံကို သနားသွားသည်။ ဒီရက်တွေအတွင်း ဝေရှောင်ပေါင်နှင့် ကျန်းနင်တို့၏ ပျော်ပါးမှု့ကို တွေးကြည့်လိုက်သောအခါ ကျန်းနင်ကိုယ်ဝန်ပင်ရသွားနိုင်သည်။ မင်္ဂလာဆောင်မတိုင်ခင်တွင်ပင် ဝူယင်ရှုံသည် ဦးထုပ်အစိမ်းကြီးကို ဆောင်းထားရပြီး ဖြစ်နိုင်သည်ဟု တွေးမိသည်။
“အရှင်တို့ကို သတင်းပို့ပါတယ်၊ ရထားအဖွဲ့ကို မကြာခဏ ချောင်းမြောင်းကြည့်ရှုပြီး သံသယဖြစ်ဖွယ် အမူအရာနဲ့ လူတစ်ဦးကို ကျွန်တော်တို့ ဖမ်းမိပါသည်၊ ဒါပေမယ့်၊ ဒါပေမယ့်…” စုန့်ချင်းရှုသည် အတွေးထဲတွင် နစ်မြုပ်နေစဉ် အစောင့်တစ်ဦးသည် ပြေးလာကာ သူ၏အတွေးကို ဖြတ်ပြောလိုက်သည်။
“စကားထစ်နေတာလား၊ ဒါပေမယ့် ဘာလဲ?” ဝေရှောင်ပေါင်သည် စိတ်အနှောင့်အယှက် ဖြစ်နေသည်၊ အစောင့်၏ ဝေ့လည်ကြောင်ပတ် လုပ်နေပုံကို ကြည့်ပြီး ဆဲဆိုလိုက်သည်။
အစောင့်၏ မျက်နှာတစ်ပြင်လုံး နီရဲသွားကာ အလျင်အမြန်ပြောသည်၊ “ဒါပေမယ့် အဲ့ဒီလူက သူ့ကိုယ်သူ အနောက်ပိုင်းနယ်စားရဲ့သား အိမ်ရှေ့မင်း ဝူယင်ရှုံရဲ့ ညီ ဝူယင်ရွှမ်ဟု ပြောပါတယ်”
“အနောက်ပိုင်းနယ်စားမှာ သားတစ်ယောက်ပဲ ရှိတာမဟုတ်ဘူးလား?” စုန့်ချင်းရှုသည် အနည်းငယ် ပဟေဠိဖြစ်သွားပြီး ဝေရှောင်ပေါင်ကို မသေချာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဝူဆန်ကွေးလို လိပ်အိုကြီးမှာ သားနှစ်ယောက်ရဖို့ ကံကောင်းမှာ မဟုတ်ဘူး၊ ဒါက အတုအယောင်ပဲဖြစ်ရမယ်၊ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ပြီး လမ်းဘေးမှာ ပစ်ထားလိုက်” ဝေရှောင်ပေါင်က စိတ်မရှည်စွာ လက်ကာပြသည်။
“ဟုတ်ကဲ့!”
“နေဦး၊ အဲ့ဒီလူကို ခေါ်လာခဲ့”
ဝေရှောင်ပေါင်သည် စိတ်မဝင်စားစွာဖြင့် “စုန့်အကိုကြီး ကျွန်တော် အရင်သွားတော့မယ်၊ မင်းသမီးက ဒီရက်တွေအတွင်း စိတ်ကောက်နေလို့ ကျွန်တော် သွားချော့ရမယ်” ဟု အလျင်အမြန် ပြောသည်။
စုန့်ချင်းရှုက ခေါင်းညိတ်လိုက်သည်။ ဝေရှောင်ပေါင် ထွက်ခွာသွားပြီး မကြာမီတွင် အစောင့်များက လူတစ်ဦးကို ဖမ်းဆီးခေါ်လာသည်။ “လွှတ်ကြ၊ ငါ့ကို လွှတ်ကြ၊ ရှန်ဟိုင်ကွမ်းကို ရောက်ရင် ငါ့အဖေက မင်းတို့အားလုံးကို အပြင်ကို ဆွဲထုတ်ပြီး ခေါင်းဖြတ်ခိုင်းလိမ့်မယ်ဆိုတာ ယုံလား” ထိုသူသည် ရုန်းကန်နေရင်း ဒေါသတကြီး အော်ပြောနေသည်။
သူ၏ ချိုသာသော အသံကို ကြားပြီး နီရဲသော နှုတ်ခမ်းနှင့် ဖြူဖွေးသော သွားများကို မြင်သောအခါ စုန့်ချင်းရှု၏ မျက်နှာအမူအရာက အံ့အားသင့်သွားသည်။ “ဒီယောက်ျားလေးက ဘာလို့ မိန်းမဆန်နေတာလဲ၊ မိန်းကလေးက ယောက်ျားလေးအဖြစ် ဟန်ဆောင်ထားတာလား” သူ၏ မျက်လုံးများက သူမ၏ ရင်ဘတ်ကို အလိုအလျောက် အကဲ့ခတ်ကြည့်လိုက်သော်လည်း အမို့အမောက်များ မရှိပေ။ စိတ်မကျေနပ်သေးပဲ ထိုသူ၏ လည်ပင်းမှ လည်စေ့ကို ကြည့်ရန် ကြိုးစားလိုက်သော်လည်း အင်္ကျီရှည်ကို ဝတ်ထားပြီး လည်ပင်းကို အပြည့်အဝ ဖုံးအုပ်ထားသည်။
“မင်းက အနောက်ပိုင်းနယ်စားရဲ့သား ဝူယင်ရွှမ်တဲ့လား” စုန့်ချင်းရှုက လက်ပြပြီး အစောင့်တွေကို လွှတ်ပေးဖို့ အချက်ပြလိုက်သည်။
“ဒီမင်းသမီး အဲ.... ဒီမင်းသားပဲ” ထိုလူက လွတ်မြောက်လာသည်နှင့် ပထမဆုံး အနေဖြင့် သူ့ခန္ဓာကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်လိုက်သည်။ သူသည် အသန့်ကြိုက်သောသူတစ်ယောက်ဖြစ်ကြောင်း ရှင်းနေသည်။
“ကျွန်တော် သိသလောက်တော့ အနောက်ပိုင်းနယ်စားမှာ သားတစ်ယောက်ပဲ ရှိတယ်၊ အဲဒါကလည်း ဒီတစ်ခါ လက်ထပ်မယ့် ဝူယင်ရှုံပဲ” ခရီးက ပျင်းစရာကောင်းသဖြင့် စုန့်ချင်းရှုက သူမနှင့် အနည်းငယ် လိုက်လျောရန် စိတ်မကူးပေ။
“ဟင့်၊ မင်းတို့ ဗဟုသုတ နည်းလို့ပေါ့” ထိုသူက အေးစက်စက် နှာမှုတ်လိုက်သည်။ သို့သော် စုန့်ချင်းရှုက သူ့ကို ဒီအတိုင်း ယုံကြည်မှာ မဟုတ်ဘူးဆိုတာကိုလည်း စိတ်ထဲတွင် နားလည်သည်။ ထို့ကြောင့် အလျင်အမြန် ရှင်းပြလိုက်သည်၊ “မင်းတို့ကို ပြောပြလည်း ကိစ္စမရှိဘူး၊ ငါက အဖေ့ရဲ့ တရားမဝင် သားတစ်ယောက်၊ ဒါကြောင့် လူသိနည်းတာ သဘာဝပဲ”
စုန့်ချင်းရှုသည် သူ့စကားကို အနည်းငယ် ယုံကြည်သွားသည်။ ဒီကမ္ဘာတွင် သူသည် ဂိုဏ်းကို သစ္စာဖောက်ခဲ့ပြီး သူ့ဦးလေးကို သတ်ခဲ့သဖြင့် သိုင်းလောကတွင် သူ့ဂုဏ်သတင်းက အနံ့ဆိုးသော တို့ဟူးနှင့်တူသည်ဟု ဆိုနိုင်သည်။ သို့သော် သူ၏ ဂုဏ်သတင်းသည် ဝူဆန်ကွေးနှင့် နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်ပေ။ ဝူဆန်ကွေးသည် အရင်က မန်ချူးစစ်သားများကို ခေါ်ဆောင်လာပြီး ဟန်လူမျိုးများ၏ နယ်မြေကို တရုတ်နိုင်ငံ၏ အပြင်လူများကို ပေးခဲ့ကာ နောက်ပိုင်းတွင် မင်မင်းဆက်၏ နောက်ဆုံး မျှော်လင့်ချက် ဂွေ့မင်းသားကိုလည်း သူ့လက်ဖြင့် ကိုယ်တိုင် ကိုင်လည်ပင်းညှစ်သတ်ခဲ့သည်။
စုန့်ချင်းရှု၏ ဂုဏ်သတင်းက အနံ့ဆိုးသော တို့ဟူးနှင့်တူသည်ဆိုလျှင် ဝူဆန်ကွေး၏ ဂုဏ်သတင်းက ဒူးရင်းသီးနှင့် တူသည်။ ထိုသို့ဆိုလျှင် မည်သူကမှ ဝူဆန်ကွေး၏ သားဟု အကြောင်းမရှိဘဲ ဝန်ခံလိမ့်မည်မဟုတ်ပေ။
“ကောင်းပြီ၊ မင်းက အနောက်ပိုင်းနယ်စားရဲ့ သားပဲထားတော့၊ မင်းက နန်းတော်မှာ မနေဘဲနဲ့ ဘာလို့ငါ့တို့ အဖွဲ့ကို စောင့်ကြည့်နေတာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ” စုန့်ချင်းရှုက သံသယဖြင့် မေးလိုက်သည်။
“လာစမ်း၊ လက်ဖက်ရည်လာချ” ဝူယင်ရွှမ်သည် ဘေးရှိ ထိုင်ခုံပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်ပြီး သူ့အသံထဲတွင် သဘာဝအတိုင်း ရာထူးမြင့်မားသော အမိန့်ပေးသည့် ခံစားချက် ပါနေသည်။ အစောင့်များက ခဏတာ အံ့အားသင့်သွားပြီး ပြင်ဆင်ရန် အလိုအလျောက် ခြေလှမ်းလှမ်းလိုက်သည်။ ရုတ်တရက် အသိပြန်ဝင်လာပြီး ဒေါသတကြီးဖြင့် သူ့ကို စိုက်ကြည့်နေသည်။
“မင်းတို့ မနက်ဖြန်အတွက် အစီအစဉ်တွေ ဆက်လုပ်ကြတော့၊ ဒီလူကို ငါ့ဆီ အပ်ခဲ့လိုက်” စုန့်ချင်းရှုက လက်ပြလိုက်သည်။ အခု မင်္ဂလာဆောင်အဖွဲ့သည် ရှန်ဟိုင်ကွမ်းအပြင်ဘက်တွင် တပ်ချထားပြီး နောက်နေ့တွင် ဝူဆန်ကွေးမှ မြို့ပြင်သို့ ထွက်လာပြီး ကြိုဆိုခြင်းကို စောင့်နေသည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ရမည့် အလုပ်များလည်း များစွာရှိနေသည်။
အစောင့်များသည် စုန့်ချင်းရှု၏ သိုင်းပညာက အလွန်မြင့်မားသည်ကို သိပြီး ယခုအခါ ဤ မင်းသားဟု ခေါ်သည့်လူနှင့် တိုက်ခိုက်ပြီးနောက် ဝူယင်ရွှမ်၏ သိုင်းပညာသည် သာမန်မျှသာ ဖြစ်သည်ကို သိသဖြင့် အားလုံး ထွက်ခွါသွားကြသည်။
“ကောင်းပြီ၊ မင်းက သိပ်မဆိုးဘူးထင်လို့ပြောပြလိုက်မယ်၊ ဧကရာဇ်ရဲ့ လက်ထပ်ပေးတာကို ခံရတဲ့အတွက် ငါ့အစ်ကိုက ပျော်ရွှင်နေပေမဲ့ မင်းသမီးရဲ့ မျက်နှာကို တစ်ခါမှ မမြင်ဖူးလို့ စိုးရိမ်မှု့တွေရှိနေတယ် ငါက ညီတစ်ယောက်အနေနဲ့ သူ့ခံစားချက်ကို နားလည်တာကြောင့် သူ့အတွက် အရင်ဆုံး အကဲဖြတ်ပေးဖို့ ထွက်လာခဲ့တာ” ဝူယင်ရွှမ်၏ အသံက ပုလဲကန်ပေါ်တွင် ကျနေသည့် ပုလဲလုံးများကဲ့သို့ ချိုသာနေသည်။ သူမသည် စကားများစွာကို တစ်ဆက်တည်း ပြောသွားသည်။
ပြောနေစဉ် ရံဖန်ရံခါ နှုတ်ခမ်းဆူတတ်သည့် အမူအရာကို မြင်လိုက်သောအခါ စုန့်ချင်းရှု၏ မျက်နှာကြွက်သားများ တုန်လှုပ်သွားသည်။ စိတ်ထဲတွင် ဒေါသတကြီးဖြင့် တွေးလိုက်သည်။ “ငါက မင်းကို မိန်းကလေးက ယောက်ျားလေးအယောင်ဆောင်ထားတာလို့ ထင်နေလို့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာ၊ အကယ်၍ မင်းက တကယ်တမ်း မိန်းမဆန်နေတဲ့ ယောက်ျားဖြစ်နေတာကို သိရင် မင်းမျက်နှာတစ်ခုလုံ ပန်းပွင့်တွေ ဝေအောင် ရိုက်ပစ်မှာ!'
“အကယ်၍ မင်းသမီးရဲ့ ရုပ်ရည်က ရုပ်ဆိုးရင်တောင် လက်ထပ်ဖို့ ငြင်းရဲမှာလား” စုန့်ချင်းရှု၏ အသံက အေးစက်သွားသည်။ ဤအပြုအမူကို ပြသရန် လိုအပ်သည်၊ မဟုတ်ပါက နန်းတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။ ခန်းရှီ နားထဲ ရောက်သွားရင် မကောင်းပေ။
ဝူယင်ရွှမ်က အံ့အားသင့်သွားပြီး ချက်ချင်း ပြောလိုက်သည်။ “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ တကယ်တော့ တကယ်တော့ ငါက မရီးရဲ့ရုပ်ရည်ကိုကြည့်ချင်ရုံ သက်သက်ပါ”
“ညီတစ်ယောက်က သူ့အစ်ကိုရဲ့ လက်မထပ်ရသေးတဲ့ ဇနီးကို လာကြည့်တာက ဘာသဘောလဲ” စုန့်ချင်းရှုက ထူးဆန်းသော အမူအရာဖြင့် သူမကို ကြည့်လိုက်သည်၊ “မင်းက ကိုယ့်အစ်ကိုရဲ့ ဇနီးအပေါ် မရိုးသားတဲ့ စိတ်ကူးတွေ ရှိနေတာလား”
“မင်း!” ဝူယင်ရွှမ်က စုန့်ချင်းရှု၏ စကားကြောင့် အလွန်အမင်း ရှက်ရွံ့သွားသည်။ သို့သော် သူ့စကားက ယုတ္တိရှိသဖြင့် သူမသည် ချက်ချင်း မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။
အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီး တဲထဲတွင် အခြားသူများ မရှိသည်ကို မြင်သောအခါ ဝူယင်ရွှမ်သည် ထရပ်ကာ သူမ၏ ဦးထုပ်ကို ချွတ်လိုက်ပြီး ရေတံခွန်ကဲ့သို့ နူးညံ့ပျော့ပျောင်းသော ဆံပင်များကို ဖော်ထုတ်လိုက်သည်၊ “အခုထိ ကျွန်မက မရီးဖြစ်သူအပေါ်မှာ မရိုးသားတဲ့ စိတ်ကူးတွေ ရှိတယ်လို့ ရှင် ထင်နေတုန်းပဲလား”
စုန့်ချင်းရှု စိတ်ထဲတွင် ဝမ်းသာနေသော်လည်း ပါးစပ်ကတော့ အံ့အားသင့်သလို ဟန်ဆောင်ပြီး “မင်း... မင်းက မိန်းကလေးလား” ဟု ပြောလိုက်သည်။
“ဟွန့်!” သူမက မခိုးမခန်လေးတစ်ချက် ရယ်လိုက်ပြီး စုန့်ချင်းရှုအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်၊ “ရှင့်ကို ကြည့်ရတာ အတော်လေး ချောပေမယ့် ရုပ်ချောသလောက်အမြင်မကျယ်ဘူး၊ ဘယ်လိုလုပ်ပြီး လက်ထပ်ပွဲခေါင်းဆောင် စစ်သူကြီး ဖြစ်လာတာလဲ”
စုန့်ချင်းရှုသည် မိန်းကလေး၏ ရုပ်ရည်ကို အသေးစိတ် ကြည့်လိုက်သည်။ အရင်ကတည်းက သူမ၏ မျက်ခုံးများနှင့် မျက်လုံးများသည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေသည်ဟု ထင်သဖြင့် သံသယဝင်ခဲ့သည်။ ယခုအခါ သူမသည် သူမ၏ နက်မှောင်ပြီး တောက်ပြောင်သော ဆံပင်များကို ထုတ်ပြလိုက်ရာ အရင်ထက် ပိုမို အံ့မခန်းဖွယ်ရာ အလှကို ဖော်ပြနေသည်။
အမျိုးသမီးများအတွက် ဆံပင်ပုံစံသည် အမှန်တကယ်ပင် အရေးကြီးသည်ဟု စုန့်ချင်းရှု တွေးလိုက်သည်။ သူ၏ အရင်ဘဝက လှပသော သူငယ်ချင်းတစ်ဦးကို သတိရသွားသည်။ အင်တာနက်ပေါ်က စကားလုံးများအရ ၁၀ မှတ်တွင် အနည်းဆုံး အမှတ် ၇ မှတ် ရရှိနိုင်သည်ဟု ပြောနိုင်သည်။ တစ်နေ့တွင် သူမသည် ဘာစိတ်ကူးပေါက်သည်မသိ၊ ဘုန်းကြီးကျောင်းသို့ သွားပြီး သီလရှင်ဝတ်လိုက်သည်။ သူမကို ပြန်တွေ့သောအခါတွင် သူမသည် တောက်ပြောင်သော ခေါင်းပြောင်ကြီးဖြင့် ဖြစ်နေသည်။ ထိုအချိန်က စုန့်ချင်းရှုသည် သူ့ရှေ့တွင် သာမန် သီလရှင်တစ်ပါးကိုသာ မြင်ပြီး သူ့စိတ်ထဲရှိ လှပသောအမျိုးသမီးနှင့် မည်သို့မျှ မချိတ်ဆက်နိုင်တော့ပေ။
“ဟေး၊ ရှင် အရူးတစ်ယောက်လို ကြည့်နေတော့မှာလား” မိန်းကလေးသည် ငယ်စဉ်ကတည်းက ယောက်ျားများ၏ ထိုကဲ့သို့သော အကြည့်မျိုးကို အသားကျနေပြီ၊ ထို့ကြောင့် အထင်အမြင်သေးသော အမူအရာကို ပြသပြီး စိတ်မရှည်စွာ ပြောလိုက်သည်။
စုန့်ချင်းရှုသည် နောက်ဆုံးတွင် အသိပြန်ဝင်လာသည်။ သူ့ရှေ့က မိန်းကလေးသည် ယောက်ျားလို ဝတ်ထားသော်လည်း သူမ၏ လှပသော ခန္ဓာကိုယ်ကို မြင်နေရဆဲ ဖြစ်သည်။ သူမ၏ ပခုံးများသည် ပန်းပုထုထားသကဲ့သို့ ဖြစ်ပြီး ခါးသည်လည်း ပိုးထည်ကဲ့သို့ ပါးလွှာနေသည်။ လှပပြီး သန့်ရှင်းစင်ကြယ်သည်၊... သို့သော် သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ်မာနကြီးသော ခံစားမှုတစ်ခု အမြဲပါနေသောကြောင့် ထိုထူးခြားသော ကိုယ်ရည်ကိုယ်သွေးကို ပျက်စီးစေသည်။
“အလှအပနဲ့ ခန္ဓာကိုယ်က ဆယ်မှတ်ပြည့်၊ စရိုက်ကတော့ တစ်မှတ် နှုတ်ရမယ်” စုန့်ချင်းရှုက စိတ်ထဲတွင် အကဲဖြတ်လိုက်သည်။ နှုတ်ခမ်းတွင် ပြုံးလိုက်ပြီး “မင်းက မိန်းကလေးတစ်ယောက် ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး၊ ဒါဆို စောစောက အနောက်ပိုင်းနယ်စားရဲ့ ဒုတိယသားလို့ ပြောခဲ့တယ်၊ အခုတော့ မင်း အဆင့်အတန်းက ဘာလဲ” ဟု ပြောလိုက်သည်။
"ရှင်က တကယ်ရူးနေတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား? အနောက်ပိုင်းနယ်စားက ကျွန်မအဖေလို့ ပြောပြီးပြီ၊ ဒါဆို ကျွန်မက မင်းသမီးပေါ့" ထိုမိန်းကလေး၏ စကားများသည် အလွန် ရိုင်းစိုင်းသော်လည်း အသံက အလွန် ချိုမြိန်သောကြောင့် စုန့်ချင်းရှု စိတ်မဆိုးပေ။
“မင်းသမီး?” စုန့်ချင်းရှုက ခေါင်းထဲတွင် စဉ်းစားလိုက်သည်၊ “အားခဲက ဝူဆန်ကွေးရဲ့ သမီးဆိုတာပဲ ငါ သိတယ်၊ သူ့မှာ တခြားသမီးတွေ ရှိသေးတာလား”
မိန်းကလေးက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊ “ကျွန်မ နာမည်ကို ရှင် ဘယ်လို သိတာလဲ”
စုန့်ချင်းရှုသည် တုန်လှုပ်သွားသည်။ “မှန်တာပေါ့၊ ဒီကမ္ဘာက အားကျူးက သီလရှင်ကျိုးနန်မဖြစ်သေးဘူး၊ ဒါကြောင့် ပင်ရှီဝမ်(အနောက်ပိုင်းနယ်စား) နန်းတော်ကို သွားပြီး ငယ်ရွယ်သော အားခဲကို ပြန်ပေးဆွဲတာ မရှိသေးဘူး၊ ဒါဆို အားခဲက ငယ်ငယ်ကတည်းက နန်းတော်မှာ ကြီးပြင်းလာတယ်၊ ဒါကြောင့် မာနကြီးတဲ့ စရိုက်ရှိတာ အံ့ဩစရာ မဟုတ်ဘူး”
သူမ၏မိခင် ချန်ယွမ်ယွမ်၏ အလှတရား ခုနှစ်ဆယ်ရာခိုင်နှုန်းသာ အမွေရထားသည့် အားခဲသည် နိုင်ငံကို ပျက်စီးစေလောက်အောင် လှပနေသည်ဆိုလျှင် ချန်ယွမ်ယွမ်သည် မည်သို့သော အလှပိုင်ရှင် ဖြစ်လိမ့်မည်နည်း။