စုန့်ချင်းရှုက နောက်ဆုံးတော့ ထိုသွေးဆောင်သောအတွေးကို စွန့်လွှတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဝေရှောင်ပေါင် ရှမ်းဟိုင်ကွမ်းတွင် သေဆုံးခြင်းသည် အကောင်းဆုံး အဆုံးသတ် မဟုတ်ကြောင်း၊ အနည်းဆုံး သူ့အတွက် အကျိုးအမြတ်အရှိဆုံး သေဆုံးပုံ မဟုတ်ကြောင်း သူ့မသိစိတ်က လျှို့ဝှက်စွာ ပြောပြနေသောကြောင့်ပင် ဖြစ်သည်။
စုန့်ချင်းရှုပင်လျှင် သူ့ကို ခွင့်ပြုလိုက်ပြီးနောက် လက်ထပ်ပွဲအဖွဲ့မှ ကျန်လူများက ဝေရှောင်ပေါင်ကို ပို၍ ဂရုမစိုက်တော့ပေ။ ထိုအချိန်မှစ၍ ညတိုင်း မင်းသမီးက ဝေရှောင်ပေါင်ကို လျှို့ဝှက်စွာ လာခေါ်ပြီး အဖော်ပြုစေသည်။ ဝေရှောင်ပေါင်သည် အစပိုင်းတွင် စုန့်ချင်းရှုက လှောင်ပြောင်မည်ကို စိုးရိမ်ခဲ့သော်လည်း လူငယ်တစ်ဦးအနေဖြင့် လိင်ကိစ္စများကို ထိန်းချုပ်ဖို့ ခက်ခဲသည်။ ချွဲနွဲ့ပြီး ချစ်စဖွယ်ကောင်းသော မင်းသမီးတစ်ပါးက သူ့ကို ဖက်တွယ်လာသောအခါ မစွန့်လွှတ်နိုင်တော့ပေ။ သီလစောင့်ထိန်းသော လူကြီးလူကောင်းများပင်လျှင် ထိန်းချုပ်နိုင်မည် မဟုတ်သဖြင့် ဝေရှောင်ပေါင်လိုဘာကျင့်ဝတ်စည်းကမ်းမှမသိသူမှာပို၍ပင်ဆိုးလေသည်။
အစပိုင်းရက်များတွင် သိုသိုသိပ်သိပ်လုပ်ကြသော်လည်း နောက်ပိုင်းတွင် မင်းသမီး၏ အခန်းထဲ၌ တစ်ညလုံး နေတော့သည်။ နေ့ခင်းဘက်တွင် လက်ထပ်ပွဲသံတမန်ဖြစ်ပြီး ညဘက်တွင် မင်းသမီး၏ ခင်ပွန်း ဖြစ်နေတော့သည်။ အစေခံများသည်လည်း တစ်ဖက်တွင် မင်းသမီးကို ကြောက်ရွံ့ကြသဖြင့်၎င်း ဝေရှောင်ပေါင်မှလည်း ငွေများစွာ ပေးကမ်းထားသည်ကတစ်ကြောင်း၊ ထို့အပြင် လက်ထပ်ပွဲ အစောင့်စစ်သူကြီးဖြစ်သူ စုန့်ချင်းရှုကလည်း နှုတ်ဆိတ်နေသဖြင့် မည်သူကမျှ ဘာမှမပြောရဲကြတော့ပေ။
ဤအချိန်အတွင်း စုန့်ချင်းရှုသည် ထိုကမြင်းကြောထသော စုံတွဲကို ဂရုစိုက်ဖို့ စိတ်မဝင်စားပေ။ သူက ရှချင်းချင်းနှင့် လီယွမ်ကျစ်တို့ နှစ်ဦး ပျောက်ဆုံးသွားမှုအတွက် စိုးရိမ်ပူပန်နေသည်။
မန်ချူးအစိုးရသို့ ဝင်ရောက်ခြင်းက ယာယီအစီအစဉ်တစ်ခုသာ ဖြစ်သည်။ အစပိုင်းတွင် အရာအားလုံးက စနစ်တကျ ဖြစ်နေခဲ့သော်လည်း ရှချင်းချင်းနှင့် လီယွမ်ကျစ်တို့ ပျောက်ဆုံးသွားခြင်းက အရေးကြီးသော ကွင်းဆက်နှစ်ခုကို ပျောက်ဆုံးစေခဲ့သည်။စုန့်ချင်းရှုက အဝေးက ကောင်းကင်ကို ကြည့်ရင်း မျက်နှာက အနည်းငယ် မဲမှောင်နေသည်၊ သူ့မျက်လုံးထဲတွင် ရက်စက်သော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားသည်။ နောက်ဆုံးတွင် ထိုနည်းလမ်းကိုသာ ရွေးချယ်ရတော့မည်လား။
စုန့်ချင်းရှုသည် ထိုနည်းလမ်းက အလွန်အမင်း အန္တရာယ်များကြောင်း ကောင်းစွာ သိသည်။ အကျိုးအမြတ်က နေ့ခြင်းညခြင်းပြောင်းလဲပစ်နိုင်အောင် ကြီးမားလွန်းသော်လည်း သတိမထားမိပါက အမှားအနည်းငယ်ဖြင့် သူ့ဘဝတစ်ခုလုံး ဆုံးရှုံးသွားနိုင်သည်။
အချိန်အတော်ကြာကတည်းက စုန့်ချင်းရှုသည် ဝူတန်ဂိုဏ်းကိစ္စများကြောင့် နှင့် ခြင်္သေ့ သတ်ပွဲ အပြီးတွင် သူ့နာမည်ကို သိုင်းလောကတွင် ‘ပျက်စီးပြီး ပြန်ပြင်လို့ပင်မရ” ကြောင်းကောင်းစွာ သိသည်။ ထို့ကြောင့် မန်ချူးအစိုးရထံ ခိုလှုံခြင်းသည် သိုင်းလောကတွင် သူ၏နာမည်ဂုဏ်သတင်းကို ဘယ်လိုပင် ပျက်စီးစေသော်လည်း ဂရုမစိုက်ပေ။ သန်းများ များလာရင် မယားတော့သလို၊ အကြွေးများ များလာလျင်စိတ်မပူတော့သည့်သဘောဖြစ်သည်။
သူသည် တစ်နေကုန် သူရဲကောင်းဆန်သော အလုပ်များကို လုပ်နေလျှင်တောင် သိုင်းလောကသားများ၏ သူ့အပေါ်အမြင်သည် များစွာပြောင်းလဲလိမ့်မည်မဟုတ်ဟု တွေးသည်။ ထို့ကြောင့် စုန့်ချင်းရှုသည် အစကတည်းက သိုင်းလောကတွင် နေထိုင်ရန် အစီအစဉ်ကို စွန့်လွှတ်ခဲ့ပြီး တရားရုံးမှတစ်ဆင့်(အုပ်ချုပ်ရေးပိုင်းမှတဆင့်) ပြန်လည်စတင်ရန် ရွေးချယ်ခဲ့သည်။
သူသည် မူလက မန်ချူး၏ အင်အားကို အသုံးချပြီး တခြားသူများကို မုန်းတီးစေကာ ကြောက်ရွံ့စေသော တည်ရှိမှုတစ်ခုအဖြစ် တဖြည်းဖြည်း တိုးတက်လာဖို့ စီစဉ်ထားသည်၊ အရင်က ကမ္ဘာပေါ်တွင် အောင်မြင်ခဲ့သော အော့ပိုင်(နန်းရင်းဝန်အိုးဘို)ကဲ့သို့ပင်။
မင်မင်းဆက် ပျက်စီးသွားသည်မှာ မကြာသေးပေ။ မန်ချူး နယ်မြေအတွင်းတွင် မန်ချူးကို တော်လှန်ပြီး မင်မင်းဆက်ကို ပြန်လည်ထူထောင်ရန် အင်အားစုများ အနှံ့အပြားရှိသည်။ ဥပမာအားဖြင့် မိုးမြေအဖွဲ့၊ ပန်းနီအဖွဲ့၊ နှင့် ရှန်းတုန်းပြည်နယ်ရှိ ရွှေမြွေတပ်တို့ ဖြစ်သည်။
ယွမ်ချန်းကျီ ဒေါင်ဖန်းပုပိုင် လက်ချက်ဖြင့် အသတ်ခံရပြီးနောက် စုန့်ချင်းရှုက ရှချင်းချင်းရှေ့တွင် စိတ်မကောင်းကြောင်း ပြောဆိုနေသော်လည်း သူ့စိတ်ထဲတွင်မူ ဝမ်းသာနေသည်။
ယွမ်ချန်းကျီ သေဆုံးသွားသဖြင့် ရွှေမြွေစစ်စခန်းတွင် ခေါင်းဆောင်မရှိတော့ဘဲ သူ ဝင်ရောက်နိုင်မည့် အခွင့်အရေးရှိသည်။ ဟုတ်ပါတယ်၊ ရွှေမြွေစစ်စခန်းတွင် အင်အားစုများစွာ ရှိနေသဖြင့် အင်အားစုအချင်းချင်း အပြင်းအထန် တိုက်ခိုက်နေကြသည်။ စုန့်ချင်းရှုက ရှချင်းချင်းကို သိမ်းပိုက်နိုင်ရင်တောင်မှ ရွှေမြွေစစ်စခန်းကို သိမ်းပိုက်နိုင်သည်ဟု မဆိုလိုပေ။ သူ့ဂုဏ်သတင်းက အရမ်းဆိုးရွားပြီး ရှချင်းချင်းသည်လည်း ရွှေမြွေဘုရင်၏ မုဆိုးမ ဖြစ်နေသဖြင့် သူတို့နှစ်ဦးက ရွှေမြွေစစ်စခန်းမှ စစ်သားများရှေ့တွင် တစ်ခုခု ဖော်ထုတ်မိပါက ရှချင်းချင်းပါ ဖယ်ရှားခြင်း ခံရနိုင်သည်…
ထိုအခါ သူတို့နှစ်ယောက်သည် ဖောက်ပြန်သောဇနီးမောင်နှံအဖြစ် ရပ်တည်ရမည်ဖြစ်ပြီး ရွှေမြွေစစ်သည်စခန်းကို ဦးဆောင်နိုင်မည်မဟုတ်သည့်အပြင် သိုင်းလောကတွင်လည်း ရပ်တည်စရာနေရာမရှိတော့ဘဲ မန်ချူးအစိုးရ၏ သစ္စာခံခွေးအဖြစ်သာ နေနိုင်တော့မည်ဖြစ်သည်။
စုန့်ချင်းရှုသည် ထိုသို့ဖြစ်ချင်သည်မဟုတ်ပေ။ ထို့ကြောင့် သူသည် အစကတည်းက ရှချင်းချင်းနှင့်အတူ ရှန်းတုန်းသို့သွားကာ ရွှေမြွေစစ်သည်စခန်းကို ပေါင်းစည်းရန် အစီအစဉ်မရှိခဲ့ပေ။ ထိုအစား ရွှေမြွေစခန်းက လူတွေ သူ့ကို လာရောက် ဖိတ်ခေါ်တာကို စောင့်နေခဲ့သည်။
စုန့်ချင်းရှုသည် ထိုအတွေးကို အခြားသူများကို ပြောပြလျှင် ဆယ်ယောက်တွင် ဆယ်ယောက်လုံးက သူ့ကို ရူးနေပြီဟု ထင်ကြလိမ့်မည်။ သို့သော် စုန့်ချင်းရှုသည် ကမ္ဘာပေါ်တွင် မဖြစ်နိုင်သည့်ကိစ္စမရှိကြောင်းကို စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိသည်။
သို့သော်လည်း ဒီလိုလုပ်ဖို့ စုန့်ချင်းရှုက အစိုးရတွင် လုံလောက်သော အင်အားရှိဖို့ လိုအပ်သည်။ အနည်းဆုံးတော့ စစ်တပ်ကို ကိုင်တွယ်ခွင့်ရှိသော ထိပ်တန်း အရာရှိတစ်ဦး ဖြစ်ရမည်။ ထိုအခါမှသာ ရွှေမြွေစစ်စခန်းကို ရင်ဆိုင်ရန် အခွင့်အရေးရမည်ဖြစ်ပြီး ရွှေမြွေစစ်စခန်းကို အထိနာအောင်လုပ်နိုင်မည်ဖြစ်သည်။
ရွှေမြွေစခန်းက လူတွေ သူ့ကို စိတ်ထဲကနေ ကြောက်ရွံ့လာပြီး စစ်မြေပြင်မှာ သူ့ကို မနိုင်တော့ဘူးဆိုတာကို သိလာတဲ့အခါ ဉာဏ်ကောင်းတဲ့ လူတစ်ယောက်နှစ်ယောက်က စုန့်ချင်းရှုက ဟန်လူမျိုးဖြစ်တာကို ရုတ်တရက် သတိပြုမိလာမည်၊ အဲဒီလို ဉာဏ်ကောင်းတဲ့ လူမရှိရင်တောင် ပြဿနာမရှိဘူး၊ စုန့်ချင်းရှုက တိတ်တိတ်လေး စီစဉ်ပေးမည်။
မန်ချူးကို တော်လှန်ပြီး မင်မင်းဆက်ကို ပြန်လည် ထူထောင်ရန် အဖွဲ့အစည်းများတွင် တူညီသော အားနည်းချက်တစ်ခု ရှိသည်။ သူတို့သည် မန်ချူးနန်းတွင်းရှိ ဟန်လူမျိုး အရာရှိများအပေါ် မျှော်လင့်ချက်ထားလေ့ရှိကြသည်။ သူတို့သည် ဟန်လူမျိုးဖြစ်နေသဖြင့် သူတို့၏ ရည်မှန်းချက်ကို ပိုမိုလက်ခံနိုင်ပြီး မန်ချူးကို တော်လှန်သည့် ကြီးမားသောအစီအစဉ်တွင် ပိုမိုလွယ်ကူစွာ ပါဝင်လာလိမ့်မည်ဟု အမြဲတမ်း ထင်ကြသည်။
ကံမကောင်းစွာဖြင့် မကြာခဏဆိုသလို ဆန့်ကျင်ဘက်သာ ဖြစ်လာပြီး အခက်အခဲများစွာကို ရင်ဆိုင်ရကာ နောက်ဆုံးတွင် သွေးဖြင့် ပေးဆပ်ရသည်။
ဒီအဖွဲ့အစည်းများက ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ နားမလည်ကြပေ၊ “သူတို့က ဟန်လူမျိုး မဟုတ်ဘူးလား၊ ဘာလို့ မန်ချူးလူမျိုးတွေထက် ပိုရက်စက်ရတာလဲ” ဟု တွေးကြသည်။ သူတို့ နားမလည်ပေမယ့် စုန့်ချင်းရှုကတော့ နားလည်သည်။
ထိုဟန်လူမျိုးများက မန်ချူးအစိုးရ၏ အရာရှိဖြစ်ဖို့ ရွေးချယ်လိုက်သောအခါ နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ပေ။ မန်ချူးစနစ်တွင် မန်ချူးလူမျိုးများကို ပိုမိုအလေးပေးသည်မှာ ငြင်းလို့မရသော အချက်ဖြစ်သည်။ ဟန်လူမျိုး အရာရှိများက ရာထူးပိုမြင့်လာဖို့အတွက် အခြားသူများထက် အဆပေါင်းများစွာ ပို၍ ကြိုးစားရမည်ဖြစ်သည်။
မန်ချူးကို ဆန့်ကျင်ပြီး မင်မင်းဆက်ကို ပြန်လည် ထူထောင်လိုသော အဖွဲ့အစည်းများကဲ့သို့ပင်၊ အခြား မန်ချူး အရာရှိများနှင့် ဧကရာဇ်ကလည်း ထိုဟန်လူမျိုး အရာရှိများကို ယုံကြည်မှုမရှိဘဲ နေ့စဉ်နေ့တိုင်း ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ရည်ရွယ်ချက်မရှိဘဲ ပြသနေသည်။ ထိုဟန်လူမျိုး အရာရှိများက အစိုးရအပေါ် သစ္စာစောင့်သိမှုကို ပြသဖို့အတွက် လုပ်ရပ်တိုင်းကို ဂရုတစိုက် လုပ်ရသည်။
အထူးသဖြင့် မန်ချူးကို ဆန့်ကျင်ပြီး မင်မင်းဆက်ကို ပြန်လည် ထူထောင်လိုသော ကိစ္စကဲ့သို့ အလွန် ထိလွယ်ရှလွယ်သော ပြဿနာမျိုးနှင့် ကြုံလာသောအခါ မန်ချူး အရာရှိတစ်ဦးဆိုလျှင် ရယ်မောပြီး ဖြတ်သွားကောင်းလည်း ဖြတ်သွားလိမ့်မည်။ သူ့၏ သစ္စာစောင့်သိမှုကို မည်သူကမှ သံသယဝင်မည် မဟုတ်ပေ။ သို့သော် ဟန်အရာရှိတစ်ဦး ကြုံလာပါက သူ့၏သဘောထားကို ချက်ချင်း ပြတ်ပြတ်သားသား မပြသလျှင် ရာထူးတက်ရန် ခက်ခဲခြင်းက အသေးအမွှားဖြစ်ပြီး မိသားစုတစ်ခုလုံး သုတ်သင်ခံရသည်အထိ ဖြစ်နိုင်သည်။
သူ၏သဘောထားကို မည်သို့ပြသရမည်နည်း၊ မန်ချူးကို ဆန့်ကျင်သော သူရဲကောင်းများ၏ သွေးထက် ပိုမိုထိရောက်သော အရာ ဘာများရှိဦးမလဲ?
စုန့်ချင်းရှု၏ဘဝဟောင်းက ကမ္ဘာကဲ့သို့ပင် အမေရိကန်အစိုးရတွင် တရုတ်လူမျိုး အရာရှိများ အလွန်များပြားပြီး အများစုမှာ ရာထူးအဆင့်မြင့်သည်။ သာမန် တရုတ်ပြည်သူများက အမေရိကန်၏ ဝန်ကြီးတစ်ဦးသည် တရုတ်လူမျိုးဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်းဝမ်းသာအားရ ဖြစ်သွားပြီး တရုတ်နိုင်ငံအတွက် ကောင်းသောကိစ္စဟု ထင်မှတ်ကြသည်။
သို့သော်လည်း သူတို့က တကယ့်အခြေအနေမှာ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း မသိကြပေ။ သူတို့သည် တရုတ်နိုင်ငံပြဿနာများကို အမေရိကန်လူဖြူများထက်ပင် ပိုမိုရက်စက်ပြီး ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ကြသည်။ အကြောင်းမှာ သူတို့ကိုယ်တိုင် တရုတ်လူမျိုးများဖြစ်နေသောကြောင့် ရာထူးတွင် လုံခြုံစွာနေနိုင်ရန်အတွက် အမေရိကန်ပြည်သူများနှင့် ကျန်အရာရှိများ၏ စိတ်ထဲမှ သံသယများကို ဖယ်ရှားရမည်ဖြစ်သည်။ တရုတ်နိုင်ငံပြဿနာနှင့်ပတ်သက်ပြီး ထိုသို့သောသဘောထားကို ပြသခြင်းသည် နားလည်ရန် လွယ်ကူသည်။
စုန့်ချင်းရှုသည် မန်ချူးအစိုးရတွင် အရာရှိအဖြစ် ဝင်ရောက်ပြီး မြင့်မားသော ရာထူးနှင့် ချမ်းသာကြွယ်ဝမှုကို ရှာဖွေနေသော ဟန်လူမျိုးများနှင့် ကွဲပြားခြားနားသည်။သူ လိုချင်သည်မှာ နိုင်ငံတော်တစ်ခုလုံးဖြစ်ပြီး မန်ချူးအစိုးရက သူ့ကို မပေးနိုင်ပေ။ ထို့ကြောင့် သူက သူတို့ကဲ့သို့ မန်ချူးအစိုးရကို သစ္စာစောင့်သိနေရန် မလိုအပ်ပေ။
လုံလောက်သောအကျိုးအမြတ်သာရှိပါက သူ့ကို စည်းရုံးရန် အလွန်လွယ်ကူသည်။ စုန့်ချင်းရှု၏ မူလအစီအစဉ်တွင် သူသည် ရွှေမြွေစစ်သည်စခန်းကို ကြောက်ရွံ့လာအောင်လုပ်ပြီးနောက် ရှချင်းချင်းက ထွက်လာကာ ရွှေမြွေစစ်သည်စခန်းမှလူများအတွက် စုန့်ချင်းရှုအား လမ်းကြောင်းတည့်မတ်ဖို့ ကြိုးစားရန် လမ်းညွှန်ပေးသည့်ပုံစံမျိုးဖြစ်သည်။
စုန့်ချင်းရှုသည် ဘာကြောင့် အရာအားလုံး ဖြစ်နိုင်လိမ့်မည်ဟု တွေးမိသလဲ? ပန်းနီအဖွဲ့က ချင်လုံကို စည်းရုံးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ခြင်းသည် သူ့ကို ယုံကြည်မှုပေးခဲ့သည်။ ချင်လုံသည် ဟန်လူမျိုးဖြစ်သည်ဟု ယုံကြည်သောကြောင့် သူ့ကို စည်းရုံးသိမ်းသွမ်းနိုင်ရန်အတွက် ဘာမဆို ပေးဆပ်ရန် ဆန္ဒရှိကြသည်။ ခေါင်းဆောင် ချန်ကျားလော့ကပင် သူ၏အချစ်ဆုံးအမျိုးသမီး ရှန်ရှန်မင်းသမီးကို ချင်လုံကို ပေးအပ်ခဲ့ခြင်းသည် ချင်လုံ မန်ချူးကို ဆန့်ကျင်ရန် ဆုံးဖြတ်ချက်ချစေချင်လို့ပင်ဖြစ်သည်။
သို့သော် သူတို့သည် အချက်တစ်ခုကို နားမလည်ခဲ့ကြပေ။ ချင်လုံသည် ဧကရာဇ်ဖြစ်နေပြီးဖြစ်ရာ ပန်းနီအဖွဲ့က သူ့ကို ဘာများပေးနိုင်ဦးမည်နည်း။ တကယ်ပဲ အမျိုးသားရေးတာဝန်သည် အသုံးဝင်သည်ဟု ထင်သလား၊ ဒါမှမဟုတ် လှပသော အမျိုးသမီးတစ်ဦးက ချင်လုံကို မိဖုရားသုံးပါး၊ ကိုယ်လုပ်တော် (၇၂) ဦး နှင့် မောင်းမဆောင် ၆ ခုကို စွန့်လွှတ်စေနိုင်သည်ဟု ထင်နေသလား။