အခန်း (၁၂၅) အိပ်ရာတစ်ခုတည်းမှာ အိပ်မက် မတူတဲ့ လင်မယား
"ရှင်!" ကျိုးကျစ်လော့က သူ့၏တောင်းဆိုမှုကို လုံးဝ ဂရုမစိုက်သည်ကို မြင်သောအခါ အံကြိတ်၍ မျက်လုံးကို မှိတ်ထားကာ တတ်နိုင်မျှလှစ်လျူရှု့လိုက်သည်။ သွေးကြောများကိုပြန်ဖွင့်ရန် ကိုယ်ခန္ဓာတစ်ခုလုံးမှ အတွင်းအားများကို အစွမ်းကုန် အသုံးပြု၍ အကြိမ်ကြိမ်ထိုးဖောက်နေသည်။
မည်မျှကြာသွားသည်မသိ၊ ကျိုးကျစ်လော့က တစ်စုံတစ်ခုကို ခံစားရပြီး ကြယ်ရောင်မျက်လုံးများကို ဖွင့်လိုက်ရာ စုန့်ချင်းရှုက သူမအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးထဲတွင် မြတ်နိုးမှုနှင့် လွန်ဆွဲနေသောစိတ်များ ပြည့်နှက်နေသည်။
"ရှင့်ဒဏ်ရာ ကောင်းသွားပြီလား" ကျိုးကျစ်လော့အနေဖြင့် စုန့်ချင်းရှု၏ သွေးကြော ပိတ်နည်းသည် အိုးရန်ဖုန်း၏ ယင်ကိုးပါးသိုင်းကျမ်း ပြောင်းပြန်လှည့်ပတ်ခြင်းအား အသုံးပြုထားခြင်းဖြစ်သည်ကို မသိခဲ့ပေ။ ယင်ကိုးပါးသိုင်းကျမ်းမှ နည်းလမ်းများဖြင့် သွေးကြောများကို ဖွင့်ရန် ကြိုးစားသော်လည်း အနည်းငယ်မျှပင် ပွင့်လာသော လက္ခဏာမရှိရုံသာမက တစ်ကိုယ်လုံးပင် ထုံကျင်နေသည်။
"အဲဒီလောက် မြန်မြန် မဟုတ်ဘူး။ ဒါပေမဲ့ ဒီလောက်ဆို လုံလောက်ပြီ။ ညတာက ရှည်လျားတယ်။ ရင်ခွင်ထဲမှာ သင်းပျံ့နွေးထွေးတဲ့ အလှလေး ရှိနေတာကို မနက်အထိ ထိုင်နေရင် တန်ဖိုးရှိတဲ့ အရာကို ဖြုန်းတီးရာ ရောက်လိမ့်မယ်။"
စုန့်ချင်းရှု၏ အကြည့်က ကျိုးကျစ်လော့၏ ကိုယ်ပေါ်သို့ ရွေ့လျားသွားသည်။ အစိမ်းရောင် ဝတ်စုံ ရှည်သည် သူမလှပသော ကိုယ်လုံးလေးကို ဖုံးအုပ်ထားသည်။ လည်ပင်းနားတွင် ဆင်စွယ်ကဲ့သို့ ဖြူဖွေးသော အသားအရေ ထွက်ပေါ်နေသည်။ စိုစွတ်သော နှုတ်ခမ်းများက ဆွဲဆောင်မှုရှိသော အရောင်အဝါကို ထုတ်လွှတ်နေသည်... ကြည့်ရင်း ကြည့်ရင်းနှင့် စုန့်ချင်းရှု၏ လည်ချောင်းက ခြောက်သွေ့လာသည်။
ဒီလိုအကြည့်မျိုးကို ကျိုးကျစ်လော့ တွေ့ကြုံဖူးပြီးဖြစ်ရာ မျက်ခုံးကြားတွင် ထိတ်လန့်မှု့ အရိပ်အယောင် ပေါ်လာပြီး "ရှင် ဘာလုပ်မလို့လဲ" ဟု မေးသည်။
"ဘာလို့ သိသိကြီးနဲ့ မေးနေတာလဲ?" စုန့်ချင်းရှုက လော့ပင်း၏ ရင့်ကျက်သောကိုယ်ခန္ဓာ၏ နူးညံ့မှုနှင့် စိုစွတ်မှုကို ခံစားရပြီး အပြည့်အဝ ခံစားရတော့မည့်အချိန်တွင် ကျိုးကျစ်လော့ ပေါ်လာသောကြောင့် ရုတ်တရက် ရပ်တန့်လိုက်ရသည်။ သူ့စိတ်ထဲမှ မီးတောက်များက ပို၍ပင် ပြင်းထန်လာသည်။
သို့သော် ကံကောင်းထောက်မစွာ ယခုအခါတွင် ပိုမိုကောင်းမွန်သော လျော်ကြေးတစ်ခု ရှိနေသည်။ ကျိုးကျစ်လော့၏ အေးစက်တည်ငြိမ်သော မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်ကို ကြည့်ရင်း စုန့်ချင်းရှုက ကိုယ်ကို ကိုင်းညွတ်ကာ သူမ၏ နားနားသို့ ကပ်၍ ညင်သာစွာပြောလိုက်သည်။
“သေချာတာပေါ့၊ မင်းကိုပဲ........”
"ရှင်! အွန်း... အွန်း..." ဒေါသတကြီး အော်ဟစ်ရန် ပြင်ဆင်နေစဉ် နှုတ်ခမ်းများ ပိတ်ဆို့ခံလိုက်ရပြီး စကားလုံးများ အားလုံး အဓိပ္ပာယ်မဲ့ ကစဉ့်ကလျား အသံများအဖြစ် ပြောင်းလဲသွားသည်။
"အင်း... အနည်းဆုံးတော့ အဲဒါကို သန့်ရှင်းပေး" မရှောင်လွှဲနိုင်မှန်း သိသောအခါ ကျိုးကျစ်လော့က အသက်ရှူရန် အခွင့်အရေးရသည်နှင့် တစ်ဖက်က လက်ခံနိုင်ဖွယ်ရှိသော တစ်ခုတည်းသော တောင်းဆိုမှုကို ပြုလုပ်လိုက်သည်။
ကျိုးကျစ်လော့သည် စုန့်ချင်းရှုက အခြားအမျိုးသမီးတစ်ဦးနှင့် ပျော်ပါးနေသည်ကို ကောင်းကောင်း မှတ်မိသည်။ သူမသည် အရှက်ရမှုတစ်မျိုးကိုသည်းခံနိုင်သော်လည်း အခြားအမျိုးသမီး၏ အငွေ့အသက်ကို မိမိကိုယ်ခန္ဓာထဲသို့ ဝင်လာခြင်းကိုတော့ သည်းမခံနိုင်ပေ။
"ပြဿနာမရှိဘူး"
.....................................................
နောက်တစ်နေ့ မနက်ခင်း။ စုန့်ချင်းရှုသည် ကုတင်ပေါ်တွင် ဘေးတိုက်လှဲလျောင်းကာ သူ့၏အမည်ခံ ဇနီးကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်။
ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်က သူမ၏ ဖြူဖွေးသော အသားအရေပေါ်သို့ ကျရောက်နေသည်။ နက်မှောင်တောက်ပသော ဆံနွယ်များက အနည်းငယ် ရှုပ်ပွနေသည်။ နူးညံ့သော ဘေးတိုက်မျက်နှာကောက်ကြောင်းက တစ်ချက်တည်းရေးဆွဲထားသလို ဖြစ်ပြီး မှိုင်းမှုန်သော မနက်ခင်း အလင်းရောင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
စုန့်ချင်းရှုသည် သူမ အမြဲတမ်း ဒီလိုပဲ အိပ်ပျော်နေစေချင်သည်။ ဘာကြောင့်လဲဆိုတော့ သူမ နိုးလာသည်နှင့် နှစ်ဦးသား အသေအလဲ တိုက်ခိုက်မည့် အခြေအနေသို့ ပြန်ရောက်သွားမည်ကို သိသောကြောင့်ပင်။
ဘယ်ဘက်လက်က သူမ၏ နူးညံ့သော လည်ပင်းနားတွင် အကြိမ်ကြိမ် တွေဝေနေသည်။ စုန့်ချင်းရှု သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် မသတ်ရက်တော့ပေ။
"စုန့်အကြီးအကဲ၊ စုန့်အကြီးအကဲ?" တံခါးအပြင်ဘက်မှ အစောင့်တစ်ဦး၏ သတိထား၍ တံခါးခေါက်သံ ကြားရသည်။
စုန့်ချင်းရှုက အလိုအလျောက် ကျိုးကျစ်လော့ကို ကြည့်လိုက်ရာ သူမ လှုပ်ရှားခြင်း မရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် အလျင်အမြန် ကုတင်ပေါ်မှ ဆင်းကာ အပြင်သို့ ထွက်သွားသည်။
"ဘာကိစ္စလဲ?" စုန့်ချင်းရှု အပြင်သို့ ရောက်သည်နှင့် တံခါးကို ချက်ချင်းပိတ်လိုက်သည်။
"ဧကရာဇ်မင်းမြတ် မနက်ခင်း ညီလာခံ ခေါ်နေပါတယ်။ စုန့်အကြီးအကဲကို ဧကရာဇ်ရဲ့ စာကြည့်တိုက်မှာ အရင် စောင့်နေဖို့ ဆင့်ခေါ်ထားပါတယ်" ဟု အစောင့်က ရိုသေစွာ ပြန်ဖြေသည်။
"ကောင်းပြီ၊ ငါ ချက်ချင်းလာခဲ့မယ်။ မင်း အရင်ဆင်းသွားနှင့်တော့" စုန့်ချင်းရှုသည် ခန်းရှီက သူ့ကို ဘာကိစ္စနှင့် တွေ့ချင်သည်ကို စဉ်းစားနေသည်။
ဟုတ်ကဲ့!" ဟု အစောင့်က ခါးကို ညွတ်ကာ ဝင်းခြံထဲမှ ထွက်ခွာသွားသည်။
စုန့်ချင်းရှု အဝတ်အစား ဝတ်ဆင်ပြီးနောက် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ ရှိနေသော မိန်းမကို ပြန်ကြည့်လိုက်သည်။ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး အကြိမ်အနည်းငယ် စကားပြောရန် ပြင်ဆင်သော်လည်း နောက်ဆုံးတွင် တခဏ ရပ်တန့်နေပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။
စုန့်ချင်းရှု၏ ခြေသံများ ပျောက်ကွယ်သွားသည်ကို ကြားသောအခါ ကုတင်ပေါ်မှ ကျိုးကျစ်လော့ မျက်လုံးများကို ဖွင့်ကာ ရုတ်တရက် ထထိုင်လိုက်သည်။
ဘေးနားရှိ စားပွဲပေါ်မှ ကြေးမုံထဲတွင် ပေါ်နေသော ပုံရိပ်ကို မတော်တဆ မြင်လိုက်ရသည်။ ကြေးမုံထဲမှ လူ၏ မျက်နှာသည် နူးညံ့ပြီး လှပနေကာ မျက်ခုံးများကြားတွင် ရမ္မက်ဆန္ဒများ ထွက်ပေါ်နေသည်။ ကျိုးကျစ်လော့က ဒေါသထွက်လာပြီး လက်ဖြင့် တစ်ချက် ပုတ်လိုက်ရာ ကြေးမုံသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီး ကွဲသွားသည်။
ပြန့်ကျဲနေသော အဝတ်အစားများကို ကြည့်ရင်း ကျိုးကျစ်လော့ စိတ်ထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်လာသည်၊ ဒူးနှစ်ဖက်ကို ပွေ့ဖက်ကာ ခေါင်းကို ငုံ့ပြီး တိတ်ဆိတ်စွာ တရှိုက်ရှိုက်ငိုကြွေးနေသည်။
စုန့်ချင်းရှုသည် အစည်းအဝေးခန်းမတွင် အကြာကြီး မစောင့်လိုက်ရပေ။ ခန်းရှီက ဝေရှောင်ပေါင်နှင့်အတူ နောက်မှ ဝင်လာသည်။
"ဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်" မလိုချင်သော်လည်း စုန့်ချင်းရှုသည် လုပ်သင့်လုပ်ထိုက်သည်များကို ပြသရသည်။
"ယဉ်ကျေးစရာမလိုပါဘူး" ခန်းရှီက လက်ကို ဝှေ့ယမ်းပြသည်၊ သူ့ရဲ့ ရွှင်လန်းတဲ့ အပြုံးက စိတ်ခံစားချက် ကောင်းနေသည်ကို ပြသနေသည်
"ဘုရင်မင်းမြတ်က ကျွန်တော်မျိုးနဲ့ စုန့်သခင်ကို အတူတူ ခေါ်တာက ကျွန်တော်တို့နှစ်ယောက်ကို တာဝန်ပေးစရာတစ်ခုခုရှိလို့လား" ဝေရှောင်ပေါင်မှ ပြုံး၍ပြောလိုက်သည်။
"ဒီလိုဉာဏ်ကို စာကျက်ဖို့ သုံးခဲ့ရင် အခုလို မြို့စားအဆင့်ပဲ မဟုတ်ဘူး" ခန်းရှီက ဝေရှောင်ပေါင်ကို ပြုံး၍ ကြည့်လိုက်သည်။
"ကျွန်တော်မျိုးက ဧကရာဇ်အတွက် စိတ်ရောကိုယ်ပါ ထမ်းဆောင်တာပါ။ ဧကရာဇ်ရဲ့ ဆုလာဘ်တွေက အမြဲတမ်း ကြီးမြတ်လှပါတယ်။ မြို့စားဖြစ်ဖြစ်၊ ဘုရင်ခံဖြစ်ဖြစ် အရေးမကြီးပါဘူး" ဟု ဝေရှောင်ပေါင်က တမင်တကာ မျက်နှာတည်တည်ဖြင့် ပြောသည်။
"မင်း ကပ်ဖားကောင်၊ ချင်းရှုကို ကြည့်လိုက်ဦး၊ ဘယ်လောက်တောင် တည်ငြိမ်ပြီး လေးနက်လိုက်လဲ၊ မင်းနဲ့ လုံးဝ မတူဘူး” ခန်းရှီက ပါးစပ်က ဒီလို ပြောနေပေမယ့် စိတ်ထဲမှာတော့ အတော်လေး ပျော်ရွှင်နေသည်။
"ဝေသခင်က ဉာဏ်ပညာထက်မြက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာ ကျွန်တော် ပြောချင်တာတွေကို ပြောလိုက်တော့ ကျွန်တော်မျိုးက အခု ပြောစရာစကား မရှိတော့လို့ တိတ်ဆိတ်နေတာပါ"စုန့်ချင်းရှုက အကြောင်းမဲ့ ဝေရှောင်ပေါင်နှင့် ရန်သူမဖြစ်လိုပေ။
ဝေရှောင်ပေါင်က အံ့ဩတကြီး သူ့ကို ကြည့်ပြီး “အမလေးဗျာ၊ စုန့်အကိုကြီးက ပုံမှန်ဆိုရင် ဘာမှ မပြောတတ်ဘူးလို့ ထင်ထားတာ၊ မြှောက်ပင့်ပြီးပြောတဲ့နေရာမှာလည်း သိုင်းပညာလို ထူးချွန်တာပဲ၊ ငါ ဝေရှောင်ပေါင်လောက် သဘာဝကျပြီး ကျွမ်းကျင်တာမျိုးတော့ မဟုတ်ပေမယ့် တကယ်ကို ခက်ခဲတဲ့ အရာတစ်ခုပဲ” ဟုတွေးလိုက်သည်။
"တော်ပြီ တော်ပြီ၊ ငါက မင်းတို့ကို အချင်းချင်း ချီးမွမ်းဖို့ ခေါ်ထားတာ မဟုတ်ဘူး" ခန်းရှီက ပြောစရာစကား မရှိတော့သဖြင့် "မင်းသားပေါင်က ပန်းနီဂိုဏ်းက လူတွေကို နန်းတော်ထဲမှာ လုပ်ကြံခိုင်းခဲ့တယ် မဟုတ်လား။ ငါက အခြေအနေတစ်ခုလုံးကို စဉ်းစားပြီး အဲဒီလုပ်ကြံသူတွေကို လွှတ်ပေးခဲ့ရတယ်၊ ဒါပေမဲ့ ဒီလိုပဲ အမြဲတမ်း အထိုးခံနေပြီး ပြန်မတိုက်ဘဲ နေလို့မဖြစ်ဘူး..." ဟု ပြောသည်။
ဝေရှောင်ပေါင်က ရှေ့သို့ တိုးလာပြီး "မင်းသားပေါင်က မကောင်းတဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်နေတာ။ ကျွန်တော်မျိုး အရင်ကတည်းက သူ့ကို မကြိုက်ခဲ့ဘူး။ ဘုရင်မင်းမြတ်က သူ့ကို ဘယ်လို ကိုင်တွယ်ဖို့ စိတ်ကူးထားလဲ" ဟု ပြောသည်။
"အခု စလုပ်ဖို့ အချိန် မဟုတ်သေးဘူး" ခန်းရှီက ခေါင်းခါသည်။ "ငါသာ ဟုန်လီကို ကိုင်တွယ်ဖို့ လုပ်ခဲ့မယ်ဆိုရင် ရှန်ဟိုင်ကွမ်းက ဝူဆန်ကွေးက သူလည်း ဒုက္ခရောက်မှာကို စိုးရိမ်ပြီး လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ အနောက်ပိုင်းနယ်စားနဲ့ ပေါင်မင်းသားက နှစ်ဦးစလုံးမှာ စစ်သား သိန်းနဲ့ချီရှိတယ်။ နှစ်ယောက်ပေါင်းပြီး မဟာမိတ်ဖွဲ့လိုက်ရင် ငါ့အတွက် တော်တော်လေး ဆိုးရွားသွားလိမ့်မယ်”
"ဘုရင်မင်းမြတ်က သူတို့နှစ်ဦးရဲ့ ပူးပေါင်းမှုကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတာလား" စုန့်ချင်းရှုက မေးသည်။
"ဟုတ်တယ်" ခန်းရှီက ခေါင်းညိတ်သည်။ "ဝူဆန်ကွေးနဲ့ ဟုန်လီက စိတ်ဓာတ် တူတာ မဟုတ်ဘူး။ သူတို့ရဲ့ ဆက်ဆံရေးက အရမ်းအားနည်းတယ်။ ငါက အရင်ဆုံး ဝူဆန်ကွေးကို စည်းရုံးပြီး သူတို့ကို သွေးကွဲအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်"
“ဝူဆန်ကွေးက ကိုယ်ပိုင် စစ်တပ်ကို အားကိုးပြီး အခု ဘုရင် ဖြစ်နေပြီ၊ စည်းရုံးဖို့က သိပ်လွယ်မှာ မဟုတ်ဘူးထင်တယ်” စုန့်ချင်းရှုက ခဏစဉ်းစားပြီး သုံးသပ်သည်
"သာမန်နည်းလမ်းနဲ့တော့ စည်းရုံးဖို့ ခက်တယ်။ ဒါပေမဲ့ ငါက မင်းသမီးတစ်ပါးကို အနောက်ပိုင်းနယ်စားရဲ့ သား ဝူယင်ရှုံနဲ့ လက်ထပ်ပေးမယ်ရင်ရော" ခန်းရှီက ယုံကြည်မှုရှိသော အပြုံးတစ်ခုကို ပြသသည်။
"ကျန်းနင် မင်းသမီးလား" စုန့်ချင်းရှု၏ စိတ်ထဲတွင် တစ်ခုခု ပေါ်လာသည်။ သမင်နှင့်အိုး ဇာတ်လမ်းက ဒီမတည်ငြိမ်တဲ့ကမ္ဘာမှာ အတော်လေး ပြောင်းလဲသွားခဲ့ပေမဲ့ သမိုင်းက မှားယွင်းနေတဲ့ အရာတွေကို တမင်တကာ ပြန်ပြင်ပြီး မူရင်းဇာတ်လမ်းကို လိုက်နာဖို့ ကြိုးစားနေပုံရသည်။